← Chapters

ဆေးဆရာပြိုင်ပွဲရဲ့ အနိုင်ရရှိသူ

Vol. 15 Ch. 197

ဆေးဆရာပြိုင်ပွဲရဲ့ အနိုင်ရရှိသူ

Vol. 15 Ch. 197

မိဘနှစ်ပါးနှင့်ပက်သက်၍ ဘာသဲလွန်စမှရှာမရခြင်းကြောင့် ဖုန့်ချန်းသည် ကျင့်ကြံရာတွင် ပိုလို့စိတ်ဆန္ဒပြင်းထန်လာခဲ့သည်။ စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်သို့သာ ရအောင်တက်လိုက်နိုင်လျှင် နေရာတိုင်းကို ဖျက်ဆီးရှာဖွေနိုင်သလို၊ လေဟာနယ်ကို စုတ်ဖြဲကာ ခရီးဝေးများကိုလည်း လွယ်လွယ်ကူကူ လှည့်လည်သွားလာနိုင်ပေတော့မည်။ သူ့မိဘများ အခြားတိုင်းပြည်ရောက်နေရုံမက ဘယ်အဝေးတစ်နေရာသို့ပင် ရောက်နေပါစေ သူသေချာပေါက် ရှာတွေ့နိုင်ပေလိမ့်မည်။

မိသားစုခေါင်းဆောင်တစ်ယောက်၏ တာဝန်များကိုလည်း သူလျစ်လျူရှုမထားပါ။ ဖုန့်မိသားစု၏ ကိစ္စအရပ်ရပ်ကို ကြည့်ရှုစစ်ဆေးဖို့အတွက် သူဂူအောင်းလေ့ကျင့်ရာမှ ရံဖန်ရံခါထွက်လာတတ်သည်။ အကြီးအကဲဝေ့နှင့် အခြားအကြီးအကဲများက အရည်အချင်းပြည့်ဝလို့သာ တော်ပေတော့၏။ သူတို့အားလုံးက မိသားစုတိုးတက်မှုမှာ ပြဿနာကြီးကြီးမားမားမရှိရစေဘဲ အစစအရာရာချောမွေ့အောင် အကုန်သေချာစီစဥ်ပေးတတ်ကြသည်။

ထို့အပြင် မျိုးဆက်သစ်လူငယ်များအဖွဲ့ကိုလည်း ဖုန့်ချန်းက တစ်ခါတစ်ရံ ကိုယ်တိုင်လေ့ကျင့်ရေးဆင်းပေးတတ်သည်။ လူငယ်လေးများ၏တိုးတက်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ခံစားမြင်တွေ့ရသည်မှာ ဖုန့်ချန်းကိုဂုဏ်ယူဝင့်ကြွားစေသလို မိသားစု၏အနာဂတ်ကိုလည်း မျှော်လင့်ချက်ကြီးကြီးထားမိစေ၏။

ဤကြားကာလအပိုင်းအခြားတွင် ချီအရည်ဖွဲ့ခြင်းအဆင့် မဟာအကြီးအကဲနှစ်ဦးသည်လည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဖြစ်သော ဖုန့်ချန်းကိုဖယ်လိုက်လျှင် ဖုန့်မိသားစုတွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူ သုံးဦးအထိရှိလာပြီဖြစ်၏။ အိမ်တော်တွင်း ပွဲတော်များကျင်းပဆင်နွှဲရမည့် အောင်မြင်မှုတစ်ခုပါပေ။

ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများ တိုးပွားလာခြင်းကြောင့် ဖုန့်မိသားစု၏လွှမ်းမိုးမှုမှာ အရှေ့ပိုင်းစီရင်စုတွင် နံပါတ်၁အင်အားအကြီးဆုံးမိသားစုဟူသောနေရာကို ခိုင်ခိုင်မြဲမြဲ ကုပ်ယူနိုင်လိုက်ပြီဖြစ်လေသည်။

လန်မိသားစုမှ ဖုန့်မိသားစုကို ဆက်လက်မနှောင့်ယှက်တော့သည့်သတင်းမှာလည်း တောမီးလို နေရာအနှံ့ပျံ့နှံ့သွားတော့၏။ ရန်သူများကို အညှာအတာမရှိ အမြစ်ဖြတ်သုတ်သင်တတ်သော လန်မိသားစု၏ဂုဏ်သတင်းအရ ဤသို့လွယ်လွယ်နှင့်လက်လျှော့လိုက်ခြင်းမှာ ပေါ့သေးသေးကိစ္စတော့မဟုတ်ပေ။ သို့သော် ဖုန့်မိသားစုတွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူ လေးဦးရှိလေပြီဟူသောသတင်းကိုကြားလိုက်ရသောအခါ လန်မိသားစုရှေ့ဆက်မတိုးတော့သည်မှာ အံ့သြစရာမရှိဟု တွေးမိကြတော့သည်။ ဖုန့်မိသားစု၏အင်အားမှာ လန်မိသားစုလို အာဏာရှိမိသားစုကြီးတစ်ခုနှင့်‌ ခြေရာတိုင်းလို့ရသည်အထိ ကြီးမားနေလေပြီ။

ဖုန့်ယွင်ကိုလိုက်ဖမ်းနေရာမှ ချက်ချင်းရပ်တန့်လိုက်သောလန်မိသားစုကြောင့် လန်မိသားစုမှာ ဖုန့်မိသားစု၏အင်အားကို အများတကာထက်အရင်သိရှိပြီးသားဖြစ်နိုင်သည်ဟု ကောက်ချက်ချကုန်ကြ၏။

ထိုသို့တိုးတက်မှုများကြားထဲတွင် ပဥ္စမမင်းသမီးကို ကယ်တင်ပေးခဲ့ခြင်းကြောင့် တော်ဝင်မိသားစုမှချီးမြှင့်သည့်ဆုလာဘ်များလည်းရှိသေးသည်။ အကြီးအကဲဝေ့က လာရောက်သတိပေးမှသာ ဖုန့်ချန်းထိုအကြောင်းကို အမှတ်ရတော့၏။ ကျင့်ကြံရေးဖြင့်အလုပ်ရှုပ်နေသောအချိန်တွင် သူဘာကိုမှသတိမရနိုင်ခဲ့ပါပေ။

အင်ပါယာ၏ တော်ဝင်မင်းသမီးတစ်ယောက်ကို ကယ်တင်ပေးခဲ့ခြင်းကြောင့် ဆုလာဘ်များမှာလည်း ရက်ရက်ရောရောရှိလှ၏။ ရွှေဒင်္ဂါးတစ်သိန်းနှင့်တကွ မင်းနေပြည်တော်ရှိ ခန့်မှန်းချေ စတုရန်းမီတာ၅၀,၀၀၀မျှကျယ်ဝန်းသော စံအိမ်ဝင်းတစ်ခုလည်းပါရှိသည်။ ဖုန့်ချန်း၏ကြွယ်ဝမှုနှင့်ယှဥ်လျှင် ရွေဒင်္ဂါးတစ်သိန်းက မပြောပလောက်သော်ငြား စံအိမ်နှင့် တွဲလျက်ပါရှိသောခြံဝန်းကျယ်ကမူ အတော်လေးစိတ်ဝင်စားစရာကောင်းသည်။ မင်းနေပြည်တော်၏ အချက်အချာနေရာတွင် စံအိမ်တစ်အိမ်ရဖို့ဆိုသည်မှာ ရှားပါးလှသောအခွင့်အရေးတစ်ရပ်ပင်။ ကျိကျိတက်ကြွယ်ဝနေလျှင်တောင် အရဝယ်ဖို့မဖြစ်နိုင်သည့် နေရာမျိုးဖြစ်၏။

အလားအလာကိုမြင်သောကြောင့် ဖုန့်ချန်းက မင်းနေပြည်တော်ရှိ ဆုလာဘ်စံအိမ်နှင့်ခြံဝန်းကိုစစ်ဆေးရန် လူတစ်ယောက်လွှတ်လိုက်ဖို့ အကြီးအကဲဝေ့အား ညွှန်ကြားလိုက်သည်။ အသွင်အပြင်က စိတ်ကျေနပ်စရာကောင်းလျှင် သူတို့ဝန်ထမ်းခန့်အပ်၍ ထိုနေရာကိုသေချာထိန်းသိမ်းထားရမည်ပင်။ လာမည့် နဂါနှင့်ဖီးနစ်ပြိုင်ပွဲတွင် ဖုန့်မိသားစုအတွက် မင်းနေပြည်တော်မှာ ရက်သတ္တပတ်အနည်းငယ်ကြာတည်းခိုဖို့ နေရာလိုသောကြောင့် ထိုစံအိမ်ကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်၏။

ဆုလာဘ်ရရှိထားသည့် စံအိမ်က ထင်သလောက်မကောင်းလျှင် လန်အိမ်တော်သို့ အုပ်စုလိုက်ဝင်တည်းသင့်ရင်လည်း တည်းရပေမည်။

လအနည်းငယ်ကုန်လွန်သွားသော် ဆေးဆရာပြိုင်ပွဲကျင်းပချိန်သို့ ရောက်ရှိလာလေပြီ။

အံ့သြဖို့ကောင်းသည့်သတင်းကတော့ ဖုန့်မိသားစုဆေးဆရာတစ်ဦးဖြစ်သည့် ဖုန့်လင်းကျစ်က ပြိုင်ပွဲမတိုင်မီအချိန်လေးတွင်ပင် အဆင့်၃ဆေးဆရာအဖြစ် တက်လှမ်းနိုင်ခဲ့လေသည်။ အသက်၂၆နှစ်သာရှိသေးပြီး အမှန်တကယ် ပါရမီရှင်လေးတစ်ဦး ဖြစ်ပေတော့သည်။ ဖုန့်လင်းကျစ်မှာ တည်ငြိမ်ရင့်ကျက်သောအပြုအမူနှင့် လူငယ်လေးတစ်ဦးဖြစ်ပြီး ငယ်စဥ်အခါကတည်းက ဆေးပညာကို လုံ့လဝီရိယရှိရှိဖြင့် တစိုက်မတ်မတ်လေ့လာခဲ့သူဖြစ်၏။

အရင်တစ်ချိန်တုန်းကတော့ မိသားစုတွင် အဆင့်မြင့်အရင်းအမြစ်များလည်းမရှိသလို အခြေခံအဆင့်၁ဆေးလုံးများထုတ်လုပ်သည့် နည်းလမ်းမှအပ ဘာမှထုတ်ပေးနိုင်စွမ်းမရှိသောကြောင့် ဖုန့်လင်းကျစ်၏တိုးတက်မှုသည်လည်း နှေးကွေးလေးလံခဲ့ရသည်။ သို့ပေမယ့် ဖုန့်ယွင်တစ်ယောက်ဆေးဆရာဖြစ်လာသောအခါ အရာအားလုံးပြောင်းလဲသွားခဲ့တော့၏။ ဖုန့်ယွင်ထောက်ပံ့ပေးသော ဆေးလုံးထုတ်လုပ်နည်းများ အရင်းအမြစ်များသာမက မိသားစုကလည်း ဆေးလုံးထုတ်လုပ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ပိုပြီးရင်းနှီးမြှုပ်နှံပေးလာသောကြောင့် ဖုန့်လင်းကျစ်၏အလားအလာသည်လည်း ထွန်းတောက်လာခဲ့ရသည်။ သူ့အရည်အချင်းသည် ဆေးပညာပိုင်းအကြီးအကဲများကိုပါကျော်လွန်လျက် ဖုန့်မိသားစု၏ အတော်ဆုံးဆေးဆရာတစ်ဦးဖြစ်လာခဲ့သည်။ လက်ရှိ အိမ်တော်တွင်ရှိမနေသော ဖုန့်ယွင်ကိုတော့ ထည့်မတွက်ရသေးပေ။

အပြတ်အသတ်အောင်ပွဲရဖို့အထိတော့ မဖြစ်နိုင်လောက်ပေသည့် ထိပ်ဆုံး၁၀ယောက်ထဲတွင် ပါဖို့အတွက်တော့ အခွင့်အရေးရှိပေသည်။ ဖုန့်ချန်းလည်း ဖုန့်လင်းကျစ်အား ပါဝင်ယှဥ်ပြိုင်ခွင့်ပေးလိုက်ပြီး သူ့ကိုကာကွယ်ပေးဖို့ အကြီးအကဲနှစ်ဦးကို အဖော်ထည့်ပေးလိုက်၏။

"အကောင်းဆုံးလုပ်ခဲ့" ဖုန့်ချန်းက ဖုန့်လင်းကျစ်ကိုမှာသည်။ "ရလဒ်ကိုတွေးပူမနေနဲ့ မင်းရဲ့အားထုတ်မှုတိုင်းကို မိသားစုဂုဏ်ယူအားပေးနေမှာပဲ"

ဖုန့်လင်းကျစ်က လေးနက်စွာဦးညွှတ်အရိုအသေပြုသည်။ "မိသားစုခေါင်းဆောင်ကို စိတ်မပျက်စေရပါဘူး"

ထို့နောက် ဖုန့်လင်းကျစ်သည် အစောင့်အကြပ်များနှင့်အတူ ပြိုင်ပွဲသို့ ထွက်ခွာသွားလေတော့၏။

ဖုန့်လင်းကျစ်ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် ဖုန့်ချန်းလည်းကျင့်ကြံရေးပြန်ဝင်ရတော့သည်။ လွန်ခဲ့သည့်ခြောက်လအတွင်းတွင် သူ့တိုးတက်မှုများမှာ အားရဖွယ်ပင်။ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့် အထွဋ်အထိပ်ဆင့်ကို သူမချိုးဖျက်နိုင်သေးသော်ငြား လက်တစ်ကမ်းစာမျှသာ လိုတော့သည်ကို ခံစားလို့ရနေပြီပင်။

တင်ပျဥ်ခွေထိုင်လိုက်ပြီး တွေးဆဆဖြင့် အသံထွက်ရေရွတ်လိုက်သည်။ "ဝိဉာဥ်သန္ဓေအထွဋ်အထိပ်ဆင့်ဆိုတော့ ငါက မိုးပြာကောင်းကင်အင်ပါယာမှာ အင်အားအကြီးဆုံးဖြစ်လာတော့မှာများလား"

ဘယ်သူမှန်းတော့ သေချာမသိပေမယ့် ဝိဉာဥ်သန္ဓေထိပ်ပိုင်းကျင့်ကြံဆင့်ထက် ပိုမြင့်သည့်ကျင့်ကြံသူတစ်ဦးရှိနေသေးကြောင်း သူသိနေခဲ့သည်။

ယုတ္တိကျသော ကောက်ချက်တစ်ခုပါပင်။

မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အင်အားအကြီးဆုံးဖြစ်ခဲ့သည့်အတွက် သူဆုချခံခဲ့ရသည်။ သို့သော် သူဝိဉာဥ်သန္ဓေထိပ်ပိုင်းအဆင့်သို့ တက်လှမ်းသောအခါ ထိုလို့ဆုလာဘ်မျိုး သူ့ဆီရောက်မလာခဲ့ပါပေ။ မိုးပြာကောင်းကင်အင်ပါယာ၏ အင်အားအကြီးဆုံးအဆင့်သို့သာ သူတက်လှမ်းနိုင်ခဲ့ပါက စနစ်ကသူ့ကို သေချာပေါက်ဆုလာဘ်တစ်ခုခု ပေးလာလိမ့်မည်ဖြစ်၏။

ထို့ကြောင့် ဝိဉာဥ်သန္ဓေအထွဋ်အထိပ်ဆင့်ကျင့်ကြံသူတစ်ဦး ရှိနေဦးမည်ဟု သူကောက်ချက်ချထားခဲ့သည်။ မဟုတ်လျှင် ကျင့်ကြံဆင့်ကိုလျှို့ဝှက်ထားသော စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်ကျင့်ကြံသူတစ်ဦးလည်း ဖြစ်နိုင်သည်သာ။

သူထိုအကြောင်းကိုတွေးနေစဥ် အကြီးအကဲဝေ့က ဂူတံခါးအပြင်ဘက်သို့ရောက်လာသည်။

"အကြီးအကဲဝေ့ ဘာကိစ္စများလဲ" ဖုန့်ချန်းကမေးလိုက်၏။

"တူလေးရေ ဆေးဆရာပြိုင်ပွဲပြီးလို့ ရလဒ်တွေထွက်လာပြီကွ" အကြီးအကဲဝေ့၏အသံမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

"ကြည့်ရတာ ဖုန့်လင်းကျစ်တစ်ယောက် ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပြီထင်တယ်" အကြီးအကဲဝေ့၏ ဝမ်းသာအားရစကားသံကိုကြားသော် ဖုန့်ချန်းမှတ်ချက်ပြုလိုက်သည်။ "ကျွန်တော်တို့ အဆင့်ဘယ်လောက်ရခဲ့လဲ"

"ဟားဟား အဆင့်၇ကွ ဖုန့်လင်းကျစ်ကအဆင့်၇ချိတ်ခဲ့တယ် ငါတို့မိသားစုမှာ ပါရမီရှင်ဆေးဆရာတစ်ယောက်ရှိပြီကွ" အကြီးအကဲဝေ့က ဂုဏ်ယူဝင့်ကြွားစွာ ဟစ်ကြွေးသည်။

ဖုန့်ချန်းက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ "သူပြန်ရောက်တဲ့အခါကျ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးလိုက်ပါဦး"

ဖုန့်လင်းကျစ်၏စွမ်းဆောင်ရည်အကြောင်း ကျေနပ်စွာတွေးတောနေစဥ် ဖုန့်ချန်း ဖုန့်ယွင်ကိုသတိရသွားသည်။ အဲ့ကောင်လေးက ပြိုင်ပွဲမဝင်ဘူးလား? အကြီးအကဲဝေ့က ဖုန့်ယွင်အကြောင်းဘာမှပြောမသွားသည့်အတွက် ပြိုင်ပွဲမဝင်တာပေလား သို့မဟုတ် အခြားနာမည်တစ်ခုနှင့် ဝင်ရောက်ယှဥ်ပြိုင်ခြင်းပေလားဟု သူတွေးမိလိုက်၏။

"ဒါနဲ့ အနိုင်ရတဲ့သူက ဘယ်သူပါလိမ့်" ဖုန့်ချန်းမေးလိုက်သည်။

အကြီးအကဲဝေ့က စဥ်းစဥ်းစားစားဖြင့် ပြန်ဖြေသည်။ "အနိုင်ရတဲ့သူက ယွင်ဖုန့်ဆိုတဲ့နာမည်နဲ့လူပဲ အရည်အချင်းကတော့ ပြိုင်ဘက်ကင်းပေမယ့် သူ့နောက်ခံကိုတော့ လျှို့ဝှက်ထားခဲ့တယ် ပြိုင်ပွဲတစ်လျှောက်လုံး မျက်နှာဖုံးစွပ်ထားတော့ သူဘယ်သူမှန်း တစ်ယောက်မှမသိလိုက်ရဘူးရယ်"

"ယွင်ဖုန့်?" ဖုန့်ချန်းရေရွတ်ကြည့်လိုက်သည်။ နာမည်မှာ ထူးထူးဆန်းဆန်းကို ရင်းနှီးလို့နေသည်။ ရင်းနှီးပေမပေါ့။ ဖုန့်ယွင်ကိုပြောင်းပြန်လှန်ထားခြင်းသာဖြစ်သည်လေ။

(နာမည်ကိုပြောင်းပြန်လှန်လိုက်တာနဲ့ လူတိုင်းကိုအရူးလုပ်နိုင်လိမ့်မယ်လို့တွေးတာ အဓိကဇာတ်လိုက်ပဲရှိမယ်)

အကြီးအကဲဝေ့၏ နည်းနည်းလေးမှသံသယဝင်ဟန်မတူသောအသံအရ ထိုနာမည်ပြောင်းပြန်လှန်သည့်နည်းလမ်းလေးကပင် သူ့သရုပ်မှန်ကို လုံးဝဖုံးကွယ်ပေးထားနိုင်ပုံရ၏။

ယွင်ဖုန့်ဆိုသည်မှာ အခြားတစ်ယောက်လည်း ဖြစ်နိုင်ချေရှိသော်ငြား ဖြစ်နိုင်‌ချေကလွန်စွာနည်းပါးပြီး တိုက်ဆိုင်မှုက လျစ်လျူရှုလို့မရနိုင်လောက်အောင် ကြီးမားနေလေသည်။

"ကောင်လေးရဲ့အရပ်အမောင်းနဲ့ အချိုးအစားကြည့်ရတာ အသက်၁၈နှစ်ဝန်းကျင်လောက်ပဲရှိဦးမယ်တဲ့ အဲ့လောက်တော်တဲ့ပါရမီရှင်မျိုးရှိနေတာကို တစ်ခါမှမကြားဖူးတာ အံ့သြစရာကွာ ငါတို့မိသားစုကသာဖြစ်လိုက်ပါတော့"

အကြီးအကဲဝေ့ကပြောလာသည်။

သူတို့မိသားစုဆေးဆရာ အဆင့်၇ချိတ်သည်က အတော်လေးကိုအဆင်ပြေနေပြီဖြစ်သော်ငြား အနိုင်ရသူကိုသိလိုက်ရတော့ ယှဥ်မကြည့်ဘဲ မနေနိုင်တော့ပါချေ။

၁၈နှစ်အရွယ် အဆင့်၄ဆေးဆရာပါတဲ့။

အကြီးအကဲဝေ့၏စကားများကိုကြားသော် ဖုန့်ချန်းမထိန်းနိုင်ပဲ ရယ်မိလိုက်သည်။

(သေချာပေါက် အဲ့ကောင်လေးဖုန့်ယွင်ပဲပေါ့)

"ကျွန်တော်တို့မိသားစုကလူလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့" ဖုန့်ချန်းကပြောလိုက်သည်။

"ဟမ်"

အကြီးအကဲဝေ့မှာ ဖုန့်ချန်း၏စကားကိုနားမလည်သဖြင့် ဖုန့်ချန်းများ ယွင်ဖုန့်ကိုအိမ်တော်ဆီခေါ်ဖို့ကြံရွယ်နေသလားဟု အထင်ရောက်သွား၏။

"တူလေးရယ် အဲ့ဒါကိုတော့ အကြီးအကဲတွေလည်းကြိုးစားကြည့်ခဲ့ပေမယ့် ယွင်ဖုန့်က စည်းရုံးလို့ကိုမရဘူးတဲ့ တော်ဝင်မိသားစုနဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းက ကမ်းလှမ်းချက်ကိုတောင် ငြင်းချလိုက်သေးတယ်ကြားတယ်"

အကြီးအကဲဝေ့က ပြောလာသည်။

ဖုန့်ချန်းခေါင်းကိုသာ ယမ်းနေလိုက်မိတော့သည်။ သူထပ်ပြီးရှင်းပြဖို့မကြိုးစားတော့ပါ။ ဖုန့်ယွင်ကလည်း သူ့သရုပ်မှန်ကို ဖုံးကွယ်ဖို့ကြိုးစားထားသည်ဆိုတော့ ဖုန့်ချန်းလည်း သူ့အစီအစဥ်ကို မဖျက်ဆီးလိုက်ချင်ပါပေ။

အကြီးအကဲဝေ့ လေသံတစ်မျိုးဖြင့် ဆက်ပြောလာသည်။ "တူလေး နောက်ထပ်ပြောပြရမယ်ထင်တဲ့ကိစ္စတစ်ခုလည်း ရှိသေးတယ် ဆေးဆရာပြိုင်ပွဲတွင်းမှာဖြစ်သွားတာ"

"အိုး ဘာဖြစ်သွားခဲ့တာလဲ" ဖုန့်ချန်းလည်း သိချင်စိတ်ဖြင့်မေးလိုက်သည်။

"အင်း ကြည့်ရတာနတ်ဆိုးကျင့်ကြံသူတစ်ယောက်က ဆေးဆရာယောင်ဆောင်ပြီး ပြိုင်ပွဲဝင်ခဲ့တယ်ထင်ပါတယ်" အကြီးအကဲဝေ့က တည်တည်ကြည်ကြည်ပြောပြလာသည်။

"ဒါပေမယ့် ယွင်ဖုန့်ကသူ့အစီအစဥ်ကိုပိတ်ပင်လိုက်ပြီး ပထမနေရာရယူခဲ့ရုံသာမက နောက်ဆုံးပြိုင်ပွဲစဥ်မှာ အဲ့နတ်ဆိုးကျင့်ကြံသူရဲ့သရုပ်မှန်ကိုပါ ဖော်ထုတ်ခဲ့လိုက်သေးတယ်"

All Chapters