ရပ်တန့်၍ မရနိုင်သော
Vol. 131 Ch. 1953
မြို့တော်အရှင်၏ ဂေဟာတွင်...။
မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များစွာသည် ဝိုင်ခွက်များကိုမြှောက်ပြီး တံလျှပ်ကြေးမုံကိုကြည့်ကာ ထွေရာလေးပါး ပြောဆိုနေကြ၏။
ပကတိတစ်ဆယ်ငရဲမှာ တိုက်ပွဲက ပို၍ပြင်းထန်ကြမ်းတမ်းလာ၏။
နှစ်ရက်မကြာခင်မှာပင် မဟူရာအင်မော်တယ် အယောက်တစ်သိန်းမှ ထက်ဝက်ကျော်က သေဆုံးသွားကြပြီဖြစ်၏။
မဟူရာအင်မော်တယ်များစွာအကြား သတ်ဖြတ်ခြင်းများအပြင် သူတို့ထဲမှထက်ဝက်ကျော်သည် ပကတိတစ်ဆယ်ငရဲမှ နိုးထလာသော သားရဲများ၏ သတ်ဖြတ်ခံရခြင်းဖြစ်၏။
ကမ္ဘာမြေသားရဲများက ပို၍ပို၍များပြားစွာ နိုးထလာပြီး ကျန်ရှိနေသောမဟူရာအင်မော်တယ်များအတွက် အသက်ရှင်သန်ဖို့အခွင့်အရေး ပို၍နည်းပါးလာခဲ့၏။
ထိုစဥ်မှာပင် ပကတိမိုးကြိုးမြို့တော်အထက်ရှိ ရာသီဥတုက ပြောင်းလဲသွား၏။
ကောင်းကင်သည် အစကတော့ ကြည်လင်နေခဲ့၏။ သို့သော်လည်း ဘာကြောင့်ရယ်မသိ တစ်စုံတစ်ယောက်က အံ့မခန်းပုံစံဖြင့် ကောင်းကင်ထက်မှာ မင်ရည်များကိုဖြန်းပက်လိုက်သည့်အလား နက်မှောင်နေသော တိမ်စိုင်များက တလိပ်လိပ်ထိုးတက်လာ၏။
နက်မှောင်နေသောတိမ်စိုင်များက မြို့တော်တစ်ခွင်အပေါ်ကနေ အုပ်မိုးသွားပြီး ကောင်းကင်က တဖြည်းဖြည်းညိုမည်းလာခဲ့၏။
ပကတိမိုးကြိုးမြို့တော်မှာရှိသည့် လေထုကလည်း တင်းကျပ်လေးလံလာခဲ့၏။
“ဟမ်...”
ပကတိအင်မော်တယ်ကျင်းယွဲ့က မျက်မှောင်ကြုတ်၍ မော့ကြည့်လိုက်၏။
သူသည် ပကတိမိုးကြိုးမြို့တော်ကို တည်ထောင်ခဲ့ပြီးကတည်းက ဤကဲ့သို့သောဖြစ်ရပ်မျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။
“ဘာတွေဖြစ်နေတာလဲ”
“ကောင်းကင်မှာ ဒီလိုမျိုးဖြစ်ရပ်တစ်ခု ဘာလို့ရှိလာတာလဲ”
“တစ်ခုခုဖြစ်တော့မှာလား”
အဆင့်မြင့်အင်မော်တယ်များစွာက အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့အများစုသည် ကောင်းကင်အင်မော်တယ်ပညာရှင်များဖြစ်ကြ၏။ သူတို့၏ ကျင့်ကြံမှုနယ်ပယ်အရ ဤကဲ့သို့သော လောကဖြစ်စဥ်တစ်ခုက အကြောင်းအရင်းမရှိဘဲ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း သိရှိထားကြ၏။
မင်းသားယွမ်ကျောက သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
ဘာကြောင့်ရယ်မသိ သူသည် ရင်တလှပ်လှပ်ခံစားနေရ၏။
အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ထက်ရှိ ညိုမည်းနေသောတိမ်စိုင်များက ပို၍ထူထဲလာပြီး ပျက်ပြယ်ခြင်းမရှိဘဲ ပကတိမိုးကြိုးမြို့တော် အထက်မှာ စုဝေးနေ၏။
ဘုန်း... ဘုန်း... ဘုန်း....
ရုတ်တရက်ဆိုသလို...။
အနက်ရောင်တိမ်စိုင်များ၏ အနက်ပိုင်းထဲကနေ ခပ်ထိုင်းထိုင်းမိုးချုန်းသံများက ထွက်ပေါ်လာ၏။
မိုးကြိုးသံက မကျယ်သော်လည်း ထိုအသံကို ကြားရသောအခါ လူတိုင်းက တုန်လှုပ်သွားကြ၏။
ပကတိမိုးကြိုးမြို့တော် တည်ဆောက်ခဲ့ပြီးကတည်းက မိုးကြိုးစွမ်းအားများအားလုံးက ဆိတ်သုဥ်းပျောက်ကွယ်သွားခဲ့၏။ နှစ်ပေါင်းသိန်းချီအတွင်းမှာ ပကတိမိုးကြိုးမြို့တော်၏ ကောင်းကင်အထက်တွင် မည်သည့်မိုးချုန်းသံကမှ ထွက်ပေါ်မလာခဲ့ဖူးပေ။
“အဲ့ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က တုန်လှုပ်နေသောအမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။
သူက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရုတ်တရက်... မြို့တော်ထဲရှိ ပကတိမိုးကြိုးနတ်ဘုရားကျောက်တိုင်ကို လှည့်ကြည့်လိုက်၏။
နတ်ဘုရားကျောက်တိုင်က ရှေးဟောင်းမြို့တော်၏ အလယ်မှာ စိုက်ထူထားဆဲ ဖြစ်ပြီး ကောင်းကင်ထက်သို့ ငွားငွားစွင့်စွင့်မြင့်မားကာ ပြောင်းလဲမှုများစွာမရှိပေ။
“နတ်ဘုရားကျောက်တိုင်က အဆင်ပြေပါတယ်... ဘာများဖြစ်လို့ပါလိမ့်”
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ပို၍ပင်တွေဝေရှုပ်ထွေးသွား၏။
ထိုစဥ်မှာပင် လျှိုယွီက တံလျှပ်ကြေးမုံကို လက်ညှိုးထိုးပြီး ရုတ်တရက်အံ့အားတသင့်ပြောဆိုလိုက်၏။
“ဟိုမှာကြည့်ဦး”
“ဘာများဖြစ်လို့လဲ”
“တစ်ခုခုမှားနေလို့လား”
မြို့တော်အရှင်များစွာသည် သူတို့အထက်ရှိ ညိုမည်းနေသော တိမ်စိုင်များနှင့် မိုးချုန်းသံများဆီ စိတ်ရောက်နေကြပြီး မည်သူကမှ တံလျှပ်ကြေးမုံကို ကြည့်မနေကြပေ။ ထိုအခိုက်အတန့်မှာ လူတိုင်းက အလောတကြီးမေးမြန်းလိုက်ကြ၏။
လျှိုယွီက ပြောလိုက်၏။
“စောစောက ပကတိတစ်ဆယ်ဝင်္ကပါရဲ့အပြင်ဘက်ကို ဆေဘာအလင်းတန်းတစ်ခု ထိုးထွက်လာတဲ့ပုံပဲ”
ဆေဘာအလင်းတန်း၏ အလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး သူက သေချာရေရာမှုမရှိသည့်အတွက် သူ၏ လေသံက တွေဝေတုံ့ဆိုင်းနေ၏။
“ဘာဆေဘာအလင်းလဲ... အဲ့ဒါက ပကတိတစ်ဆယ်ငရဲကနေလာတာ မင်းသေချာလို့လား”
ပကတိအင်မော်တယ်ကျင်းယွဲ့က တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။ ရုတ်တရက် သူက စိုးရိမ်ထိတ်လန့်စွာဖြင့် မေးမြန်းလိုက်၏။
“ကျုပ်.. ကျုပ်လည်းအဲ့ဒါကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး... ကျုပ်အမြင်မှားတာလည်း ဖြစ်ချင်ဖြစ်မှာပါ”
လျှိုယွီသည် ပကတိအင်မော်တယ်ကျင်းယွဲ့ထံမှ မေးခွန်းထုတ်လာသည်ကို ကြားရသောအခါ သူက စိုးရိမ်ထိတ်လန့်သွား၏။
ဘုန်း...
ထိုစဥ်မှာပင် လူတိုင်း၏ ခြေဖဝါးအောက်ကနေ ကျယ်လောင်သောမြည်ဟည်းသံက ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်း လူတိုင်း၏ ရှေ့မှာရှိသောမြေပြင်က ကွဲထွက်သွားပြီး အေးစက်၍ ကြမ်းကြုတ်ခက်ထန်သော ဆေဘာတစ်လက်က မြေကြီးထဲကနေထိုးထွက်ကာ ပကတိမိုးကြိုးမြို့တော်ကနေ ထွက်ခွာ၍ အဝေးတစ်နေရာသို့ ပျံသန်းသွား၏။
“အဲ့ဒါကွပ်မျက်ဆေဘာပဲ”
ပကတိအင်မော်နယ်ကျင်းယွဲ့က အဲ့ဒါကိုရှင်းလင်းစွာတွေ့မြင်လိုက်ရသောအခါ အံအားတသင့်ရေရွတ်လိုက်၏။
မင်းသားယွမ်ကျော၏ အမူအရာကလည်း ရုတ်ချည်းပြောင်းလဲသွား၏။
ဘေးပတ်လည်မှာရှိသော မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်ကလည်း တုန်လှုပ်သွားကြ၏။
ပကတိတစ်ဆယ်ဝင်္ကပါထဲမှာ ကွပ်မျက်ဆေဘာက တစ်စုံတစ်ယောက်ကိုထိုးစိုက်ထားကြောင်း သူတို့က သိရှိထားကြ၏။
သို့သော်ယခု... ပကတိတစ်ဆယ်ဝင်္ကပါထဲကနေ ကွပ်မျက်ဆေဘာထွက်လာခြင်းက ဘာအဓိပ္ပါယ်ဖြစ်မလဲ။
ထိုစဥ်မှာပင် တံလျှပ်ကြေးမုံထဲရှိမြင်ကွင်းက ရုတ်တရက်တုန်ခါသွား၏။
လူတိုင်းသည် တံလျှပ်ကြေးမုံကိုစိုက်ကြည့်နေပြီး ပကတိတစ်ဆယ်ဝင်္ကပါမှာ ကြီးမားသောအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာသည်ကို တွေ့မြင်လိုက်ရ၏။ အင်မော်တယ်ဝင်္ကပါထဲမှာ မုန်တိုင်းများက အထပ်ထပ်ဖြစ်ပေါ်နေ၏။
အင်မော်တယ်ဝင်္ကပါဆယ်ခုက လုံးဝကို ဖရိုဖရဲ ဖြစ်နေလေပြီ။
“အခြေအနေမကောင်းတော့ဘူး... အင်မော်တယ်ဝင်္ကပါက ချေဖျက်ခံနေရပြီ”
ပကတိအင်မော်တယ်ကျင်းယွဲ့က မျက်မှောင်ကြုတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အင်မော်တယ်ဝင်္ကပါဆယ်ခုရဲ့ ဝင်္ကပါမျက်လုံးတွေက ကြေမွသွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ”
“ဘာတွေဖြစ်ကုန်တာလဲ”
“အောက်ဘုံက အဲ့ဒီအပြစ်သားက ဒုက္ခိတဖြစ်နေပြီမလား... သူက ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါ့မလဲ”
“သူ့မှာ အကူအညီပေးမယ့်သူ ရှိနေတာလား”
မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များစွာက စိုးရိမ်ထိတ်လန့်နေသောအမူအရာများနှင့် တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာပြီး လူအုပ်ကြားထဲမှာ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ဖြစ်ပွားလာ၏။
မြို့တော်အရှင်ဂေဟာထဲရှိ ကမ္ဘာမြေအင်မော်တယ်များနှင့် အစောင့်တပ်သားများကို မပြောနှင့် အဆင့်မြင့်အင်မော်တယ်များပင်လျှင် စိုးရိမ်ထိတ်လန့်သည့်ပုံပေါ်လာကြ၏။
သူတို့အတွက်တော့ အောက်ဘုံမှ ထိုအပြစ်သားက တဗူးဒဏ္ဍာရီတစ်ခုဖြစ်၏။
သူသည် အတိတ်ကာလတုန်းက အန္တိမပကတိအင်မော်တယ်ဖြစ်ခဲ့ပြီး အဆင့်တူများကြားမှာ ကြီးစိုးခြယ်လှယ်ခဲ့လေသည်။
သူ၏ အထွတ်အထိပ်အချိန်မှာ သူသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးမှာပင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပြီး မည်သူကမှ သူ၏ ထက်ရှမှုကို မယှဥ်နိုင်ခဲ့ပေ။
မင်းသားယွမ်ကျောက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေအောက်မှာ မည်သည့်ထိတ်လန့်ကြောက်ရွံမှုမှမရှိဘဲ အတော်လေးတည်ငြိမ်နေ၏။
“အားလုံးပဲ... စိတ်ကိုငြိမ်ငြိမ်ထားကြပါ”
ပကတိအင်မော်တယ်ကျင်းယွဲ့က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ထုတ်ဖော်ကာ မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များကို ဝေ့ကြည့်လိုက်၏။
မြို့တော်အရှင်ဂေဟာထဲရှိလူတိုင်းက တဖြည်းဖြည်းငြိမ်သက်လာကြ၏။
ပုံမှန်မှာဆိုလျှင် ပကတိအင်မော်တယ်ကျင်းယွဲ့သည် သဘောကောင်းပြီး ဆက်ဆံရလွယ်ကူသူတစ်ယောက်ဖြစ်၏။
သို့သော်လည်း ဤကဲ့သို့ ကြီးမားသောဖြစ်ရပ်တစ်ခုနှင့်ကြုံတွေ့ရသောအခါ သူက တိုင်းပြည်ဘုရင်ခံတစ်ယောက်၏ စွမ်းပကားကို ထုတ်ဖော်ပြသလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အားလုံးပဲ... ဒါက ပကတိမိုးကြိုးမြို့တော်ဆိုတာ မမေ့လိုက်နဲ့... အဲ့ဒါက အောက်ဘုံက အဲ့ဒီအပြစ်သားကိုဖိနှိမ်ဖို့အတွက် အထူးတလည်ရည်ရွယ်ပြီး တည်ဆောက်ထားတာပဲ”
“နောက်ပြီး အဲ့ဒီအပြစ်သားရဲ့ တာအိုသစ်သီးက ကြေမွပျက်စီးသွားခဲ့ပြီ... သူက နှစ်ပေါင််းသိန်းချီကြာအောင် ဖိနှိမ်ခံထားရတာ... သူက အခုချိန်မှာ ဝင်္ကပါထဲကနေ ရုန်းထွက်လာနိုင်ခဲ့မယ်ဆိုရင်တောင် သူကဘာများလုပ်နိုင်မှာလဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့၏ စကားက လူတိုင်းကို တဖြည်းဖြည်းတည်ငြိမ်သွားစေ၏။
“အဲ့ဒါအမှန်ပဲ..”
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က လှောင်ရယ်လိုက်၏။
“ပကတိအင်မော်တယ်တစ်ယောက်ရဲ့ တစ်ဘဝစာကျင့်ကြံမှုအဆီအနှစ်တွေကို သူတို့ရဲ့တာအိုသစ်သီးထဲမှာ စုစည်းထားတာ သူတို့ရဲ့တာအိုသစ်သီးကြေမွသွားတာနဲ့ အဲ့ဒီအပြစ်သားက ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့မယ်ဆိုရင်တောင် သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အလွန်ဆုံး ကောင်းကင်အင်မော်တယ်တစ်ယောက်နဲ့ မတိမ်းမယိမ်းမှာရှိနေလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင်... ငါတောင်မှ သူ့ကိုဖိနှိမ်ပြီး နောက်တစ်ဖန်အကျဥ်းချနိုင်တယ်”
“တိုင်းပြည်ဘုရင်ခံက ဝင်ပါစရာတောင်မလိုဘူး”
“ဟုတ်တာပေါ့”
မင်းသားယွမ်ကျောက လက်ခုပ်တီးပြီး စိတ်ကျေနပ်အားရသော အမူအရာဖြင့် ချီးကျူးလိုက်၏။
မူဖုန့်မြို့တော်၏ မြို့တော်အရှင်က ငယ်ရွယ်သေးပြီး သူကလည်း မတ်တတ်ထရပ်လိုက်၏။
သူက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး လှောင်ရယ်လိုက်၏။
“အဲ့ဒီအပြစ်သားက နှစ်ပေါင်းသိန်းချီကြာအောင်ဖိနှိမ်ခံထားရတာ သူ့ရဲ့သွေးချီက အားနည်းနေပြီ... ကျုပ်အထင်တော့ သူက ကျုပ်ကိုတောင်မှ ယှဥ်နိုင်မှာ မဟုတ်တော့ဘူး”
မူဖုန့်မြို့က သိပ်ပြီးမကြီးမားဘဲ ထိုမြို့တော်အရှင်က အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။
ဘုန်း...
ထိုစဥ်မှာပင် လူတိုင်း၏ ခြေဖဝါးအောက်ရှိမြေပြင်က တုန်ခါသွား၏။
လူတိုင်းက တံလျှပ်ကြေးမုံကို အလောတကြီးကြည့်လိုက်ကြ၏။
ပကတိတစ်ဆယ်ဝင်္ကပါမှာရှိသည့် တိမ်စိုင်များက တဖြည်းဖြည်း ပါးလွှာလာပြီး အလယ်မှာ ကျောက်တိုင်တစ်တိုင်က ပေါ်ထွက်လာ၏။
တိမ်စိုင်များကြားကနေတစ်ဆင့် ကျောက်တိုင်၏ အောက်ခြေမှာ ပိန်လှီနေသောပုံရိပ်တစ်ခုရှိနေသည်ကို သူတို့က ဝိုးတဝါးတွေ့မြင်လိုက်ရ၏။ ထိုသူက ပိန်လှီ၍ သူ၏ ဆံပင်များက ညှိုးခြောက်နေပြီး လေတိုက်လျှင်ပင် လဲကျမည့်ပုံရှိလေသည်။
ထိုပုံရိပ်၏ ခြေဖဝါးအောက်မှာ ယခုတင်ချိုးဖြတ်ခံထားရသော ချိန်းကြိုးများရှိနေ၏။
ထိုပုံရိပ်နှင့် မလှမ်းမကမ်းမှာ ရှင်းရှင်းလင်းလင်း တွေမြင်ရခြင်းမရှိသော နောက်ထပ်ပုံရိပ်တစ်ခုရှိနေပုံရ၏။
“အဲ့ဒါက အောက်ဘုံက အပြစ်သားလား”
“ဟားဟားဟားဟား... အဲ့ဒီအပြစ်သားက ဒီလိုအခြေအနေထိ တကယ်ပဲလျှောကျသွားခဲ့ပြီပဲ... ငါက သူ့ကို လက်ချောင်းတစ်ချောင်းနဲ့တောင်မှ သတ်ဖြတ်နိုင်လောက်မယ်ထင်တယ်”
မူဖုန့်မြို့တော်၏ မြို့တော်အရှင်က ငယ်ရွယ်မောက်မာပြီး ဟားတိုက်ရယ်မောလိုက်၏။
လူအုပ်ကြီးကလည်း အော်ဟစ်ရယ်မောလိုက်ကြ၏။
ရုတ်တရက်ဆိုသလို...။
ပိန်လှီနေသောပုံရိပ်က သူ၏ ဦးခေါင်းကို မော့လိုက်ပြီး ရှုပ်ထွေးနေသောဆံပင်များက ဘေးနှစ်ဘက်သို့ ကျဆင်းကာ မျက်လုံးတစ်စုံက ပေါ်ထွက်လာ၏။
ထိုမျက်လုံးထဲမှာ မိုးကြိုးလျှပ်စီးများက တလိပ်လိပ် ထိုးတက်လာနေပြီး မနှိုင်းယှဥ်သာအောင် ကျိန်းစပ်နေ၏။
“အား..”
မြို့တော်အရှင်ဂေဟာထဲမှာ ခပ်စူးစူးအော်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ထိုမျက်လုံးများနှင့် အကြည့်ချင်းဆုံမိသောကျင့်ကြံသူများသည် နာကျင်နေသော အမူအရာများနှင့်အတူ သူတို့၏ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်ကြ၏။
စောစောက ရယ်မောနေခဲ့သော မူဖုန့်မြို့တော်၏ မြို့တော်အရှင်အပါအဝင် ကမ္ဘာမြေအင်မော်တယ်အချို့သည် ကြောက်စရာကောင်းသောပုံစံဖြင့် မျက်နှာကိုအုပ်ထားသော သူတို့၏ လက်ချောင်းများကြားကနေ သွေးများက စီးကျလာနေ၏။
ထိုလျှပ်စီးမျက်လုံးများနှင့် အကြည့်ချင်းဆုံမိရုံဖြင့် သူတို့၏ မျက်လုံးများက ကန်းသွားခဲ့ပြီဖြစ်၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ရိုက်ကြည့်ရှုနေကြခြင်း မဟုတ်ပေ။
အဲ့ဒါက တံလျှပ်မျက်လုံးကနေတစ်ဆင့်ဖြစ်၏။