စိတ်ဝိညာဥ်အသိစိတ်အမှတ်အသား
Vol. 131 Ch. 1964
မင်းသားယွမ်ကျော၏ ရထားလုံးနှင့် မလှမ်းမကမ်းမှာ လူတစ်အုပ်စုက မတ်တတ်ရပ်နေကြ၏။ သူတို့က အယောက်တစ်ရာလောက်ရှိပြီး သွေးများဖြင့် စိုရွှဲနေကြ၏။ သူတို့သည် စောစောက ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်ခဲ့ကြသော မဟူရာအင်မော်တယ်များဖြစ်လေသည်။
ထျန်ကျစ်ရီက သူတို့ကြားထဲမှာ ပါဝင်နေ၏။
ထိုအခိုက်အတန့်မှာ ထျန်ကျစ်ရီက ဆူဇီမိုကို အမူအရာကင်းမဲ့စွာကြည့်ပြီး သူမ၏ ခေါင်းကို မသိမသာခါပြလိုက်၏။
ထိုအပြုအမူက သိသာထင်ရှားမှုမရှိသလောက်နီးပါးပင်။ သို့သော်လည်း ထျန်ကျစ်ရီ၏ စိတ်နေစရိုက်အရ ရွေးချယ်စရာမရှိဘဲ သူမသည် ဤကဲ့သို့ မလိုအပ်သောအပြုအမူများကို ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း သူသိထား၏။
အဲ့ဒါက သတိပေးခြင်းနှင့် ပို၍တူလေသည်။
သူက ထွက်ပြေးချင်နေသည်ကို ထျန်ကျစ်ရီက ပြောနိုင်ပြီး သူ့ကို သတိပေးချင်နေခြင်းဖြစ်၏။
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် အလျင်စလိုပြုမူလှုပ်ရှားခြင်းမရှိပေ။ သူက မင်းသားယွမ်ကျောရှိရာဘက်သို့ လက်သီးနှစ်ဖက်ကိုယှက်ပြီး ပြောလိုက်၏။
“ကျုပ်က ဆူဇီမိုပါ... ဒါကဘာအဓိပ္ပါယ်လဲ ကျုပ်သိပါရစေ”
“ဒီအမဲလိုက်စုဝေးပြီးရင် အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်က လူတစ်ရာကို ငါ့ရဲ့နောက်လိုက်တွေအဖြစ် ရွေးချယ်မယ်လို့ ငါပြောခဲ့ပြီးသားပဲ”
မင်းသားယွမ်ကျောက သူ၏ လက်သည်းများကိုခတ်ပြီး သတ္တုချင်းထိခတ်သံ ခပ်ဖျော့ဖျော့ကို ထွက်ပေါ်လာစေ၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။
“ကျုပ်က အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ကို မရောက်ခဲ့ဘူးနဲ့တူတယ်”
“အမှန်ပဲ”
မင်းသားယွမ်ကျောက ရယ်မောလိုက်၏။
“ဒါပေမယ့် ငါမင်းကိုသတိထားမိနေတာကြာပြီ... စောစောက မင်းကိုတိုက်ခိုက်ခဲ့တဲ့ အဆင့်-၉ မဟူရာအင်မော်တယ်တွေက တကယ်ပဲ မင်းကိုစမ်းသပ်ဖို့အတွက်ပဲ”
“မင်းက သူတို့ကို နိုင်မယ်ဆိုရင် အဲ့ဒီလူတစ်ရာမှာ နောက်ဆုံးတစ်ယောက်အနေနဲ့ ပါဝင်အားဖြည့်ဖို့ အခွင့်အရေးတစ်ခုကို ရလိမ့်မယ်”
ဆူဇီမို၏ အကြည့်က ထျန်ကျစ်ရီ၏ ဘေးသို့ ဖြတ်သွားပြီး သူက စိတ်ထဲကနေ ရေတွက်ကြည့်လိုက်၏။ အဲ့ဒီမှာကျင့်ကြံသူ ၉၉ ယောက်ရှိပြီး တစ်ရာပြည့်ဖို့ တကယ်ပင်တစ်ယောက်လိုနေ၏။
“တကယ်တော့... မင်းက ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် မင်းကိုသတ်ဖြတ်ခဲ့တဲ့မဟူရာအင်မော်တယ်တွေထဲက တစ်ယောက်ယောက်က နောက်ဆုံးကံကောင်းတဲ့လူဖြစ်လာလိမ့်မယ်”
မင်းသားယွမ်ကျောက အပြုံးတစ်ခုနှင့်အတူ ဆက်ပြောလိုက်၏။
သူသည် ဆူဇီမိုအပါအဝင် အောက်ဘုံမှတက်လှမ်းလာသော မဟူရာအင်မော်တယ်များ၏ အသက်များကို လုံးဝဂရုစိုက်ခြင်းမရှိပေ။
သူက ဆူဇီမိုကို အာရုံစိုက်ထားသော်လည်း ဆူဇီမိုက တကယ်ပဲရှုံးနိမ့်၍ သတ်ဖြတ်ခံရမည်ဆိုလျှင် သူက တကယ်ပဲ ဝင်ပါလိမ့်မည်မဟုတ်ပေ။
“အရှင်မင်းသား... ခင်ဗျားက ကျုပ်ကို မြင့်မြင့်မားမား သတ်မှတ်ပေးတော့ ကျုပ်က ဘဝင်တောင်မြင့်ချင်လာပြီ”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
မင်းသားယွမ်ကျောက ဆက်ပြောလိုက်၏။
“ဒုတိယမြောက်စမ်းသပ်ချက်ကိုဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”
ဆူဇီမိုက တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ဒုတိယစမ်းသပ်ချက်တဲ့လား။
မင်းသားယွမ်ကျောက အေးစက်စွာ ပြောလိုက်၏။
“မင်းက အရမ်းကိုရိုးသားမှုရှိတယ်... စောစောက ထွက်ပြေးဖို့ မရွေးချယ်ခဲ့ဘူး... မင်းထွက်ပြေးမယ်ဆိုရင် မင်းက အခုချိန်မှာ အလောင်းတစ်လောင်းဖြစ်နေလောက်ပြီ”
ဆူဇီမိုက အသံတိတ်နေပြီး သူ၏ စိတ်ထဲမှာ မယုံကြည်နိုင်မှုအနည်းငယ်ရှိနေဆဲပင်။ သူက သူ၏ အဆုံးစွန်အလျင်အဟုန်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်မည်ဆိုလျှင် သူက ထွက်ပြေးဖို့အတွက် အခွင့်အရေးတစ်ခုရှိခဲ့ပေလိမ့်မည်။
ထိုစဥ်မှာပင် မင်းသားယွမ်ကျောက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး မလှမ်းမကမ်းတွင်ရှိသော ထျန်ကျစ်ရီနှင့် အခြားသူများကိုကြည့်ကာ အော်ပြောလိုက်၏။
“မင်းတို့တွေအားလုံး နားထောင်ကြ”
“ငါ့ရဲ့နောက်လိုက်တွေ ဖြစ်လာဖို့အတွက် တခြားသူတွေထက်သာလွန်တဲ့ ပါရမီအရည်အချင်းနဲ့ နည်းလမ်းတွေရှိဖို့အပြင် မင်းတို့က ပကတိသစ္စာရှိပြီး နာခံတတ်ဖို့လည်းလိုတယ်”
“မင်းတို့တွေထဲက ဘယ်သူမဆို ငါ့ကိုသစ္စာဖောက်ရဲမယ်ဆိုရင် ငါက မင်းတို့တွေကို သေတာထက်ဆိုးတဲ့ ကံကြမ္မာနဲ့အဆုံးသတ်ပေးမယ်”
မင်းသားယွမ်ကျော၏ လေသံတွင် တုန်လှုပ်ချောက်ချားသွားစေနိုင်သော ရက်စက်ကြမ်းကြုတ်မှု တစ်စုံတစ်ရာပါဝင်နေ၏။
“မပူပါနဲ့ အရှင်မင်းသား”
လီထျန်က ရှေ့သို့ အရင်ထွက်ပြီး အော်ပြောလိုက်၏။
“အရှင်မင်းသားရဲ့နောက်ကိုလိုက်ခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ”
“အရှင်မင်းသား... ကျုပ်က ခင်ဗျားကို သစ္စာမဖောက်မဲ့အပြင် သစ္စာမရှိတဲ့လူတစ်ယောက်ယောက်ကို ရှာတွေ့တာနဲ့ ခင်ဗျားကိုယ်စား အဲ့ဒီသစ္စာဖောက်ကို ကျုပ်ကိုယ်တိုင်ရှင်းလင်းပစ်မယ်”
ထိုသို့ပြောရင်း လီထျန်က ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ သူ၏ ဘေးပတ်လည်ကို ရန်စသလို လှည့်ပတ်ကြည့်ရှုလိုက်၏။
“သိပ်ကောင်းတယ်”
မင်းသားယွမ်ကျောက စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။
သူ၏ လက်ဖဝါးကို လှုပ်ခါပြီး နက်မှောင်နေသော အမဲလိုက်အဆင့်သတ်မှတ်ချက်ကို ထုတ်ယူကာ ဖြည်းဖြည်းချင်း ဖြန့်လိုက်၏။
အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ မဟူရာအင်မော်တယ်အယောက်တစ်ရာ၏ အမည်များကို ရေးထိုးထား၏။
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
အမဲလိုက်ဆင့်သတ်မှတ်ချက်ပေါ်တွင် သူ၏ နာမည်ကိုပင် တွေ့မြင်လိုက်ရ၏။
မင်းသားယွမ်ကျောက အားရစွာဖြင့်ပြောလိုက်၏။
“အမဲလိုက်တံဆိပ်ပြားတွေက အမဲလိုက်အဆင့်သတ်မှတ်ချက်ကနေ အရင်းခံပြီးလာတာပဲ... အမဲလိုက်တံဆိပ်ပြားပေါ်မှာ မင်းတို့ရဲ့စိတ်ဝိညာဥ်အသိစိတ်တွေကို ရေးထိုးလိုက်တဲ့တစ်ချိန်တည်းမှာပဲ အဲ့ဒါက အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ ပေါ်လာလိမ့်မယ်”
“မင်းတို့ရဲ့ စိတ်ဝိညာဥ်အသိစိတ်အမှတ်အသားနဲ့ဆို မင်းတို့ဘယ်နေရာကိုပဲရောက်ရောက် ငါကအမဲလိုက်အဆင့်သတ်မှတ်ချက်ရဲ့အကူအညီနဲ့ မင်းတို့ကို ရှာဖွေနိုင်တယ်”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
ယခုအခါမှသာ သူသည် ထျန်ကျစ်ရီ၏ သတိပေးမှုကို နားလည်သဘောပေါက်သွား၏။
ဤအမဲလိုက်အဆင့်သတ်မှတ်ချက်က အမှန်တကယ်ပင် ခြိမ်းခြောက်နိုင်စွမ်းရှိနေ၏။
သူက အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားကိုထုတ်ဖော်ပြီး ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့မည်ဆိုလျှင်တောင် အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ရှိနေသမျှ သူ့အနေဖြင့် မင်းသားယွမ်ကျော၏ ထောက်လှမ်းမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ တကယ်ပင်မလွယ်ပေ။
ထို့နောက် သူက အဆက်မပြတ်အမဲလိုက်ခံရပေလိမ့်မည်။
သူက ဘယ်နေရာကိုရောက်ရောက်… ဘယ်နေရာမှာပဲ ပုန်းကွယ်နေနေ မင်းသားယွမ်ကျော၏ ထောက်လှမ်းမှုကနေ လွတ်မြောက်နိုင်ဖို့ မလွယ်ပေ။
ထိုအချိန်ကျလျှင် သူက တကယ်ပင် သေကြေပျက်သုဥ်းရပေလိမ့်မည်။
ဆူဇီမိုသည် အမဲလိုက်တံဆိပ်ပြားပေါ်မှာ သူ၏ စိတ်ဝိညာဥ်အသိစိတ်အမှတ်အသားကို ချန်ထားရစ်ခဲ့စဥ်က သူက တွေဝေတုံ့ဆိုင်းနေခဲ့၏။
သို့သော်လည်း ထိုအချိန်တုန်းက အခြေအနေအရ သူ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။
ယခု... ထိုစိတ်ဝိညာဥ်အသိစိတ်အမှတ်အသားသည် သူ၏ ဦးခေါင်းထက်မှာရစ်ဝဲနေပြီး အချိန်မရွေး ခုတ်ပိုင်းကျဆင်းလာနိုင်သည့် ထက်ရှသော ဓားတစ်လက်ဖြစ်လာခဲ့လေသည်။
ဆူဇီမိုက စိတ်သက်သာစွာ သက်ပြင်းချပြီး လောလောဆယ်မှာ ထွက်ပြေးဖို့အတွေးကို စွန့်လွှတ်လိုက်၏။
မင်းသားယွမ်ကျောသည် သူ့အပေါ်ပကတိသစ္စာရှိမည့် မဟူရာအင်မော်တယ်တစ်ရာကိုရွေးချယ်ဖို့ ဤမျှအထိကြိုးစားအားထုတ်နေခြင်းဖြင့် ထိုသူက ဘာကိုကြံစည်နေသလဲ ဆူဇီမိုက သိချင်မိ၏။
“ပြန်ဖို့အချိန်ကျပြီပဲ”
မင်းသားယွမ်ကျောက လက်ကာပြပြီး ရထားလုံးထဲသို့ ပြန်ဝင်သွား၏။ အဲ့ဒီနောက် အမျိုးသမီးများက ရှေ့သို့ တက်လှမ်းလာကြ၏။ သူတို့ထဲမှ အချို့က သူ၏ ပခုံးများကို နှိပ်နယ်ပေးပြီး သူတို့ထဲမှ အချို့က သူ၏ ခြေထောက်ကို သူတို့၏ လက်သီးဆုပ်များဖြင့် ခပ်ဖွဖွထုနှက်ပေးနေ၏။
ဆူဇီမိုကလည်း လူတစ်ရာကြားထဲသို့ ရောက်ရှိလာခဲ့၏။
သူတို့က သေးငယ်သောအင်မော်တယ်ယာဥ်ပျံတစ်စင်းပေါ်မှာရှိနေကြပြီး အဲ့ဒီမှာ သူတို့အတွက် အဝတ်အစားသစ်များကိုလည်း ပြင်ဆင်ပေးထား၏။ အဲ့ဒီမှာ အင်မော်တယ်သစ်သီးများ၊ ဝိုင်များနှင့် ကုသခြင်းဆေးလုံးများပင်ရှိနေ၏။
လီထျန်နှင့်အခြားသူများသည် ပကတိတစ်ဆယ်ငရဲမှတိုက်ပွဲအပြီး၌ ဒဏ်ရာများရရှိလာခဲ့ကြ၏။ ထိုအခိုက်အတန့်မှာ ထိုပစ္စည်းများက သူတို့အတွက် လိုအပ်နေ၏။
ထို့နောက် လူများက လျင်မြန်စွာ လူစုခွဲသွားကြ၏။ လူတစ်ချို့က အင်မော်တယ်ယာဥ်ပျံ၏ ကုန်းဘောင်ပေါ်မှာ ရပ်နေကြ၏။
ထျန်ကျစ်ရီသည် ပကတိတစ်ဆယ်ငရဲမှာ လူများစွာကိုသတ်ဖြတ်ခဲ့သော်လည်း သူမ၏ ပုံစံက လန်းဆန်းနေပြီး သူမမှာ မည်သည့်သွေးမှ မစွန်းထင်းခဲ့ပေ။
သူမ၏ စိတ်နေစရိုက်အရ သူမသည် အခြားသူများနှင့် သောက်ခြင်း၊ စားခြင်း၊ ပျော်ပါးခြင်း သေချာပေါက်ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ထျန်ကျစ်ရီသည် ကုန်းဘောင်ပေါ်မှာ မတ်တတ်ရပ်ပြီး တည်ငြိမ်သောအမူအရာနှင့်အတူ ရှေ့တည့်တည့်မှာရှိသောကောင်းကင်ကို အတွေးနက်စွာကြည့်နေ၏။
ဆူဇီမိုက ရှေ့သို့တက်လှမ်းလာတော့မည့်ဆဲဆဲမှာပင် ထျန်ကျစ်ရီက စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“မလာခဲ့နဲ့”
ထျန်ကျစ်ရီက ဆူဇီမိုကိုကျောပေးထားပြီး သူမက လှည့်ကြည့်မလာဘဲ သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုသာ ပို့လွှတ်လိုက်ခြင်းဖြစ်၏။
“ဘာလို့လဲ”
ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို သုံးပြီး ပြန်မေးလိုက်၏။
ထျန်ကျစ်ရီက ပြောလိုက်၏။
“နင်... နောက်ပိုင်းဒုက္ခမရောက်ရအောင် ငါနဲ့မသိချင်ယောင်ဆောင်နေတာ ပိုကောင်းလိမ့်မယ်”
ခဏမျှရပ်တန့်ပြီးနောက် သူမကဆက်ပြောလိုက်၏။
“နောက်ပြီး စောစောကတင် ငါနင့်ကို အကြွေးတစ်ခုပြန်ဆပ်ခဲ့ပြီးပြီ... ငါ့မှာ အကြွေးတစ်ခုပဲ ကျန်တော့တယ်”
ဆူဇီမိုက သူ၏ ပခုံးကို ညင်သာစွာတွန့်လိုက်၏။
သူသည် ထျန်ကျစ်ရီကို ကူညီပေးခဲ့သည်မှာ အဓိကအားဖြင့် မိုးကြိုးဧကရာဇ်ကြောင့်ဖြစ်၏။ သူက မျက်နှာသာပေးမှုကို ပြန်လည်ရရှိဖို့အတွက် သူမထံမှ မျှော်လင့်မထားသလို ဂရုလည်းမစိုက်ပေ။
သို့သော်လည်း ထျန်ကျစ်ရီက ဤကိစ္စကို အလေးအနက်ထားနေပြီး သူမသည် မည်သူ့အပေါ်ကို မည်သည့်အကြွေးမှ မတင်ချင်သည့်အလား အဲ့ဒါကို စေ့စေ့စပ်စပ်တွက်ချက်နေခဲ့၏။
“မင်းဘာလုပ်နေတာလဲ”
ဆူဇီမိုက အသံတစ်ခုကိုပို့လွှတ်ပြီး မေးလိုက်၏။
ထျန်ကျစ်ရီက ဆူဇီမိုနှင့် ထပ်မံ၍ စကားမပြောဆိုချင်တော့အလား အသံတိတ်နေ၏။
သို့သော်လည်း ဆူဇီမိုက လက်မလျှော့ဘဲ ဆက်လက်၍ မေးမြန်းလိုက်၏။
“မင်းသားယွမ်ကျော ဆုတ်ခွာသွားတုန်းက မင်းက သူ့နောက်ကို တိတ်တဆိတ်လိုက်ပါသွားတာ ငါသတိထားမိလိုက်တယ်”
“အဲ့ဒါနင့်အလုပ်မဟုတ်ဘူး... နင်ထပ်ပြီးတော့မမေးတော့တာ ပိုကောင်းလိမ့်မယ်”
အတန်ကြာငြိမ်သက်နေပြီးနောက် ထျန်ကျစ်ရီက နောက်ဆုံးမှာအေးစက်နေသောလေသံဖြင့် ပြောလိုက်၏။
ဆူဇီမိုက ပြုံးလိုက်လေသည်။
သူမက မင်းသားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေတာလား။
ထျန်ကျစ်ရီ၏ ပစ်မှတ်က မင်းသားယွမ်ကျောဖြစ်ဖို့များကြောင်း ဆူဇီမိုက ခန့်မှန်းမိလိုက်ပြီဖြစ်၏။
သို့သော်လည်း မင်းသားယွမ်ကျောကို လုပ်ကြံသတ်ဖြတ်ဖို့နေနေသာ သူ့အနားသို့ချဥ်းကပ်ဖို့ပင် အခွင့်အရေးမရှိကြောင်း သူက အခြားသူများထက် ပို၍ကောင်းကောင်းသိထား၏။
မင်းသားယွမ်ကျော၏ ကျင့်ကြံမှုက ထျန်ကျစ်ရီထက် ပိုမိုမြင့်မားနေသည်ကို အသာထား...။
မင်းသားယွမ်ကျော၏ ဘေးမှာရှိသော ကမ္ဘာမြေအင်မော်တယ် အမျိုးသမီးသုံးထောင်ကပင်လျှင် သူမကိုခေါင်းကိုက်သွားစေဖို့လုံလောက်နေ၏။