← Chapters

အခန်း (၁၉၆၁)

Vol. 131 Ch. 1961

အခန်း (၁၉၆၁)

Vol. 131 Ch. 1961

ထွက်ပြေးသွားသော ပကတိအင်မော်တယ်က ဝေးဝေး မရောက်ခင်မှာပင် သူ၏ နောက်ဘက်ကနေ မိုးကြိုးသံ တဖျောက်ဖျောက်ကို ကြားလိုက်ရ၏။ အဲဒါက တုန်လှုပ်စရာကောင်းသော အမြန်နှုန်းဖြင့် ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

ထိုအဘိုးအိုက ဘယ်လောက်ပင် မြန်ဆန်သည်ဖြစ်စေ.. သူက မိုးကြိုးဧကရာဇ်၏ အလျင်အဟုန်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

“ဖုန့်စန်းထျန်”

ပကတိအင်မော်တယ်အဘိုးအိုက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိလိုက်ရသောအခါ သူက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး ပျက်ယွင်းနေသော အမူအရာဖြင့် အော်ပြောလိုက်၏။

“မင်း အရမ်းများသွားပြီ”

“ငါက အရမ်းများသွားတာလား”

မိုးကြိုးဧကရာဇ်က လှောင်ရယ်လိုက်၏။

“မင်းတို့ရဲ့ နည်းလမ်းတွေနဲ့ ယှဉ်မယ်ဆိုရင် မင်းကို သတ်မယ်ဆိုတာ ငါက တော်တော်လေး သဘောထားကြီးရာကျနေပြီ”

ဘုရင်ထျန်ရှင်းသည် ပကတိမိုးကြိုးမြို့တော်၏ အောက်ခြေရှိ မြေအောက် အကျဉ်းတိုက်မှာ မိုးကြိုးဧကရာဇ်ကို နှစ်ပေါင်းသိန်းချီကြာအောင် အကျဉ်းချထားခဲ့၏။ ဒါ့အပြင် သူသည် ထိုသူကို ချိန်းကြိုးများဖြင့် တုပ်နှောင်ပြီး သူ၏ ဆေဘာဖြင့် ကျောက်တိုင်တစ်တိုင်ပေါ်မှာ တန်းလန်းထိုးစိုက်ထားခဲ့၏။

ထိုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု အတိုင်းအတာက စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။

အဲဒါနှင့် ယှဉ်လျှင် သေဆုံးခြင်းက ဘာမှ ပြောပလောက်စရာ မဟုတ်ပေ။

“ဖုန့်စန်းထျန်.. ငါ မင်းနဲ့ အသေအကြေ တိုက်ခိုက်မယ်”

ပကတိအင်မော်တယ်အဘိုးအို၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ နှာရောင်ကနေ တဖျပ်ဖျပ် တလက်လက် အရောင်အဝါတစ်ခု ပစ်လွင့်ထွက်ပေါ်လာကာ ​ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ဖြန့်ကြက်လာခဲ့၏။

“မင်းက မင်းရဲ့ တာအိုသစ်သီးကို ကိုယ်တိုင်ဖျက်ဆီးပစ်ချင်တာလား”

မိုးကြိုးဧကရာဇ်က သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

တာအိုသစ်သီးကို ကိုယ်တိုင်ဖျက်ဆီးခြင်း၏ စွမ်းအားက အရမ်းကို ကြီးမား၏။

သို့သော်လည်း တာအိုသစ်သီးကို ကိုယ်တိုင်ဖျက်ဆီးလိုက်မည်ဆိုလျှင် ထိုသူသည် ပြန်ဝင်စားဖို့ အခွင့်အရေးကိုပင် ရရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ပုံမှန်အားဖြင့်ဆိုလျှင် အနေအထားတစ်ခုအထိ ကျင့်ကြံထားသော ပကတိအင်မော်တယ် ပညာရှင်များက ဤလမ်းကြောင်းကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခု ပကတိအင်မော်တယ်အဘိုးအိုသည် ရူးသွပ်ပေါက်ကွဲနေ​​ပြီး မိုးကြိုးဧကရာဇ်နှင့် သူသေကိုယ်သေ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။

“ငါ့ရှေ့မှာ မင်းကိုယ်မင်း သတ်သေဖို့တောင် အခွင့်အရေးရမှာ မဟုတ်ဘူး”

မိုးကြိုးဧကရာဇ်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး သူ၏ ပါးစပ်ကို ရုတ်တရက် ဖွင့်ကာ ကျယ်လောင်သော မိုးကြိုးထစ်ချုန်းသံကို ထုတ်ဖော်လိုက်၏။

ဖောင်း…

မိုးကြိုးသံက ပကတိအင်မော်တယ်အဘိုးအို၏ နားစည်နှစ်ဖက်ကို ထိုးဖောက်သွား၏။

သူ၏ နားထဲကနေ သွေးစီးကြောင်းတစ်ခုက လျှံထွက်လာ၏။

မိုးကြိုးသံက သူ၏ နားနှစ်ဖက်နှင့် ဦးခေါင်းကို ထိုးဖောက်လိုက်သော ဧရာမ လှံတစ်လက်ကဲ့သို့ ဖြစ်သည်။

ပကတိအင်မော်တယ်အဘိုးအိုသည် သူ၏ စိတ်က ဗလာကျင်းသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်သွား၏။

သူ၏ တာအိုသစ်သီးက ကြေမွသွားခဲ့ပြီဖြစ်၏။

သို့သော်လည်း ၎င်းက မိုးကြိုးဧကရာဇ်၏ အသံပိုင်းလျှို့ဝှက်အတတ်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီဖြစ်ပြီး သူက ငေးငိုင်နေသော အကြည့်နှင့် နေရာမှာတင် မှင်တက်နေ၏။

မိုးကြိုးဧကရာဇ်က ရှေ့သို့ တက်လှမ်းပြီး သူ့ကို သာမန်ကာလျှံကာ ရိုက်သတ်လိုက်၏။

တိုက်ပွဲက သိပ်ပြီး မကြာမြင့်ခဲ့ဘဲ ပကတိအင်မော်တယ်ပညာရှင် ၁၁ဦးထဲမှာ ပကတိအင်မော်တယ်ကျင်းယွဲ့သာလျှင် ကျန်ရစ်ခဲ့၏။

မြို့ထဲကနေ ထွက်ပြေးနေကြသော ကျင့်ကြံသူများက နောက်ပြန်လှည့်ကြည့်လိုက်ကြ၏။

မိုးကြိုးဧကရာဇ်က ပကတိမိုးကြိုးမြို့တော်၏ အပျက်အစီးပုံများပေါ်မှာ မတ်တတ်ရပ်နေပြီး သူ၏ ခြေရင်းမှာ ပကတိအင်မော်တယ်ဆယ်ယောက်၏ အလောင်းများ ရှိနေ၏။ နတ်ဆိုးနှိမ်နင်းလှံကို ကိုင်ဆွဲထားပြီး သူက ပြိုင်ဘက်ကင်း သွင်ပြင်ဟန်ပန်နှင့်အတူ ဝင့်ကြွားစွာ မတ်တတ်ရပ်နေ၏။

ဤမြို့တော်သည် မိုးကြိုးဧကရာဇ်ကို နှစ်ပေါင်းသိန်းချီကြာအောင် အကျဉ်းချ ဖိနှိမ်ထားခဲ့၏။

သို့သော် ယခု မိုးကြိုးဧကရာဇ်က လွတ်မြောက်လာခဲ့ပြီး သူက ပကတိမိုးကြိုးမြို့တော်ကို မှောက်လှန်ကာ အဲဒါကို သူ၏ ခြေဖဝါးအောက်မှာ နင်းခြေထား၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည်လည်း အပျက်အစီးပုံများပေါ်မှာ မတ်တတ်ရပ်နေပြီး သူက ထွက်ပြေးဖို့အတွက် မရွေးချယ်ပေ။

မိုးကြိုးဧကရာဇ်၏ အစွမ်းအစအရ သူက ထွက်ပြေးချင်သည်ဆိုလျှင်တောင် မလွတ်မြောက်နိုင်ကြောင်း သိရှိထား၏။

ရုတ်တရက်ဆိုသလို…

မိုးကြိုးဧကရာဇ်က သူ၏ ရင်ဘတ်ကို အုပ်ကိုင်ပြီး သည်းထန်စွာ ချောင်းဆိုးလိုက်၏။

သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ခါသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ တစ်စုံတစ်ရာ ဖြစ်ပျက်နေသည့်အလား သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က အာရုံစိုက်၍ ကြည့်လိုက်၏။

မိုးကြိုးဧကရာဇ်၏ ရင်ဘတ်ပေါ်ရှိ အဝတ်အစားက နီစွေးနေပြီး အဲဒါက အရမ်းကို သိသာထင်ရှားနေ၏။

သူတို့ စောစောက တိုက်ခိုက်ခဲ့စဉ်က သူတို့သည် မိုးကြိုးဧကရာဇ်၏ ရင်ဘတ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြောင်း ပကတိအင်မော်တယ်ကျင်းယွဲ့က ရှင်းလင်းစွာ မှတ်မိနေသေး၏။

ဒါ့အပြင် သူတို့သည် ယခင်က မိုးကြိုးဧကရာဇ်ကို ထိခိုက်ဒဏ်ရာရရှိအောင် လုပ်နိုင်ခဲ့မည်ဆိုလျှင်တောင် ထိုသူသည် လောက၏ မိုးကြိုးစွမ်းအားနှင့် ပြန်လည်ချိတ်ဆက်ပြီးနောက် ထိုဒဏ်ရာများက သက်သာပျောက်ကင်းသွားပေလိမ့်မည်။

ထိုသွေးကွက်က…

ပကတိအင်မော်တယ်ကျင်းယွဲ့သည် ရင်တစ်ချက်ထိတ်သွားပြီး အကြောင်းရင်းကို အလျင်အမြန် နားလည်သဘောပေါက်သွား၏။

ကွပ်မျက်ဆေဘာ…

မိုးကြိုးဧကရာဇ်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာသည် ကွပ်မျက်ဆေဘာကြောင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်ရပေမည်။

ကွပ်မျက်ဆေဘာသည် ဘုရင်ထျန်ရှင်း၏ ကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်လက်နက်ဖြစ်ပြီး မိုးကြိုးဧကရာဇ်ကို နှစ်ပေါင်းသိန်းချီကြာအောင် ကျောက်တိုင်ပေါ်မှာ ထိုးစိုက်ထားခဲ့၏။ မိုးကြိုးဧကရာဇ်၏ အစွမ်းအစနှင့်ပင်လျှင် ထိုကဲ့သို့သော ဒဏ်ရာများကို ကုသဖို့ ခက်ခဲပေလိမ့်မည်။

မိုးကြိုးဧကရာဇ်က လွတ်မြောက်လာခဲ့ပြီးနောက် ထိုဒဏ်ရာကို တစ်ချိန်လုံး ဖိနှိမ်ထားခဲ့၏။

သို့သော်လည်း စောစောက တိုက်ပွဲသည် သူ၏ ဒဏ်ရာများကို ပွင့်ဟသွားစေပြီး သွေးများက စိမ့်ထွက်လာခဲ့၏။

အချိန်တိုအတွင်းမှာ မိုးကြိုးဧကရာဇ်၏ ဝတ်စုံက သွေးများဖြင့် နီဆွေးသွားခဲ့ပြီဖြစ်၏။ သူ၏ ဒဏ်ရာများက ဘယ်လောက်တောင် ပြင်းထန်သလဲ သိသာနေ၏။

ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက မိုးကြိုးဧကရာဇ်အတွက် စိုးရိမ်ပူပန်လာခဲ့၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က မလှမ်းမကမ်းမှာ ရှိနေ၏။ သူ၏ အကြည့်က တဖျပ်ဖျပ်လက်နေပြီး တိုက်ခိုက်ချင်သော်လည်း တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည့်အလား သူ၏ အမူအရာက ပြောင်းလဲနေ၏။

အတန်ကြာအောင် ငြိမ်သက်နေပြီးနောက် ပကတိအင်မော်တယ်ကျင်းယွဲ့က လှုပ်ရှားလိုက်၏။ သူက မိုးကြိုးဧကရာဇ်ကို တိုက်ခိုက်လိုက်ခြင်း မဟုတ်ပေ။ ထိုအစား သူက နောက်သို့ ဆုတ်ခွာပြီး ထိုသူနှင့် အကွာအဝေးတစ်ခု ခြားလိုက်ခြင်း ဖြစ်၏။

မိုးကြိုးဧကရာဇ်၏ လက်ရှိ ပုံပန်းသွင်ပြင်က ဟန်ဆောင်နေခြင်း ဟုတ် မဟုတ် သူ မသိပေ။ အဲဒါထက် မိုးကြိုးဧကရာဇ်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက သူ့အပေါ်မှာ ဘယ်လောက်များများ သက်ရောက်မှုရှိသလဲ သူ မသိပေ။

သူက ထိုအန္တရာယ်ကို စွန့်စားမကြည့်ရဲပေ။

သူ့ရှေ့မှာ ရှိသော မိုးကြိုးဧကရာဇ်က အလွန်တရာ အားနည်းသည့်ပုံပေါ်နေသည်ဆိုလျှင်တောင် သူက ရှေ့သို့ တက်လှမ်းရဲခြင်း မရှိဘဲ အခွင့်အလမ်းကို ချိန်ဆကာ နောက်သို့ ဆုတ်ခွာလိုက်၏။

“ဟီးဟီးဟီးဟီး”

ထိုသည်ကို တွေ့မြင်သောအခါ မိုးကြိုးဧကရာဇ်က သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ ရယ်မောလိုက်၏။

“သတ္တိကြောင်တဲ့ ကြွက်တစ်ကောင်က ဘယ်လိုလုပ်ပြီး တိုင်းပြည်ဘုရင်ခံဖြစ်လာတာလဲ”

ပကတိအင်မော်တယ်ကျင်းယွဲ့က တိတ်ဆိတ်ငြိမ်သက်နေပြီး မိုးကြိုးဧကရာဇ်၏ လှုပ်ရှားမှုတိုင်းကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေ၏။

“ထားလိုက်ပါတော့.. ဒီနေ့ ငါ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်”

မိုးကြိုးဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။

“ငါ ဖုန့်စန်းထျန် ပြန်လာပြီလို့ ထျန်ရှင်းကို သွားပြီးပြောလိုက်.. ငါကိုယ်တိုင် လာလည်မှာမို့လို့ သူတို့ရဲ့ လည်ပင်းတွေကို ဆေးကြောထားဖို့ပါ ပြောလိုက်”

ထိုသို့ပြောရင်း မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးများက တဖျတ်ဖျတ်လက်လာကာ သူက နတ်ဆိုးနှိမ်နင်းလှံကို ကိုင်ဆွဲပြီး အဝေးသို့ ထွက်ခွာသွား၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် သူ၏ လက်သီးကို ဆုပ်လိုက် ဖြန့်လိုက်နှင့် သူ့မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေ၏။

အဆုံးသတ်မှာတော့ သူက မိုးကြိုးဧကရာဇ်နောက်သို့ ပြေးလိုက်ဖို့ မရွေးချယ်ခဲ့ပေ။

ဆူဇီမိုက အဲဒါကို သတိထားမိသွား​ပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် မိုးကြိုးဧကရာဇ်ကို ထိန်းထားနိုင်သည့် နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးသွားရပြီဖြစ်၏။

မိုးကြိုးဧကရာဇ်၏ စိတ်နေစရိုက်အရ သူက အလွန်တရာ သူရဲကောင်းဆန်​ပြီး ပကတိအင်မော်တယ်ကျင်းယွဲ့ကို မျှားခေါ်ထုတ်ဖို့အတွက် ဤကဲ့သို့ ဒဏ်ရာအပြင်းအထန် ရရှိချင်ယောင်ဆောင်လိမ့်မည် မဟုတ်ပေ။

နောက်ဆုံးမှာ မိုးကြိုးဧကရာဇ်က ဘာမှ ပြုလုပ်ခြင်း မရှိဘဲ ထွက်ခွာသွားခဲ့၏။

မိုးကြိုးဧကရာဇ်၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာများက အရမ်းကို ပြင်းထန်ပြီး သူ့အနေဖြင့် ပကတိအင်မော်တယ်ကျင်းယွဲ့ကို သတ်ဖြတ်ဖို့ မလွယ်တော့ကြောင်း သိသာလေသည်။

ထို့ကြောင့်ပင်လျှင် မိုးကြိုးဧကရာဇ်က ထွက်ခွာဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်၏။

သို့သော်လည်း ပကတိအင်မော်တယ်ကျင်းယွဲ့သည် မိုးကြိုးဧကရာဇ်၏ အော်ရာနှင့် နည်းလမ်းများမှာ တုန်လှုပ်နေခဲ့၏။ မိုးကြိုးဧကရာဇ်၏ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို တွေ့မြင်နေရတာတောင် သူက တိုက်ခိုက်ရဲခြင်း မရှိခဲ့ပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက နောက်ဆုံး နားလည်သဘောပေါက်သွားခဲ့၏။ ပကတိတစ်ဆယ်ငရဲမှာတုန်းက မိုးကြိုးဧကရာဇ် သူ့ကို ပြောခဲ့သော တစ်စုံတစ်ရာ ဖြစ်၏။

“သိပ်မကြာခင် ပကတိမိုးကြိုးမြို့တော်က ရုတ်ရုတ်သဲသဲဖြစ်လာတော့မယ်… ငါက မင်းကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်တော့ဘူး.. သတိထားပြီး ရုတ်ရုတ်သဲသဲ အခြေအနေကြားကနေ ထွက်သွားတော့”

မိုးကြိုးဧကရာဇ်သည် ပကတိမိုးကြိုးမြို့တော်မှ ဤတိုက်ပွဲ၏ ရလဒ်ကို ကြိုတင်ခန့်မှန်းမိခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။

သူ့ခန္ဓာကိုယ်၏ အခြေအနေကိုလည်း သူက သိရှိထား၏။ သူက ဆူဇီမိုကို ခေါ်ဆောင်သွားမည်ဆိုလျှင် သူတို့နှစ်ယောက်စလုံးက မလွတ်မြောက်နိုင်တော့တာ ဖြစ်နိုင်၏။

ထိုအချိန်ကျလျှင် ဆူဇီမိုသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး မဟာကျင်းနိုင်ငံ၏ အမဲလိုက်ခြင်းကို ခံရပေလိမ့်မည်။ သို့သော် ယခု မိုးကြိုးဧကရာဇ်က ဆူဇီမိုကို ပုန်းကွယ်နေစေချင်ခဲ့၏။

ဒါ့အပြင် ဆူဇီမိုသည် ပကတိတစ်ဆယ်ငရဲမှာ အလွန်တရာ သတိကြီးကြီးထားခဲ့ပြီး မိုးကြိုးဧကရာဇ် လွတ်မြောက်အောင် သူ ကူညီပေးခဲ့သည်ကို မည်သူကမှ မသိပေ။

မိုးကြိုးဧကရာဇ် လွတ်မြောက်သွားပြီးနောက် ဆူဇီမိုသည် သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ကာ ပကတိတစ်ဆယ်ငရဲကနေ ထွက်လာခဲ့၏။

သို့သော်လည်း မိုးကြိုးဧကရာဇ်၏ ဒဏ်ရာများကတော့…

ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။

ဤတိုက်ပွဲက မိုးကြိုးဧကရာဇ်၏ ဒဏ်ရာဟောင်းများအပေါ် သက်ရောက်စေခဲ့၏။ နောက်ပိုင်းတွင် မိုးကြိုးဧကရာဇ်သည် အင်မော်တယ်ဘုရင်များ၏ လိုက်လံဖမ်းဆီးမှုနှင့် ကြုံတွေ့ရနိုင်ခြေရှိပြီး သူက အန္တရာယ်ကနေ အမှန်တကယ် လွတ်မြောက်နိုင်ပါ့မလား မသိရပေ။

ပကတိအင်မော်တယ်ကျင်းယွဲ့ ပြောသည့် အချက်တစ်ချက်က မှန်ကန်လေသည်။

လက်ရှိ ဂမ္ဘီရမိုးကောင်းကင်သည် လွန်ခဲ့သည့် နှစ်ပေါင်းသိန်းချီကာလတစ်ခုက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနှင့် ဆက်လက်၍ မတူတော့ပေ။

မိုးကြိုးဧကရာဇ်သည် ပကတိတစ်ဆယ်ငရဲကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ခြေချစရာ နေရာမရှိပေ။ သူ၏ ခြေလှမ်းတိုင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။

မဟာကျင်းအင်မော်တယ်နိုင်ငံ သို့မဟုတ် ဂမ္ဘီရ မိုးကောင်းကင် အင်မော်တယ် မဟာနယ်မြေမှာပင် ကြီးမားပြင်းထန်သော ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ် ပေါ်ထွက်လာတော့မည်ကို ခန့်မှန်းကြည့်နိုင်၏။

ဆူဇီမိုသည် ဤနေရာကနေ ထွက်ခွာပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရှာဖွေကာ ဗလာနယ်မိုးကြိုးကျင့်စဉ်ကို ကျင့်ကြံဖို့ ပြင်ဆင်လိုက်၏။

သူသည် အချိန်ကာလတစ်ခု ကြာသည်အထိ ဤမုန်တိုင်းကို ရှောင်လွှဲရပေလိမ့်မည်။

All Chapters