← Chapters

ဘုရင်ထျန်ရှင်း

Vol. 131 Ch. 1962

ဘုရင်ထျန်ရှင်း

Vol. 131 Ch. 1962

ဆူဇီမိုသည် ပကတိမိုးကြိုးမြို့တော်၏ အပျက်အစီးပုံကိုကြည့်ပြီး စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

အပျက်အစီးပုံထဲမှာ စိတ်ဝိညာဉ်ရတနာအပိုင်းအစများစွာ ကျန်ရစ်ခဲ့ဆဲ ဖြစ်ပြီး သူတို့အများစုက နတ်ဆိုးနှိမ်နှင်းလှံဖြင့် ကြေမွနေပြီဖြစ်၏။

ထိုစိတ်ဝိညာဉ်ရတနာအပိုင်းအစများသည် တခြားသူများအတွက် အသုံးမဝင်သော်လည်း သူတို့သည် ငရဲဖိနှိမ်မီးဖိုအတွက် အလွန်တရာအသုံးဝင်ပေလိမ့်မည်။ သူက အဲ့ဒါကို ဝါးမျိုနိုင်မည်ဆိုလျှင် သူသည် တတိယမြောက်မီးဖိုနံရံကို ပြုပြင်နိုင်ကောင်းပြုပြင်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုသည် အကျိုးအပြစ်ကိုချိန်ဆပြီး ထိုအတွေးကို စွန့်လွှတ်လိုက်၏။

အကျိုးအမြတ်က ကြီးမားသော်လည်း အဲ့ဒါက အန္တရာယ်များလွန်း၏။

သူ့အနေဖြင့် တင်းမာနေသော အခြေအနေတစ်ခုမှာ ဤကဲ့သို့သောအန္တရာယ်တစ်ခုကို စွန့်စားဖို့ မထိုက်တန်ပေ။ နောက်ပိုင်းမှာ တခြားသောအခွင့်အရေးများ ရှိကောင်းရှိလာပေလိမ့်မည်။

ဆူဇီမိုသည် လူအုပ်ကြီးထဲသို့ ရောနှောပြီး အဝေးသို့ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။

သူသည် တခြားသူများ၏ စိတ်အာရုံကို မဆွဲဆောင်မိစေရန်... မြန်မြန်ဆန်ဆန်လျှောက်လှမ်းရဲခြင်း မရှိပေ။

ရုတ်တရက်ဆိုသလို...။

အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုက ပြင်းထန်ကြမ်းတမ်းသော စွမ်းပကားတစ်ခုနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့၏။ လောကတစ်ခုလုံးက တင်စီးခံရပြီး အနည်းငယ်တုန်ခါလာသည်ဟုထင်ရ၏။

ထိုအော်ရာက မိုးကြိုးဧကရာဇ်၊ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် အခြားသူများထက် များစွာပိုမိုသန်မာနေ၏။

လူတိုင်းက တုန်လှုပ်သွားပြီး မော့ကြည့်လိုက်ကြ၏။

ကောင်းကင်ထက်ရှိတိမ်စိုင်များက ပြောင်းလဲသွားပြီး လေဟာနယ်က ရုတ်တရက်အလယ်သို့ စုဝင်ပြိုကျကာ နက်မှောင်နေသော ဧရာမဝဲကတော့တစ်ခုဖြစ်ပေါ်လာ၏။

နက်မှောင်နေသောဝဲကတော့ထဲမှာ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ပုံရိပ်တစ်ခုက ခပ်ရေးရေးပေါ်ထွက်လာ၏။ မဟူရာအင်မော်တယ်များစွာသည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ ဖြူဖပ်ဖြူရော် အမူအရာများနှင့်အတူ မြေပြင်ပေါ်မှာ ဒူးထောက်ကျကာ ကြောက်ရွံမှုဖြင့် အသံတိတ်နေကြ၏။

အင်မော်တယ်ဘုရင်...။

အင်မော်တယ်ဘုရင်တစ်ပါးကသာလျှင် ဤကဲ့သို့ကြောက်စရာကောင်းသောအော်ရာနှင့် စွမ်းပကားတစ်ခုကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

အောက်ဘက်မှာရှိသော ကျင့်ကြံသူများသည် မိုးကောင်းကင်ထက်ရှိပုံရိပ်က ထွက်သက်တစ်ချက်နှင့်အတူ သူတို့အားလုံးကို သတ်ဖြတ်ပစ်နိုင်သည်ဟုပင် ခံစားနေရ၏။

ဆူဇီမိုသည် သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး ကောင်းကင်ထက်ရှိ စွမ်းအားကြီးမားသော ပုံရိပ်ကို မော့ကြည့်လိုက်၏။

အဲ့ဒါက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်၏။

သူ၏ လက်ရှိကျင့်ကြံမှုအရ အဲ့ဒါက သူလက်လှမ်းမမီနိုင်သည့် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်၏။

သူက ဘုရင်ယွင်ရိုကို လက်စားချေချင်သည်ဆိုလျှင် သူက ထိုအဆင့်သို့ တက်လှမ်းရပေမည်။

“ကြိုဆိုနှုတ်ဆက်ပါတယ်... ဘုရင်ထျန်ရှင်း “

ပကတိအင်မော်တယ်ကျင်းယွဲ့က ထိုသူကို တွေ့မြင်သောအခါ သူက အလောတကြီး ဒူးထောက်ချပြီး ကြောက်ရွံ့တုန်လှုပ်နေသောအမူအရာနှင့်အတူ ရှိခိုးဦးချနေ၏။

“အောက်ဘုံက အဲ့ဒီအပြစ်သားက ပကတိမိုးကြိုးမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်သွားပါတယ်... ကျုပ်ကိုခွင့်မလွှတ်ပါနဲ့... ကျေးဇူးပြုပြီး အပြစ်ပေးပါ ဘုရင်ထျန်ရှင်း”

“အရင်ထဦး”

နက်မှောင်နေသောဝဲကတော့ထဲကနေ ပြတ်သားသောအသံက ထွက်ပေါ်လာ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က အလောတကြီးမတ်တတ်ထရပ်လိုက်၏။

“ဘာဖြစ်ခဲ့တာလဲ”

ဘုရင်ထျန်ရှင်းက မေးလိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် မည်သည့်အရာကိုမှ ထိန်ချန်ခြင်းမရှိဘဲ ယနေ့ပကတိမိုးကြိုးမြို့တော်တွင် ဖြစ်ပျက်ခဲ့သည့်အရာများကို အသေးစိတ်ပြန်ပြောလိုက်၏။

“သူ့ကိုတစ်ယောက်ယောက်က ကူညီခဲ့တာပဲ”

ထိုစကားကိုကြားပြီးနောက် ဘုရင်ထျန်ရှင်းက ပြောလိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ကြောက်ရွံ့မှုဖြင့် နောက်တစ်ဖန်ဒူးထောက်ချလိုက်၏။

“အင်မော်တယ်ဘုရင်... ဖုန့်စန်းထျန် ထွက်ပြေးလွတ်မြောက်အောင် ဘယ်သူက ကူညီခဲ့သလဲ ကျုပ်တကယ်ပဲ မသိခဲ့ပါဘူး”

အခြားသူများသည် ပကတိတစ်ဆယ်ဝင်္ကပါနှင့်ပတ်သက်၍ ဤကဲ့သို့နက်ရှိုင်းသော နားလည်သဘောပေါက်မှုတစ်ခု ရှိချင်မှရှိပေလိမ့်မည်။

သို့သော်လည်း အပြင်လူများ၏ အကူအညီမရှိဘဲ မိုးကြိုးဧကရာဇ်က သူ့ဘာသာသူရုန်းထွက်နိုင်စရာအကြောင်းမရှိကြောင်း ဘုရင်ထျန်ရှင်းက သိထား၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ဆက်ပြောလိုက်၏။

“ကျုပ်က မြို့ထဲမှာရှိတဲ့ ကျင့်ကြံသူတွေအကုန်လုံးကိုအကျဥ်းချပြီး တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးဖော်ထုတ်ဖို့ အမိန့်ပေးလိုက်ပါ့မယ်”

“မလိုတော့ဘူး”

ဘုရင်ထျန်ရှင်းက မှင်သေသေဖြင့် ပြောလိုက်၏။

“ကူညီခဲ့တဲ့အဲ့ဒီလူက ထွက်သွားခဲ့တာ ကြာနေလောက်ပြီ... သူက ဒီနေရာမှာဘယ်လိုလုပ်ပြီး ရှိနေပါတော့မလဲ”

“နောက်ပြီး... ငါ့ရဲ့ကွပ်မျက်ဆေဘာကို ဆွဲထုတ်နိုင်တဲ့ဘယ်သူမဆို အနဲဆုံး ပကတိအင်မော်တယ်အဆင့်ရှိရမယ်... မင်းကလွဲရင် ဒီနေရာမှာ တခြားပကတိအင်မော်တယ်တွေ မရှိတော့ဘူး”

ဘုရင်ထျန်ရှင်း၏ စိတ်ဝိညာဥ်အသိစိတ်က အရမ်းကိုသန်မာအားကောင်းလေသည်။

တစ်ချက်ဝေ့ကြည့်ရုံနှင့် သူသည် ပကတိမိုးကြိုးမြို့တော်၏ ပတ်ပတ်လည် ကီလိုမီတာသိန်းချီအကွာအဝေးကို လွှမ်းခြုံနိုင်၏။

သူ၏ အသိစိတ်ကနေ မည်သည့်သက်ရှိကမှ မလွတ်မြောက်နိုင်ပေ။

ဆူဇီမိုသည် သူ၏ ခေါင်းကိုငုံ့ထားပြီး စိတ်အာရုံကို မဆွဲဆောင်မိစေရန် ဘုရင်ထျန်ရှင်းကို ဆက်လက်၍မကြည့်ရှုတော့ပေ။

“သူက ငါ့ရဲ့ကွပ်မျက်ဆေဘာနဲ့ ဒဏ်ရာရထားတယ်... သူဝေးဝေးပြေးနိုင်မှာ မဟုတ်ဘူး... သူက ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင်တောင် ငါသူ့ကို ပြန်ဖမ်းနိုင်တယ်”

ဘုရင်ထျန်ရှင်းက အေးစက်စွာပြောဆိုလိုက်၏။

“ကျင်းယွဲ့... မင်းက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ ရေခဲလိပ်ပြာဖြစ်ရပ်ကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ဘူး... အခုလည်း ဒီလိုမျိုးကိစ္စက ထပ်ဖြစ်လာပြန်ပြီ”

ဘုရင်ထျန်ရှင်း၏ လေသံက ဓားသွားကဲ့သို့ အေးစက်နေပြီး ကြားရသူကို တုန်လှုပ်ချောက်ချားသွားစေနိုင်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ချွေးများဖြင့် စိုရွှဲလာပြီး သူ၏ ခေါင်းကို ခပ်မြန်မြန်ငုံ့လိုက်၏။

“ကျုပ်က သေသင့်ပါတယ်... ကျေးဇူးပြုပြီး ကျုပ်အသက်ကိုချမ်းသာပေးပါ ဘုရင်ထျန်ရှင်း”

အတန်ကြာသည့်အထိ နက်မှောင်နေသောဝဲကတော့ထဲကနေ မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ပေ။

တိတ်ဆိတ်ငြိမ်သက်နေသော ဤကာလအပိုင်းအခြားက ပကတိအင်မော်တယ်ကျင်းယွဲ့အတွက် အလွန်တရာကြာညောင်းသည်ဟုထင်ရ၏။

အတန်ကြာပြီးနောက် ဘုရင်ထျန်ရှင်း၏ အသံက တစ်ဖန်ထွက်ပေါ်လာ၏။

“မင်းက ပကတိမိုးကြိုးမြို့တော်မှာရှိနေပေမယ့် ဖုန့်စန်းထျန်ကို မတားဆီးနိုင်ခဲ့ဘူး.... မင်းက သေခြင်းတရားကနေ ရှောင်လွှဲနိုင်ပေမယ့်လို့ အပြစ်ဒဏ်ကနေ မလွတ်မြောက်နိုင်ဘူး”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ရွှေရောင်အလင်းတစ်ခုက နက်မှောင်နေသော ဝဲကတော့ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ပကတိအင်မော်တယ်ကျင်းယွဲ့ပေါ်သို့ ချက်ချင်းပင်ဆင်းသက်လာခဲ့၏။

ဖောက်...

သွေးရောင်က ဖြာလက်သွား၏။

ပကတိအင်မော်တယ်ကျင်းယွဲ့၏ လက်တစ်ဖက်က ရွှေရောင်အလင်းဖြင့် ဖြတ်တောက်ခံလိုက်ရပြီး ဒဏ်ရာကနေ သွေးများကပန်းထွက်လာ၏။

“ငါ... လောလောဆယ်မှာ မင်းရဲ့လက်ကိုဖြတ်ထားမယ်... အဲ့ဒီအပြစ်သားကိုပြန်ဖမ်းပြီးမှပဲ မင်းရဲ့လက်က ပြန်ပေါက်လာနိုင်လိမ့်မယ်”

ဘုရင်ထျန်ရှင်းက ​မှင်သေသေဖြင့် ပြောလိုက်၏။

“အသက်ကိုချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရင်ထျန်ရှင်း”

ပကတိအင်မော်တယ်ကျင်းယွဲ့က နာကျင်မှုဖြင့် ချွေးများစိုရွှဲနေသော်လည်း သူက ကျေးဇူးတင်စွာဖြင့် ရှိခိုးဦးချလိုက်ဆဲဖြစ်၏။

ဘုရင်ထျန်ရှင်းသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ အပြစ်ပေးခြင်းနှင့်သတ်ဖြတ်ခြင်းကို တာဝန်ယူထားပြီး ယနေ့ သူ၏ လက်တစ်ဖက်ကိုသာ ဆုံးရှုံးလိုက်ရခြင်းက ထိုသူ့ထံမှ သနားညှာတာမှုကို ရရှိခဲ့ပြီးလေပြီ။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ပကတိအင်မော်တယ်ပညာရှင်များသည် အတွေးတစ်ချက်နှင့်အတူ သူတို့၏ ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်စေနိုင်၏။

သို့သော်လည်း ပကတိအင်မော်တယ််ကျင်းယွဲ့၏ ဒဏ်ရာပေါ်တွင်... ရွှေရောင်ဖျော့ဖျော့အလင်းတစ်ခုက ဖုံးအုပ်နေ၏။

အဲ့ဒါက ဘုရင်ထျန်ရှင်း၏ စွမ်းအားဖြစ်၏။

ထိုရွှေရောင်အလင်းရှိနေသည်နှင့်အမျှ သူ၏ ပြတ်တောက်သွားသော လက်က တစ်ဖန်ပြန်ပေါက်နိုင်တော့မည် မဟုတ်ပေ။

ဒါ့အပြင် သူက သူ၏ လက်ကို ပြန်ပေါက်စေနိုင်သည်ဆိုလျှင်တောင် ပကတိအင်မော်တယ်ကျင်းယွဲ့မှာ ထိုသို့ပြုလုပ်ဖို့ သတ္တိမရှိပေ။

ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက စိတ်လှုပ်ရှားသွား၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် တိုင်းပြည်ဘုရင်ခံတစ်ယောက်ဖြစ်၏။

ခွန်အားအရဖြစ်စေ... အဆင့်အတန်း သို့မဟုတ် နာမည်ဂုဏ်သတင်းအရဖြစ်စေ သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ မြင့်မားသော အနေအထားတစ်ခုတွင် ရှိလေသည်။

သို့သော်လည်း ဘုရင်ထျန်ရှင်း၏ ရှေ့မှာ စကားတစ်ခွန်းက သူ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်၏။

အဲ့ဒါသည် အထက်ဘုံလောက၏ ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။

ပကတိအင်မော်တယ်ပညာရှင်များပင်လျှင် အင်မော်တယ်ဘုရင်တစ်ပါးထံမှ ထိုးနှက်ချက်တစ်ချက်ကို မခုခံနိုင်ပေ။

ယနေ့... ပကတိအင်မော်တယ်ကျင်းယွဲ့အတွက် ထိုသို့ဆိုလျှင် အရင်တုန်းက မိုးကြိုးဧကရာဇ်အတွက် ပို၍ပင်ခက်ခဲကြမ်းတမ်းခဲ့ပေလိမ့်မည်။

ခဏနေပြီးနောက် မိုးကောင်းကင်ထက်ရှိ နက်မှောင်နေသောဝဲကတော့က တဖြည်းဖြည်းပိတ်ဆို့သွားပြီး အထဲမှာရှိသောပုံရိပ်ကလည်း ပျောက်ကွယ်သွား၏။

ချောက်ချားစရာကောင်းသောအော်ရာကလည်း တဖြည်းဖြည်းပျက်ပြယ်သွား၏။

ကျင့်ကြံသူများစွာက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြ၏။

ဘုရင်ထျန်ရှင်း စောစောက ပေါ်ထွက်လာခဲ့စဥ်က သူတို့၏ ဦးခေါင်းထက်မှာ အေးစက်နေသော ခေါင်းဖြတ်စက်တစ်ခုရောက်ရှိနေပြီး အချိန်မရွေး ခုတ်ပိုင်းကျဆင်လာနိုင်သည့်အလား လူတိုင်းက ခံစားခဲ့ရ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် ဘုရင်ထျန်ရှင်းထွက်ခွာသွားသည့်အချိန်စောင့်ဆိုင်းပြီးမှသာ သူက မတ်တတ်ထရပ်လိုက်၏။

သူက မလှမ်းမကမ်းမှာရှိသော မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များကို ကြည့်ပြီး လေးနက်သောအသံဖြင့် ​ပြောလိုက်၏။

“အားလုံးပဲ...မင်းတို့တွေ အခုပြန်လို့ရပြီ... မင်းတို့​တွေရဲ့ အစွမ်းကုန်ရှိသမျှကိုသုံးပြီး ဖုန့်စန်းထျန်ကို ရှာဖွေရမယ်... ဘယ်သဲလွန်စကိုမှ လက်လွှတ်မခံနဲ့”

“နားလည်ပါပြီ”

မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များက အလောတကြီးပြန်ဖြေ၍ လူစုခွဲလိုက်ကြ၏။

ပကတိအင်မော်တယ်ကျင်းယွဲ့သည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် တိုက်ပွဲမြေကို ရှင်းလင်းကာ အပျက်အစီးပုံများကြားကနေ ထွက်ခွာသွား၏။

ဆူဇီမိုက တိတ်တဆိတ် စိုးရိမ်ပူပန်နေ၏။

ယနေ့မှာစပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကို စောင့်ကြပ်နေသည့် အင်မော်တယ်စစ်သားများကို ဆင့်ခေါ်ကာ သံသယရှိသူ မည်သူ့ကိုမဆို ရှာဖွေရန် စစ်အမိန့်တစ်ခုကို နေရာတိုင်းမှာချမှတ်တော့မည်ကို ကြိုတင်ခန့်မှန်း၍ ရနိုင်၏။

စီနီယာမိုးကြိုးဧကရာဇ်သည် မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံး၏ လိုက်လံဖမ်းဆီးမှုအောက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား သူ မသိပေ။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လောလောဆယ်မှာ သူ၏ စိုးရိမ်ပူပန်မှုများကို ဖိနှိမ်လိုက်၏။

သူ၏ လက်ရှိကျင့်ကြံမှုအရ သူကူညီပေးနိုင်တာများစွာမရှိပေ။

ယခုအချိန်မှာ သူ့အတွက်အရေးကြီးဆုံးအရာသည် သီးခြားအထိုင်ချကျင့်ကြံပြီး ကမ္ဘာမြေအမြုတေနယ်ပယ်ကို တတ်နိုင်သမျှမြန်မြန် ချိုးဖျက်တက်လှမ်းဖို့ဖြစ်၏။

ဤတစ်ခေါက်မှာ သူသည် ပကတိတစ်ဆယ်ဝင်္ကပါကနေ အကျိုးအမြတ်အတော်များများရရှိခဲ့၏။

သူသည် တံခါးပိတ်ကျင့်ကြံနေစဥ်အတွင်း တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူသည် နှစ်တစ်ရာအတွင်း ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရှိနေ၏။

ဆူဇီမိုသည် စဥ်းစားတွေးတောနေစဥ်မှာပင် သူ၏ စိတ်ထဲသို့ သတိပေးချက်တစ်ခုက ဝင်ရောက်လာခဲ့၏။

All Chapters