← Chapters

ဝိဉာဥ်သန္ဓေအထွဋ်အထိပ်ဆင့်

Vol. 15 Ch. 199

ဝိဉာဥ်သန္ဓေအထွဋ်အထိပ်ဆင့်

Vol. 15 Ch. 199

ရှရွှယ်ယင်းမှအပ အခြားဆေးဆရာ၇ဦးကလည်း ဖုန့်မိသားစုတွင်အလုပ်လုပ်ရန် တောင်းဆိုထားကြသေး၏။

ထိုဆေးဆရာ၇ဦးကတော့ ရှရွှယ်ယင်းလောက် မထက်မြက်ဘဲ အဆင့်၂ဆေးဆရာများသာဖြစ်သည်။

သူတို့အားလုံးကို ဖုန့်မိသားစုက ရှရွှယ်ယင်းလောက်အလိုရှိမည်မဟုတ်မှန်း သူတို့ဘာသာလည်း သိကြသဖြင့် တောင်းဆိုမှုကိုလည်း အများကြီးမတင်ပြခဲ့ကြပေ။

ဖုန့်မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်လုပ်ပေးနေရပြီး အခြားမိသားစုများနှင့်ယှဥ်လျှင် ပိုမြင့်သောဝင်ငွေတစ်ခုကို လက်ခံရရှိနေရုံနှင့်ပင် ကျေနပ်နေကြလေပြီ။

ထိုအချိန်တွင် ဖုန့်ချန်းသည် ရှရွှယ်ယင်း၏မိသားစုအား ဘေးကင်းစွာခေါ်ဆောင်လာခဲ့ကြရန် အမိန့်ချမှတ်လိုက်၏။

သူမတို့မိသားစုတွင် ကလေးငယ်လေးများလည်းပါရှိနေရာ မြူခိုးချိုင့်ဝှမ်းမြို့တော်ဆီသို့ ခေါ်ဆောင်လာရန် ငါးရက်မျှကြာမြင့်ပေမည်။

မုန်တိုင်းဝိဉာဥ်မှအကြီးအကဲဆိုသူကား မြူခိုးချိုင့်ဝှမ်းမြို့တော်ဆီသို့ ခြေဦးလှည့်လာပုံမပေါ်သေးပေ။ ယခုထိ သတင်းမကြားရသေးတာလည်းဖြစ်နိုင်သလို ဖုန့်ချန်းကိုကြောက်လို့မလာရဲတာလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ယခုတော့ ဖုန့်မိသားစုအိမ်တော်ဝင်းအတွင်းတွင် သူတို့အားလုံး ‌ဘေးကင်းစိတ်ချစွာနေထိုင်နိုင်လေပြီ။

ရှရွှယ်ယင်းကား ကျေးဇူးတင်လှစွာဖြင့် ဖုန့်မိသားစုတွင် ‌ဆေးဆရာတစ်ဦးအဖြစ် စတင်အလုပ်လုပ်လေတော့သည်။

သူမ၏အဓိကအလုပ်တာဝန်မှာ ဆေးလုံးများဖော်စပ်သန့်စင်ဖို့ဖြစ်သော်ငြား ဖုန့်လင်းကျစ်နှင့်အတူတွဲ၍ အခြားဆေးဆရာများကို အဆင့်၃ဆေးဆရာများအဖြစ် တက်လှမ်းနိုင်အောင် လမ်းပြကူညီပေးရသေး၏။

ထိုအချိန်တွင် ဆေးဆရာယှဥ်ပြိုင်ပွဲ၏ အနိုင်ရရှိသူ ယွင်ဖုန့်သတင်းကား မိုးပြာကောင်းကင်အင်ပါယာတစ်ဝှမ်းတွင် တောမီးကဲ့သို့ ပျံ့နှံ့လို့နေလေပြီ။

သတင်းများကား ရင်သပ်ရှုမောဖွယ်လည်းကောင်းသလို စိတ်ဝင်စားစရာလည်းကောင်းလှသည်။

ယွင်ဖုန့်ဟာ ဆေးဆရာပြိုင်ပွဲအနိုင်ရရှိသူအစဥ်အဆက်မှာ အသက်အငယ်ဆုံးဖြစ်ရုံသာမက ထောင်ချီသောအသက်များကိုလည်း နတ်ဆိုးကျင့်ကြံသူတွေလက်ထဲကနေ ကယ်တင်ပေးခဲ့သည်။

များပြားလှစွာသော ဂိုဏ်းဂဏများနှင့် မိသားစုများဟာ ယွင်ဖုန့်၏သတင်းအချက်အလက်များကို အပြိုင်အဆိုင်လိုက်လံစုံစမ်းကြရင်း ယွင်ဖုန့်ကိုအရခေါ်နိုင်ဖို့ အားကုန်ကြိုးစားနေကြတော့၏။ ဤအသက်အရွယ်တွင် ဤမျှအလားအလာရှိနေသောလူငယ်လေးသည် သေချာပေါက် နောက်တက်မည့် ဆေးပညာအရှင်သခင်ဖြစ်ပေမည်။

ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်သည်ပင် ယွင်ဖုန့်အကြောင်းစုံစမ်းဖို့ လူများစွာစေလွှတ်ထားသည် ဆို၏။

ဖုန့်ချန်းကတော့ ယွင်ဖုန့်ဆိုသည်မှာ သူညီဖုန့်ယွင်သာဖြစ်မည်မှန်းသိနေသဖြင့် ပင်ပင်ပန်းပန်း လိုက်ရှာနေစရာမလိုတော့ပါပေ။

(သက်သက်မဲ့ အပင်ပန်းခံပြီး ဖြုန်းတီးနေလိုက်ကြတာ) ဖုန့်ချန်း တွေးနေမိသည်။

အကြီးအကဲဝေ့က သူတို့လည်း ယွင်ဖုန့်အကြောင်း ရလိုရငြားစုံစမ်းကြည့်ပြီး အိမ်တော်ဆီခေါ်ဖို့ကြိုးစားကြည့်လျှင်ကောင်းမည်ဟု အကြံပြုသေးသော်ငြား ဖုန့်ချန်းကချက်ချင်းငြင်းပယ်လိုက်၏။

သူကတော့ ဖုန့်မိသားစုမျိုးဆက်သစ်လေးများ၏တိုးတက်မှုကို ဂရုစိုက်ရင်းဖြင့်သာ သူ့ကျင့်ကြံမှုကိုလည်း အာရုံမလွတ်စေရဘဲ အချိန်ကုန်နေတော့သည်။

နောက်ဆုံးတော့ ပါရမီရှင်များကြား အကြီးမားဆုံးသောယှဥ်ပြိုင်ပွဲကြီးစတင်ရန် ခြောက်လသာကျန်ပေတော့သည်။

ဖုန့်ကျန်းဟောင်သည် ချီအရည်ဖွဲ့ခြင်းအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီး အ‌နောက်မှဖုန့်လျန်းလည်း ကပ်လျက်တက်လှမ်းနိုင်ခဲ့ရာ အောင်ပွဲခံစရာကိစ္စရပ်များပါပေ။

အကြီးအကဲများ ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့တက်လှမ်းတုန်းကလိုတော့ ပွဲအကြီးကြီးမလုပ်ခဲ့ကြဘဲ သူတို့မိသားစုအတွင်းသာ စားသောက်ပွဲကျင်းပပျော်ရွှင်ခဲ့ကြ၏။

ပြိုင်ပွဲမတိုင်မီ သူတို့၏အင်အားကို လူသိအောင်ထုတ်မပြချင်သေးပါ။ မိုက်မဲသောလုပ်ရပ်မျိုးကို ဆင်ခြင်ရမည့်အချိန်ပင်။

ထို့အပြင် ဖုန့်လျန်းသည် အဆင့်၃အစီအရင်ဆရာအဖြစ်သို့ တက်လှမ်းသွားနိုင်ပြီးဖြစ်၏။ ထိုအကြောင်းကြောင့် ကျင့်ကြံဆင့်တက်ရာမှာ ဖုန့်ကျန်းဟောင်ထက်နှောင့်နှေးခဲ့ရတာပင်။

သူတို့နှစ်ဦးသာ ထိပ်တိုက်တွေ့မည်ဆိုလျှင် အင်အားအရ ဖုန့်ကျန်းဟောင်ကအနိုင်ယူနိုင်ချေရှိသော်ငြား ဖုန့်လျန်းကအစီအရင်ထုတ်သုံးလိုက်မည်ဆိုလျှင် ဖုန့်ကျန်းဟောင်ရှုံးနိမ့်သွားတာမျိုးလည်း ဖြစ်နိုင်သည့်အခြေအနေရှိသည်။

သူတို့နှစ်ဦးကတော့ နဂါးနှင့်ဖီးနစ်ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ဖို့ သေချာနေပြီဖြစ်သော်ငြား ချီအရည်ဖွဲ့ခြင်းအဆင့်သို့ ချိုးဖျက်နိုင်ဆဲဆဲဖြစ်သည့် အခြားမျိုးဆက်သစ်မိသားစုဝင်များလည်း ရှိနေသေး၏။

ပြိုင်ပွဲမတိုင်မီ ၅ယောက် ၇ယောက်လောက်တော့ ချီအရည်ဖွဲ့ခြင်းအဆင့်သို့ တက်နိုင်လောက်မည်ဖြစ်သည်။

ဖုန့်ရှောင်ယု၊ ဖုန့်မေနှင့် ဖုန့်ယွင်ကိုသာပေါင်းထည့်လိုက်ပါလျှင် ဖုန့်မိသားစုတွင် နဂါးနှင့်ဖီးနစ်ယှဥ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်၁၀ယောက်ခန့်ပင် ရှိနိုင်လေပြီ။

ဖုန့်ချန်းကတော့ ပြိုင်ပွဲမစမီ သုံးလအလိုလောက်ထိ ဆက်လက်သီးသန့်ကျင့်ကြံနေရင်း ဝိဉာဥ်သန္ဓေအထွဋ်အထိပ်ဆင့်သို့ ချိုးဖျက်နိုင်သွားခဲ့ပြီဖြစ်၏။

"နောက်ဆုံးတော့ရပြီ စနစ်ရေ ငါ့အချက်အလက်တွေပြစမ်း"

****************

ပိုင်ရှင် - ဖုန့်ချန်း

အသက် - ၃၂နှစ်

ကျင့်ကြံဆင့် - ဝိဉာဥ်သန္ဓေအဆင့် (အထွဋ်အထိပ်)

ဓားသိုင်းကျင့်စဥ်များ - ဝိဉာဥ်ခွဲဖြာဓားသိုင်း (သူတော်စင် အဆင့်မြင့်ကျင့်စဥ်)၊ သူတော်စင်မိုးကြိုးခန္ဓာ (သူတော်စင် အလယ်အလတ်ဆင့်ကျင့်စဥ်)၊ ကောင်းကင်အင်ပါယာဓားသိုင်း (ကောင်းကင် အဆင့်မြင့်ကျင့်စဥ်)၊ ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်း (ကောင်းကင် အလယ်အလတ်ဆင့်ကျင့်စဥ်)၊ တစ္ဆေအရိပ်လှည့်စားမှု (ကောင်းကင် အလယ်အလတ်ဆင့်ကျင့်စဥ်၊ လှုပ်ရှားမှုကျင့်စဥ်)၊ မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း (မြေကမ္ဘာ အလယ်အလတ်ဆင့်ကျင့်စဥ်)၊ အလင်းဓားသိုင်း (သေမျိုးအဆင့်မြင့်ကျင့်စဥ်)၊ သံမဏိလက်သီးကျင့်စဥ် (သေမျိုးအလယ်အလတ်ဆင့်)

စနစ်ရမှတ် - ၂၅၀,၀၀၀

*********************

(အရမ်းကောင်းတယ်)

သို့သော်လည်း သူ့စိတ်ထဲတွင် သံသယအချို့ကျန်ရှိနေသေးသည်။

ဝိဉာဥ်သန္ဓေအထွဋ်အထိပ်ဆင့် ရောက်ရှိသွားသည့်တိုင်အောင် စနစ်ကသူ့အား အင်အားအကြီးဆုံးဆုလာဘ်ကို ချီးမြှင့်မလာပေ။

သူကပဲ အင်အားအကြီးဆုံးဟုတ်မနေသေး၍လား? သို့မဟုတ် မိုးပြာကောင်းကင်အင်ပါယာတွင် အင်အားအကြီးဆုံးဖြစ်လာလျှင် စနစ်ထံမှဆုရဦးမည်ဟု သူထင်ထားသည့်အချက်က လွဲနေတာလား?

ပထမဖြစ်နိုင်ချေကို စဥ်းစားကြည့်ရလျှင် စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်သောသူရှိသည်ဟု သူလုံးဝမကြားဖူးထားပေ။

(မဟုတ်မှ ဟိုအမျိုးသမီးများလား)

သူ့ကိုအမျိုးမျိုးကစားသွားခဲ့ပြီး ကြယ်ရောင်စဥ်တန်းလည်ဆွဲကို လက်ဆောင်ပေးသွားခဲ့သည့် တစ္ဆေလိုမိန်းကလေးအား သူအမှတ်ရမိလိုက်သည်။

ထိုအမျိုးသမီးက သေချာပေါက်သူ့ထက်အင်အားကြီးမည်ဟု ဖုန့်ချန်းယုံကြည်သည်။ သူအဲ့ဒီအချိန်တုန်းကထက် အင်အားပိုကြီးလာပြီဆိုပေမယ့် ထိုအမျိုးသမီးအားအနိုင်တိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိလှသေးပေ။

သို့သော် သူမသည် မိုးပြာကောင်းကင်အင်ပါယာမှမဟုတ်ဟု သူကောက်ချက်ချမိခဲ့သည်။

"အဲ့တစ်‌ယောက်က မိုးပြာကောင်းကင်အင်ပါယာမှာ အင်အားအကြီးဆုံးဆိုတဲ့ ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်များဖြစ်နေမလား"

ဖုန့်ချန်း ခပ်တိုးတိုးရေရွတ်မိသည်။

ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်မှာ မိုးပြာကောင်းကင်အင်ပါယာတွင် အင်အားအကြီးဆုံးဟုသတ်မှတ်ခံထားရသူဖြစ်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ဝိဉာဥ်သန္ဓေထိပ်ပိုင်းကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်ပြီးသွားပြီဟု ကြားမိ၏။

အခြေတည်အဆင့်မှ ဝိဉာဥ်အန္ဓေအဆင့်သို့တက်လှမ်းဖို့ သူမသည် နှစ်၂၀ထိတောင် အချိန်မယူလိုက်ရဟု ဆိုကြသည်။

ထိုအမျိုးသမီး၏ ပါရမီစွမ်းရည်မြင့်မားမှုကို ဖုန့်ချန်းခန့်မှန်းနိုင်ပါသည်။

နှစ်၂၀ပင်မကြာလိုက်သောကာလအတွင်း အင်ပါယာတစ်ခုလုံး၏ အင်အားအကြီးဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့သူမှာ အင်မတန်မှကို ကြောက်စရာကောင်းလှသော ပါရမီရှင်မျိုးပင်။

"မဟုတ်မှ အဲ့ဒီအမျိုးသမီးက စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်သွားပြီလား"

ဖုန့်ချန်း တိုးတိုးရေရွတ်လျက် စဥ်းစားနေမိသည်။

သူ့အတွေးက မသေချာလှသော်ငြား ထိုသို့သာဖြစ်နေမည်ဆိုလျှင် အန္တရာယ်များလှ၏။

ဖုန့်ယွင်နှင့်လင်းမေယု ယှဥ်တိုက်ရဦးမည်ဖြစ်ရာ ဖုန့်ယွင်သာနိုင်ခဲ့လျှင် ဇာတ်ကြောင်းအရ သူမ၏နောက်ခံဖြစ်သော ဆန်းကြယ်မီးတောက်ဂိုဏ်းက သူတို့မိသားစုကို အခက်ကြုံအောင်လုပ်လာမည်ပင်။

အရင်တစ်ချိန်ကတော့ ဆန်းကြယ်မီးတောက်ဂိုဏ်းက တစ်ဂိုဏ်းလုံး၏အင်အားကိုသုံးပြီး သူတို့ကိုတိုက်ခိုက်လာမည်ဆိုလျှင်တောင် ဖုန့်ချန်းက ဖုန့်ယွင်နှင့်ဖုန့်မိသားစုကိုကာကွယ်ရန် ယုံကြည်မှုအပြည့်ရှိခဲ့သည်။

သို့သော် တစ်ဖက်ဂိုဏ်းချုပ်က စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံသူဖြစ်နေပါလျှင် သူခုခံနိုင်ပါ့မလား မသေချာတော့ပေ။

ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်၏အင်အားကို ဖုန့်ချန်းတွက်ဆကြည့်နေစဥ် ရင်းနှီးကျွမ်းဝင်လှသော စနစ်သတိပေးချက်အသံက တင်ခနဲအော်မြည်လာတော့၏။

[တင်!]

[ဂုဏ်ပြုပါတယ် ပိုင်ရှင်က လျှို့ဝှက်တာဝန်တစ်ခုကို ဖွင့်လှစ်လိုက်နိုင်ပါပြီ - တာဝန်ကတော့ မိုးပြာကောင်းကင်အင်ပါယာရဲ့ အင်အားအကြီးမားဆုံးသူဖြစ်လာဖို့ပါ]

[တာဝန်လိုအပ်ချက်များ - စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်ကိုတက်လှမ်းပြီး မိုးပြာကောင်းကင်အင်ပါယာရဲ့ လက်ရှိအင်အားအကြီးဆုံးသူကို တိုက်ခိုက်အနိုင်ယူပါ]

[ယှဥ်ပြိုင်မှုအတွက် ဆုလာဘ် - စနစ်ရမှတ်၅သိန်းနှင့် နတ်ဘုရားအဆင့်ကျင့်စဥ်]

သတိပေးချက်ကို အစအဆုံးဖတ်လိုက်ပြီးသည်နှင့် ဖုန့်ချန်း၏မျက်လုံးများ ဝင်းလက်သွားရသည်။

(ထင်ထားတဲ့အတိုင်း ငါကမိုးပြာကောင်းကင်အင်ပါယာရဲ့ အင်အားအကြီးဆုံးသူမဟုတ်သေးဘူးပဲ ဒါဆို ဆန်းကြယ်မီးတောက်ဂိုဏ်းချုပ်က စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့် ကျင့်ကြံသူပေါ့လေ)

ဖုန့်ချန်း လေးလံစွာသက်ပြင်းချလိုက်မိသည်။ သူ့မျက်နှာက တည်ငြိမ်နေဆဲပေသည့် သူ့စိတ်ထဲတွင်တော့ တွက်ချက်လျက်ရှိ၏။

လက်ရှိတွင် သူ့ထက်အင်အားကြီးသောကျင့်ကြံသူတစ်ဦး ရှိသေးသည့်အကြောင်းကို စနစ်က အတည်ပြုပေးလိုက်ပြီပင်။

တစ်ဖက်ရန်သူမှာလည်း သူ့လိုစွမ်းအားကြီးသူဖြစ်နေပြီး စွမ်းအားကိုဖုံးကွယ်ထားကြောင်းသိလိုက်ရသည့်တွက် သူ့မျက်နှာသွင်ပြင်မှာ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ ဖုံးလွှမ်းလာသည်။

သူတော်စင်အဆင့်ကျင့်စဥ်များနှင့် ကောင်းကင်အဆင့်ကျင့်စဥ်များကြောင့် သူစွမ်းအားက သာမန်လူများထက်တော့ ပိုမြင့်မှာသေချာသည်။

သို့သော် ဖုန့်ချန်းမှာ အရဲစွန့်ရတာမကြိုက်သူဖြစ်သောကြောင့် စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်သို့ တက်လှမ်းနိုင်မှ သူစိတ်အေးလက်အေးနေနိုင်တော့မည်ပင်။

တစ်ဖက်တွင်မူ ယခုတစ်ခေါက်အတွက် စနစ်မှပေးမည့်ဆုလာဘ်များကိုကြည့်လိုက်ပြီးနောက် သူအံ့သြသွားရတော့၏။

"ဒီတာဝန်ကိုအပြီးသတ်နိုင်ရင် နတ်ဘုရားအဆင့်ကျင့်စဥ်ကိုရမှာဟ"

ဖုန့်ချန်းစိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။

ဆုလာဘ်မှာ သူတော်စင်အဆင့်ကျင့်စဥ်တစ်ခုခုလား မှော်ရတနာတစ်ခုခုလားဟု သူတွေးခဲ့မိပေသည့် ထင်မထားစွာ နတ်ဘုရားအဆင့်ကျင့်စဥ်ဖြစ်နေသည်ပင်။

ထိုအဆင့်ကျင့်စဥ်တစ်ခုက မည်မျှပင်အစွမ်းထက်လိမ့်မည်မှန်း သူမသိသော်ငြား စနစ်ဈေးဆိုင်ထဲတွင် နတ်ဘုရားအဆင့်ကျင့်စဥ်တစ်ခုကို စနစ်ရမှတ်သန်းပေါင်းများစွာကျသင့်သော‌ကြောင့် သူနှစ်ပေါင်းများစွာ ခြစ်ခြစ်ကုပ်ကုပ်စုနိုင်မှသာ ဝယ်လို့ရမည့်ပစ္စည်းမျိုးပါပေ။

ထို့အပြင် အပိုဆုလာဘ်အဖြစ် စနစ်ရမှတ်ငါးသိန်းပါ ပါရှိသေးရာ သူတော်စင်အဆင့် ကျင့်စဥ်သို့မဟုတ် မှော်ရတနာတစ်ခုခု ဝယ်လို့ရနိုင်မည့် ပမာဏမျိုးပင်။

(ကြည့်ရတာ စနစ်ကတော့ ရက်ရောပြနေပြန်ပြီထင်ပါတယ်)

[တင်! တာဝန်အသစ်ပေးအပ်ခြင်း - နဂါးနှင့်ဖီးနစ်ပြိုင်ပွဲတွင် အဆင့်၁၀အတွင်းချိတ်နိုင်ရပါမယ်]

[ဆုလာဘ်များကတော့ ရသည့်အဆင့်ပေါ်မူတည်ပြီး ပြောင်းလဲပါမယ် အဆင့်မြင့်လေလေ ဆုလာဘ်များလေလေပါ]

တာဝန်အသစ်ကိုကြည့်ပြီး ဖုန့်ချန်း၏စိတ်လှုပ်ရှားမှုများလည်း မြင့်တက်လာရတော့၏။

"စနစ်ရမှတ်အတွက်တော့ စိတ်ပူနေစရာမလိုတော့ဘူးထင်တယ်ဟေ့"

ဆုလာဘ်ကဘာဖြစ်မည်မှန်းကိုတော့ ဖုန့်ချန်းမသိသေးသော်ငြား နဂါးနှင့်ဖီးနစ်ပြိုင်ပွဲဆိုသည်မှာ အင်ပါယာတစ်ဝှမ်းကပါရမီရှင်များ စုဝေးယှဥ်ပြိုင်ကြသည့် ပွဲကြီးတစ်ပွဲဖြစ်သလို အနိုင်ရဖို့လည်းခက်ခဲလှသောကြောင့် ဆုလာဘ်ကတော်ရုံတော့ဖြစ်မည်မထင်ပေ။

"တွန့်ဆုတ်နေစရာအကြောင်းမရှိတော့ဘူးဟေ့"

ဖုန့်ချန်းကြွေးကြော်လိုက်ပြီး လက်ရှိစနစ်ရမှတ်အားလုံးကို စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်သို့တက်ရန် ပုံအော်သုံးဖို့ဆုံးဖြတ်လိုက်တော့၏။

နဂါးနှင့်ဖီးနစ်ယှဥ်ပြိုင်ပွဲမတိုင်မီ သူကျင့်ကြံဆင့်ချိုးဖျက်နိုင်ပါ့မလား သူကိုယ်တိုင်လည်းမသေချာသော်ငြား စနစ်၏အကူအညီကိုသုံးမည်ဆိုလျှင် ချိုးဖျက်နိုင်ချေများလေသည်။

All Chapters