← Chapters

ဧကရာဇ် ဂူသင်္ချိုင်း

Vol. 131 Ch. 1965

ဧကရာဇ် ဂူသင်္ချိုင်း

Vol. 131 Ch. 1965

လုပ်ကြံသတ်ဖြတ်သူများအတွက် စိတ်ရှည်ခြင်းက အရေးကြီးဆုံးအချက်ဖြစ်သည်။

အဲဒီမှာ သင့်လျော်သည့် အခွင့်အလမ်း မရှိဘူးဆိုလျှင် ထျန်ကျစ်ရီသည် မဆင်မခြင် တိုက်ခိုက်ဖို့ထက် စောင့်ဆိုင်းနေဖို့ကိုသာ ရွေးချယ်ပေလိမ့်မည်။

အထူးသဖြင့် သူမထက် ကျင့်ကြံမှု အဆင့်ကြီးတစ်ဆင့် ပိုမိုမြင့်မားသော မင်းသားယွမ်ကျောလို ပညာရှင်များအတွက် ဖြစ်သည်။ သူမက ကျရှုံးသွားမည်ဆိုလျှင် သူမသည် ထွက်ပြေးဖို့ အခွင့်အရေး မရှိဘဲ သေချာပေါက် သေရပေလိမ့်မည်။

အဲဒီမှာ အခွင့်အရေး ပေါ်မလာဘူးဆိုလျှင် သူမသည် တစ်နှစ်၊ ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာပင် စောင့်နိုင်၏။

သူမသည် ဤနေရာသို့ ရောက်လာခြင်းမှာ ရည်ရွယ်ချက်နှစ်ခုသာ ရှိ၏။

ရည်ရွယ်ချက်တစ်ခုက မိုးကြိုးဧကရာဇ် ဖြစ်၏။

သူမသည် အစစ်အမှန်နဂါးရေဆန့်ကျင်ပုတီးကို ပိုင်ဆိုင်ထားသော်လည်း သူမက ပကတိတစ်ဆယ်ဝင်္ကပါကို ရှင်းလင်းနိုင်ခဲ့မည်ဆိုလျှင်တောင် သူမက မိုးကြိုးဧကရာဇ်ကို ကယ်နိုင်မည် မဟုတ်ကြောင်း သိရှိထား၏။

သူမ၏ နှလုံးသားထဲမှာ သူမသည် မိုးကြိုးဧကရာဇ်ကို တစ်ခါမျှ ကြည့်ခွင့်ရမည်ဆိုလျှင်ပင် လုံလောက်လေသည်။

ဝင်္ကပါကို ဖြေရှင်းရာမှာ ကျရှုံးသွားပြီးနောက် သူမသည် မိုးကြိုးဧကရာဇ်နှင့် နောက်တစ်ဖန် တွေ့ဖို့ အခွင့်အရေး ဘယ်တော့မှ ရတော့မည် မဟုတ်ဟု တွေးထင်ခဲ့၏။

သို့သော်လည်း နောက်ပိုင်းဖြစ်ပေါ်လာသော အခြေအနေများက သူမ တွေးထင်ထားသည်ထက် လုံးဝကို ကျော်လွန်သွားခဲ့၏။

သူမသည် မိုးကြိုးဧကရာဇ်ကို သူမ၏ မျက်လုံးနှင့် မြင်တွေ့ရရုံသာမက ထိုသူက လွတ်မြောက်လာခဲ့ပြီး စီးပိုးခြယ်လှယ်စွာဖြင့် ပကတိအင်မော်တယ်ပညာရှင် ၁၀ဦးကို သတ်ဖြတ်ကာ လွတ်လပ်ပေါ့ပါးစွာ ထွက်ခွာသွားခဲ့၏။

ထိုအခိုက်အတန့်မှာ သူမက အမူအရာကင်းမဲ့နေခဲ့သော်လည်း သူမ၏ ရင်ထဲမှာ ဖော်မပြတတ်သော ဝမ်းသာပျော်ရွှင်မှုတစ်ခု ရှိနေခဲ့၏။

ယခု မိုးကြိုးဧကရာဇ်က လွတ်မြောက်သွားပြီဖြစ်ပြီး သူမမှာ ဒုတိယရည်ရွယ်ချက်သာလျှင် ကျန်ရှိတော့၏။

မင်းသားယွမ်ကျော…

တကယ်တော့ ထိုအရာများက သူမ၏ စိတ်အတွင်းပိုင်း အတွေးများနှင့် လျှို့ဝှက်ချက်များ ဖြစ်၏။

သူမက ဆူဇီမိုအပေါ် အကြွေးတင်နေလျှင်တောင် သူမသည် ထိုအကြောင်းနှင့် ပတ်သက်၍ သူ့ကို ပြောမပြနိုင်ပေ။

“ဒီတစ်ခေါက် မင်းသားယွမ်ကျော ကျင်းပတဲ့ အမဲလိုက်စုဝေးပွဲရဲ့ အစစ်အမှန် ရည်ရွယ်ချက်က ဘာလဲ”

ထိုစဉ်မှာပင် ဆူဇီမိုက မေးလိုက်၏။

ထျန်ကျစ်ရီက သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“သူ မပြောခဲ့ဘူးလား.. သူက ပကတိ သစ္စာရှိတဲ့ နောက်လိုက်တွေကို ရွေးချယ်ပြီး ငါတို့ရဲ့ ကံကြမ္မာတွေကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတစ်ရပ်​ ပေးချင်တာပါတဲ့”

“ဟားဟား”

ဆူဇီမိုက ရယ်မော၍ မေးလိုက်၏။

“အဲ့လို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မင်းကရော ယုံလို့လား”

“ဘာလို့ မယုံရတာလဲ”

ထျန်ကျစ်ရီက မေးလိုက်၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“သူ့ရဲ့ အဆင့်အတန်းအရဆို သူက ပကတိ သစ္စာရှိတဲ့ နောက်လိုက်တစ်ရာကို လိုချင်တယ်ဆိုရင် အဲ့လောက်ထိ အများကြီး ပင်ပန်းခံနေစရာ မလိုဘူး”

“သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ ဂိုဏ်းကြီးတွေက တပည့်ဂိုဏ်းသားတွေနဲ့ ရှေးတော်ဝင်မိသားစုတွေက မျိုးဆက်တွေက သူ့ဆီကို​ စုပြုံပြီး ဝင်ရောက်လာကြလိမ့်မယ်.. ငါတို့မှာ အဲဒီ အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး”

“နောက်ပြီး အမဲလိုက်စုဝေးပွဲဆိုတာ အစကတည်းက အဆင့်မြင့်အင်မော်တယ်တွေရဲ့ ကစားပွဲတစ်ခုပဲ.. သူတို့က အောက်ဘုံက တက်လှမ်းလာတဲ့ သက်ရှိတွေ အားလုံးရဲ့ ကံကြမ္မာကို ထိန်းချုပ်ပြီးတော့ ပျော်ရွှင်ခံစားနေကြတာ”

“မင်းသားယွမ်ကျောက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေးကိုပေးဖို့အတွက် အောက်ဘုံက အဲဒီလူတွေကို ဘာလို့ စေတနာ ဗရပွနဲ့ အပင်ပန်းခံပြီး စုဆောင်းနေမှာလဲ.. အဲဒါက အစကတည်းက ကြောင်တိကြောင်တောင်နိုင်နေတာ.. အရမ်းကို ရယ်စရာကောင်းတယ်”

ထျန်ကျစ်ရီက နှာတစ်ချက်မှုတ်လိုက်၏။

“ဟမ့်.. နင့်ကို ကြည့်ရတာ မတုံးဘူးနဲ့တူတယ်.. အဲဒါကို နားလည်သားပဲ”

ဆူဇီမိုက အနည်းငယ် မှင်တက်သွား၏။

ထျန်ကျစ်ရီထံမှ စကားတွင် ဤကဲ့သို့ စိတ်ခံစားချက် အငွေ့အသက် ပါလာခဲ့သည်မှာ တကယ့်ကို ရှားရှားပါးပါးဖြစ်၏။

ခဏမျှ မှင်တက်နေပြီးနောက် ထျန်ကျစ်ရီသည် သူ့ကို ချီးကျူးနေတာလား သို့မဟုတ် လှောင်နေတာလား သူ မသိပေ။

“အဲဒါရဲ့ နောက်ကွယ်က သဘောတရားကတော့ အရမ်းကို ရိုးရှင်းတယ်”

ထျန်ကျစ်ရီ၏ အမူအရာက သိပ်မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ကံဆိုးတာကတော့ နင်နဲ့ငါက လွဲရင် လူတစ်ရာထဲမှာ တခြားဘယ်သူကမှ အဲဒါကို နားမလည်ကြဘူး”

ဆူဇီမိုက ခဏမျှ အသံတိတ်နေပြီးနောက် ပြောလိုက်၏။

“သူတို့က နားမလည်တာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ.. ဒါပေမဲ့ သူတို့က နားမလည်ချင်ကြတာ ဖြစ်ရင်ဖြစ်မယ်”

ထိုစကားက အနည်းငယ် ဒွိဟဖြစ်စရာကောင်းသော်လည်း ထျန်ကျစ်ရီက အလေးအနက် စဉ်းစားတွေးတောလိုက်၏။

အစစ်အမှန် အခြေအနေက အနည်းငယ် ရက်စက်ကြမ်းကြုတ်ရာကျ၏။ ထို့ကြောင့် လူတိုင်းသည် လက်တွေ့ကျသောအရာကို အလိုလို ရှောင်လွှဲပြီး မျှော်လင့်ချက်ပါးပါးလေးကို ဆုပ်ကိုင်ကာ ရှေ့သို့ တက်လှမ်းချင်ကြ၏။

“ဧကရာဇ် ဂူသင်္ချိုင်းအကြောင်း ရှင်သိလား”

ခဏနေပြီးနောက် ထျန်ကျစ်ရီက အသံတစ်ခုကို ပို့လွှတ်ကာ မေးလိုက်၏။

“ဧကရာဇ် ဂူသင်္ချိုင်းလား”

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်ကာ မေးလိုက်၏။

“ငါ မသိဘူး”

ဘာကြောင့်ရယ် မသိ.. ထိုအမည်က အနည်းငယ် မကောင်းဆိုးဝါးဆန်နေ၏။

ထျန်ကျစ်ရီက ပြောလိုက်၏။

“ဧကရာဇ် ဂူသင်္ချိုင်းတွေဆိုတာ အစတုန်းကတော့ ကြေမွနေတဲ့ လောကငယ်တစ်ခုပဲ… အဲဒါက အထက်ဘုံလောကရဲ့ လေဟာနယ်စီးကြောင်းတွေထဲမှာ လွင့်မျောနေပြီးတော့ သူ့ရဲ့ တည်နေရာကို မသိရဘူး.. ဒဏ္ဍာရီအရတော့ အဲဒီအထဲမှာ အင်မော်တယ်ဧကရာဇ်တစ်ပါးကို မြုပ်နှံထားတယ်တဲ့.. အဲဒါကြောင့်လည်း အဲဒါကို ဧကရာဇ် ဂူသင်္ချိုင်းလို့ ခေါ်တာ”

ဆူဇီမိုက တုန်လှုပ်သွား၏။

အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်း…

“အဲဒီမှာ ဧကရာဇ် ဂူသင်္ချိုင်းနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေ အများကြီးရှိတယ်.. တချို့က ပြောတာတော့ အဲဒီထဲမှာ မရေတွက်နိုင်တဲ့ ရှားရှားပါးပါး ရတနာတွေ၊ ကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေ ရှိနေတယ်တဲ့… တချို့သူတွေ ပြောတာကျတော့လည်း ဧကရာဇ် ဂူသင်္ချိုင်းထဲမှာ တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားတယ်တဲ့”

ထျန်ကျစ်ရီက ပြောလိုက်၏။

“မကြာသေးခင်တုန်းက ဂမ္ဘီရ မိုးကောင်းကင်ကုန်းမြေတိုက်ရဲ့ လေဟာနယ်ထဲမှာ ဧကရာဇ် ဂူသင်္ချိုင်းက ပေါ်လာခဲ့တယ်… မင်းသားယွမ်ကျောရဲ့ ဒီတစ်ခေါက် အမဲလိုက်စုဝေးပွဲက အဲဒီဧကရာဇ် ဂူသင်္ချိုင်းနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေမယ်လို့ ငါထင်တယ်”

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“သူက ငါတို့ကို ဧကရာဇ် ဂူသင်္ချိုင်းထဲကို ဝင်စေချင်တာလား”

“ဟုတ်လောက်မှာပါ”

ထျန်ကျစ်ရီက ပြန်ဖြေလိုက်၏။

“အဲဒီ ဂူသင်္ချိုင်းထဲမှာ အင်မော်တယ် ဧကရာဇ်တစ်ပါး ရှိနေတာလား.. ငါတို့ရဲ့ ကျင့်ကြံမှုနဲ့ဆို ငါတို့က အဲဒီထဲကို စိတ်ရှိတိုင်း ဝင်နိုင်ပါ့မလား”

ဆူဇီမိုက အဲဒါကို မယုံကြည်နိုင်ပေ။

ယေဘုယျအားဖြင့် ပြောရလျှင် သူတို့ကို မပြောနှင့်.. ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များပင်လျှင် ဤကဲ့သို့သော ဂူသင်္ချိုင်းတစ်ခုကို စွန့်စားရှာဖွေ ဖော်ထုတ်ဖို့ အဆင့်မီမည် မဟုတ်ပေ။

အဲဒါက တကယ်ပဲ ဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းဖြစ်မည်ဆိုလျှင် အဲဒါသည် အင်မော်တယ် ဧကရာဇ် စုဆောင်းထားသော ရတနာများဖြင့် ပြည့်နှက်နေပေလိမ့်မည်။ အဲဒါသည် သူတို့ သွားရောက်နိုင်သော နေရာတစ်ခု မဟုတ်ပေ။

ထျန်ကျစ်ရီက ပြောလိုက်၏။

“အဲဒီ ဧကရာဇ် ဂူသင်္ချိုင်းက နည်းနည်းတော့ ထူးခြားတယ်… အထဲမှာ မြုပ်နှံထားတဲ့ အင်မော်တယ်ဧကရာဇ်က အရမ်းကို စွမ်းအားကြီးမားတဲ့ ကျိန်စာတစ်ခုကြောင့် သေဆုံးသွားတာလို့ ပြောတယ်”

“ကျိန်စာလား”

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

ကျိန်စာနည်းစနစ်မှာဆိုလျှင် စုန်းမျိုးနွယ်က အသန်မာဆုံးဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက အထက်ဘုံလောကက စုန်းမျိုးနွယ်၏ ပညာရှင်များသည် သက်ရှိများ အားလုံးကို သတ်ဖြတ်ဖို့အတွက်ပင် ဆင်းသက်လာခဲ့၏။ ကံကောင်းထောက်မစွာဖြင့် တျဲယွဲ့က ကြားဖြတ်ဟန့်တားခဲ့ပြီး ထိုကပ်ဘေးကို ဖြေရှင်းပေးခဲ့၏။

ကောလာဟလများက စစ်မှန်နေမည်ဆိုလျှင် အင်မော်တယ်ဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သော ထိုကျိန်စာနည်းစနစ်ကို စုန်းမျိုးနွယ်မှ ပညာရှင်တစ်ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်ရပေမည်။

ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။

“အင်မော်တယ်ဧကရာဇ်က သေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ကျိန်စာစွမ်းအားက ပျောက်ကွယ်မသွားဘူး.. အဲဒါက ဂူသင်္ချိုင်းရဲ့ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားပြီးတော့ အခုချိန်ထိကို တည်မြဲနေတုန်းပဲ”

“အဲဒီ အင်မော်တယ်ဧကရာဇ်က သေသွားတာ ဘယ်လောက်ကြာသွားပြီလဲ”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

ထျန်ကျစ်ရီက ပြောလိုက်၏။

“နှစ်ဆယ်သန်းကျော်”

ဆူဇီမိုက တိတ်တဆိတ် ဆွံ့အသွား၏။

ဧကရာဇ် ဂူသင်္ချိုင်းထဲရှိ ကျိန်စာက အရမ်းကို​ ကြောက်စရာကောင်းပြီး နှစ်ပေါင်းသန်းချီကြာခဲ့ပြီးတာတောင် ပျက်ပြယ်မသွားခဲ့ပေ။

“အင်မော်တယ်ဧကရာဇ်တစ်ပါးကတောင်မှ အဲဒီကျိန်စာရဲ့ စွမ်းအားကို မခုခံနိုင်ခဲ့ဘူး.. ငါတို့ အယောက်တစ်ရာက အဲဒီအထဲကို ဝင်သွားမယ်ဆိုရင် ငါတို့က သွားပြီး အသေခံတာနဲ့တူနေမှာ မဟုတ်ဘူးလား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

“အဲ့လိုတော့ မဟုတ်သေးဘူး”

ထျန်ကျစ်ရီက ပြောလိုက်၏။

“အဲဒီ နှစ်ဆယ်သန်းကျော် ကာလအတွင်းမှာ လူအတော်များများက အဲဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် ဧကရာဇ် ဂူသင်္ချိုင်း ထဲကို ဝင်ရောက်ခဲ့ကြတယ်.. အထဲမှာ ရှိတဲ့ ကျိန်စာရဲ့ စွမ်းအားက နည်းနည်းတော့ ထူးဆန်းတယ်.. လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က ပိုပြီးတော့ မြင့်မားလေလေ.. အဲဒီကျိန်စာရဲ့ သက်ရောက်မှုကလည်း ပိုပြီးတော့ ကြီးမားလေပဲ”

“ပြောရမယ်ဆိုရင် အဲဒီကျိန်စာက အင်မော်တယ်ဧကရာဇ်တွေလို ပညာရှင်တွေအတွက် ပျက်စီးထိခိုက်ခံရမှု အမြင့်ဆုံးဖြစ်နေတာလား”

ဆူဇီမိုက မေးလိုက်၏။

“အဲဒါ အမှန်ပဲ”

ထျန်ကျစ်ရီက ပြောလိုက်၏။

“ဧကရာဇ် ဂူသင်္ချိုင်း ပထမဆုံး ပေါ်ထွက်လာတုန်းက ဧကရာဇ်တစ်ပါးက အထဲကို ဝင်ရောက်ခဲ့ပြီး သူကလည်း မလွဲမသွေ ကျိန်စာမိခဲ့တယ်.. သူက ပြန်ထွက်လာပြီး သိပ်မကြာခင် သေဆုံးသွားခဲ့တယ်”

ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရှိသော ပညာရှင်များက ဘုရင်များဖြစ်၏။

ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အထက်မှာ ဧကရာဇ်နယ်ပယ် ရှိလေသည်။

ဧကရာဇ်နယ်ပယ်ရှိသောသူများအတွက် အသုံးအများဆုံးဘွဲ့မှာ ဧကရာဇ်ပင် ဖြစ်လေသည်။

တကယ်တော့ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ် မဟာနယ်မြေမှာ ဧကရာဇ်အများစုကို အင်မော်တယ်ဧကရာဇ်များဟု ခေါ်ဆိုလေသည်။ ဥပမာအားဖြင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်ဧကရာဇ် ဖြစ်၏။

မဟာအရိုင်းကမ္ဘာမှာဆိုလျှင် သူတို့အများစုကို သားရဲဧကရာဇ်များဟု ခေါ်ဆိုကြ၏။

ဧကရာဇ်များ၏ အထက်မှာ ကောင်းကင်ဘုံဝံပုလွေ ပြောခဲ့သော မဟာဧကရာဇ် ရှိနေ၏။

ဆူဇီမိုက ပို၍ပင် တုန်လှုပ်သွား၏။

ဤကဲ့သို့သော ကျိန်စာတစ်ခုက နှစ်ပေါင်းသန်းချီကြာခဲ့ပြီးတာတောင် အခြားသော ဧကရာဇ်နယ်ပယ်မှာရှိသည့် ပညာရှင်များကို သတ်ဖြတ်နိုင်နေသေး၏။

ထိုကျိန်စာကို ထုတ်ဖော်ခဲ့သည့်လူက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ စဉ်းစားကြည့်ဖို့ ခက်လေသည်။

“အဲဒီဧကရာဇ် သေသွားပြီးတဲ့နောက် တခြား ဘယ်ဧကရာဇ်ကမှ အထဲကို ဝင်ဖို့ မကြိုးပမ်းရဲတော့ဘူး”

ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။

“နှစ်ပေါင်းသန်းချီကာလအတွင်းမှာ ဧကရာဇ် ဂူသင်္ချိုင်းထဲကို ဝင်ရောက်ခဲ့တဲ့ ဘုရင်အဆင့် ပညာရှင် ၂၀ကျော်က အဲဒီထဲမှာ ရှိတဲ့ ကျိန်စာကြောင့်​ သေဆုံးခဲ့ရတယ်”

“အထဲမှာ သေဆုံးခဲ့ရတဲ့ ပကတိအင်မော်တယ်တွေနဲ့ ကောင်းကင်အင်မော်တယ်တွေရဲ့ အရေအတွက်ကတော့ စဉ်းစားကြည့်လို့တောင် မရဘူး

All Chapters