← Chapters

ကျင့်ကြံဆင့်အသစ်လား?

Vol. 15 Ch. 200

ကျင့်ကြံဆင့်အသစ်လား?

Vol. 15 Ch. 200

နောက်သုံးလအတွင်းတွင် ဖုန့်ချန်းသည် စိတ်ပိုင်းဖြတ်ကာ သူ့တွင်ရှိရှိသမျှသောအရင်းအမြစ်များနှင့် စနစ်ရမှတ်အားလုံးကိုအသုံးပြုပြီး သူ့ကိုယ်သူမရမကတွန်းပို့ကျင့်ကြံတော့လေ၏။

ဤတစ်ကြိမ်၏ပေးဆပ်မှုမှာ လွန်စွာကြီးမားလှသဖြင့် သူအားထုတ်မှုကို တစ်စက်လေးမှမလျှော့။

နေ့တိုင်းနေ့တိုင်း ပြင်းထန်သောတရားထိုင်ကျင့်ကြံခြင်းဖြင့် သူတော်စင်အဆင့်နှင့် ကောင်းကင်အဆင့်ကျင့်စဥ်များကိုလည်း အထပ်ထပ်သန့်စင်ကာ ချီစွမ်းအင်များကိုစုပ်ယူပြီး သူ့ကျင့်ကြံဆင့်အခြေကိုမြှင့်တင်သည်။

သူ့တိုးတက်မှုတစ်လျှောက်လုံးတွင် စနစ်သည်ကား မပါမဖြစ်နေရာမှ ဝင်ရောက်ကူညီပေးသည်။

ဖုန့်ချန်းသည် စနစ်ဈေးဆိုင်မှ အဆင့်၆ဆေးလုံးများကို ဝယ်ယူသောက်သုံးလိုက်ပြီး ထိုဆေးလုံးများကြောင့် သူ့ကျင့်ကြံဆင့်အရှိန်မှာလည်း တဟုန်ထိုးတိုးမြင့်လာ၏။

ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးအတွက် အရင်းအမြစ်များမှာ မိုးပြာကောင်းကင်အင်ပါယာတွင် လွန်စွာမှရှားပါးလှသဖြင့် စနစ်ဈေးဆိုင်သာမရှိလျှင် ရနိုင်စရာမကြောင်းမရှိတော့ပေ။

သူ့အရှိန်အဝါမှာ တစ်နေ့ထက်တစ်နေ့ ပိုပြင်းထန်လာပြီး ပိုလည်းသန့်စင်လာသောကြောင့် သီးသန့်ဂူခန်းလေးအတွင်းရှိလေထုမှာ စွမ်းအင်များဖြင့် ဝေ့ပတ်ပြည့်လျှံလို့နေတော့သည်။

ကျင့်ကြံဆင့်အရှိန်မှာ လွန်စွာမှလျင်မြန်လာသော်ငြား ဖုန့်ချန်းကတော့ နှေးကွေးသည်ဟု ခံစားနေရဆဲပင်။

အဆင့်၆ဆေးလုံးများ၏အကူအညီ၊ ကောင်းကင်ကန့်လန့်ကာအစီအရင်နှင့် ကြယ်ရောင်စဥ်တန်းဆွဲကြိုးပါရှိနေသောကြောင့် သူ့ကျင့်ကြံဆင့်တိုးတက်မှုမှာ အမှန်တကယ်ကို လွန်စွာလျင်မြန်လှပါသည်။

သို့သော် သူ့ရည်မှန်းချက်မှာ နဂါးနှင့်ဖီးနစ်ပြိုင်ပွဲမတိုင်မီ စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်ကို ရအောင်ချိုးဖျက်ဖို့ပင်။

စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်သို့ တက်လှမ်းရန်ဆိုသည်မှာ လွန်စွာမှခက်ခဲလှသောကိစ္စတစ်ရပ်ဖြစ်ရုံသာမက သုံးလဟူသောအချိန်မှာလည်း မဖြစ်နိုင်လောက်အောင် တိုတောင်းလှ၏။

ထို့ကြောင့် သူအပြင်လုံးဝမထွက်ဘဲ သီးသန့်ကျင့်ကြံဂူအတွင်းမှာပင် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။

ထိုကာလအတွင်း တစ်ကြိမ်တည်းသော အပြင်ထွက်ခြင်းမှာ သူ့မွေးနေ့ရက်တွင်ဖြစ်၏။

ဖုန့်မိသားစုအတွင်းတွင် ဖုန့်ချန်း၏မွေးနေ့ဆိုသည်မှာ သာမန်ပွဲတော်တစ်ခုမဟုတ်ပေ။ နိုင်ငံတော်အားလပ်ရက်များကဲ့သို့ ခမ်းနားကြီးကျယ်စွာ ကျင်းပကြမည့်ပွဲတော်ကြီးတစ်ခုပင်။

ဖုန့်ချန်းသာ ဘုရင်ဖြစ်ပါက သူ့မွေးနေ့သည် နိုင်ငံတော်အားလပ်ရက်ဖြစ်ပေမည်။

တစ်စုံတစ်ခုမှ မှားယွင်းလွဲချော်မှုမရှိရလေအောင် ဖုန့်မိသားစုသည် ရက်သတ္တပတ်များစွာကြိုတင်၍ အစစအရာရာပြင်ဆင်ထားခဲ့ကြ၏။

မွေးနေ့ပွဲသို့တက်ရောက်မည့် ဧည့်သည်တော်များမှာလည်း အထင်ကရပုဂ္ဂိုလ်တွေချည်းသာဖြစ်ရာ ဘာတစ်ခုမှလွဲမှားသွားလို့ မရပါချေ။

ဖုန့်မိသားစုသည် ငွေကြေးကိုလက်မတွန့်စွာသုံးစွဲပြီး အိမ်တော်ဝင်းတစ်ခုလုံးကို ရွေရောင်မီးအိမ်များဖြင့်အလှဆင်ကာ ဖုန့်ချန်းအားကိုယ်စားပြုသော အလံများကိုလွှင့်ထူလျက် ဖျော်ဖြေတင်ဆက်မှုများအတွက် စင်မြင့်ကြီးတစ်ခုကိုလည်း တည်ဆောက်ထားသေးသည်။

မြူခိုးချို့င်ဝှမ်းမြို့တော်တစ်ခုလုံးသည်လည်း စိတ်လှုပ်ရှားစွာ သက်ဝင်တက်ကြွလို့နေပြီး ကုန်သည်ဈေးသည်များမှာ ရှားပါးရတနာပစ္စည်းများသာမက ဖုန့်ချန်း၏ဘဝနှင့်အောင်မြင်မှုများကိုကိုယ်စားပြုသော ဆန်းသစ်သည့်ဟင်းလျာများကိုပါ ပြင်ဆင်ရောင်းချကြလေသည်။

ပွဲတော်ရက်အတွင်း လာရောက်လည်ပတ်ကြသော နိုင်ငံရပ်ခြားမှလူအများကို ပြည်တွင်းဖြစ်ကုန်ပစ္စည်းများ ရောင်းချနေခြင်းကဲ့သို့ပင်။

အင်ပါယာတစ်ဝှမ်းမှဧည့်သည်တော်များ လာရောက်လည်ပတ်ကြကုန်၏။ ဂိုဏ်းချုပ်များ၊ မိသားစုခေါင်းဆောင်များနှင့် နာမည်ကျော်ဆေးဆရာများပါ ဖုန့်ချန်း၏တန်ခိုးအရှိန်အဝါလွှမ်းမိုးမှုကို အလေးထားသည့်အနေဖြင့် ပွဲမစမီရက်များတွင်ပင် ကြိုတင်ရောက်ရှိလို့နေကြပြီဖြစ်၏။

စွမ်းအားကြီးပုဂ္ဂိုလ်များစွာ လာရောက်ပွဲတက်ကြခြင်းကြောင့် မြို့တော်အစောင့်အကြပ်များကိုပင် တိုးမြှင့်တင်းကျပ်လိုက်ရတော့သည်အထိ။

နောက်ဆုံးတွင် မွေးနေ့ပွဲရက်သို့ရောက်ရှိလာပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်ကို ကြည့်လိုက်လျှင်တော့ အံ့သြစရာမြင်ကွင်းမျိုးကို တွေ့မြင်ရပေမည်။

လမ်းတိုင်းတွင် လူသူအများဖြင့် စည်ကားလို့နေပြီး လူတိုင်းက ဖုန့်အိမ်တော်ကိုမြင်ချင်လှ၍ တစ်ဦးနှင့်တစ်ဦးတိုးတိုက်လို့နေကြသည်။

ကဗျာဆရာများနှင့် သရုပ်ပြတင်ဆက်သူများက လူထုကိုအလှည့်ကျဖျော်ဖြေလျက်ရှိကြပြီး ဖုန့်ချန်း၏ ဒဏ္ဍာရီလာတန်ခိုးကြီးထွားမှုများ၊ အောင်မြင်မှုများစွာနှင့် ပြိုင်ဘက်ကင်းအင်အားအကြောင်း တင်ဆက်သရုပ်ဖော်လျက်ရှိကြ၏။

ဧည့်သည်များကို ကြိုဆိုရန်အတွက် ဖုန့်အိမ်တော်တံခါးမှာ စောစီးစွာပွင့်ဟလာလေပြီ။

ဖုန့်မိသားစုဝင်များမှာ အကောင်းဆုံးသောဝတ်ရုံများကိုဝတ်ဆင်ထားလျက် ကျော့ရှင်းတင့်တယ်ကာ ဂုဏ်ယူဝင့်ကြွားလျက်ရှိကြသည်။

အဓိကခန်းမကြီးထဲတွင် ခမ်းနားသောစားပွဲတစ်ခုကိုပြင်ဆင်ထားပြီး အရှားပါးဆုံးသောဟင်းလျာများ၊ စွမ်းအားကြီးသားရဲများ၏ အသားများဖြင့် နှစ်ထောင်ချီသက်တမ်းရှိ ဝိဉာဥ်သစ်သီးများဖြင့်ပြုလုပ်သော ဝိုင်များကို တည်ခင်းဧည့်ခံထားကြသည်။

ပွဲတော်တွင် ရှုမငြီးလောက်သောတင်ဆက်မှုများကိုပါ ထည့်သွင်းထားပြီး အနုပညာကို နားလည်ကျွမ်းဝင်မှုကြောင့် နာမည်ကြီးလှသော ကောင်းကင်ကျက်သရေဇာတ်အဖွဲ့မှ တင်ဆက်သူများက ရင်သပ်ရှုမောဖွယ်အကအလှများကို ဖျော်ဖြေပေးလျက်ရှိကြ၏။

နာမည်ကြီး ဝိဉာဥ်တေးသွားပညာရှင်တစ်ဦး၏ တီးခတ်မှုများမှာ မင်းပရိတ်သတ်အပေါင်းအား ဖုန့်ချန်း၏ ကြီးမြတ်သောအောင်မြင်မှုများအကြောင်း တရေးရေးပြန်လည်မြင်ယောင်လာစေရန် ဖန်တီးလျက်ရှိ၏။

ဖုန့်ချန်းအားဂုဏ်ပြုသည့်အနေဖြင့် လူငယ်ကျင့်ကြံသူများကြားတွင် အပျော်သ‌ဘောဖြင့် ကိုယ်ခံပညာပြိုင်ပွဲအ‌သေးစားလေးတစ်ခုကျင်းပကာ ရက်ရောသောဆုလာဘ်များကိုလည်း ချီးမြှင့်လိုက်သေးသည်။

များသောအားဖြင့် ဖုန့်မိသားစုကျင့်ကြံသူများသာ အနိုင်ရခဲ့ကြကာ ဧည့်သည်များကိုစော်ကားဟန်လည်းမရောက်လို၍ အချို့ကိုတော့ အနိုင်ပေးလိုက်ကြ၏။

ညနေခင်းတွင်မူ ဖုန့်ချန်းတစ်ယောက် လူလုံးပြလာတော့သည်။

ခမ်းနားသပ်ရပ်သော ကြယ်ရောင်စဥ်တန်းများရေးခြယ်ထားသည့် ဝတ်ရုံကိုဆင်မြန်းလျက် လူစုလူဝေးရှေ့တွင် တည်ငြိမ်သောသြဇာအငွေ့အသက်ဖြင့် ပေါ်ထွက်လာခြင်းဖြစ်သည်။

တိုတောင်းသော်ငြား သူ့မိသားစုဝင်များ၊ မိတ်ဆွေများနှင့် မဟာမိတ်များကို ကျေးဇူးတင်စိတ်များပြည့်ဝနေသည့် ဟောပြောမှုတစ်ခုကို သူပြုလုပ်ခဲ့သည်။

ထို့‌နောက် မြူခိုးချိုင့်ဝှမ်းမြို့တော်၏ ညကောင်ကင်ကို ထွန်းလင်းတောက်ပသွားစေသည့် မီးရှူးမီးပန်းများကိုဖောက်၍ မွေးနေ့ပွဲအား အဆုံးသတ်လိုက်ကြ၏။

အစီအရင်ဆရာသခင်တစ်ဦးမှ ဖန်တီးပြုလုပ်ထားသော ထိုမီးရှူမီးပန်းတို့မှာ နဂါးများ ဖီးနစ်ငှက်များကိုပါ ပုံဖော်ပြသသွားပြီး ထူးကဲခန့်ညားသော အသွင်အပြင်ဖြင့် ဖုန့်ချန်း၏ရုပ်သွင်ကိုပါ ဖော်ကြူးသွားသေး၏။

ခမ်နားကြီးကျယ်သောမွေးနေ့ပွဲကြီး အပြီးသတ်ခါနီးချိန်တွင် ဖုန့်ချန်းလည်း အသစ်တစ်ဖန်တောက်ပလာသော ဆုံးဖြတ်ချက်ဖြင့် ဂူအခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေတော့သည်။

ခမ်းနားသိုက်မြိုက်သောမွေးနေ့ပွဲက သူ့ကိုအားသစ်လောင်းပေးလိုက်ပြီး ယခုအချိန်သူအာရုံစိုက်ရမည့် အဓိကိစ္စကား စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်သို့ တက်ရောက်ရန်ဖြစ်လေ၏။

ထိုသုံးလ၏ နောက်ဆုံးနေ့ရက်တွင် ဖုန့်ချန်းသည် ချီစွမ်းအင်များ သိပ်သည်းဝေ့လည်နေသောဂူအခန်းတွင် တင်ပျဥ်ခွေလျက်ထိုင်ကာ ကျင့်ကြံအားထုတ်လို့နေသည်။

အသက်ရှူသံများက တည်ငြိမ်နေလျက် သူ့ဝိဉာဥ်က သူ့ကိုတစ်ချိန်လုံးတားဆီးတွန်းထုတ်နေခဲ့သော ကျင့်ကြံဆင့်အတားအဆီး၏အနားတွင် တဝဲလည်လည်ခိုနားလျက်ရှိသည်ကို ခံစားမိနေ၏။

"အခုပဲ"

မယိုင်လဲသော စိတ်ကြံ့ခိုင်မှုဖြင့် ဖုန့်ချန်းသည် သိုလှောင်လက်စွပ်တွင်းမှ စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်ချိုးဖျက်ခြင်းဆေးလုံးကို ထုတ်ယူလိုက်သည်။

စနစ်ဈေးဆိုင်မှ စနစ်ရမှတ်တစ်သိန်းခွဲပေးဝယ်ခဲ့ရသော ဤရှားပါးဆေးလုံးသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်မှ စိတ်ဝိဉာဥ်ခွဲဖြာရေးအဆင့်သို့ ချိုးဖျက်နိုင်စွမ်းအား ၂၀ရာခိုင်နှုန်း တိုးမြှင့်ပေး၏။

ထိုဝယ်ယူမှုကြောင့် သူ့စနစ်ရမှတ်များ ဂဏန်းသုံးလုံးစာမျှသာကျန်ရှိတော့သော်လည်း ဖုန့်ချန်းတွင် ထပ်စောင့်ဖို့အချိန်မရှိတော့ပေ။

ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက သူ့ချိုးဖျက်ခြင်းကို နဂါးနှင့်ဖီးနစ်ပြိုင်ပွဲအပြီးသို့ ရွှေ့ဆိုင်းရပေလိမ့်မည်။ လုံးဝလက်လွှတ်ခံလို့ မရတော့ပေ။

တစ်ချက်မှတွန့်ဆုတ်ခြင်းမရှိဘဲ သူဆေးလုံးကိုသောက်သုံးလိုက်ပြီးနောက် ခန္ဓာကိုယ်ထဲတွင် မြစ်ကြမ်းတစ်စင်းလိုစီးဆင်းလာသော စွမ်းအင်စီးကြောင်းကြီးကို ခံစားလိုက်မိ၏။

ဆေးလုံး၏သက်‌ရောက်မှုက သူ့မာရီဒျာန်များအတွင်းသို့ ဖြန့်ကျက်သွားပြီး ဒန်ထျန်အတွင်းတိုးမြင့်လာသောစွမ်းအားများကို ခံစားမိလိုက်သည်။ သူ့ကိုပိတ်ပင်နေသောအတားအဆီးများအား ဖယ်ရှားရှင်းလင်းပေးကာ ပတ်ဝန်းကျင်မှချီစွမ်းအင်များနှင့် ပိုမိုချိတ်ဆက်နိုင်အောင်ကူညီပေးသည်။

ဖုန့်ချန်းတစ်ယောက် ကျင့်ကြံဆင့်ကိုစတင်ချိုးဖျက်သည်နှင့် ဂူအခန်းမှာလည်း ပြင်းထန်စွာတုန်လှုပ်လာတော့၏။

လေထုမှာ စွမ်းအားများဖြင့်ကွဲအက်သွားပြီး သူ့ခေါင်းအထက်တွင် ချီစွမ်းအင်ဝဲဂယက်ကြီးတစ်ခုဖြစ်ပေါ်လာက ပတ်ဝန်းကျင်မှချီစွမ်းအင်များကိုစုပ်ယူလျက် သူ့ခန္ဓာတွင်းသို့ သွန်းလောင်းထည့်ပေးတော့၏။

"ချိုးဖျက်စမ်း"

ထိုစွမ်းအင်များကို သူဒန်ထျန်ဆီသို့ဦးတည်စေလိုက်ပြီး တစ်ချက်ကြုံးဝါးလိုက်သံမှာ ဂူအခန်းတွင်း ပဲ့တင်ထပ်သွားတော့သည်။

သူ့ကျင့်ကြံဆင့်မှာ လျင်မြန်စွာမြင့်တက်လာပြီး စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်အား အပြည့်ချိုးဖောက်နိုင်‌တော့မတတ် ပြင်းထန်လာသည်။

တင်းအားမှာ ပြင်းထန်လွန်းလှပြီး ခန္ဓာကိုယ်ကိုဖြတ်သန်းစီးဆင်းနေသာ မတန်တဆစွမ်းအင်လှိုင်းများကြောင့် သွေးကြောများပင် ခပ်ဖျော့ဖျော့တောက်ပလျက် ခုံးကြွလာကြ၏။

နာရီပေါင်းများစွာကုန်လွန်သွားပြီး စွမ်းအင်မုန်တိုင်းကြီးကား ပိုလို့ပြင်းထန်လာသည်။

ကောင်းကင်ကန့်လန့်ကာအစီအရင်ကသာ သူ့အရှိန်အဝါကိုပိတ်သိမ်းပေးမထားလျှင် ဤမျှပြင်းထန်သောဂယက်ရိုက်မှုက မိုးပြာကောင်းကင်အင်ပါယာတစ်လွှားရှိ ဆရာသခင်များကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သွားလောက်ပေမည်။

ဆေးလုံး၏သက်ရောက်မှုက သူ့အားထုတ်မှုများကို အဆပေါင်းများစွာမြှင့်တင်ပေးလိုက်သည် ဆိုသော်ငြား ဤကျင့်ကြံဆင့်ကို ချိုးဖျက်ဖို့ဆိုသည်မှာ ပြည့်စုံလုံလောက်သောထိန်းချုပ်မှုနှင့် ပြင်းပြသောစိတ်ဆန္ဒလည်း လိုအပ်သေး၏။

နဖူးမှကျဆင်းနေသော ချွေးသီးချွေးပေါက်များမှာလည်း စွမ်းအင်၏အပူငွေ့ကြောင့် ချက်ချင်းအငွေ့ပျံတက်ကုန်ကြသည်။

နောက်ဆုံးသောအတားအဆီးကို ဖုန့်ချန်းနီးကပ်လာချိန်မှာတော့ စွမ်းအားနောက်ဆုံးတစ်သုတ်ကို ဆင့်ခေါ်လျက် လက်သီးများကိုကျစ်ကျစ်ဆုပ်ကာ အားထည့်လိုက်သည်။

"အားးးးးးးးးးးးးးး"

"ဘုန်း"

နားကွဲမတတ်ကျယ်လောက်သော စွမ်းအင်ပေါက်ကွဲသံကြီးတစ်ခု သူ့ခန္ဓာတွင်းမှ လွင့်ထွက်လာတော့၏။

အရှိန်အဝါများ ပြင်ပသို့ပေါက်ကွဲထွက်လာပြီးနောက် တည်ငြိမ်ထက်ရှကာ ပို၍သန့်စင်အားကြီးလာသည်ကို ခံစားမိရ၏။

ပြင်းထန်ကြမ်းတမ်းသောစွမ်းအင်လှိုင်းများကွယ်ပျောက်ကာ တည်ငြိမ်သောအငွေ့အသက်တစ်ခု ပြန်လည်လွှမ်းခြုံသွားသည်။

ဖုန့်ချန်းမျက်လုံးများကိုဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက်ကို ဟူးခနဲချလိုက်တော့၏။ သူ့မျက်လုံးများမှာ ပိုလို့တောက်ပလာပြီး ခန္ဓာကိုယ်က အသစ်တွေ့ရှိထားသောစွမ်းအင်အငွေ့အသက်များ ထုတ်လွှတ်လျက်ရှိသည်။

"ငါလုပ်နိုင်ခဲ့ပြီပဲ စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်ကို တက်လှမ်းနိုင်ပြီးသွားပြီ"

ဖုန့်ချန်းက စိတ်ကျေနပ်စွာဖြင့် ခပ်တိုးတိုးရေရွတ်သည်။

ခန္ဓာကိုယ်တွင်း ဖြတ်သန်းစီးဆင်းနေသော စွမ်းအင်ထုထည်ကြီးကို သူခံစားနားလည်လိုက်မိသည်။

အင်အားအဆင့်တိုးမြင့်သွားခြင်းကြောင့် ‌ဘေးပတ်လည်ကလေထုတွင်လည်း ဖိအားများ မသိမသာရစ်ဝဲလို့နေ၏။

ကျင့်ကြံဆင့်ချိုးဖျက်ခြင်း အထိုင်ကျသွားသည်နှင့် ရင်းနှီးသော စက်ပစ္စည်းသတိပေးသံတစ်ချက်ကို ကြားလိုက်ရသည်။

[တင်! ဂုဏ်ပြုပါတယ်ပိုင်ရှင် စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်ကို တက်လှမ်းနိုင်သွားပါပြီ]

[ဆုလာဘ် - စနစ်ရမှတ်၂သိန်းနှင့် သူတော်စင်ထိပ်တန်းအဆင့်ဓားသွား - အာကာသဖြိုခွင်းဓားသွား]

ဖုန့်ချန်း တစ်ချက်ပြုံးလိုက်သည်။

စိတ်ဝိဉာဥ်ခွဲဖြာခြင်းဆေးလုံးအတွက် သူပုံအောသုံးခဲ့ရသော်ငြား ပြန်လည်ရရှိသောဆုလာဘ်များနှင့် တိုးမြင့်လာသောအင်အားကြောင့် ထိုက်တန်ပါပေသည်။

"စနစ်ရေ" ဖုန့်ချန်းက ဝင့်ကြွားနေသောအသံဖြင့် ခပ်တိုးတိုးဆိုလိုက်သည်။ "မင်းကတော့ ငါ့ကိုအားတက်အောင် ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာ အမြဲသိနေတာပဲနော်"

သူထရပ်လိုက်ပြီး အကြောဆန့်လိုက်သော် ခန္ဓာကိုယ်တွင်းရှိချီစွမ်းအင်များ ပေါ့ပါးစွာဖြတ်စီးသွားတော့သည်။ အာကာသဖြိုခွင်းဓားကိုဆင့်ခေါ်လိုက်သော် ၎င်း၏မြည်ဟီးသံနှင့် ကြယ်ရောင်စုံလိုတောက်ပမှုကြောင့် သူအံ့သြသွားရ၏။

ထိုဓားနှင့် သူ့စွမ်းအားမှာ လွန်စွာကိုက်ညီလှပုံပေါ်၏။ ၎င်း၏ ကြယ်‌ရောင်စဥ်အရှိန်အဝါမှာ သူ့အလိုလို ပြည့်စုံစွာပေါ်ထွက်လာသည်။

"အခုငါဘာတွေလုပ်နိုင်ပြီလဲ ကြည့်ကြသေးတာပေါ့"

ဖုန့်ချန်းက တက်ကြွစွာရေရွတ်လိုက်သည်။

သူဂူတံခါးကိုဖွင့်လိုက်ပြီး ခြံဝန်းဆီသို့ ဦးတည်လိုက်သည်။

အပြင်ဘက်တွင် အစေခံတစ်ဦးသည် ဖြောင့်မတ်စွာရပ်လျက် ဤနေရာတစ်ဝိုက်ကို စောင့်ကြပ်ပေးလျက်ရှိသည်။ ထိုသူမှာ ဖုန့်ချန်းကိုမြင်သော် လေးနက်စွာဦးညွှတ်လာ၏။

"ဂုဏ်သရေကြီးမားသော မိသားစုခေါင်းဆောင်ခင်ဗျာ သီးသန့်ကျင့်ကြံရေးကနေထွက်လာတာကို ဂုဏ်ယူဝမ်းမြောက်မိပါတယ် ကျင့်ကြံရေးအသီးအပွင့်တွေကိုလည်း ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ကျွန်တော်ကူညီပေးစရာများ ရှိသေးလားခင်ဗျာ"

အစေခံက ရိုကျိုးစွာမေးလာသည်။

ဖုန့်ချန်းက အစေခံကိုတစ်ချက်ကြည့်လိုက်ပြီးမှ တည်ငြိမ်စွာပြန်ဖြေလာသည်။

"မလိုဘူး အဆင်ပြေတယ် ခြံဝန်းထဲမှာခဏလောက်လေ့ကျင့်ကြည့်မလို့ အနှောင့်အယှက်မရှိအောင် စောင့်ကြည့်ပေးချေ"

အစေခံက လေးနက်သောမျက်နှာထားဖြင့် အမြန်ခေါင်းညိတ်လာသည်။

"ဟုတ်ကဲ့ မိသားစုခေါင်းဆောင် အနှောင့်အယှက်လုံးဝမရှိအောင် စောင့်ကြပ်ထားပါ့မယ်"

ဖုန့်ချန်းလည်း ခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီး ခိုင်ခံ့လုံခြုံသောခြံဝန်းထံသို့ ဦးတည်သွားလိုက်တော့၏။

သူသွားလိုက်သည့်နေရာတိုင်း၏လေထုမှာ တစ်စုံတစ်ခုဖြင့် အမွှေခံလိုက်ရသည့်အလားပင်။ အစေခံများကတော့ သတိပြုမိဟန်မတူဘဲ သူ့အားဝမ်းမြောက်ဝမ်းသာ ဝိုင်းနှုတ်ဆက်လို့နေကြသည်။

ခြံဝန်းတွင်းတွင် နေရာယူပြီးသည်နှင့် ဖုန့်ချန်းစမ်းသပ်တော့မည့်စွမ်းအားကို အာရုံစိုက်ထားလိုက်သည်။

အာကာသဖြိုခွင်းဓားကို သူတင်းကျပ်စွာဆုပ်ကိုင်လျက် သူ့အရည်အသွေးများအား အားကုန်တွန်းပို့ရန် ပြင်ဆင်လိုက်သည်။

သူလက်ကောက်ဝတ်ကိုတစ်ချက်လှည့်လိုက်ရာ အာကာသဖြိုခွင်းဓားသည် ကျင့်ကြံသူထံမှစီးဆင်းလာသောချီစွမ်းအင်ကြောင့် တောက်ပလင်းလက်သွားတော့၏။

ဖုန့်ချန်းသည် စိတ်ဆန္ဒကို ဓားသွားထဲသို့စီးဝင်စေလိုက်ပြီး တိကျလျင်မြန်သောခုတ်ပိုင်းချက်တစ်ချက်ကို ရွှမ်းခနဲခုတ်ချလိုက်တော့၏။

ဓားဖျားကတောက်ပသွားပြီး လေထုသည်တုန်လှုပ်သွားကာ ဖြတ်ပိုင်းလိုက်သောဓားချက်ကြောင့် မှောင်ရိပ်လွှမ်းနေသော အက်ကြောင်းရှည်မျောမျောတစ်စင်း ထွက်ပေါ်လာတော့သည်။ ဝေ့ဝဲနေသောစွမ်းအင်ကြောင့် အက်ကြောင်းအဖျားပိုင်းများမှာ ဖျော့တော့စွာ တဖျတ်ဖျတ်လင်းလက်လျက်။

ထိုအက်ကြောင်းကို ဖုန့်ချန်းအနီးကပ်ကြည့်လိုက်သော် မြူမှိုင်းအုံ့ဆိုင်းနေသော သီးသန့်နယ်မြေတစ်ခုကို သူမြင်တွေ့လိုက်ရ၏။

"အံ့မခန်းပါပဲလား"

သူမျက်လုံးပြူးသွားပြီး တအံ့တသြရေရွတ်မိသည်။

ထိုအက်ကြောင်းကို သူ့ချီစွမ်းအင်ဖြင့် တည်ငြိမ်အောင်ထိန်းသိမ်းလိုက်ပြီး ဤအရာကိုနားလည်ဖို့ အားထုတ်မှုရော ကျွမ်းကျင်မှုပါ လိုအပ်မည်ဖြစ်ကြောင်း ခံစားလိုက်မိသည်။

ဤသည်မှာ သူအသစ်တက်လိုက်နိုင်သော စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်အား စမ်းသပ်ခြင်းသက်သက်သာပင်။

သူ့နှလုံးသားတစ်ခုလုံးမှာ လှုပ်ရှားသက်ဝင်လို့နေပြီး အသစ်ရရှိထားသောအရည်အချင်းများကို စမ်းသပ်ကြည့်ဖို့စိတ်အားထက်သန်လျက်ရှိတော့သည်။ အာကာသကိုပင် ထိန်းချုပ်လွှမ်းမိုးနိုင်သော အဆင့်တစ်ခုအား သူတက်ရောက်နိုင်လိုက်လေပြီ။ ဤသည်မှာ ခြေလှမ်းအစသာ ရှိသေး၏။

All Chapters