← Chapters

ရှရွှယ်ယင်း

Vol. 15 Ch. 198

ရှရွှယ်ယင်း

Vol. 15 Ch. 198

နတ်ဆိုးကျင့်ကြံသူများဆိုသည်မှာ ကျင့်ကြံနည်း‌ရော ယုံကြည်မှုပါ ရိုးရိုးကျင့်ကြံသူများနှင့် မတူကွဲပြားသူများဖြစ်ကြ၏။

သာမန်ကျင့်ကြံသူများက ဝိဉာဥ်စွမ်းအင်ကိုသုံးပြီး သဘာဝတရားနှင့် သင့်တင့်လျောက်ပတ်အောင်နေထိုင်အားထုတ်ကာ အင်အားနှင့်ဘဝသက်တမ်းကို အာရုံစိုက်တိုးမြှင့်ကြခြင်းဖြစ်သည်။ သူတို့က အလယ်အလတ်လမ်းစဥ်နှင့် ဉာဏ်အလင်းရောင်ကိုသာ ယုံကြည်လိုက်နာကြသည်။ တစ်ဖက်တွင်မူ နတ်ဆိုးကျင့်ကြံသူများမှာ လောဘတကြီးနှင့် ဖြတ်လမ်းကိုသာလိုက်၍ လူ့ဘဝကို လျစ်လျူရှုတတ်ကြသည်။ သူတို့ကျင့်စဥ်များက ရက်စက်ကြမ်းတမ်းပြီး တစ်ခါတလေဆိုလျှင် သူတို့အင်အားတိုးစေဖို့ တစ်ပါးသူ၏အသက်နှင့်ဝိဉာဥ်ကို အသုံးချတတ်ကြသည်အထိပင်။

နတ်ဆိုးကျင့်ကြံသူများက ဝိဉာဥ်ထုတ်ယူခြင်း၊ သွေးသန့်စင်ခြင်းနှင့် ဝိဉာဥ်မွေးမြူစုဆောင်းခြင်းကဲ့သို့ အမှောင်လမ်းစဥ်များကို လေ့ကျင့်ကြသည်။ များသောအားဖြင့် အားနည်းသောက‌လေးသူငယ်များ၊ အမျိုးသမီးများနှင့် ရွာလုံးကျွတ်ကိုပင်ပစ်မှတ်ထားတာမျိုး ရှိတတ်ကြ၏။ သူတို့ပစ်မှတ်ထားခံရသော လူသားများကို အသက်စွမ်းအင်နှုတ်ယူဖို့ဖြစ်စေ ကိုးကွယ်မှုအခမ်းအနားများတွင် ယဇ်ပူဇော်ဖို့အတွက်ဖြစ်စေ အသုံးချတတ်ကြသည်။ သူတို့အတွက်မူ စွမ်းအားနှင့်အာဏာကသာအရေးပါပြီး ကိုယ်ကျင့်တရားကို ထည့်တွေးကြသူများမဟုတ်ပေ။

ထိုနတ်ဆိုးကျင့်ကြံသူများမှာ သူတို့ရောက်ရှိရာနေရာတိုင်းတွင် အပျက်အစီးများစွာ ကျန်ရှိစေတတ်သော နာမည်ဆိုးဖြင့်ကျော်ကြားသည်။ ထို့ကြောင့် ဖြောင့်မတ်သောဂိုဏ်းဂဏများနှင့် အင်ပါယာအုပ်စိုးသူတို့က ထိုသူတို့ကို လိုက်လံနှိမ်နင်းကြတော့၏။

သာမန်ကျင့်ကြံသူများနှင့် နတ်ဆိုးကျင့်ကြံသူများကြားက အဓိကကွာခြားချက်မှာ ကျင့်ကြံခြင်းအနှစ်သာရပင်။ သာမန်ကျင့်ကြံသူများက ကောင်းကင်နှင့်မြေကမ္ဘာမှ စုပ်ယူရရှိသော ဝိဉာဥ်ချီစွမ်းအင်ကို အသုံးပြုကျင့်ကြံသည်။ ဆန့်ကျင်ဘက်အားဖြင့် နတ်ဆိုးကျင့်ကြံသူတို့က ၎င်းတို့၏ သားကောင်လူသားများ နာကျင်ခံစားရမှ သို့မဟုတ် သေလွန်ရာမှ စိမ့်ထွက်လာသော မသန့်စင်သည့်ချီစွမ်းအင်ကို သုံးစွဲကျင့်ကြံ၏။ ထိုနည်းလမ်းက စွမ်းအားမြန်မြန်တိုးစေသော်ငြား မတည်မငြိမ်ဖြစ်စေသည်။ စွမ်းအားများ ယိမ်းယိုင်လှုပ်ခတ်ခြင်းကို ခံစားရနိုင်ပြီး အသက်လည်းတိုစေနိုင်၏။

နတ်ဆိုးကျင့်ကြံသူများက ဘယ်လိုပင်စွမ်းအားကြီးသော်ငြား တရားမဝင်ကျင့်ကြံနည်းဖြစ်နေသဖြင့် ပုန်းကွယ်၍သာနေတတ်ကြသည်။ သို့သော် ၎င်းတို့၏ယုတ်မာကောက်ကျစ်မှုနှင့် လူအများကိုလှည့်ဖျားတတ်မှုကြောင့် အစဥ်အမြဲ သတိထားနေရသည်သာပင်။

နတ်ဆိုးကျင့်ကြံသူတစ်ဦးက ဆေးဆရာပြိုင်ပွဲသို့ ရုပ်ဖျက်လျက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ အနိုင်ရရှိသူအတွက် ဆုလာဘ်ဖြစ်သော သိမ်မွေ့ညချမ်းကြာပန်းသည် ရိုးရိုးသာမန်ရတနာတစ်မျိုးမဟုတ်ပေ။ အဆင့်၅ဆေးအမယ်တစ်ခုဖြစ်ပြီး အသုံးပြုနိုင်သည့်နေရာအများကြီးရှိသည်။ ဆေးဆရာကောင်းတစ်ဦးက အသုံးပြုသန့်စင်ပေးလိုက်လျှင် အဆင့်၆ဆေးလုံးကိုပင် ဖော်စပ်နိုင်စွမ်းရှိသည်။ ကောင်းကင်ကုသရေးဆေးလုံးလို ပြင်းထန်သောဒဏ်ရာများကိုကုသပေးပြီး သက်တမ်းကိုပင် ဆွဲဆန့်ပေးထားနိုင်သည့် အဆင့်၆ဆေးလုံးမျိုး ရရှိနိုင်၏။ သို့သော် အမှောင်လမ်းစဥ်အတွက်လည်း အသုံးပြုနိုင်ပြီး နတ်ဆိုးကျင့်ကြံသူများ မျက်စိကျလေ့ရှိသော ဆေးအမယ်တစ်မျိုးဖြစ်လေသည်။

သူတို့အတွက်မူ သိမ်မွေ့ညချမ်းကြာပန်းသည် သွေးဝိဉာဥ်ဆေးရည်ဖော်စပ်ဖို့အတွက် အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်၏။ မရေမတွက်နိုင်သော ဝိဉာဥ်များကို ယဇ်ပူဇော်ပြီး ၎င်းတို့၏အနှစ်သာရကို စုပ်ယူစားသုံးနိုင်စွမ်းရှိစေသော တားမြစ်ထားသည့်ဆေးတစ်မျိုးပင်။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံတစ်ဦးက ပြိုင်ပွဲကိုအနိုင်ရလိုသည့်အတွက် ရုပ်ဖျက်ကာလာရောက်ယှဥ်ပြိုင်ခဲ့သည်။ သို့သော် ယွင်ဖုန့်၏အောင်နိုင်မှုက သူ့အစီအစဥ်ကိုဖျက်ဆီးလိုက်ရုံသာမက သရုပ်မှန်ကိုပါ ဖော်ထုတ်လိုက်နိုင်သေး၏။

ယွင်ဖုန့်၏လုပ်ရပ်များက သူတို့အစီအစဥ်ကိုပျက်ပြားစေခဲ့ပြီး ကြာပန်းကို သူတို့လက်ထဲမှလုယူသွားခဲ့သည်။ နတ်ဆိုးကျင့်ကြံသူများက အစီအစဥ်တစ်ခုခုလွဲသွားလျှင် ပရိတ်သတ်ကိုဓားစာခံထားကာ ပွဲစီစဥ်သူများကိုအကျပ်ကိုင်ဖို့ စဥ်းစားထားပြီးသားပင်။ သို့သော် ယွင်ဖုန့်နှင့် အခြားကျွမ်းကျင်သူများ၏ကျေးဇူးကြောင့် အန္တရာယ်မဖြစ်ခဲ့လိုက်ပေ။

"အင်း တော်ပါသေးရဲ့" ဖုန့်ချန်းပြောလိုက်သည်။

"လင်းကျစ်က ဆေးဆရာတစ်ယောက်ယောက်ကိုများ ငါတို့မိသားစုထဲဝင်ဖို့ စည်းရုံးလာနိုင်ခဲ့သေးလား" ဖုန့်ချန်းက စကားလမ်းကြောင်းလွှဲလိုက်သည်။

ဖုန့်လင်းကျစ်တစ်ယောက် ပြိုင်ပွဲဝင်ရာတွင် ထိုတာဝန်ကိုပါ အပိုသယ်သွားရခြင်းဖြစ်၏။ ဆေးဆရာပြိုင်ပွဲမှာ ပါရမီရှင်ဆေးဆရာများစွာကို စုရုံးထားသောပြိုင်ပွဲတစ်ခုဖြစ်သဖြင့် ဂိုဏ်းများမိသားစုများအတွက် ဆေးဆရာစုရန် အကောင်းဆုံးသောအခွင့်အရေးပင်။

ဆေးဆရာအများစုကတော့ ဂုဏ်သိက္ခာရှိ ဂိုဏ်းကြီး မိသားစုကြီးများမှ လာရောက်ကြခြင်းဖြစ်သော်လည်း မိသားစုငယ်လေးများမှ အချို့သောဆေးဆရာလေးများလည်း ပါဝင်တတ်ပေသည်။ ဖုန့်ချန်းခေါ်ယူလိုသည်မှာ ထိုသို့ဆေးဆရာလေးများပင်။

ဖုန့်မိသားစု၏ တိုးပွားလာသောအရင်းအမြစ်များနှင့်‌ ကျော်ကြားမှုကြောင့် ဆေးဆရာ၅ယောက်မှ ၁၀ယောက်လောက်အထိ ခေါ်လာနိုင်ဖို့က သိပ်ခက်ခဲလောက်မည်မထင်ပေ။ ကံကောင်းလျှင် ထိပ်ဆုံးအယောက်၅၀အတွင်းမှလည်း ရနိုင်လောက်ပေမည်။

"ဟားဟား တူလေးရာ မင်းတော့ယုံနိုင်မယ်တောင်မထင်ဘူး ဖုန့်လင်းကျစ်က ပြိုင်ပွဲကအပြန် လူတော်လေးတွေခေါ်လာနိုင်ခဲ့တယ်ကွ" အကြီးအကဲဝေ့က ဆုရသကဲ့သို့ စိတ်လှုပ်ရှားစွာပြောလာသည်။

"တကယ်လား ဘယ်သူတွေတဲ့လဲ အဆင့်ဘယ်လောက်ဝင်ကြလဲ" ဖုန့်ချန်းလည်း မနေနိုင်စွာမေးလိုက်မိ၏။ အကြီးအကဲဝေ့တက်ကြွနေပုံအရ အဆင့်မြင့်ဆေးဆရာတစ်ဦးတော့ ပါဝင်လောက်ပေမည်။

"အဲ့မိန်းကလေးက ထိပ်ဆုံးဆယ်‌ယောက်ထဲမှာကွ ထိပ်ဆုံးဆယ်ယောင် ဖုန့်လင်းကျစ်က ထိပ်ဆုံးဆယ်ယောက်ထဲဝင်တဲ့သူကို ရအောင်ခေါ်လာနိုင်ခဲ့တာ" အကြီးအကဲဝေ့က ပျော်ရွှင်စွာပြောသည်။

ဖုန့်လင်းကျစ်တစ်ယောက် ထိပ်ဆုံး၁၀ယောက်အတွင်းသို့ ဝင်ရောက်သွားခြင်းကပင် အကြီးအကဲဝေ့မျှော်မှန်းထားသည်ထက် ပိုနေလေပြီ။ ထို့အပြင် သူက နောက်ထပ်အဆင့်မြင့်ဆေးဆရာတစ်ဦးကိုပါ မိသားစုထံ အပါခေါ်လာနိုင်ခဲ့သေး၏။

"ဒါပေမယ့် မိန်းကလေးက တောင်းဆိုစရာတစ်ခုရှိလို့ မင်းနဲ့တွေ့ချင်တယ်ပြောတယ်"

"အိုး တွေ့ကြတာပေါ့ ဒီလိုပါရမီရှင်မျိုးကို လက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ" ဖုန့်ချန်းကပြောလိုက်သည်။ တစ်ဖက်လူ၏တောင်းဆိုချက်က သိပ်မလွန်ကဲသရွေ့ သူ့ဘက်ကတွေ့ချင်စိတ်ရှိပါသည်။

ဖုန့်ချန်းလည်း အချိန်ဖြုန်းမနေတော့ဘဲ အကြီးအကဲဝေ့၏နောက်သို့လိုက်ရင်း ဧည့်သည်ခန်းသို့ရောက်လာခဲ့သည်။ ငယ်ရွယ်သောဆေးဆရာမလေးနှင့်တွေ့ဆုံပြီး သူမ၏တောင်းဆိုချက်ကို နားထောင်ပေးရန်ပင်။

သူတို့ရောက်ရှိသော် ကျက်သရေရှိစွာထိုင်နေသော မိန်းမငယ်လေးတစ်ဦးကို မြင်တွေ့လိုက်၏။ အမူအရာမှာတည်ငြိမ်လို့နေပြီး စိတ်ချယုံကြည်ရဟန်လည်းပေါ်သည်။

မိန်းကလေးသည် အသက်နှစ်ဆယ်ဝန်းကျင်လောက်ရှိမည်ဖြစ်ပြီး ထက်မြက်သောအသွင်အပြင်နှင့် ပြတ်သားသောအကြည့်မျိုးလည်းရှိသည်။ ဆေးဆရာတစ်ဦးအနေဖြင့် သင့်တင့်လျောက်ပတ်သော ဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး သူတို့ဝင်လာတာကိုမြင်သည်နှင့် မတ်တပ်ရပ်ကာ လေးနက်စွာဦးညွှတ်အရိုအသေပြုလာ၏။

"အာ အကြီးအကဲဝေ့ ဘာကိစ္စရှိပါသလဲရှင့်" သူမကယဥ်ကျေးစွာမေးလာသည်။ ပျော့ပျောင်းတည်ငြိမ်ကာ ယုံကြည်မှုအပြည့်ရှိသည့် အသံမျိုးပင်။

"မိန်းကလေးတွေ့ချင်တဲ့သူကို ခေါ်လာပေးတာပါ" အကြီးအကဲဝေ့ကပြောပြီး ဘေးသို့ကပ်ပေးလိုက်သည်။

ထိုအချိန်တွင် မိန်းကလေး၏အကြည့်မှာ ဖုန့်ချန်းထံသို့ရွှေ့လာ၏။

"အာ သူက..?"

အကြီးအကဲဝေ့က အသာရယ်ပြုံးလျက် သူတို့ကိုနှုတ်ဆက်ပေးဖို့‌ရှေ့ပြန်တက်လာသည်။ "အာ ကျုပ်ရှင်းရှင်းမပြောလိုက်မိတာ ခွင့်လွှတ်ပါ ဒါက ဖုန့်မိသားစုခေါင်းဆောင် ဖုန့်ချန်းပါခင်ဗျာ"

ရှရွှယ်ယင်း၏မျက်နှာအမူအရာမှာ တောင့်ခဲသွားတော့၏။

တည်ငြိမ်မှုသည်လည်း အခိုက်အတန့်မျှပျက်ယွင်းသွားပြီး မျက်လုံးပြူးသွားရသည်။ သို‌သော် အလျင်အမြန်ပင်စိတ်ပြန်ထိန်းလိုက်ပြီး ဖုန့်ချန်းထံသို့ လေးနက်စွာဦးညွှတ်လာကာ လေးစားမှုအပြည့်ပါသောအသံဖြင့် ဆို၏။

"ကျွန်-ကျွန်မရဲ့ရိုင်းပျမှုအတွက် တောင်းပန်ပါတယ် ဖုန့်မိသားစုခေါင်းဆောင် ဒီလိုတွေ့ဆုံရတာ ဂုဏ်ယူစရာပါ"

သူမသည် ဖုန့်မိသားစုခေါင်း‌ဆောင်ကိုတောင် ချက်ချင်းမသိလိုက်နိုင်သဖြင့် ရိုင်းပျမိလေပြီလားဟုမှတ်ယူကာ ကြောက်ရွံ့သွားရတော့သည်။ သူမရှေ့ရှိ ထိုယောက်ျားမှာ မိုးပြာကောင်းကင်အင်ပါယာ၏ အင်အားအကြီးဆုံးဂိုဏ်းနှစ်ခုမှ အကြီးအကဲနှစ်ဦးကို သတ်ဖြတ်အနိုင်ယူပြီး ဖုန့်မိသားစုကို ဤဒေသတစ်လွှားတွင် အင်အားအကြီးဆုံးဖြစ်အောင် ဦးဆောင်ခဲ့သော ဒဏ္ဍာရီလာခေါင်းဆောင်တစ်ဦးပါပေ။

"ဒီလိုယဥ်ကျေးနေဖို့မလိုပါဘူး မိန်းကလေးရှ အကြီးအကဲဝေ့က မိန်းကလေးရဲ့ပါရမီထူးချွန်မှုအကြောင်း ပြောပြထားပါတယ် မိန်းကလေးသာ ဖုန့်မိသားစုထဲကိုဝင်ချင်ရင် ကျွန်တော်တို့ဘက် ဝမ်းမြောက်ဝမ်းသာလက်ခံမှာပါ" ဖုန့်ချန်းက တည်ငြိမ်နွေးထွေးသောအသံဖြင့် ဆိုလိုက်သည်။

ရှရွှယ်ယင်းမှာ ပြန်လည်မတ်မတ်ရပ်လိုက်သော်ငြား ခေါင်းအနည်းငယ်ငုံ့ထားဆဲပင်။ ဖုန့်ချန်း၏ရောက်ရှိလာမှုကြောင့် သူမမှာ ယခုထိရင်တုန်အံ့သြနေဆဲဖြစ်လေသည်။

"စာနာနားလည်‌ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖုန့်မိသားစုခေါင်းဆောင် ဒါပေမယ့် ကျွန်မအနေနဲ့ သစ္စာကတိမဆိုခင်မှာ တောင်းဆိုစရာလေးတွေရှိနေပါသေးတယ်" သူမကပြောလာသည်။

ဖုန့်ချန်းကလည်း စိတ်ဝင်တစားပင် သူမအားဆက်ပြောရန်အချက်ပြလိုက်၏။

ရှရွှယ်ယင်းက လေးနက်သောအမူအရာဖြင့် စတင်ရှင်းပြလေသည်။

"ကျွန်မက ရှမိသားစုဆိုတဲ့ အင်ပါယာနယ်စွန်ဒေသလေးက မိသားစုလေးတစ်ခုရဲ့သမီးပါ ကျွန်မတို့က သိုသိုသိပ်သိပ်ပဲ နေထိုင်ကြပေမယ့် မကြာသေးခင်က မုန်တိုင်းဝိဉာဥ်နန်းတော်ရဲ့အကြီးအကဲတစ်ယောက်ကို စိတ်ဆိုးအောင်လုပ်မိလိုက်ပါတယ်"

"ရှယွမ်ဆိုတဲ့ အဲ့ဒီအကြီးအကဲက ကျွန်မတို့မိသားစုမျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့ ဆေးဖော်စပ်နည်းတစ်ခုကို လိုချင်လို့တောင်းခဲ့ပေမယ့် အဖေကမပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ် အဲ့ဒါကြောင့် သူကလက်တုံ့ပြန်တဲ့အနေနဲ့ မိသားစုပိုင်ပစ္စည်းတွေကိုဖျက်ဆီးပြီး ကျွန်မတို့ကိုခြိမ်းခြောက်လာပါတယ် အခြေအနေတွေပိုဆိုးမလာခင် အဖေကကျွန်မကိုဒီပို့လိုက်ပေမယ့် ကျွန်မတို့မိသားစုကတော့ အန္တရာယ်တောထဲကျရောက်နေပါပြီ"

ရှရွှယ်ယင်းက ခဏရပ်လိုက်ပြီး အသက်တစ်ချက်ရှူသွင်းကာ ဖုန့်ချန်းနှင့်အကြည့်ချင်းဆုံလိုက်သည်။

"ကျွန်မရဲ့တောင်းဆိုမှုက ရိုးရှင်းပါတယ် ကျွန်မဖုန့်မိသားစုဆီမှာ ဆေးဆရာအဖြစ်တာဝန်ထမ်းဆောင်ပါ့မယ် အပြန်အလှန်အနေနဲ့ ခေါင်းဆောင်က ကျွန်မမိသားစုကိုကာကွယ်ပေးပြီး ဖုန့်အိမ်တော်အတွင်းမှာ နေရာပေးပေးပါ ခေါင်းဆောင်သာမကူညီရင် သူတို့အသက်ရှင်နိုင်‌တော့မယ်မထင်ပါဘူး"

သူမ၏တောင်းဆိုချက်မှာ သက်ရောက်မှုကြီးမား၏။ ရှမိသားစုကို ကာကွယ်ပေးခြင်းမည်သည် မုန်တိုင်းဝိဉာဥ်နန်းတော်သို့ ဓားတစ်ချက်ဝင့်ပြလိုက်ခြင်းပင်။ ပေါ့သေးသေးကိစ္စတော့မဟုတ်ပေ။

သို့ပေမယ့် မုန်တိုင်းဝိဉာဥ်နန်းတော်ကို ဖုန့်ချန်းက ရန်သူအဖြစ်သတ်မှတ်ထားပြီးဖြစ်သောကြောင့် သူတို့ဘက်မှ သူ့ကိုရှင်းဖို့လူလွှတ်လိုက်လျှင် သူကပိုလို့တောင်ကြိုဆိုချင်ပါသေးသည်။

ရန်သူကိုရှင်းဖို့ သူတို့နေရာထိသွားနေရခြင်းထက် ရန်သူကမိမိအိမ်တံခါးသို့ လာရောက်အသေခံခြင်းကို သူကပိုနှစ်သက်ပေသည်။

သို့သော် ရှေ့တွင် အကြီးအကဲကျိုးထျန်းဟွာ၏အဖြစ်ကလည်း ရှိခဲ့သေးသည်ဖြစ်၍ တစ်ဖက်အကြီးအကဲမှာ ဖုန့်အိမ်တော်အထိတော့ အ‌ရောက်မလာရဲလောက်ပေ။

"မင်းတောင်းဆိုချက်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို မင်းသိတယ်မလား မုန်တိုင်းဝိဉာဥ်နန်းတော်ဆိုတာက မိုးပြာကောင်းကင်အင်ပါယာရဲ့ အင်အားအကြီးဆုံးဂိုဏ်းတွေထဲကတစ်ခုပဲ မင်းမိသားစုကိုကာကွယ်ပေးလိုက်တာက သူတို့ရန်စလိုက်တာနဲ့ အတူတူပဲ" ဖုန့်ချန်းက လေးနက်သောအသံဖြင့် တည်တည်ငြိမ်ငြိမ်ဆိုသည်။

ထိုကိစ္စက သူ့အတွက်ထိုမျှမခက်ခဲသော်ငြား ရှရွှယ်ယင်းအနေဖြင့် သူမ၏တောင်းဆိုမှုက ထိုမျှမရိုးရှင်းကြောင်းနားလည်ပြီး ဖုန့်မိသားစုကို ပိုလို့သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပေးစေလိုသောကြောင့်ဖြစ်၏။

"ကျွန်မနားလည်ပါတယ်" ရှရွှယ်ယင်းက ခိုင်မာစွာပြောသည်။ "ဒါပေမယ့် ကျွန်မမှာပြန်လှည့်စရာလမ်းမရှိတော့ပါဘူး ခေါင်းဆောင်သာငြင်းရင် ကျွန်မအရဲစွန့်ဖို့ပဲကျန်ပါတော့တယ်"

ဖုန့်မိသားစုသို့ သူမရွေးချယ်လာရောက်ရသည့်အကြောင်းရင်းမှာ ဖုန့်မိသားစုကသာ မုန်တိုင်းဝိဉာဥ်နန်းတော်ကို ပေါ်တင်ဆန့်ကျင်ရဲတာဖြစ်ပြီး လက်တုံ့ပြန်ဖို့စွမ်းအားအလုံအလောက်လည်း ရှိသောကြောင့်ပင်။

သူမ အခြားမိသားစုများ ဂိုဏ်းများထံသို့ သွားရောက်တောင်းဆိုကြည့်ဖူးသော်လည်း သူမ၏တောင်းဆိုမှုကိုကြားသည်နှင့် ချက်ချင်းအငြင်းခံလိုက်ရသည်သာပင်။

သို့သော်လည်း သူမ၏တောင်းဆိုမှုကို ပြန်လည်မရုပ်သိမ်းနိုင်ပေ။ သူမမှာ တစ်ခြားနည်းလမ်းမရှိပေ။

ယခုတော့ ဖုန့်မိသားစုသည် သူမ၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်၏။

ဖုန့်ချန်းက အနောက်ကိုအသာမှီလျက် စဥ်းစားဆင်ခြင်နေဟန်ပြုကာ ခဏအကြာတွင် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ရှရွှယ်ယင်း မင်းရဲ့တောင်းဆိုမှုတွေက လက်ခံလို့ရတဲ့အနေအထားပါပဲ အခုအချိန်ကစပြီး မင်းမိသားစုက ဖုန့်မိသားစုရဲ့ကာကွယ်မှုအောက်ကိုရောက်သွားပြီ သူတို့ကို ဘေးကင်းကင်းနေရာရွှေ့ပေးဖို့ ငါသေချာစီစဥ်လိုက်မယ်"

ရှရွှယ်ယင်းမှာ စိတ်တင်းထားသမျှပြေလျော့သွားဟန်ဖြင့် မျက်လုံးများဝင်းလက်တောက်ပလာသည်။ သူမသည် ဖုန့်ချန်းကိုတရိုတသေဦးညွှတ်လိုက်ပြီး‌ ကျေးဇူးတင်စွာဆို၏။

"ကျေးဇူးတင်ပါတယ် ဖုန့်မိသားစုခေါင်းဆောင် ဒီကျေးဇူးတရားကို ကျွန်မရဲ့ကတိသစ္စာနဲ့ အားထုတ်မှုတွေနဲ့ ပြန်ပေးဆပ်ပါ့မယ်"

"ကောင်းတယ်" ဖုန့်ချန်းတုံ့ပြန်လိုက်သည်။ "မင်းကိုယ်မင်းပြင်ဆင်ထားလိုက်ပါ ငါတို့မင်းမိသားစုကို ဘေးကင်းကင်းနဲ့ရွှေ့ပြောင်းပေးပြီး ဖုန့်အိမ်တော်ကို ချက်ချင်းခေါ်လာခဲ့မယ် အခုတော့ ဖုန့်မိသားစုကနေ ကြိုဆိုပါတယ် ရှရွှယ်ယင်း"

All Chapters