အခန်း (၂၈)
Vol. 2 Ch. 28
စွန်းရှင်းယွဲ့က မသန်စွမ်းဖြစ်နေသည့်အတွက် အားငယ်မနေပါ။ လင်းဖေးဟန်ရဲ့ အဆင့်အတန်းကြောင့်လည်း သူ့ကို အလိုလိုက် အကြိုက်ဆောင်ပြမနေပါ။ လင်းဖေးဟန် ပြုံးလိုက်ပြီး ဆိုင်ထဲက ပန်းတွေကို ကြည့်လိုက်သည်။ ပန်းဆိုင်က နေရာသိပ်မကျယ်ပေမဲ့ ပန်းတွေက အမျိုးအစားစုံလှ၏။ ဆိုင်ရဲ့အပြင်အဆင်က အင်မတန် ရိုးရှင်းသော်လည်း အလွန်သေသပ်ပြီး သက်သောင့်သက်သာရှိသည်။
သို့သော် လင်းဖေးဟန်က ပန်းတွေကို ရှုစားလိုစိတ် မရှိခဲ့ပါ။ ခပ်မြန်မြန်ပဲ သူပစ်မှတ်ကို ရှာတွေ့သွား၏။ လင်းဖေးဟန်က ပြတင်းပေါက်ဘောင်ကို လျှောက်သွားလိုက်ပြီးနောက် အလွန်သာမန်ဆန်လှတဲ့ အဖြူရောင်နှင်းဆီတစ်အိုးကို တွေ့လိုက်သည်။ ထိုပန်းများက လုံးဝကို လှပမနေပါ။
“ဒီတစ်ခုယူလိုက်မယ်”
လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို လှည့်ပြီးပြုံးပြလိုက်သည်။
“ကျွန်တော်ဒီပန်းကို သဘောကျတယ်။ ဒီနှင်းဆီကို ပြန်ယူသွားလို့ရလား”
ထိုစကားကို ကြားလိုက်ရချိန်မှာ စွန်းရှင်းယွဲ့ အံ့အားသင့်သွား၏။ ထိုနှင်းဆီများက သူမ အကြိုက်ဆုံး ဖြစ်သောကြောင့်ဖြစ်သည်။ စွန်းရှင်းယွဲ့က ကြောင်သွားပေမဲ့ မကြာခင်မှာပဲ အာရုံပြန်ကပ်သွား၏။ သူမက အရောင်တောက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။
“လူကြီးမင်းလည်း နှင်းဆီဖြူတွေကို သဘောကျတာလား”
“ဘာလို့လဲ။ မင်းလည်း နှင်းဆီဖြူတွေကို သဘောကျလို့လား”
လင်းဖေးဟန်က ခေါင်းငြိမ့်ပြီးပြောလိုက်၏။
“အမှန်ပဲ။ နှင်းဆီဖြူတွေက ကြည့်ရတာ အတော်လေးသာမန်ဆန်ပြီး နူးညံ့တဲ့ အသွင်အပြင်လည်း မရှိဘူး။ ဒါပေမဲ့ သူတို့မှာ စူးရှတဲ့အနံ့ရှိတယ်၊။ အဲ့ဒီအပြင် သူတို့က ရိုမေးနီးယားနိုင်ငံရဲ့ နိုင်ငံတော်ပန်းပဲ။ သူတို့က စိတ်အားထက်သန်မှု၊ သန့်စင်မှု၊ ရိုးသားမှု၊ တော်ဝင်ဆန်ခြင်းနဲ့ ရိုးရှင်းမှုတွေကို ကိုယ်စားပြုပြီး ကြွယ်ဝခြင်းရဲ့ သင်္ကေတဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်တော် နှင်းဆီဖြူကို အရမ်းသဘောကျတာပဲ”
စွန်းရှင်းယွဲ့ မျက်လုံးတွေ တဖျတ်ဖျတ် တောက်ပလာသည်။ သူမကိုကြည့်ရတာ အတော်လေး စိတ်လှုပ်ရှားနေဟန်ပေါ်၏။ လင်းဖေးဟန်၏ စကားများက သူမ၏အတွေးနှင့် ထပ်တူကျနေသောကြောင့်ဖြစ်သည်။ စွန်းရှင်းယွဲ့က နှင်းဆီဖြူတွေကို အမြဲသဘောကျခဲ့တာဖြစ်ပြီး လင်းဖေးဟန်က သူမအကြိုက်ဆုံးအရာက်ို ရွေးချယ်ခဲ့၏။ ဒါ့အပြင် လင်းဖေးဟန် ပြောတာတွေက သူမတွေးထားတာတွေဖြစ်နေသည်။ စွန်းရှင်းယွဲ့ စိတ်မလှုပ်ရှားပဲ မနေနိုင်ပါ။ သူမနှင့် စိတ်တူကိုယ်တူလူတစ်ယောက်ကို ရှာတွေ့သလို ခံစားလိုက်ရ၏။
တကယ်တမ်းက လင်းဖေးဟန်က ယောက်ျားတစ်ယောက်ဖြစ်သည်။ ဘယ်လိုလုပ်ပြီး ပန်းတွေကို သဘောကျမည်နည်း။ ဒါပေမဲ့ သူက ဝတ္ထုကို ဖတ်ထားသည်။ စွန်းရှင်းယွဲ့ ဘာကြိုက်လဲဆိုတာ သူသိ၏။ သူ နှင်းဆီဖြူတွေကို သဘောကျတယ် ပြောလိုက်ခြင်းက စွန်းရှင်းယွဲ့နှင့် နီးစပ်စေရန်ဖြစ်သည်။
လင်းဖေဟန်၏ ဆွဲဆောင်မှုက ၁၆၀ လောက် အထိရှိ၏။ သူ့ရဲ့ရုပ်ရည်က ပြောင်းလဲမသွားပေမဲ့ သူ့ရဲ့ အရောင်အဝါက တော်တော်ကြီး တိုးတက်သွားသည်။ လင်းဖေးဟန်ရဲ့ ချောမောတဲ့ မျက်နှာနဲ့ နွေးထွေးတဲ့အပြုံးက စွန်းရှင်းယွဲ့ကို သူ့အပေါ် မြန်မြန်ဆန်ဆန်ပဲ ကောင်းမွန်တဲ့အမြင် ရှိလာစေခဲ့၏။
“ဆိုတော့ မင်းလည်း နှင်းဆီဖြူတွေကို သဘောကျတာပေါ့။ အိုး။ စကားမစပ် မင်းနာမည်တောင် မမေးရသေးဘူး”
လင်းဖေးဟန်က သဘာဝကျကျပဲ မေးလိုက်သည်။ ကျိန်းသေ သူ စွန်းရှင်းယွဲ့ရဲ့ နာမည်ကို သိတာပေါ့။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူ မသိချင် ဟန်ဆောင်ရုံပဲ တတ်နိုင်တယ်။ လူချောလေးက သူမရဲ့ နာမည်ကို မေးလိုက်တော့ စွန်းရှင်းယွဲ့ ရှက်သွေးဖြာသွား၏။ တီဗီထဲမှာပဲတွေ့ရတဲ့ မိန်းမလှလေးကိုကယ်တင်တာမျိုးက သူမဆီမှာ ဖြစ်လာခဲ့တယ်လေ။ အဲ့ဒါက စွန်းရှင်းယွဲ့ကို လင်းဖေးဟန်အပေါ် အကောင်းမြင်စေခဲ့သည်။ နှင်းဆီဖြူတွေနဲ့ ပတ်သက်ပြီး လင်းဖေးဟန် ပြောလိုက်တဲ့စကားနဲ့ သူ့ရဲ့ ဆွဲဆောင်မှုကို ထပ်လောင်းလိုက်တော့ စွန်းရှင်းယွဲ့က သူ့ကို တစ်ဒင်္ဂအတွင်းပဲ ကြွေဆင်းသွားလေ၏။
စွန်းရှင်းယွဲ့က သူစိမ်းတွေ သူ့နာမည်ကိုမေးရင် မဖြေချင်ပေမဲ့ လင်းဖေးဟန် မေးလိုက်တဲ့အခါမှာတော့ တန်းဖြေချလိုက်သည်။
“ကျွန်မနာမည်က စွန်းရှင်းယွဲ့ပါ”
“တင်း! စနစ်သတိပေးချက်; ဇာတ်လိုက် စွန်းရှင်းယွဲ့ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှုက ၂၀ မှတ် တိုးလာပြီး ပွိုင့် ၂၀ ကို ရရှိလိုက်ပါပြီ”
“ကျွန်တော့်နာမည်က လင်းဖေးဟန်ပါ”
လင်းဖေးဟန် အင်မတန် နွေးထွေးစွာ ပြုံးပြလိုက်သည်။
“ဒါနဲ့။ ကျွန်တော် ဒီနှင်းဆီဖြူပန်းအိုးကို တကယ်သဘောကျတာ။ ကျွန်တော့်ကို ဒါလေး ပေးလိုက်လို့ရမလား”
ထိုနှင်းဆီဖြူပန်းအိုးက စွန်းရှင်းယွဲ့ အနှစ်သက်ဆုံးအရာဖြစ်၏။ သူမက အဲ့ဒါကို ပေါင်းသင်၊ ရေလောင်း၊ မြေဩဇာကျွေးပြီး သေချာစွာ ဂရုစိုက်လာခဲ့သည်။ တစ်စုံတစ်ယောက်ကသာ ဝယ်ချင်တယ်ပြောရင် သူမ ဆန္ဒရှိမည်မဟုတ်ပါ။ သို့သော် ဤချောမောပြီး ကြင်နာတတ်တဲ့ ကောင်လေးနဲ့ ဆုံလိုက်ရချိန်မှာတော့ သူမက ခေါင်းငြိမ့်ပြီး ဖြေလိုက်၏။
“ဒါပေါ့။ လင်းလူကြီးမင်း သဘောကျတယ်ဆိုရင် ဒီပန်းအိုးကို ကျွန်မ လင်းလူကြီးမင်းကို ပေးလိုက်ပါ့မယ်။ လင်းလူကြီးမင်း ဒါကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ပဲ မျှော်လင့်ပါတယ်”
လင်းဖေးဟန်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
“ကျိန်းသေ အဲ့လိုလုပ်ရမှာပေါ့”
လင်းဖေးဟန်က စွန်းရှင်းယွဲ့ရဲ့ ကြည်လင်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး စိတ်ရင်းနှင့်ပြောလိုက်၏။
“ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ။ ကျွန်တော် ဒီပန်းအိုးကို သေချာဂရုစိုက်လိုက်ပါ့မယ်။ ထပ်ပြောရရင် ကျွန်တော့်အိမ်မှာလည်း ပန်းတွေအများကြီးပဲ။ နှင်းဆီဖြူ အမျိုးမျိုးလည်းရှိတယ်။ မင်းမှာအချိန်ရှိတဲ့တစ်နေ့ လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်”
လင်းဖေးဟန်ရဲ့စကားများက စွန်းရှင်းယွဲ့ကို လှည့်စားဖို့ ရည်ရွယ်ခြင်းမဟုတ်ပါ။ သူ့ရဲ့ဗီလာက ဥယျာဉ်မှာ တကယ်ပဲ ပန်းအများကြီးရှိ၏။ ထိုပန်းများကို အထူးရုက္ခဗေဒကျွမ်းကျင်ပုဂ္ဂိုလ်များက စောင့်ရှောက်ပေးလျက်ရှိကြသည်။ လင်းဖေးဟန်ရဲ့စကားကို ကြားလိုက်ရတော့ စွန်းရှင်းယွဲ့၏ မျက်လုံးများတောက်ပလာပြီး သူမ၏ မျက်နှာမှာ မျှော်လင့်ချက်များရှိလာခဲ့၏။ စွန်းရှင်းယွဲ့က နှင်းဆီဖြူတွေကို အမှန်တကယ်သဘောကျသည်။ လင်းဖေးဟန်က သူ့မှာ နှင်းဆီဖြူအမျိုးမျိုးရှိတယ်ပြောတော့ စွန်းရှင်းယွဲ့ အင်မတန် စိတ်ဝင်စားမိ၏။ မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့လိုက်ရသလိုပင်။
လင်းဖေးဟန်နဲ့ သူမ အဆင်ပြေသည်ဟု ခံစားရသည်။ ဒါပေမဲ့ မကြာခင်မှာပဲ စိတ်လှုပ်ရှားတဲ့ အမူအယာက ပျောက်ပျက်သွား
ပြီး သူမရဲ့မျက်လုံးများ မှေးမှိန်သွားခဲ့၏။
“စိတ်မကောင်းပါဘူး လင်းလူကြီးမင်း။ ကျွန်မရဲ့ခြေထောက်တွေက မသန်စွမ်းဘူး။ ကျွန်မ လာနိုင်မှာ မဟုတ်လောက်ဘူး”
စွန်းရှင်းယွဲ့က သိမ်ငယ်တာမဟုတ်ဘဲ သူမရဲ့ခြေထောက်တွေ မကောင်းဘူးဆိုတဲ့ အမှန်တရားကို လက်ခံလိုက်တာဖြစ်သည်။ စွန်းရှင်းယွဲ့ ဒီလိုပြောလာဖို့ လင်းဖေးဟန်က စောင့်နေခဲ့တာဖြစ်၏။ လင်းဖေးဟန်က အနည်းငယ် အံ့အားသင့်ချင် ဟန်ဆောင်လိုက်သည်။ သူ စွန်းရှင်းယွဲ့ရဲ့ ခြေထောက်တွေကိုကြည့်ပြီး ပြောလိုက်၏။
“မိန်းကလေးလု၊ မင်းရဲ့ခြေထောက်တွေက…”
စွန်းရှင်းယွဲ့ အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
“ကျွန်မကလေးဘဝတုန်းက ကားမတော်တဆမှု ဖြစ်ခဲ့ဖူးတယ်။ ဒီတစ်သက် ကျွန်မ ပြန်မတ်တပ်ထနိုင်ဖို့ ခက်ခဲမယ်လို့ ဆရာဝန်ကပြောတယ်”
စွန်းရှင်းယွဲ့က ပေါ့ပေါ့ပါးပါးလေးပဲ ပြောလိုက်ပေမဲ့ ဘယ်သူက သိနိုင်မှာလဲ။ တစ်ဘဝလုံး လမ်းမလျှောက်နိုင်တော့တာက ဘယ်လောက်ထိ နာကျင်ဖို့ကောင်းပြီး အဲ့လိုအရာကို မိန်းမငယ်လေးတစ်ယောက်က ကြံ့ကြံ့ခံခဲ့တယ်ဆိုတာကိုပေါ့။
စွန်းရှင်းယွဲ့ စကားပြောအပြီးမှာ ခေတ္တမျှ အမောတကော ဖြစ်သွားသည်။ သူမ ဒီတစ်သက် ပြန်မမှတ်မိချင်တဲ့ ကားမတော်တဆမှုက မှတ်ဉာဏ်တွေကို ပြန်သတိရသွားခြင်းဖြစ်၏။
လင်းဖေးဟန်က သူမကို ညင်သာတဲ့အကြည့်နဲ့ စစ်မှန်တဲ့ အမူအယာနဲ့ ကြည့်ရင်းပြောလိုက်သည်။
“ကျွန်တော် မိန်းကလေးစွန်းရဲ့ ခြေထောက်တွေကို ကြည့်ပေးနိုင်ပါတယ်။ တကယ်က ကျွန်တော် ဆေးပညာကို လေ့လာဖူးပါတယ်။ မင်း ပြန်ထနိုင်အောင် ကျွန်တော်ကူညီပေးနိုင်မလား မပြောတတ်ဘူးလေ။ သေတော့မသေချာပေမဲ့ပေါ့”
ဆေးပညာကို လေ့လာဖူးတယ်တဲ့လား။ စွန်းရှင်းယွဲ့ အနည်းငယ်တော့ မျက်မှောင်ကြုံ့လိုက်မိ၏။ လင်းဖေးဟန် ချမ်းသာတာကို သူမ ယုံကြည်သည်။ လင်းဖေးဟန်က လူကြီးလူကောင်းဆိုတာလည်း သူမ ယုံသည်။ ဒါပေမဲ့ လင်းဖေးဟန်က ဆေးပညာကိုသိတယ်ဆိုတာ စွန်းရှင်းယွဲ့ မတွေးဖူးမိချေ။ ကြည့်ရတာ အဲ့ဒီလိုပုံစံမျိုးလည်းမဟုတ်ပေ။
သို့သော် စွန်းရှင်းယွဲ့က လင်းဖေးဟန်ကို အကောင်းမြင်သည်။ ထို့ကြောင့် လင်းဖေးဟန်၏ မသန့်စင်မှု အရိပ်အယောင်ပင်မရှိသော စိတ်ရင်းမှန်သည့်မျက်လုံးများကို မြင်လိုက်ရချိန်မှာ စွန်းရှင်းယွဲ့ ရင်ထဲထိသွားပြီး မငြင်းဆိုနိုင်တော့ချေ။
“ကောင်းပြီလေ”
စွန်းရှင်းယွဲ့က ခေါင်းငြိမ့်ပြီး အသံတိုးတိုးလေးနှင့် ပြောလိုက်၏။
စွန်းရှင်းယွဲ့က ဘောင်းဘီရှည်အပွကို ဝတ်ဆင်ထားသဖြင့် လင်းဖေးဟန်အတွက် အဆင်ပြေလှသည်။ သူဒူးကွေးထိုင်ချကာ စွန်းရှင်းယွဲ့ရဲ့ ဘောင်းဘီစကို အသာအယာ လှန်တင်လိုက်ပြီး သူမရဲ့ခြေထောက်ကို စစ်ဆေးကြည့်ရှုလိုက်ရုံတင်ဖြစ်၏။
စာစဉ်ပြီး