ဆက်တိုက်သတ်ဖြတ်ခြင်း
Vol. 131 Ch. 1960
ဇီး… ဇီး… ဇီး…
မိုးကြိုးဧကရာဇ်၏ လက်ထဲမှာ နတ်ဆိုးနှိမ်နင်းလှံက ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ အဆက်မပြတ် တုန်ခါ၍ တောက်ပလာခဲ့၏။
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်၏။
နတ်ဆိုးနှိမ်နင်းလှံပေါ်မှာ လောင်ကျွမ်းရာ အမှတ်အသား စုစုပေါင်း ကိုးခု ရှိနေ၏။
ကပ်ဘေးကိုးခုသန့်စင်ယန်…
“ကြေမွစမ်း”
မိုးကြိုးဧကရာဇ်က နတ်ဆိုးနှိမ်နင်းလှံကို ကိုင်ဆွဲပြီး ဝင်ရောက်လာသော ရှေးဟောင်းခေါင်းလောင်းကို သူ၏ လှံဖြင့် ပစ်ထိုးလိုက်၏။
အဲဒီမှာ မည်သည့် အပိုလှုပ်ရှားမှုမှ မရှိသော်လည်း သဘာဝနှင့် ပေါင်းစည်းထားသော အငွေ့အသက်တစ်ခု ရှိနေ၏။
ဒေါင်…
နတ်ဆိုးနှိမ်နင်းလှံက ရှေးဟောင်းခေါင်းလောင်းနှင့် ထိတွေ့သွားပြီး ခပ်ထိုင်းထိုင်း အသံတစ်သံ ထွက်ပေါ်လာ၏။
နောက်ခဏ၌ ရှေးဟောင်းခေါင်းလောင်းက ကြေမွသွား၏။
အနည်းငယ် ရပ်တန့်ပြီးနောက် နတ်ဆိုးနှိမ်နင်းလှံက ရှေးဟောင်းခေါင်းလောင်းကို ထိုးဖောက်ကာ မိုးကြိုးအလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ထိုပကတိအင်မော်တယ်၏ ရင်ဘတ်ထဲသို့ ဝင်ရောက်သွား၏။
ဘုန်း…
ပကတိအင်မော်တယ်အဘိုးအို၏ မျက်လုံးက ပြူးကျယ်သွားပြီး သူက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သူ၏ ရင်ဘတ်ပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာပြီး ဒဏ်ရာက လောင်ကျွမ်းတူးချစ်သွား၏။
ရုန့်ရင်းကြမ်းတမ်းသော မိုးကြိုးစွမ်းအားက ပကတိအင်မော်တယ်အဘိုးအို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်သွားပြီး အချိန်တိုအတွင်းမှာ သူ၏ အသက်ဓာတ်အားကို ဖျက်ဆီးပစ်လိုက်၏။
ပကတိအင်မော်တယ်ပညာရှင်၏ အမြုတေစိတ်ဝိညာဉ်ပင်လျှင် မလွတ်မြောက်နိုင်ခဲ့ပေ။ တစ်ခဏချင်းမှာပင် သူ၏ အသိစိတ်ကို မိုးကြိုးလျှပ်စီးက ကျူးကျော်ဝင်ရောက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က အထဲမှာပင် ဖျက်ဆီးခံလိုက်ရ၏။
လှံထိုးချက်တစ်ချက်က ပကတိအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်၏။
အဲဒါက မိုးကြိုးဧကရာဇ် ဖြစ်၏။
အဲဒါသည် သန့်စင်ယန်စိတ်ဝိညာဉ်ရတနာ နတ်ဆိုးနှိမ်နင်းလှံ ဖြစ်၏။
လူတိုင်းက တုန်လှုပ်ချောက်ချားသွားကြ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ လူတိုင်းအတွက် ထွက်လမ်းမရှိတော့ဘဲ သူတို့က အံကို တင်းတင်းကြိတ်ကာ မည်သည့် ထိန်ချန်မှုမှ မရှိဘဲ သူတို့၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်လိုက်ကြ၏။
ပကတိအင်မော်တယ်ကျင်းယွဲ့သည် သူ၏ လျှာကို ညင်သာစွာ ကိုက်ပြီး အဆီအနှစ် သွေးတစ်လုတ်ကို ရှေးဟောင်းကြေးမုံပေါ်သို့ ထွေးထုတ်ကာ အော်ဟစ်လိုက်၏။
“သွေးအသွင်ပြောင်း ကြေးမုံအလင်း”
“ရွှစ်…”
သွေးနီရောင် အလင်းတစ်ခုက ရှေးဟောင်းကြေးမုံကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ဆိုးယုတ်အငွေ့အသက်တစ်ခုနှင့်အတူ မိုးကြိုးဧကရာဇ်ကို လွှမ်းခြုံလာခဲ့၏။
သွေးအလင်းက ပကတိအင်မော်တယ်ကျင်းယွဲ့၏ အဆီအနှစ်သွေးကို စားသုံးပြီး အလွန်တရာ စွမ်းအားကြီးမားလာခဲ့၏။ အဆင့်တူချင်းမှာ ရှိသော ပကတိအင်မော်တယ်ပညာရှင်များပင်လျှင် အဲဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဘဲ သွေးရေအိုင်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားရပေလိမ့်မည်။
“ဟမ့်.. မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”
မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်ပြီး သူ၏ နတ်ဆိုးနှိမ်နင်းလှံဖြင့် လေဟာနယ်ကနေတစ်ဆင့် ရှေးဟောင်းကြေးမုံကို ထိုးညွှန်လိုက်၏။
မိုးကြိုးအလင်းတစ်ခုက ပစ်လွင့်သွားပြီး သွေးအလင်းတန်းက ဆင်းသက်လာကာ ရှေးဟောင်းကြေးမုံနှင့် ချက်ချင်းပင် ထိတွေ့ရိုက်ခတ်သွား၏။
ဖျောက်…
ရှေးဟောင်းကြေးမုံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ၎င်းက မိုးကြိုးအလင်းတန်းဖြင့် နောက်ပြန်လန်ကျသွား၏။
ပကတိအင်မော်တယ်ကျင်းယွဲ့၏ အမူအရာက မှေးမှိန်သွားပြီး သူက ထိုရိုက်ချက်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
နတ်ဆိုးနှိမ်နင်းလှံတွင် မိုးကြိုး၏ ကြမ်းကြုတ်ခက်ထန်မှုအရှိဆုံးစွမ်းအား ပါဝင်ပြီး ဆိုးယုတ်လျှို့ဝှက်အတတ်များကို ဆန့်ကျင်ရာမှာ သက်ရောက်မှု အရှိဆုံးဖြစ်၏။
ရှေးဟောင်းကြေးမုံကနေ ထုတ်လွှတ်လိုက်သော သွေးအလင်းသည် နတ်ဆိုးနှိမ်နင်းလှံဖြင့် တန်ပြန်နှိမ်နင်းခြင်း ခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော ပကတိအင်မော်တယ်ပညာရှင် ကိုးဦးက ရှေ့သို့ ပြေးဝင်လာကြ၏။
“ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်”
မိုးကြိုးဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။ နောက်ထပ် ဦးခေါင်းနှစ်လုံးနှင့် လက်လေးဖက်က ပေါ်ထွက်လာခဲ့ပြီး သူက ပကတိအင်မော်တယ်ပညာရှင် ၁၀ဦးနှင့် ဆန့်ကျင်တိုက်ခိုက်လိုက်၏။
ချွမ်.. ချွမ်.. ချွင်..
ဘုန်း… ဘုန်း… ဘုန်း…
လေထဲမှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက အဆက်မပြတ် ထိတွေ့ရိုက်ခတ်နေ၏။
စိတ်ဝိညာဉ်ရတနာများကြား တိုက်ခိုက်မှုမှာ မီးပွားများက တဖွားဖွား လွင့်စင်ထွက်နေ၏။
ထိုအခိုက်အတန့်မှာ သန့်စင်ယန်စိတ်ဝိညာဉ်ရတနာ၏ စွမ်းအားက ပေါ်ထွက်လာခဲ့၏။
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများ ဆင့်ခေါ်ထားသော စိတ်ဝိညာဉ်ရတနာများထဲမှာ နတ်ဆိုးနှိမ်နင်းလှံ၏ စွမ်းအားကို ခုခံနိုင်သည့်အရာက မရှိသလောက်နီးပါးပင်။ သူတို့၏ လက်နက်များထဲမှ ထက်ဝက်ကျော်က နေရာမှာပင် ချို့ယွင်းပျက်စီးသွား၏။
အစကတည်းက ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများသည် သူတို့ ပူးပေါင်းထားစဉ်မှာတောင် မိုးကြိုးဧကရာဇ်ကို မယှဉ်နိုင်ခဲ့ကြပေ။
အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးဧကရာဇ်သည် မိုးကြိုးလျှပ်စီးများကို ခံယူပြီး တိုက်ခိုက်နေရင်း ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ဝါးမျိုနေ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားက လျော့ကျမသွားရုံသာမက ပို၍ပင် သန်မာအားကောင်းလာခဲ့၏။
ဘန်း…
ပကတိအင်မော်တယ်အဘိုးအိုတစ်ယောက်က အချိန်မီ မရှောင်တိမ်းနိုင်ဘဲ မိုးကြိုးဧကရာဇ်၏ ထိုးချက်ဖြင့် ထိမှန်သွား၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နေရာမှာပင် ပေါက်ကွဲထွက်သွားပြီး မိုးကြိုးလျှပ်စီးများကြားမှာ ပြာကျသွား၏။
မိုးကြိုးဧကရာဇ်က သူ၏ လက်နှစ်ဖက်ဖြင့် နတ်ဆိုးနှိမ်နင်းလှံကို ဆုပ်ကိုင်ပြီး စိတ်ဝိညာဉ်ရတနာများစွာနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။ သူ၏ အခြားသော လက်လေးဖက်က အမျိုးမျိုးသော ဓမ္မချိပ်စည်းများကို ဆင့်ခေါ်ထုတ်ဖော်နေ၏။ အဲဒါက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ဓမ္မချိပ်စည်းတစ်ခုချင်းစီမှာ အန္တိမ တာအိုတစ်မျိုးမျိုး ပါဝင်နေပြီး မိုးကြိုးစွမ်းအားကို ၎င်း၏ အကန့်အသတ်ထိ ထုတ်ဖော်ထား၏။
ဆူဇီမိုက မိုးကြိုးဧကရာဇ်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရင်း သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်နေ၏။
ဤတိုက်ပွဲကို စောင့်ကြည့်နေသော အခြားသူများသည် မိုးကြိုးဧကရာဇ်၏ စွမ်းအားမှာ ရင်သပ်ရှုမောဖြစ်ရုံမျှသာ ရှိပေလိမ့်မည်။
ဆူဇီမိုအတွက်တော့ သူသည် မိုးကြိုးဧကရာဇ်၏ အစစ်အမှန် အမွေအနှစ်ကို ဆက်ခံရရှိထားပြီး တိုက်ပွဲကို စောင့်ကြည့်နေရင်း ဗလာနယ်မိုးကြိုးကျင့်စဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ပို၍ နက်ရှိုင်းလာခဲ့၏။ ထိုအချိန်တုန်းက သူ့မှာ ရှိနေခဲ့သည့် မေးခွန်းများစွာက ယခုအချိန်မှာ ရှင်းလင်းလာခဲ့ပြီဖြစ်၏။
ဆူဇီမို၏ စိတ်ထဲသို့ နားလည်သဘောပေါက်မှုများက တဖျပ်ဖျပ် ဝင်ရောက်လာ၏။
မိုးကြိုးဧကရာဇ်သည် ပကတိအင်မော်တယ်ပညာရှင်များနှင့် ဆန့်ကျင်တိုက်ခိုက်နေသော်လည်း သူသည် ဆူဇီမိုအတွက် မိုးကြိုးနည်းစနစ်၏ အမွေအနှစ်ကို တမင်ရည်ရွယ်ချက်ရှိရှိ သရုပ်ဖော်ပြသနေခြင်းလည်း ဖြစ်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများက ဤတိုက်ပွဲမှာ စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရပြီးလေပြီ။
သူကလွဲလျှင် အခြားသောသူများသည် အစကတည်းက သူတို့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေကြပြီဖြစ်၏။ ယခု သူတို့က ဤကဲ့သို့ ကြီးမားသော တိုက်ပွဲကို ဆင်နွှဲပြီးနောက် သူတို့က အားအင်ကုန်ခမ်းလာသည်ဟု ခံစားနေရ၏။
သို့သော်လည်း မိုးကြိုးဧကရာဇ်၏ စွမ်းအားက ပို၍ သန်မာသည်ထက် သန်မာလာခဲ့၏။
“သေစမ်း”
မိုးကြိုးဧကရာဇ်၏ မျက်လုံးထဲရှိ မိုးကြိုးလျှပ်စီးများက သူတို့၏ အကန့်အသတ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ရုတ်တရက် ပေါက်ကွဲထွက်ကာ ပကတိအင်မော်တယ် အဘိုးအိုတစ်ယောက်ထံသို့ ဆင်းသက်သွား၏။
ဝုန်း…
ပကတိအင်မော်တယ်အဘိုးအိုက သူ၏ ဓားဖြင့် ခပ်မြန်မြန် ပိတ်ဆို့တားဆီးလိုက်၏။
သို့သော်လည်း သူ၏ ဓားက မိုးကြိုးအလင်းတန်းကို လုံးဝ ခုခံနိုင်ခြင်း မရှိပေ။
ထိုပကတိအင်မော်တယ်ပညာရှင်သည် မိုးကြိုးဧကရာဇ်၏ စက္ခုနည်းစနစ်ဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး နေရာမှာတင် သေဆုံးသွား၏။
“ဟားဟားဟားဟား”
မိုးကြိုးဧကရာဇ်က ခေါင်းမော့၍ ရယ်မောလိုက်၏။
“မင်းတို့တွေက အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ကောင်တွေပဲ.. မင်းတို့တွေက အစစ်အမှန်အမြုတေကို စုဖွဲ့နိုင်တဲ့ အဆင့်မှာပဲ ရှိသေးတယ်… မင်းတို့တွေက ငါ့ဆီက အကြည့်တစ်ချက်ကိုတောင် ခုခံနိုင်မှာ မဟုတ်ဘူး”
ဖောင်း…
တစ်ချိန်တည်းမှာပင် နတ်ဆိုးနှိမ်နင်းလှံ၏ အလျင်အဟုန်က ရုတ်တရက် ပြောင်းလဲသွား၏။ ၎င်းသည် ကြမ်းကြုတ်ခက်ထန်၍ ခိုင်မာနေရာကနေ ရေကဲ့သို့ ပျော့ပြောင်းသွားပြီး ပကတိအင်မော်တယ်တစ်ယောက်၏ ခံစစ်ကို ဖြတ်ကျော်ကာ သူ့ကို လွင့်စင်ထွက်သွားစေ၏။
ထိုပြောင်းလဲမှုက တကယ်ကို တုန်လှုပ်စရာကောင်းပြီး ဤလူက အဲဒါကို လုံးဝ မခုခံနိုင်ခဲ့ပေ။
နတ်ဆိုးနှိမ်နင်းလှံဖြင့် ထိခတ်ခြင်း ခံရပြီးနောက် မိုးကြိုးစွမ်းအားက သူ၏ အသိစိတ်ထဲသို့ ချက်ချင်းပင် တလိပ်လိပ်တိုးဝင်လာကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် မိုးကြိုးဧကရာဇ်သည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး ဧရာမ မိုးကြိုးလျှပ်စီးလှောင်အိမ်တစ်ခုကို ဆင်းသက်စေကာ နောက်ထပ် ပကတိအင်မော်တယ်ပညာရှင်တစ်ဦးကို လွှမ်းခြုံစေလိုက်၏။
မိုးကြိုးဧကရာဇ်၏ လက်နှစ်ဖက်က ရုတ်တရက် ပူးကပ်သွား၏။
မိုးကြိုးလှောင်အိမ်ကလည်း လျင်မြန်စွာ ကျုံ့ဝင်သွားပြီး အထဲမှာ ရှိသော ပကတိအင်မော်တယ်ပညာရှင်အတွက် ထွက်ပြေးစရာနေရာ မရှိတော့ပေ။ သူ၏ အမြုတေစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ရုန်းထွက်လာသည့် ခဏမှာပင် အဲဒါက လျှပ်စစ်ဓာတ်ကူးခံရကာ သေဆုံးသွား၏။
ပကတိအင်မော်တယ်ကျင်းယွဲ့ အပါအဝင် အစက ပကတိအင်မော်တယ်ပညာရှင် ၁၁ဦး ရှိခဲ့၏။
သို့သော် ယခု အသက်ဆယ်ရှိုက်စာ မပြည့်ခင်မှာပင် တိုက်ပွဲနယ်မြေမှာ သူတို့ထဲမှ ၆ယောက်သာလျှင် ကျန်ရှိတော့၏။
ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် မိုးကြိုးဧကရာဇ်၏ အော်ရာက သိပ်သည်းပြင်းထန်နေပြီး သူက နတ်ဆိုးနှိမ်နင်းလှံနှင့်အတူ အပြတ်အသတ် အသာစီးရရှိနေ၏။
“မိုးကြိုးလက်ဝါး”
မိုးကြိုးဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ လေဟာနယ်ကနေတစ်ဆင့် ပကတိအင်မော်တယ်ပညာရှင်နှစ်ဦးကို ဖိရိုက်ချလိုက်၏။
ဒေါသူပုန်ထနေသော မိုးကြိုးလျှပ်စီးက မိုးကြိုးဧကရာဇ်၏ လက်ဖဝါးတစ်လျှောက် တလိပ်လိပ်ထိုးတက်လာပြီး လေထဲမှာ စုစည်းကာ ဧရာမ မိုးကြိုးလက်ဝါးတစ်ဖက်ကို ဖြစ်ပေါ်လာစေ၏။
ဧရာမ မိုးကြိုးလက်ဝါးက ကောင်းကင်တစ်ခွင် အုပ်မိုးပြီး ဆင်းသက်လာခဲ့၏။
ပကတိအင်မော်တယ်နှစ်ယောက်က အဲဒါကို လုံးဝ မရှောင်တိမ်းနိုင်ဘဲ ခုခံဖို့အတွက် သူတို့၏ စိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်ကာ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုသာ ထုတ်ဖော်လိုက်ရ၏။
သို့သော်လည်း ထိုစိတ်ဝိညာဉ်ရတနာများ၊ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များထဲ မည်သည့်အရာမှ မိုးကြိုးလက်ဝါး၏ ဆင်းသက်လာမှုကို မတားဆီးနိုင်ပေ။
ဘန်း…
မိုးကြိုးလက်ဝါးက ဆင်းသက်လာပြီး လောကက လှုပ်ခါသွား၏။
အစက ပကတိမိုးကြိုးမြို့တော်သည့် ပြိုကျတော့မည့်ဆဲဆဲ အခြေအနေမှာ ရှိနေခဲ့၏။ ထိုအခိုက်အတန့်မှာ အဲဒါက လုံးဝကို ပြိုကျသွားခဲ့ပြီဖြစ်၏။
ထိုနေရာမှာ ပကတိအင်မော်တယ်သုံးဦးသာလျှင် ကျန်ရှိတော့၏။
သူတို့ သုံးယောက်စလုံးက ကြီးမားစွာ နောင်တရရှိနေပြီဖြစ်၏။
သူတို့သည် ထိုလူ၏ အမျက်ဒေါသကို ဘာကြောင့်သွားပြီး ဆွခဲ့မိပါသလဲ။
ထိုသူသည် အရင်တုန်းက ဘုရင်ကျင်းနှင့် တိုက်ခိုက်ခဲ့ပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ် မဟာနယ်မြေမှာ ပြိုင်ဘက်ကင်းခဲ့သည့် အန္တိမ ပကတိအင်မော်တယ် ဖုန့်စန်းထျန် ဖြစ်၏။
သူ့ကို လွှတ်ပေးလိုက်တော့ရော ဘာဖြစ်မှာလဲ။
ယခု ဂမ္ဘီရ မိုးကောင်းကင် မဟာနယ်မြေက ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သူက ယခု ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင်တောင် သူ့အနေဖြင့် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ အသက်ရှင်နိုင်ဖို့ မလွယ်ပေ။
ထိုသို့အတွေးဖြင့် ပကတိအင်မော်တယ် အဘိုးအိုနှစ်ယောက်က မတူညီသော အရပ်နှစ်ဘက်ခွဲကာ လှည့်ထွက်ပြေးလိုက်ကြ၏။
“ဟမ်”
မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်ပြီး သူတို့ထဲမှ တစ်ယောက်နောက်သို့ ဖျတ်ခနဲ ပြေးလိုက်သွား၏။
တစ်ချိန်တည်းမှာပင် သူက နတ်ဆိုးနှိမ်နင်းလှံကို လက်ပြန်ပစ်ထုတ်လိုက်ပြီး ၎င်းပေါ်တွင် လျှပ်စီးများက တဖျပ်ဖျပ်လက်ကာ အခြားတစ်ဖက်တွင် ရှိသော ပကတိအင်မော်တယ် အဘိုးအိုကို ချက်ချင်းထိုးဖောက်သွား၏။
မိုးကြိုးဧကရာဇ်က နောက်ထပ်လူတစ်ယောက်ကို သတ်ဖြတ်လိုက်ပြီဖြစ်၏။