န့်မိသားစု မင်းနေပြည်တော်သို့ဝင်ရောက်ခြင်း
Vol. 15 Ch. 201
ဖုန့်ချန်းသည် နောက်ရက်အနည်းငယ်အကြာထိ အသစ်ရရှိထားသောစွမ်းအားအဆင့်၏ အကန့်အသတ်များကို စမ်းသပ်လေ့ကျင့်ခဲ့လေသည်။
အာကာသဖြိုခွင်းဓားကို တစ်ချက်ပြီးတစ်ချက်လွှဲယမ်းရင်း ချီစွမ်းအင်ပေါက်ကွဲပြန့်ထွက်မှုများကို ထိန်းချုပ်လာနိုင်လေလေ စိတ်ဝိဉာဥ်ခွဲထွက်ခြင်းကျင့်ကြံဆင့်ကို ပို၍နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာလေလေဖြစ်၏။
အာကာသကျင့်စဥ်များကို ထိန်းချုပ်သန့်စင်ရင်း၊ သူ့အင်အားနှင့် ဓားအသစ်၏ ကြယ်ရောင်စဥ်တန်ခိုးအရှိန်အဝါတို့ကို ပေါင်းစပ်ရင်း ဖုန့်ချန်းသည် အသစ်တိုးလာသောစွမ်းအားများနှင့် အလျင်အမြန်ပင် အသားကျလာခဲ့သည်။
ဖုန့်ချန်းသီးသန့်လေ့ကျင့်နေသော ခြံဝန်းလေးမှာ သူ့စွမ်းအားများအတွက် အမှတ်အသားပြုရာနေရာတစ်ခုလိုဖြစ်လာခဲ့သည်။ ခြံဝန်းအတွင်း ဖွဲ့စည်းထားသော အစီအရင်မှာ ဖုန့်ချန်း၏ပြင်းထန်သော လေ့ကျင့်ရေးများကြောင့် စွဲကျန်လျက်ရှိသောချီအငွေ့အသက်များဖြင့် ခပ်ဖျော့ဖျော့တောက်ပလျက်ရှိသည်။
အချိန်များကား လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတော့ နဂါးနှင့်ဖီးနစ်ယှဥ်ပြိုင်ပွဲလသို့ ရောက်ရှိလာခဲ့လေပြီ။
မင်းနေပြည်တော်သို့ သွားသည့်လမ်းတစ်လျှောက် ချောမွေ့ကာပြီးပြည့်စုံနေစေရန် ဖုန့်မိသားစုဝင်များမှာ ပျားပန်းခတ်ပြင်ဆင်လှုပ်ရှားလျက်ရှိကြလေသည်။
ဖုန့်ချန်းက အစီအစဥ်များကိုဆွေးနွေးရန် မိသားစု၏အဓိကအကြီးအကဲများနှင့် အရေးပါသောမိသားစုဝင်များကို အစည်းအဝေးဆင့်ခေါ်လိုက်၏။
"မင်းနေပြည်တော်ကို ပြိုင်ပွဲမတိုင်မီ တစ်ပတ်အလိုမှာ ထွက်ခွာကြမယ်" ဟု ဖုန့်ချန်းကြေညာလိုက်သည်။ သူ့အသံက ပြတ်သားလျက်ရှိ၏။
"စောစောစီးစီး အခြေကျအောင်နေရာယူထားပြီး အခြားပြိုင်ပွဲဝင်တွေအကြောင်း စုံစမ်းထားဖို့အရေးကြီးတယ်"
အကြီးအကဲများနှင့် မိသားစုဝင်များလည်း ထောက်ခံစွာခေါင်းညိတ်လိုက်ကြသည်။
နဂါးနှင့်ဖီးနစ်ယှဥ်ပြိုင်ပွဲသည် အင်ပါယာတစ်ခုလုံးရှိကျင့်ကြံသူများကို စုရုံးဆွဲဆောင်နိုင်သော ပြိုင်ပွဲကြီးတစ်ခုဖြစ်ပေ၏။
စောစီးစွာ ရောက်ရှိနေခြင်းအားဖြင့် ဖုန့်မိသားစု၏ ကျော်ကြားလွှမ်းမိုးမှုကို အများတကာသတိထားမိအောင် ပြသရာလည်းရောက်သည်။
ဖုန့်ချန်းနှင့်အတူ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများဖြစ်ကြသည့် မဟာအကြီးအကဲနှစ်ဦးဖြစ်သော ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်လည်း အတူလိုက်ပါလာလိမ့်မည်။
အကြီးအကဲဝေ့က မိသားစု၏အရေးကိစ္စများ လုပ်ငန်းကိုင်ငန်းများကို စီစဥ်ဆောင်ရွက်ရန် နောက်ချန်နေခဲ့မည်ဖြစ်ပြီး အခြားဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူဖြစ်သော မဟာအကြီးအကဲ ဖုန့်လီဝေ့က ဖုန့်ချန်းနှင့် အခြားဓာတ်ကြီးသုံးပါးကျင့်ကြံသူများ အိမ်တော်တွင်မရှိသည့်အခိုက် ကျန်သူများကို တာဝန်ယူစောင့်ရှောက်ပေးမည်ဖြစ်၏။
သူတို့အပြင် အစေခံအချို့ကလည်း လိုအပ်သည်များကိုဖြည့်ဆည်းပေးရန် အတူလိုက်ပါကြမည်ပင်။ နောက်ဆုံးဆုံးဖြတ်ချက်အရ ဖုန့်မိသားစု၏ နဂါးနှင့်ဖီးနစ်ပြိုင်ပွဲဝင်များမှာ ဖုန့်ချန်း၏မျှော်လင့်ချက်များအရ ၆ဦးရွေးချယ်ခံထားရသည်။
ထူးတော့ထူးဆန်းပေသည်။ တစ်ချိန်က ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်ဆိုသည်မှာ ဖုန့်မိသားစု၏ အမြင့်ဆုံးကျင့်ကြံဆင့် ဖြစ်ခဲ့သည်မဟုတ်လော။
ယခုတွင်မူ ထိုကျင့်ကြံဆင့်သို့ရောက်ရှိနေသော အသက်၂၃အောက်လူငယ်၆ယောက် ရှိနေရုံသာမက ဖုန့်မေ၊ ဖုန့်ရှောင်ယုနှင့် ဖုန့်ယွင်သည်လည်း ထိုအဆင့်သို့ရောက်နေလောက်ပေမည်ဟု ခန့်မှန်းရသည်။
ဖုန့်မိသားစု၏တိုးတက်မှုကို သက်သေပြနေသော နောက်တစ်ချက်ဟု ဆိုနိုင်ပေသည်။
ထွက်ခွာဖို့ရက်ကို နီးကပ်လာသည်နှင့်အမျှ မိသားစုတစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် သက်ဝင်တက်ကြွလျက်ရှိကြတော့၏။
အစေခံများက လိုအပ်သည်မှန်သမျှကို ထုပ်ပိုးပြင်ဆင်ရင်း အကြီးအကဲများက နည်းဗျူဟာများကို အဆုံးသတ်အကျဥ်းချုပ်နေကြကာ ပြိုင်ပွဲဝင်လူငယ်များက အလားအလာရှိသော ပါရမီရှင်ပြိုင်ဘက်များအကြောင်း စိတ်လှုပ်ရှားမှုတစ်ဖုံ စိတ်ပိုင်းဖြတ်မှုတစ်ဝက်ဖြင့် ဆွေးနွေးလျက်ရှိကြသည်။
ဖုန့်ချန်းသည် သန့်ရှင်းသပ်ရပ်၍ သြဇာအငွေ့အသက်များရစ်ဝဲနေသည့် ဝတ်ရုံကိုဆင်မြန်းထားကာ ဖုန့်စံအိမ်ရှေ့မျက်နှာစာတွင် ရပ်လျက်ရှိသည်။ မတ်မတ်ရပ်တည်လျက်ရှိသော မိသားစုခေါင်းဆောင်ကိုကြည့်ရင်း ဖုန့်မိသားစုဝင်တို့မှာ ယုံကြည်မှုများတိုးပွားလာသလို ခံစားနေရတော့၏။
"ထွက်ကြစို့"
အသင့်ပြင်ထားသော ရထားလုံးတန်းကို အချက်ပြလျက် သူတည်ငြိမ်စွာအမိန့်ပေးလိုက်သည်။
ဖုန့်မိသားစု၏ သင်္ကေတအလံမှာ ရထားလုံးများထက်တွင် ဝင့်ကြွားစွာတလူလူလွင့်တက်နေပြီး လူတန်းကြီးမှာလည်း ပြိုင်ပွဲကြီးအတွက် ရင်တခုန်ခုန်မျှော်လင့်စောင့်စားလျက်ရှိသော မင်းနေပြည်တော်ထံသို့ ချီတက်လာခဲ့ကြတော့၏။
"ငါတော့ ရင်တွေတုန်နေပြီ"
ဖုန့်ရော့လန်က ပြောလာသည်။
"ငါရောပဲ"
ဖုန့်ချီယွဲ့ကလည်း အမြန်ပြန်ပြောရှာသည်။
သူတို့၏အင်အားက ပြည့်စုံလုံလောက်နေပြီဖြစ်သော်ငြား သူတို့နှစ်ဦးအတွက် မြူခိုးချိုင့်ဝှမ်းမြို့တော်မှ ပထမဆုံးထွက်ခွာရသည့်ခရီးဖြစ်လေသည်။
ဖုန့်လျန်းနှင့် ဖုန့်ကျန်းဟောင်မှလွဲ၍ အခြားလေးယောက်မှာ ချီအရည်ဖွဲ့ခြင်းစဦးပိုင်းအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်၏။
ကျင့်ကြံဆင့်နှင့်သတ်မှတ်ရလျှင် သူတို့အားလုံးမှာ ထိပ်တန်းပြိုင်ပွဲဝင်များပင်။ ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်က တွေ့ရရှားသလို အရင်အနိုင်ရရှိသူများအားလုံးလည်း ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများသာဖြစ်သည်။
ပြိုင်ပွဲဝင်ဖို့အတွက် သူတို့အားလုံးယုံကြည်မှုအပြည့်ရှိသော်ငြား ထိုလေးဦးမှာတော့ ဘဝသက်တမ်းတစ်လျှောက်လုံးကို မြူခိုးချိုင့်ဝှမ်းမြို့တွင်သာ ကုန်ဆုံးလာခဲ့ကြသူများဖြစ်သည်။
ထို့အပြင် ထူးကဲသောပါရမီရှင်များဖြစ်ကြသည့် ဖုန့်ယွင်၊ ဖုန့်မေတို့နှင့်ယှဥ်လျှင် သူတို့ကိုယ်သူတို့ ပါရမီရှင်ပါဟု ရဲရဲပြောနိုင်ကြသည့်အနေအထားမဟုတ်ပေ။
ဖုန့်ကျန်းဟောင်နှင့် ဖုန့်လျန်းမှာမူ အရှေ့ပိုင်းစီရင်စု စုဝေးပွဲတွင် သွားရောက်ယှဥ်ပြိုင်ဖူးပြီးသားဖြစ်၍ ယုံကြည်မှုလည်းပိုရှိကာ ပိုပြီးတည်ငြိမ်သည်။
ဒီပြိုင်ပွဲအဆင့်က ပိုပြီးမြင့်မားသလို မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံး၏ ပါရမီရှင်များ စုပေါင်းရောက်ရှိလာကြမည်ဖြစ်သည့်တိုင် သူတို့ကိုင်တွယ်နိုင်လိမ့်မည်ဟုသာ စိတ်ချထားကြ၏။
"အများကြီးမတွေးကြနဲ့"
ဖုန့်ကျန်းဟောင်က စိတ်လှုပ်ရှားနေသောသူများကို အပြုံးတစ်ခုဖြင့် နှစ်သိမ့်လာသည်။
"မင်းနေပြည်တော်ဆိုတော့ အကြားနဲ့တင်ရင်တုန်စရာကောင်းမယ်မှန်း ငါနားလည်ပါတယ် ဒါပေမယ့် မြူခိုးချိုင့်ဝှမ်းမြို့တော်နဲ့ ဘာမှမထူးပါဘူးကွာ လူပိုရှုပ်ပြီး အလုပ်တွေပိုများနေကြတာပဲရှိမှာ"
ဖုန့်လျန်းကလည်း ခေါင်းညိတ်လျက် ဝင်ရောက်ထောက်ခံလာသည်။ တည်ငြိမ်သောအသံက ဖုန့်ကျန်းဟောင်၏နှစ်သိမ့်စကားပို ပိုလေးနက်အောင် ဖြည့်စွမ်းပေးလျက်။
"အဓိကကတော့ အာရုံစိုက်ထားဖို့ပဲ ခမ်းနားတဲ့နေရာတွေကိုကြည့်ပြီး စိတ်ပျံ့လွင့်မသွားစေနဲ့ မှတ်ထားရမှာက ငါတို့ကဒီကို ဖုန့်မိသားစုရဲ့အင်အားကိုကိုယ်စားပြုပေးဖို့ ရောက်လာတာပဲ အင်အားချင်းယှဥ်လိုက်ရင် တစ်ဖက်ပြိုင်ဘက်က ငါတို့ကိုပြန်စိတ်ပူနေရမှာပါကွာ"
နှစ်သိမ့်စကားများကြောင့် ရင်တထိတ်ထိတ်ဖြစ်နေသူများလည်း စိတ်လက်ပေါ့ပါးသွားကြသည်။
ဖုန့်ရော့လန်နှင့် ဖုန့်ချီယွဲ့တို့သည်လည်း စိတ်လှုပ်ရှားဟန်ဖြင့် အချင်းချင်းကြည့်နေကြသေးသော်ငြား ပိုအဆင်ပြေသွားကြဟန်ပေါ်သည်။ ဖုန့်ချီယွဲ့မှာလည်း ယုံကြည်မှုအပြည့်ဖြင့် မဲ့ပြုံးလေးတစ်ချက်ကိုဆင်ကာ နဂိုဟန်ဖြစ်သော ရဲရင့်ခြင်းအမူအရာက ပြန်လည်ထွက်ပေါ်လာတော့၏။
လူအုပ်မှာ မင်းနေပြည်တော်သို့ တရွေ့ရွေ့ခရီးဆက်နေပြီး ပြိုင်ပွဲဝင်တို့၏နှလုံးသားအစုံသည်လည်း စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုဖြင့် ပေါ့ပါးဝင့်ကြွားလျက် ရှိကြလေသည်။
နှစ်ရက်မျှခရီးဆက်ပြီးနောက် ဖုန့်မိသားစုသည် မင်းနေပြည်တော်သို့ရောက်ရှိသွားလေပြီ။
ဖုန့်ချန်းတစ်ယောက်တည်းသာဆိုလျှင်တော့ နာရီအနည်းငယ်လောက်ဖြင့် အပြေးလာလိုက်လို့ရသောခရီးပင်။
ယခု စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်သို့ ချိုးဖျက်နိုင်ပြီးနောက် ဤမျှအကွာအဝေးလောက်ကို စိတ်စွမ်းအားဖြင့် ချက်ချင်းအရောက်သွားနိုင်လောက်သည်ဟု သူခန့်မှန်းမိသည်။ သို့သော် သူ့စွမ်းအားအဆင့်ကို ယခုဖုံးကွယ်ထားရဦးမည်ဖြစ်သောကြောင့် စမ်းသပ်ကြည့်လို့မရသေးပေ။
မည်သို့ပင်ဆိုစေ ဤခရီးလမ်းသည် လူငယ်လေးများအတွက် တန်ဖိုးရှိသောအတွေ့အကြုံတစ်ခု ဖြစ်လာမည်ပင်။ လမ်းတစ်လျှောက်တွင် သူ့အိမ်က ကလေးများ ယုံကြည်မှုပိုတိုးစေရန် သူအားပေးစကားများဖြင့် စိတ်ဓာတ်ကိုမြှင့်တင်ပေးခဲ့သည်။ ရရှိသောအဆင့်ကိုမူတည်ပြီး ဆုလာဘ်များလည်းချီးမြှင့်ဦးမည်ဟု ကတိစကားဆိုကာ ကလေးများကို ပိုလို့စိတ်အားတက်ကြွစေသည်။
အရင်နှစ်ခေါက်နှင့်မတူဘဲ ဒီတစ်ခေါက်တော့ မင်းနေပြည်တော်ထဲဝင်ဖို့ တန်းစီစောင့်ဆိုင်းရပေသည်။
လူတန်းက အရင်နှစ်ခေါက်မြင်ခဲ့တုန်းကထက် ပိုရှည်လျားပြီး မြို့တော်အစောင့်များနှင့်တွေ့ဖို့ကို နာရီအနည်းငယ်မျှ စောင့်ဆိုင်းလိုက်ရသေးသည်ပင်။
အစောင့်ရဲမက်က သူတို့၏အထောက်အထားများနှင့် လာရောက်ရခြင်းရည်ရွယ်ချက်ကို စစ်ဆေးပြီးနောက် ဝင်ခွင့်ပြုလိုက်တော့သည်။
ဤမျှရှည်လျားလှသောလူတန်းကြီး၏ အဓိကအကြောင်းရင်းကား အသိသာကြီးကို နဂါးနှင့်ဖီးနစ်ယှဥ်ပြိုင်ပွဲ ဖြစ်၏။
ပါဝင်ယှဥ်ပြိုင်ဖို့ဖြစ်စေ ပွဲကြည့်ဖို့ဖြစ်စေ အင်ပါယာတစ်ခုလုံးမှပြည်သူအပေါင်းသည် မင်းနေပြည်တော်တွင် လာရောက်စုရုံးကြခြင်းဖြစ်သည်။
ကြာညောင်းလှသောစောင့်ဆိုင်းချိန်အပြီးတွင် နောက်ဆုံးတော့သူတို့ မင်းနေပြည်တော်သို့ဝင်ခွင့်ရခဲ့ပြီး စည်ကားရှုပ်ထွေးလှသော မြို့တော်မြင်ကွင်းသည်လည်း မျက်စိရှေ့မှောက်တွင် ပုံပေါ်လာခဲ့လေပြီ။
မိုးပြာကောင်းကင်အင်ပါယာ၏ မင်းနေပြည်တော်သည် သူတို့မျက်စိရှေ့မှောက်တွင်ရောက်လို့နေလေပြီ။ အသက်ရှူမှားလောက်သောမြင်ကွင်းကြောင့် ဖုန့်မိသားစု၏ လူငယ်၆ယောက်နှင့် အကြီးအကဲတို့မှာ ရင်သပ်ရှုမောဖြစ်လို့နေကြ၏။
မြို့တော်ကို ဝိုင်းပတ်ကာရံထားသော တံတိုင်းမြင့်များနှင့် ကျယ်ပြောသောလမ်းများထက်တွင် ကျင့်ကြံသူများ၊ ကုန်သည်ဈေးသည်များ၊ အထက်တန်းစားလူကြီးမင်းများက ရောယှက်ပြည့်နှက်လို့နေကြ၏။
နဂါးနှင့်ဖီးနစ်ပြိုင်ပွဲကို ကိုယ်စားပြုသော သက်ဝင်ကြွရွနေသည့် အလံများကို လမ်းထောင့်တိုင်းတွင် ချိတ်ဆွဲလွှင့်ထူထားခြင်းကြောင့် လေထုမှာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းနေတော့သည်။
မြို့တော်၏ ကြီးမားကျယ်ပြန့်လှသောမြင်ကွင်းကို ငေးမောရင်း ဖုန့်ရော့လန်က ပြောလာသည်။
"မင်းနေပြည်တော်ကြီးက အကြီးကြီးပါပဲလား ဒါနဲ့ယှဥ်ရင် မြူခိုးချိုင့်ဝှမ်းမြို့တော်က ရွာသေးသေးလေးဖြစ်သွားသလိုပဲ"
ဖုန့်ချီယွဲ့ကလည်း ထောက်ခံစွာခေါင်းညိတ်သည်။
"ဒီအဆောက်အဦးတွေကိုကြည့်ပါဦး မြင့်လိုက်တာမှတောင်ကြီးအတိုင်းပဲ ဒါတွေကိုဘယ်လိုများဆောက်ကြပါလိမ့်"
ပုံမှန်အချိန်တွင် အေးဆေးငြိမ်သက်နေတတ်သော ဖုန့်ဟောက်ရန်မှာလည်း ယခုတော့ အံ့သြဘနန်းခံစားချက်တို့ကို မဖုံးကွယ်နိုင်တော့ပေ။
"ဝိုး မင်းနေပြည်တော်က ဒီလောက်ကြီးလိမ့်မယ်လို့ ငါတစ်ခါမှထင်မထားဖူးဘူး"
"ဟုတ်ပါ့ကွာ ကျယ်လည်းအကျယ်ကြီးပဲ ချင်းယွင်မြို့ထက်တောင်သာသေးတယ်"
ဖုန့်ကျန်းဟောင်လည်း ဝင်ထောက်ခံသည်။
အရှေ့ပိုင်းစီရင်စုသို့ ခရီးသွားခဲ့ဖူးသော သူသည်ပင် မင်းနေပြည်တော်၏မြင်ကွင်းအား မအံ့သြပဲမနေနိုင်တော့ပါပေ။
"လမ်းဖယ်စမ်းဟေ့"
အသံတစ်သံက သူတို့စကားဝိုင်းကိုဖြတ်ဝင်လာသည်။
ဆူညံသောရထားလုံးသံများက သူတို့စကားဝိုင်းကိုဖြတ်တောက်လိုက်ပြီး ခံ့ညားဝင့်ကြွားဟန်လူတစ်စုသည် မင်းနေပြည်တော်ဂိတ်တံခါးကိုဖြတ်လျက် ဝင်ရောက်လာတော့သည်။
ရွှေရောင်ဖီးနစ်ငှက်သင်္ကေတဖြင့် ခြယ်သထားသော ကြီးမားခမ်းနားသော ရထားလုံးကြီးကို ထိုလူတစ်စုက စောင့်ကြပ်ခေါ်ဆောင်လာကြခြင်းဖြစ်သည်။
အရှိန်အဝါအရတော့ ဂုဏ်သရေရှိမိသားစု သို့မဟုတ် ဂိုဏ်းဂဏကြီးတစ်ခုခုက ဖြစ်ရပေမည်။
"ဒါက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ယောက်ဖြစ်မယ်နော်" ရော့လန်က အသံတိုးတိုးလေးဖြင့် အံ့သြတကြီးဆိုလာသည်။
"သူတို့လည်း ပြိုင်ပွဲဝင်ဖို့လာတာများလားနော်"
"ဟုတ်မှာပေါ့" ဖုန့်လျန်းက တည်ငြိမ်စွာတုံ့ပြန်သည်။
"နဂါးနှင့်ဖီးနစ်ပြိုင်ပွဲဆိုတာ အင်ပါယာတစ်ခုလုံးက အတော်ဆုံးဆိုတဲ့ကျင့်ကြံသူတွေကို စုဆောင်းထားတာပဲ ငါတို့က တစ်နိုင်ငံလုံးကပါရမီရှင်တွေနဲ့ ယှဥ်တိုက်ရမှာ"
သူတို့လူစုလည်း မင်းနေပြည်တော်လမ်းတစ်လျှောက် ဖြတ်သန်းသွားကြရင်း ဖုန့်မိသားစုပါရမီရှင်လေးများမှာတော့ သက်ဝင်လှုပ်ရှားလျက်ရှိသော ဈေးတန်းများ၊ လမ်းမထက်က တင်ဆက်ပြသမှုများနှင့် ဘုရားကျောင်းဆောင်မြင့်ကြီးများကို ရှုစားလို့မဆုံးနိုင်တော့ပေ။ မင်းနေပြည်တော်၏နေရာတိုင်းမှာ အာဏာနှင့်ကြွယ်ဝမှုအငွေ့အသက်များကို ထုတ်လွှင့်လျက်ရှိ၏။
အရှေ့မှမြင်းစီးဦးဆောင်သွားသော ဖုန့်ချန်းသည် ရထားလုံးထဲမှကလေးများကိုလှည့်ကြည့်ရင်း မသိမသာပြုံးလိုက်မိသည်။
ထို့နောက် ပဥ္စမမင်းသမီးထံမှ ဆုလာဘ်အဖြစ်ရရှိထားသောစံအိမ်ထံသို့ ဦးတည်သွားလိုက်ကြသည်။
ဖုန့်ချန်းလည်း အစကတော့ ထိုစံအိမ်တွင်နေသင့်မနေသင့်ကို စဥ်းစားနေသေး၏။ သူသာဤနေရာတွင်တည်းခိုလိုက်လျှင် ပဥ္စမမင်းသမီးက သူ့နောက်ခံကို သေချာပေါက်သိရှိသွားမည်ပင်။ သို့သော် လက်ရှိစွမ်းအားအဆင့်အရ ဖုံးကွယ်နေစရာမလိုတော့ဟု သူတွေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိမင်းနေပြည်တော်အနေအထားအရ တည်းခိုခန်းတစ်ခန်းတလေမျှပင် လွတ်တော့မည့်ပုံမပေါ်ပါချေ။
မင်းနေပြည်တော်တွင် ဆွေမျိုးသားချင်းမရှိသူ မိသားစုငယ်လေးများက နေစရာရှာထားဖို့အတွက် လပေါင်းများစွာစောစီးရောက်ရှိနေကြသောကြောင့်ဖြစ်သည်။
ဤနေရာတွင် နေစရာသာကြိုစီစဥ်မထားလျှင် ဖုန့်ချန်းတော့ ကျောခင်းစရာတစ်နေရာရဖို့အတွက်ပင် တစ်နေကုန်လျှောက်ပတ်ရှာနေရမည့်အခြေအနေရှိ၏။ နေစရာရှာမတွေ့သောကြောင့် လမ်းဘေးတွင်တဲထိုးကာနေထိုင်နေကြသော ခရီးသွားအချို့ကိုပင် သူတွေ့လိုက်ရသေးသည်။ ဖုန့်ချန်း၏ နောက်အစီအစဥ်တစ်ခုကတော့ လန်အိမ်တော်တွင်တည်းခိုဖို့ပင်။ သို့သော် စောင့်ကြည့်သောသူများက ဖုန့်မိသားစုနှင့်လန်မိသားစုမှာ အမှန်တကယ်တော့ရန်သူများမဟုတ်ကြဘဲ ပူးပေါင်း၍ပင်အလုပ်လုပ်နေကြသည်မှန်း သိသွားကြပေမည်။
ဤအတိုင်းသာဆိုလျှင် အစီအစဥ်များအားလုံးပျက်ပြားရုံသာမက လျှို့ဝှက်သတင်းပေးတစ်ဦးကိုလည်း ဆုံးရှုံးရပေလိမ့်မည်။