← Chapters

နောက်ကွယ်က အဆက်အသွယ်များ

Vol. 15 Ch. 202

နောက်ကွယ်က အဆက်အသွယ်များ

Vol. 15 Ch. 202

ဖုန့်မိသားစုဝင်များ စံအိမ်အနားသို့ နီးကပ်လာသောအခါ ခမ်းနားကြီးကျယ်သောစံအိမ်ကြီးကြောင့် လူငယ်အဖွဲ့မှာ ထပ်မံအံ့အားသင့်ရပြန်တော့၏။

မင်းနေပြည်တော်၏ အချက်အချာနေရာတွင်တည်ရှိသောစံအိမ်သည် သီးသန့်ခြံဝင်းတစ်ခုလည်း တွဲလျက်ပါလာသေးသည်။

ပဥ္စမမင်းသမီး၏ ရက်ရောသောချီးမြှင့်မှုဟုလည်း ဆိုနိုင်သလို ဖုန့်ချန်းနှင့်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် ပါးနပ်သောနည်းဗျူဟာတစ်ခုလည်းဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ ဤစံအိမ်သည် လက်ရှိရနိုင်မည့်နေရာအားလုံးထက် ပိုကောင်းမွန်သလို လန်မိသားစုစံအိမ်တော်ဖြင့်ပင် ယှဥ်နိုင်သည့်အနေအထားရှိ၏။

ဂိတ်တံခါးများကို ဖွင့်လှစ်လိုက်သော် စံအိမ်ကို နဂိုအတိုင်းထိန်းသိမ်းကြည့်ရှုထားပေးသော အစေခံများက ခရီးဦးကြိုပြုလာသည်။

အစေခံများက ပြင်ဆင်ထားပြီးဖြစ်သော စံအိမ်အတွင်းသို့ သူတို့ကိုနေရာချထားပေးလိုက်သည်။

အခန်းများက ကျယ်ဝန်းပြီး ပရိ‌ဘောဂအစုံအလင်ဖြင့် သပ်ရပ်စွာပြင်ဆင်လို့ထားသည်။ ပဥ္စမမင်းသမီးကတော့ အတော်လေးအားထုတ်ပေးခဲ့ပုံပေါ်သည်ပင်။

ခြံဝန်းအလယ်တွင် လူငယ်ပြိုင်ပွဲဝင်၆ဦးသည် လေ့ကျင့်ရေးအတွက်စုရုံးလျက်ရှိကြ၏။

အစောပိုင်းက ရင်တုန်ပန်းတုန်ခံစားချက်များ လွင့်ပျယ်သွားပြီး လာမည့်ပြိုင်ပွဲအကြောင်းကို စိတ်လှုပ်ရှားစွာဆွေးနွေးလျက်ရှိကြသည်။

ဖုန့်ရော့လန်သည် ကျောက်တိုင်တစ်ခုကိုမှီရပ်လျက် စံအိမ်ကိုထွင်းထုစီခြယ်ထားသည့် အသေးစိတ်ပန်းပုလက်ရာများအား လိုက်လံကြည့်ရှုလို့နေသည်။

"ငါတို့နေတဲ့စံအိမ်တောင်ဒီလောက်လှတာ တော်ဝင်နန်းတော်ဆို ဘယ်လောက်တောင်ခမ်းနားလိုက်မလဲ တွေးတောင်မကြည့်နိုင်ဘူး" သူမက ရင်သပ်ရှုမောစွာ ဆိုလာသည်။

ဖုန့်ချီယွဲ့က တစ်ချက်ပြုံးသည်။

"အိမ်မက်တောင်မက်လို့မရနိုင်တဲ့နေရာမျိုးဖြစ်မှာပေါ့ ဒါနဲ့ မိသားစုခေါင်းဆောင်က ဒီလိုနေရာကို ဘယ်လိုရလာတာပါလိမ့်"

ဖုန့်ချီယုသည် အတွေးများသွားဟန်ဖြင့် ခေါင်းကိုအသာငဲ့သည်။

"အင်း...ငါကြားတာကတော့ ပဥ္စမမင်းသမီးက မိသားစုခေါင်းဆောင်ကို လက်ဆောင်ပေးလိုက်တာဆိုလားပဲ" ဖုန့်ကျန်းဟောင်က ဆိုသည်။ လွန်ခဲ့သောလများတုန်းက အကြီးအကဲများ၏စကားဝိုင်းမှ သူနားစွန်နားဖျားကြားလာသောသတင်းပင်။

"ပဥ္စမမင်းသမီးဟုတ်လား?"

ဖုန့်ရော့လန်နှင့် ကျန်သူများမှာ အံ့သြတကြီးအာမေဋိတ်ပြုလိုက်ကြသည်။

"မိုးပြာကောင်းကင်အင်ပါယာရဲ့ အလှဆုံးအမျိုးသမီးဆယ်ယောက်ထဲက တစ်‌ယောက်ဆိုတာမလား? ကျက်သရေအရှိဆုံးအမျိုးသမီးလို့ လူတွေပြောကြတဲ့တစ်‌ယောက်လေ"

ဖုန့်ရော့လန်က မယုံကြည်နိုင်ဟန်ဖြင့် အော်မေးလာသည်။

မိန်းကလေးငယ်တစ်ဦးဖြစ်သည်နှင့်အညီ ဖုန့်ရော့လန်မှာ အာဏာတွေ စွမ်းအားတွေထက် အလှတရားကို ပိုလို့အထင်ကြီးချီးမွမ်းမိသည်ပင်။

ထိုသို့ မိန်းကလေးငယ်များကြားတွင် အလှတရားကြောင့် အင်မတန်ကျော်ကြားသော ပဥ္စမမင်းသမီးကို သူမ မကြားဖူးဘဲမရှိပါ။

ဖုန့်ချီယွဲ့လည်း မျက်ခုံးတစ်ဖက်ပင့်ကာ ဖုန့်ကျန်းဟောင်နား တိုးကပ်သွားလိုက်သည်။

"ဆိုတော့ မင်းပြောသလိုဆို ပဥ္စမမင်းသမီးက ဒီစံအိမ်ကို ငါတို့ခေါင်းဆောင်ဆီလက်ဆောင်ပေးလိုက်တာပေါ့ မယုံနိုင်စရာပဲ"

ဖုန့်ကျန်းဟောင်လည်း ပြုံးစိစိဖြင့် ပုခုံးတွ့န်ပြလာသည်။

"ငါလည်းအသေးစိတ်တော့မသိဘူး ဒါပေမယ့် ကြားခဲ့ရသလောက်ဆိုရင် ပဥ္စမမင်းသမီးက ဒီစံအိမ်ကို တစ်ခြားလက်ဆောင်ပစ္စည်းတွေနဲ့ အတူပေးလိုက်တာတဲ့"

ဖုန့်ရော့လန်မျက်လုံးများမှာ စူးစမ်းလိုစိတ်များဖြင့်တောက်ပသွားပြီး လက်နှစ်ဖက်ကိုအတူဆုပ်ကိုင်လိုက်သည်။

"မင်းသမီးက ဖုန့်မိသားစုရဲ့အမျိုးသမီးတစ်‌ယောက်ဖြစ်လာဖို့ စိတ်ဝင်စားနေတာများလား နင်တို့စဥ်းစားကြည့်စမ်း အလှဆုံး နာမည်အကြီးဆုံးမင်းသမီးက ငါတို့ခေါင်းဆောင်နဲ့လက်ထပ်မယ်ဆိုတာကိုလေ"

ဖုန့်ချီယွဲ့က လက်ပိုက်လျက် ခပ်သာသာရယ်မောသည်။

"လျှောက်ပြီးကောက်ချက်ချမနေနဲ့ ရော့လန် ပဥ္စမမင်းသမီးက စံအိမ်လက်ဆောင်ပေးတယ်ဆိုတိုင်း လက်ထပ်ချင်နေတာမှမဟုတ်တာ နောက်ပြီး ငါတို့ခေါင်းဆောင်ကလည်း အရမ်းသီးသန့်ဆန်တယ် သူအချစ်အကြောင်းပြောတာ တစ်ခါလောက်တောင်ကြားဖူးလို့လား"

ငြိမ်နားထောင်လျက်ရှိသော ဖုန့်ချီယုက ဝင်ပြောလာသည်။ "မဖြစ်နိုင်တာတော့လည်းမဟုတ်ဘူးလေ ပဥ္စမမင်းသမီးက ကျက်သရေအဖြာဖြာနဲ့ပြည့်စုံပြီး ထက်မြက်လို့နာမည်ကြီးတယ် ငါတို့ခေါင်းဆောင်ကလည်း ပြိုင်ဘက်ကင်းစွမ်းအားကြောင့်နာမည်ကြီးတယ် သူတို့နှစ်ယောက်သာလက်ထပ်မယ်ဆို နိုင်ငံရေးအရရော ကိုယ်ရေးကိုယ်တာအရပါ လိုက်ဖက်ညီနေမှာပဲ"

ဖုန့်ကျန်းဟောင်ကလည်း ခေါင်းညိတ်သည်။ "ဟုတ်တယ် ငါတို့ခေါင်းဆောင်က ပဥ္စမမင်းသမီးလိုအမျိုးသမီးနဲ့ပဲထိုက်တန်တယ် လက်ထပ်ပွဲသာတကယ်ဖြစ်လာခဲ့ရင် လုံးဝပွဲအကြီးကြီးဖြစ်မှာပဲ"

ဖုန့်လျန်းက သူတို့စကားဝိုင်းကို ခပ်စူးစူးအကြည့်တစ်ချက်ဖြင့် ဟန့်တားလိုက်သည်။

"စပ်စုတာတော်သင့်ပြီ ဒါမိသားစုခေါင်းဆောင်ရဲ့ ကိုယ်ရေးကိုယ်တာပဲ နောက်ပြီး နဂါးနှင့်ဖီးနစ်ပြိုင်ပွဲက ဖုန့်မိသားစုအတွက် ဘယ်လောက်အရေးကြီးမှန်း မင်းတို့သိကြရဲ့မဟုတ်လား"

သူတို့အုပ်စု ငြိမ်ကျသွားပြီး ခေါင်းလေးတွေတဆတ်ဆတ်ညိတ်ပြလာကြတော့၏။

"ဟမ့် လွန်ခဲ့တဲ့သုံးနှစ်က အဲ့ခွေးမလုပ်သွားတဲ့အပြုအမူကို ဘယ်လိုလုပ်သတိမရဘဲနေမလဲ အခုအချိန်က ငါတို့ဂုဏ်သိက္ခာကိုပြန်ဆယ်ပြီး အဲ့မိန်းမရှေ့ ပျော်ပျော်ကြီးအောင်ပွဲခံရမယ့်အချိန်ပဲ"

ဖုန့်ကျန်းဟောင်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာသည်။

"အပြောကတော့ လွယ်တာပေါ့ကွာ" ဖုန့်လျန်းက ခေါင်းကိုအသာယမ်းလျက်ဆိုသည်။

"မမေ့ကြနဲ့ ဖုန့်မေယုက လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်ကိုရောက်ထားတာ အခုဘယ်လောက်စွမ်းအားကြီးနေမလဲ မသိနိုင်ဘူး ကျင့်ကြံဆင့်က ငါတို့ထက်အရမ်းသာလွန်နေတာမျိုးလည်း ဖြစ်နိုင်တယ်"

ဖုန့်လျန်း၏စကားများကြောင့် ဖုန့်ကျန်းဟောင်၏ဒေါသမီးလည်း ငြိမ်ကျသွားရတော့၏။

ဒီတလောအတွင်း သူတို့မည်မျှထိတိုးတက်လာသည်ပဲဆိုဆို လင်းမေယုသည် သာမန်ပြိုင်ဘက်မျိုးမဟုတ်ပေ။

သူမသည် မိုးပြာကောင်းကင်အင်ပါယာ၏ အကြီးမြတ်ဆုံးသောပါရမီရှင်များထဲမှ တစ်ဦးဖြစ်သလို ဆန်းကြယ်မီးတောက်ဂိုဏ်းလို အင်ပါယာ၏အင်အားအကြီးဆုံးဂိုဏ်းမှ အတွင်းတပည့်တစ်ဦးလည်းဖြစ်သည်။

"ငါကတော့ သူနဲ့ယှဥ်တိုက်နိုင်မှာမဟုတ်ဘူးပေါ့" ဖုန့်ကျန်းဟောင်က လေသံပျော့ပျော့ဖြင့် ဝန်ခံလာသည်။ "ဒါပေမယ့် ညီလေးယွင်က သူ့ပါရမီနဲ့ လတ်တလောတိုးတက်ထားတဲ့အရှိန်နဲ့ဆိုရင် လင်းမေယုကိုအနိုင်ပိုင်းနိုင်လိမ့်မယ် သေချာပေါက်ရှုံးမှာမဟုတ်ဘူး"

ဖုန့်ချီယွဲ့ကလည်း ခေါင်းညိတ်ထောက်ခံသည်။

"အစ်ကိုယွင်တင်မကဘူး ဖုန့်မေကလည်း အံ့သြစရာကောင်းတယ် လင်းမေယုကို သူအနိုင်ပိုင်းပစ်လိုက်မှာလည်း ဖြစ်နိုင်တယ်"

ဖုန့်ရော့လန်လည် အတွေးပေါက်သွားဟန်ဖြင့် မျက်လုံးများတောက်ပလာသည်။

"ဟုတ်သားပဲ ဖုန့်မေနဲ့ဖုန့်ရှောင်ယုက အေးခဲမြူခိုးဂိုဏ်းမှာလေ့ကျင့်သင်ပြခံထားရတာ ဖုန့်မေဆို ရေခဲနတ်သမီးရဲ့အနီးကပ်ညွှန်ကြားမှုကိုပါ လက်ခံထားရဦးမှာ"

ဖုန့်လျန်းလည်း ထောက်ခံဟန်ဖြင့်ခေါင်းညိတ်လိုက်ပေမယ့် တည်တည်ငြိမ်ငြိမ်သာ။

"ဒီလိုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် ငါတို့အားလုံးလည်းပြင်ဆင်ထားရမယ် လင်းမေယုကိုအနိုင်မယူနိုင်ဘူးဆိုရင်တောင် တစ်ခြားပြိုင်ဘက်တွေကိုတော့ မရှုံးစေရဘူး အကောင်းဆုံးကြိုးစားကြပြီး ဖုန့်မိသားစုကို ခေါင်းထဲအမြဲထည့်ထားကြပါ"

လူငယ်လေးများ လူစုခွဲ၍ လေ့ကျင့်ရန်ပြင်ဆင်နေကြစဥ် အကြီးအကဲများက စံအိမ်စာကြည့်ခန်းတွင် စုဝေးလိုက်ကြ၏။

စားပွဲထိပ်တွင် ဖုန့်ချန်းထိုင်လျက်ရှိပြီး မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်က ‌ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်လျက်ရှိသည်။

"ချန်းအာ" ဖုန့်ကျန်းရှန်က စကားစသည်။ "ဖုန့်ယွင်ဆီက ဘာသတင်းမှမရသေးဘူး စာလာတာလည်း လွန်ခဲ့တဲ့တစ်လကျော်လောက်ကတည်းကနောက်ဆုံးပဲ အဲ့ဒီနောက် အစကိုရှာမရတော့ဘူး"

ဖုန့်ချန်းက တည်တည်ငြိမ်ငြိမ်ပင်။

"ဟုတ်တယ် ဖုန့်ယွင်ဆီကစာတွေမလာတော့ဘူး ဒါပေမယ့်စိတ်ပူစရာတော့မလိုပါဘူး သူရောက်လာမှာသေချာပါတယ်"

ဖုန့်ချန်းကတော့ လွန်လွန်ကဲကဲစိတ်ပူမနေပါ။ ပြိုင်ပွဲစကာမှ အဲ့ကောင်လေးက ဝုန်းခနဲ ဒရာမာဆန်ဆန်ပေါ်လာလျှင်လည်း သူအံ့သြမည်မဟုတ်။

ဖုန့်ယွင်ပေါ်မလာခဲ့လျှင် ဖုန့်ချန်းတွင် နောက်အစီအစဥ်တစ်ခုရှိနေသေး၏။

ဖုန့်ယွင်ကိုသူပေးလိုက်သော အချက်ပြပစ္စည်းကိုအသုံးပြု၍ တည်နေရာကိုခြေရာခံကာ စိတ်ဝိဉာဥ်ခွဲဖြာခြင်းစွမ်းအားဖြင့် ချက်ချင်းဒီအရောက်ဆွဲခေါ်လာနိုင်ပေသည်။

သူယုံကြည်မှုအပြည့်ဖြင့် အကြီးအကဲများကိုအာမခံထားလိုက်သည်။ ဖုန့်ကျန်းရှန်နှင့်ဖုန့်ကျီလန်လည်းတစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်ကာ ခေါင်းညိတ်လက်ခံလိုက်ရတော့၏။

"တူလေးသာသေချာရင် စိတ်ချရပါပြီ" ဖုန့်ကျီလန်ကဆိုသည်။

"အခု ဖုန့်မေနဲ့ဖုန့်ရှောင်ယုအကြောင်း ဆွေးနွေးရအောင်" ဖုန့်ကျန်းရှန်က ပြောလာသည်။

"ရက်အနည်းငယ်လောက်နေရင် သူတို့အေးခဲမြူခိုးဂိုဏ်းနဲ့အတူရောက်လာပါမယ် ကျင့်ကြံရေးတွေကလည်း ပြည့်စုံလုံလောက်နေမှာပါ"

"ဖုန့်မေရဲ့ပါရမီက အိမ်တော်ကမထွက်ခွာခင်ကတည်းက အတော်လေးအဆင့်ရောက်နေပြီ" ဖုန့်ကျီလန်ကထပ်ပြောသည်။ "ရေခဲနတ်သမီးရဲ့ညွှန်ကြားသင်ပြမှုတွေနဲ့ဆိုရင် တော်တော်ကြီး တိုးတက်နေလောက်ရောပေါ့ ရှောင်ယုကလည်း အလားအလာကောင်းတဲ့ကလေးပဲ"

အကြီးအကဲများကလည်း ခေါင်းညိတ်‌ထောက်ခံရင်း သူတို့၏ပါရမီရှင်လေးများ မည်မျှတိုးတက်လာကြောင်း မြင်တွေ့ချင်လျက်ရှိကြ၏။

ထိုအချိန်တွင် စံအိမ်ကိုစောင့်ကြည့်နေသောလူတစ်ယောက်က ဖုန့်မိသားစုရောက်ကတည်းက နန်းတော်သို့သွားရောက်အကြောင်းကြားနေပြီဖြစ်သည်။

"သေချာရဲ့လား"

ပဥ္စမမင်းသမီးက မေးလိုက်သည်။

မင်းသမီး၏ရှေ့တွင် ဒူးထောက်လျက် ခေါင်းငုံ့အရိုအသေပြုထားသောလူသည် တည်ငြိမ်သော်ငြား သတိကြီးစွာသောအသံဖြင့် တုံ့ပြန်သည်။

"မှန်ပါတယ် အရှင်မင်းသမီး ကျွန်တော်မျိုးကိုယ်တိုင်အတည်ပြုလာခဲ့တာပါ မိသားစုခေါင်းဆောင်ဖုန့်ချန်းကိုယ်တိုင်ဦးဆောင်လာတဲ့ ဖုန့်မိသားစုပါ အခု စံအိမ်မှာအခြေချထားကြပါတယ်"

ရွှေရောင်ဖီးနစ်ငှက်များဖြင့် စီခြယ်ရက်လုပ်ထားသော တော်ဝင်ဝတ်စုံကို ဆင်မြန်းထားသူပဥ္မမမင်းသမီးသည် တန်ဆာဆင်ထားသောထိုင်ခုံထက်ထိုင်ရင်း အနည်းငယ်အတွေးများသွားဟန်ဖြင့် မျက်လုံးများက အနည်းငယ်ကျဥ်းမြောင်းသွားသည်။

(ဖုန့်မိသားစုတဲ့လား ငါ့ကိုကယ်ခဲ့တဲ့လူက ဖုန့်မိသားစုဝင်လား)

မင်းသမီး တွေးနေမိသည်။

(ဒါပေမယ့် လန်မိသားစုနဲ့ဖုန့်မိသားစုက ရန်သူတွေမဟုတ်ဘူးလား ဒါဆို...)

မင်းသမီးသည် အဖြေတစ်ခုကို စဥ်းစားမိလိုက်၏။

ဖုန့်မိသားစုက တစ်လောကလုံးကိုအရူးလုပ်နေတာပေါ့ ဟုတ်လား?

မင်းသမီးက ခပ်တိုးတိုးရေရွတ်လိုက်သည်။

နောက်ကွယ်တွင် မဟာမိတ်များဖြစ်နေသော မိသားစုနှစ်ခုကို အများကရန်သူတော်ကြီးများဟုထင်အောင် ဖုန့်မိသားစုကလှည့်စားထားနိုင်သည်လား? သူမယုံပင်မယုံနိုင်ပေ။

သို့ပေမယ့် မင်းသမီးလည်းအများကြီးတွေးမနေတော့ပေ။ နောက်ဆုံးတော့ သူ့ကိုကယ်တင်ခဲ့သူ၏ နောက်ခံအား သဲလွန်စရခဲ့ပြီပင်။

"ဖုန့်ချန်းရဲ့ရုပ်ရည်သွင်ပြင်ကို ပုံဖော်ကြည့်စမ်းပါ"

"ဖုန့်ချန်းက အရပ်ရှည်ပြီး ခံ့ညားပါတယ် မျက်နှာသွင်ပြင်က ထက်ထက်မြက်မြက်ရှိပြီး သြဇာအာဏာအငွေ့အသက်လည်းရှိပါတယ် ဆံပင်အနက်ကိုမှ ငွေဖြူရောင်နည်းနည်းဖုံးလွှမ်းနေပြီး မျက်လုံးတွေကတော့ နက်ရှိုင်းလွန်းတဲ့အတွက် တိုက်ရိုက်အကြည့်ဆုံဖို့တောင် ခက်ခဲလောက်တဲ့အထိပါပဲ ဘယ်အခြေအနေမဆို တုန်လှုပ်မသွားလောက်တဲ့ ယုံကြည်မှုမျိုး ပိုင်ဆိုင်ထားတဲ့လူပါ"

တစ်ဖက်လူ၏သွင်ပြင်အကျဥ်းချုပ်ကို ကြားသိပြီးသည်နှင့် ပဥ္မမမင်းသမီး၏မျက်လုံးများ ထပ်မံကျဥ်းမြောင်းသွားတော့၏။

(ဒါငါ့ကိုကယ်ခဲ့တဲ့လူနဲ့ ကိုက်ညီနေတာပဲ ဒါပေမယ့် ဖုန့်မိသားစုခေါင်းဆောင်ဖုန့်ချန်းက အဲ့ဒီမှာဘာလုပ်နေတာလဲ)

သူမအရှေ့ကို အနည်းငယ်ငုံ့ကိုင်းလျက်စဥ်းစားကြည့်နေလိုက်သည်။ လက်ချောင်းများမှာ ခုံလက်တင်ထက်တွင် စည်းချက်ကျစွာတီးခေါက်လျက်။

ခေါက်နေသောလက်ချောင်းများ ရပ်တန့်သွားပြီး ပဥ္စမမင်းသမီးလည်း တစ်စုံတစ်ခုကို တွေးမိသွားဟန်ရှိ၏။

သူမကိုကယ်တင်ခဲ့သူနှင့် ဖုန့်မိသားစုခေါင်းဆောင်ကြားက တိုက်ဆိုင်မှုကို သူမဒီတိုင်းလျစ်လျူရှုမထားနိုင်ပါချေ။

ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသောသဲလွန်စများကြား ဖုံးကွယ်ထားသည့်အချက်များလည်း ပါရှိနေသေးသည်ပင်။

(တီးတိုးအက်ကွဲကြောင်းကို စုံစမ်းပေးဖို့ ငါ့ကိုအကူအညီတောင်းတာ မအံ့သြတော့ပါဘူး)

"လက်ဆောင်တွေပြင်လိုက်"

အေးစက်ပြတ်သားသောအသံဖြင့် တော်ဝင်မင်းသမီးက အမိန့်ပေးလာသည်။

ဘေးနားတွင် တစ်ချိန်လုံးတိတ်ဆိတ်စွာစောင့်ဆိုင်းနေသော အမှုထမ်းက ခေါင်းငုံ့ဦးညွှတ်လာသည်။

"မှန်လှပါ အရှင်မင်းသမီး"

All Chapters