တတိယမင်းသား
Vol. 15 Ch. 203
ဖုန့်မိသားစု ခမ်းနားကြီးကျယ်သောစံအိမ်တွင် အခြေချတည်းခိုသည့်နေ့မှစ၍ သူတို့ရောက်ရှိသည့်သတင်းမှာ မင်းနေပြည်တော်တစ်လွှား တောမီးကဲ့သို့ပျံ့နှံ့သွားတော့၏။
ဖုန့်မိသားစုသည် အရှေ့ပိုင်းစီရင်စုတွင် အာဏာအကြီးဆုံးမဟုတ်လေတောင် အင်အားအကြီးဆုံးမိသားစုဖြစ်သည်လေ။
ဖုန့်မိသားစု၏ ထူးကဲသောပါရမီရှင်များဖြစ်ကြသည့် ဖုန့်မေနှင့် ဖုန့်ယွင်မှာလည်း အင်ပါယာတစ်ခုလုံး၏ အဖိုးတန်ဆုံးသော မျိုးဆက်သစ်နှစ်ဦးအဖြစ် ကျော်ကြားလေသည်။
"ဖုန့်ယွင်က စွမ်းရည်စစ်ကျောက်တောင်မှာ ၁၈ဆင့်ထိတောင်တက်နိုင်ခဲ့တာတဲ့"
"ကျစ် သူတို့ဘယ်လိုလှည့်ကွက်တွေသုံးထားမှန်း ဘယ်သူသိမှာလဲ စွမ်းရည်စစ်ကျောက်တောင်က ၁၀ဆင့်လောက်တက်ဖို့တောင်အင်မတန်ခက်တာ ၁၈ဆင့်ကို ဘယ်သူကတက်နိုင်မှာတဲ့လဲ"
"တကယ့်ပါရမီရှင်လားဘာလားဆိုတာကို မကြာခင်သိရတော့မှာပါကွာ လင်းမေယုက သူ့အရင်သတို့သားလောင်းနဲ့ ဘယ်လိုများထိပ်တိုက်တွေ့ကြမှာလဲ ကြည့်ချင်လှပြီ"
"အရင်ဆုံး သူကပြိုင်ပွဲဝင်ဖို့အရည်အချင်းပြည့်မီနေဦးမှဖြစ်မှာပေါ့ ပထမပြိုင်ပွဲစဥ်ကတည်းက ဝင်ခွင့်တောင်မရဘူးဆိုမှ ဟုတ်ပေ့ဖြစ်နေမယ်"
ဖုန့်မိသားစုနှင့် ဖုန့်မိသားစု၏ အလားအလာရှိပြိုင်ပွဲဝင်များအကြောင်း လူတိုင်းလိုလိုပြောဆိုဆွေးနွေးနေကြသဖြင့် သူတို့ရောက်ရှိကြောင်းကို မသိသူမရှိတော့ပေ။ တတိယမင်းသားလည်း ထိုသတင်းကိုကြားသော် ချက်ချင်းသွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်လေ၏။
ကောင်းကင်ထက်သို့ နေမင်းကြီးမြင့်တက်လာချိန်တွင် ဖုန့်မိသားစု၏ ယာယီတည်းခိုစံအိမ်ရှေ့ အဆင့်အတန်းမြင့်ဟန်တူသော လူစုလူဝေးတစ်ခု ရပ်လို့နေလေသည်။
ဖုန့်မိသားစုဝင်များနှင့် အစေခံများမှာ သူတို့တာဝန်နှင့်သူတို့ မအားလပ်ကြသဖြင့် ခြံဝန်းတစ်ခုလုံး ပျားပန်းခတ်အလုပ်ရှုပ်လျက်ရှိသည်။
ရုတ်တရတ် စီစီညံညံထွက်လာသော နှဲသံများက အေးချမ်းနေသောမနက်ခင်းချိန်ခါလေးကို ဖျက်ဆီးလိုက်ပြီး လူတိုင်း၏အကြည့်သည်လည်း ဂိတ်တံခါးထံသို့ ဆိုက်ရောက်သွားတော့၏။
ထိုအဆင့်အတန်းမြင့်လူစုသည် တံခါးနားသို့ချဥ်းကပ်လာကြ၏။ တတိယမင်းသား၏ သင်္ကေတဖြစ်သော ဓားတစ်ချောင်းအား ငွေရောင်နဂါးမှရစ်ပတ်နေဟန် အလံကိုလည်း တလူလူလွှင့်ထူလို့ထားသည်။
မြင်းခွာသံတခွပ်ခွပ်နှင့် ငွေရောင်သံချပ်ကာဝတ် စစ်သည်တော်များ၏ ညီညာသောချီတက်သံက ဟိတ်ဟန်ကြီးသော မြင်ကွင်းတစ်ခုကို ပေးစွမ်းနိုင်သည်။
ထိုလူတန်းကြီး ရပ်တန့်သွားသော် အခမ်းအနားဝတ်စုံကိုဆင်မြန်းထားသော လူတစ်ဦးက ရှေ့သို့လှမ်းတက်လာ၍ အထက်စီးဆန်ဆန်မျက်နှာပေးဖြင့် ကြေညာသည်။
"အားလုံးပဲနားစွင့်ကြစမ်း တော်ဝင်အရှင်မင်းသားဖြစ်တဲ့ တတိယမင်းသား ကြွချီတော်မူလာတယ် တုယှဥ်လို့မရတဲ့ဂုဏ်ရှိန်အပြည့်နဲ့ အရှင်မင်းသားရဲ့တည်ရှိမှုက မင်းတို့ရဲ့နိမ့်ကျတဲ့အရပ်ဒေသကို ကျက်သရေဆောင်စေလိမ့်မယ်"
နှိပ်ကွပ်မှုအပြည့်ဖြင့် ကြေညာသံက ခြံဝန်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားလေ၏။
အနီးအနားရှိ အံ့သြတုန်လှုပ်ကာ တောင့်ခဲလျက်ရပ်နေသော အစေခံတစ်ဦးထံ ထိုသူကလှည့်ကြည့်လိုက်သည်။
ထိုသူက အစေခံကိုစူးရှစွာစိုက်ကြည့်လျက် တစ်ချက်ဟောက်လိုက်သည်။ "ဟေ့ကောင် ရူးသလိုပေါသလိုနဲ့ရပ်ကြည့်မနေနဲ့ မြန်မြန် မင်းတို့ရဲ့မိသားစုခေါင်းဆောင်ဆီ တတိယမင်းသားရောက်ရှိကြောင်း လျှောင်တင်ချေစမ်း ငါတို့အရှင်မင်းသားရဲ့တန်ဖိုးကြီးလှတဲ့အချိန်တွေကို မဖြုန်းတီးစမ်းနဲ့"
အော်ဟစ်ကြိမ်းမောင်းသံကြောင့် လန့်ဖျပ်သွားသောအစေခံမှာ အမြန်ဦးညွှတ်လာသည်။
"ဟုတ်-ဟုတ်ကဲ့ပါလူကြီးမင်း ချက်ချင်းလျှောက်တင်လိုက်ပါ့မယ်"
ထို့နောက် အစေခံမှာ စိုးရိမ်ကြောင့်ကြစွာ လှည့်ကြည့်လှည့်ကြည့်ဖြင့် အဓိကခန်းမကြီးထံသို့ အမြန်လျှောက်သွားလိုက်တော့သည်။
သူ့လိုနိမ့်ကျသောအစေခံတစ်ဦးအဖို့ တော်ဝင်မင်းသားတစ်ပါး၏အရှိန်အဝါမှာ နှိုင်းဆဖွယ်မရှိကြီးမားလှ၏။ အမှုထမ်းကကြိမ်းမောင်းရုံမျှဖြင့် ဤမျှကြောက်လန့်သွားသည်မှာ မဆန်းပါပေ။
အနားရှိ ဖုန့်မိသားစုဝင်များမှာလည်း ထိုအမှုထမ်း၏ရိုင်းပျမှုကြောင့် ဒေါသထွက်နေကြသော်ငြား ဝင်မပြောမိအောင်ထိန်းချုပ်ထားရ၏။ တစ်ဖက်လူမှာ သူတို့ထင်သလိုပြောဆို၍မရသော တော်ဝင်သွေးတစ်ဦးပင်။
သို့ပေမယ့် မျက်လုံးများထဲမှာ အသံတိတ်ဒေါသမီးများကိုတော့ မဖုံးကွယ်နိုင်ခဲ့ကြပေ။
စံအိမ်ထဲတွင် အစေခံမှာ ဖုန့်ချန်းနှင့်အကြီးအကဲများထိုင်နေသောခန်းမအတွင်းသို့ အပြေးဝင်သွားလိုက်ပြီး အနည်းငယ်ဟောဟဲလိုက်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"မိသားစုခေါင်းဆောင် တတိယမင်းသားက ဂိတ်တံခါးမှာရောက်ရှိနေပါတယ် အမှုထမ်းက ခေါင်းဆောင်ကိုချက်ချင်းလာခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်"
ဖုန့်ချန်းသည် အစေခံကိုတည်ငြိမ်စွာတစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုအသာကွေးလျက် ခပ်ပါးပါးပြုံးသည်။ မျက်လုံးများကတော့ အပြုံးရိပ်တစ်စမှ ထင်ကျန်မနေပါ။
"အမိန့်ပေးလိုက်တယ်ပေါ့လေ?"
"ဟုတ်ကဲ့ မိသားစုခေါင်းဆောင်" အစေခံက ရင်တုန်တုန်ဖြင့်ပြန်ဖြေလာသည်။
"ခေါင်းဆောင်ကို အခုချက်ချင်းလာတွေ့ဖို့ ဆင့်ခေါ်ခိုင်းလိုက်တာပါ"
ဖုန့်ကျန်းရှန်မျက်နှာမည်းမှောင်သွားသော်ငြား ဖုန့်ချန်းက သူတို့တုံ့ပြန်မှုများကို လက်တစ်ဖက်မြှောက်၍ ကြိုတင်ဟန့်တားလိုက်သည်။
ထို့နောက် သူခုံကထ၍ ဝတ်ရုံကိုအသာပြင်လိုက်သည်။ အပြုအမူများမှာ အလျင်လိုနေဟန်မရှိဘဲ အေးအေးဆေးဆေးသာ။
"အရှင်မင်းသားကို ထပ်မစောင့်ရစေအောင် အခုပဲသွားလိုက်ကြတာပေါ့" သူက အေးစက်စက်ဆိုလာသည်။
(ကြည့်ရတာ ဟိုအိမ်တော်ထိန်းရဲ့အပြုအမူကလည်း သူ့သခင်မင်းသားဆီကနေ ပါလာတာထင်ပါရဲ့)
ဖုန့်ချန်းတွေးမိသည်။ ထိုတော်ဝင်မျိုးနွယ်များဆိုသည်မှာ သူတို့သာအမြဲတစ်ဆင့်သာသည်ဟုမှတ်ယူထားကြကာ အကူအညီတောင်းလျှင်ပင် အထက်စီးဆန်ဆန်ဆိုတတ်ကြသူများဖြစ်၏။
မဟာအကြီးအကဲနှစ်ဦးဖြစ်သော ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်ကို ဘေးတစ်ဖက်စီတွင်ခြံရံစေလျက် ဖုန့်ချန်းဂိတ်တံခါးဆီသို့ ဦးတည်သွားလိုက်သည်။
ဖုန့်ချန်းကတော့ လမ်းကိုခပ်ဖြည်းဖြည်းသာလျှောက်လျက် ဘေးပတ်ဝန်းကျင်ကိုပင် ရှုမြင်ခံစားလို့နေသေး၏။ တတိယမင်းသား ဘယ်လိုတွေးတွေးဂရုမစိုက်သလို နောက်ဆက်တွဲကိစ္စများအားလည်း ခေါင်းထဲထည့်ပုံမရ။
မဟာအကြီးအကဲများကလည်း ဖုန့်ချန်းကို တစ်ချက်ပင်အထွန့်မတက်ကြပေ။
သူတို့မိသားစုအနေနှင့် ရာဇပလ္လင်နှင့်အလှမ်းဝေးလှသော တော်ဝင်မင်းသားတစ်ပါးကို ဤမျှကြောက်ရွံ့လိုက်လျောနေစရာမလိုမှန်း သူတို့သိကြသည်ပင်။
ဤသို့ဖြင့် တတိယမင်းသားစောင့်ဆိုင်းနေသော ဂိတ်တံခါးထံသို့ ဆယ်မိနစ်ကျော်ကြာမှ ရောက်ရှိလေတော့သည်။
ဖုန့်မိသားစုစံအိမ်ဂိတ်တံခါးရှိ လေထုမှာမူ တင်းမာလို့နေလေပြီ။
အမှုထမ်းများသယ်ဆောင်လာသော ရွှေပိန်းချကုလားထိုင်ထက်ထိုင်နေသော တတိယမင်းသားသည် စိတ်မရှည်လှစွာ ကုလားထိုင်လက်တင်ကို လက်ချောင်းများဖြင့် တဒေါက်ဒေါက်ခေါက်လျက်ရှိ၏။
သူ့ဘေးနားတွင် သတိကြီးစွာစောင့်ကြပ်နေကြသော အမှုထမ်းများမှာလည်း အစေခံများကို မကျေမနပ်ကြည့်လျက်ရှိလေပြီ။ "ဆယ်မိနစ်" တတိယမင်းသားက ဒေါသငွေ့ငွေ့ဖြင့် ရေရွတ်လိုက်သည်။
"ဖုန့်မိသားစုက တော်ဝင်ဧည့်သည်တော်တွေကို ဒီလိုပဲဆက်ဆံတတ်တာလား ရိုင်းပျလိုက်တာ"
အစောက မောက်မာသောအမှုထမ်းသည် အရှင်မင်းသား၏စိတ်မကြည်လင်မှုကို အာရုံခံမိသောကြောင့် အသံကိုမြှင့်လျက် လာပြောသည်။
"အရှင်မင်းသားခင်ဗျာ ဖုန့်မိသားစုက အရှင်မင်းသားရဲ့ဂုဏ်သရေကြီးမြတ်တဲ့လာရောက်မှုကို နားမလည်ကြဘူးထင်ပါတယ် သတိပေးလိုက်ရမလားခင်ဗျာ"
"အင်း....မလိုပါဘူး သူတို့ခေါင်းဆောင်က နောက်ကျတဲ့အကြောင်း ဘယ်လိုရှင်းပြမလဲကြည့်ကြသေးတာပေါ့ ပုရွက်ဆိတ်လေးတွေကိုရှင်းတဲ့နေရာမှာ စိတ်တော့ရှည်ရတယ် ဒါပေမယ့် စိတ်ကသိကအောက်တော့ ဖြစ်ရတာပေါ့"
မင်းသားမှထိုစကားပြောပြီးသည့်နောက် ခြံဝန်း၏ခမ်းနားသောဂိတ်တံခါးများမှာ ပွင့်ဟလာကြတော့၏။
ဖုန့်ချန်းကတော့ တတိယမင်းသားကို နည်းနည်းမှမစောင့်ဆိုင်းလိုက်ရစေသည့်အလား ခပ်တည်တည်ပင် ထွက်ပေါ်လာသည်။
ထို့နောက် တင်းမာနေသောအခြေအနေကို နည်းနည်းမှပင်သတိမထားမိသည့်အလား အေးအေးဆေးဆေး ခပ်ဖြည်းဖြည်းပင် စောင့်ဆိုင်းနေသောမင်းသားအနားသို့ ချဥ်းကပ်သွားလေသည်။
ဘေးနားရှိမဟာအကြီးအကဲများမှာလည်း ဖုန့်ချန်းအတိုင်း တစ်ထပ်တည်း ခပ်တည်တည်အမူအရာနှင့်ပင်။ သူတို့ခေါင်းဆောင်၏ သြဇာအငွေ့အသက်ကို တစ်ဖက်တစ်ချက်စီမှ တိတ်ဆိတ်စွာဖြည့်ဆည်းပေးနေကြသည့်အလား။
တတိယမင်းသား၏ခုံနှင့် သင့်တော်သောအကွာအဝေးတွင်ရပ်လိုက်ပြီး ဖုန့်ချန်းကလက်နှစ်ဖက်ကိုအချင်းချင်းဆုပ်လျက် နှုတ်ဆက်လိုက်သည်။
"အရှင်မင်းသားခင်ဗျာ ဘာအကြောင်းကိစ္စကြောင့်များ ဒီနေရာထိရောက်လာရပါသလဲ"
ဖုန့်ချန်း၏မေးခွန်းမှာ ယဥ်ကျေးသော်ငြား လေသံကတော့ စိတ်ရောကိုယ်ပါရိုသေနှိမ့်ချခြင်းမရှိလှ။
တတိယမင်းသားမတုံ့ပြန်နိုင်သေးခင်ဝယ် ထိုမောက်မာသောအမှုထမ်းက အရှေ့သို့တက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ဖုန့်ချန်းကိုလက်ညှိုးငေါက်ငေါက်ထိုးလျက်ပြောလာသည်။
"အရှင်မင်းသားကို ဒီလောက်ကြာအောင်စောင့်ခိုင်းထားပြီး ဘာကြောင့်လာသလဲတန်းမေးတယ်ဟုတ်စ ဖုန့်မိသားစုက တော်ဝင်မျိုးနွယ်တွေကို ဒီလိုပဲဆက်ဆံလေသလား အရိုအသေကင်းမဲ့လိုက်ပုံများ"
ဖုန့်ချန်းလည်း ထိုအမှုထမ်းကိုလှည့်ကြည့်လိုက်သည်။ မျက်လုံးများကတည်ငြိမ်ပေသည့် ရယ်မြူးရိပ်အနည်းငယ်စွက်နေဟန်။
"အရိုအသေကင်းမဲ့တယ်လား"
ထိုစကားလုံးကို မကြားဖူးသည့်ဟန်ဖြင့် ဖုန့်ချန်းကလိုက်ရွတ်သည်။
"ကျွန်တော်တို့က သေချာပေါက်မြန်နိုင်သမျှမြန်မြန် လာခဲ့တာပါဗျာ အရှင်မင်းသားရှေ့မှာ ကတိုက်ကရိုက် ဖရိုဖရဲနဲ့ အခစားဝင်ဖို့ကလည်း မဖြစ်သေးဘူးလေ"
အမှုထမ်း၏မျက်နှာမှာ မည်းမှောင်သွားတော့၏။ ဖုန့်ချန်း၏သာမန်ဆန်သောတုံ့ပြန်မှုကြောင့် သူဒေါသချောင်းချောင်းထွက်သွားရတော့သည်။
"မြန်မြန်လာတယ်တဲ့လား" သူထွီခနဲတံတွေးထွေးချလိုက်သည်။
"ဆယ်မိနစ်ကို မြန်တယ်လို့ခေါ်သလား အရှင်မင်းသားရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို မင်းတို့ပေါ့ပေါ့တန်တန်ဖြုန်းပစ်လို့ရမယ်ထင်နေလား"
ဖုန့်ချန်းကမူ အပြုံးမပျက်ပေ။
"အာ ကျွန်တော်တို့ရဲ့ မြန်တယ်ဆိုတဲ့အဓိပ္ပာယ်က မတူလေတော့ တောင်းပန်ရတာပေါ့ခင်ဗျာ ကျွန်တော်တို့က ကိုယ်ဟန်အမူအရာယဥ်ကျေးမှုမပျက်ပြားစေဖို့အတွက် မြန်မြန်မလှုပ်ရှားနိုင်တာပါ နောက်ပြီးအခုမြင်တဲ့အတိုင်း အရှင်မင်းသားရှေ့ကိုရောက်နေပြီး အလိုတော်ဖြည့်ဖို့အသင့်ဖြစ်နေပြီမဟုတ်လားခင်ဗျာ"
အမှုထမ်းမှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ဒေါသတကြီးဖြင့်အော်မိတော့သည်။
"မင်း-"
အမှုထမ်း၏လက်သီးဆုပ်များမှာ ဒေါသဖြင့်တုန်ယင်လာပြီး မိုးကြိုးပစ်သကဲ့သို့ သံကုန်အော်ချတော့၏။
"မင်းက အရှင်မင်းသားကို လှောင်သလိုပြောင်သလိုနဲ့ စော်ကားနေတာပေါ့လေ ဒါကတော်ဝင်မိသားစုတစ်ခုလုံးကို စော်ကားတာနဲ့ အတူတူပဲကွ"
"ဟော အထင်လွဲသွားပြန်ပြီလားခင်ဗျာ ကျွန်တော်ကအမှန်တရားကိုပဲပြောပြနေတာပါ အရှင်မင်းသားလိုလူရဲ့အချိန်တွေဟာလည်း အဖိုးတန်လေတော့ မင်းလိုအစောင့်နဲ့ပြိုင်စကားများနေရင် ဖြုန်းတီးရာကျကုန်တော့မှာပဲ"
အမှုထမ်း၏မျက်နှာမှာ ဒေါသကြောင့်နီရဲတွတ်လာပြီး ပြန်ချေပရန်ပါးစပ်ဟလိုက်သောအခါ တတိယမင်းသား၏ ပြတ်သားသောဒေါသသံက သူ့ကိုဟန့်တားလိုက်လေသည်။
"တော်စမ်း"
မင်းသား၏အသံမှာ စိတ်အတော်ရှုပ်နေဟန်ပေါက်သည်။
မင်းသား၏အမိန့်ကြောင့် ငြင်းခုံရန်အသင့်ဖြစ်သောအမှုထမ်းလည်း ကုပ်ကျသွားရတော့၏။
"ဖုန့်မိသားစုခေါင်းဆောင် ငါမင်းကိုအခွင့်အရေးနောက်တစ်ကြိမ်ထပ်ပေးဖို့ ရောက်လာတာပါ"
တတိယမင်းသားက စကားစသည်။ "မင်းအရင်က ငါ့ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့တော့ ဒေါသထွက်ခဲ့ရပေမယ့် ငါ့ဘက်က ခွင့်လွှတ်ပေးဖို့ဆန္ဒရှိပါတယ် ငါနဲ့အတူပူးပေါင်းမယ်ဆိုရင် မင်းမိသားစုကို ငါ့လက်အောက်မှာကာကွယ်ပေးနိုင်တယ်"
တတိယမင်းသားက ကမ်းလှမ်းလာသည်။
ဖုန့်ချန်းက တစ်ချက်မဲ့ပြုံးပြုံးမိတော့သည်။ (ဘာကိုခွင့်လွှတ်ပေးတာလဲ ငါ့ကိုမနိုင်တော့မှ ငါ့မိသားစုရဲ့လွှမ်းမိုးမှုကို အသုံးချချင်နေတာပဲ)
တတိယမင်းသား၏အတွေးကို သူမြင်နိုင်သည်ပင်။ သူ့အာဏာကိုအသုံးပြု၍ ပိုင်မိသားစုကိုအသုံးချကာ ဖုန့်မိသားစုအားအခက်တွေ့အောင်ကြံရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
လက်ရှိဖုန့်မိသားစု၏ အာဏာနှင့်အင်အားအရ တတိယမင်းသားနှင့်သူ့အပေါင်းအပါများအားလုံးပေါင်း၍ မကောင်းကြံလျှင်တောင်မှ တစ်ခုခုအရာရောက်ဖို့ လမ်းမမြင်ပေ။
ကျူးမိသားစုသည်ပင် တတိယမင်းသားထက် ဖုန့်မိသားစုကိုပိုကြောက်ရသည်မဟုတ်လော။
ထို့အပြင် တတိယမင်းသားမှာ မဟာမိတ်ကို မင်းနေပြည်တော်တွင်မရှာဘဲ အရှေ့ဘက်စီရင်စုသို့ ခြေလှမ်းလာရသည့်အဓိကအကြောင်းရင်းသည် ပထမမင်းသားနှင့် ဒုတိယမင်းသားတို့၏အင်အားကို မယှဥ်ပြိုင်နိုင်သောကြောင့်ပင်။ တတိယမင်းသားအနေဖြင့် ဖုန့်မိသားစုမကလို့ အခြားကျန်သောစွမ်းအားကြီးမိသားစုများထံမှ မည်သည့်ထောက်ပံ့မှုကိုရအောင်ယူယူ ရာဇပလ္လင်ကိုတက်လှမ်းဖို့ကတော့ မဖြစ်နိုင်တော့ပါပေ။
"အရှင်မင်းသားခင်ဗျာ ကမ်းလှမ်းမှုအတွက်ဂုဏ်ယူရပါတယ် ဒါပေမယ့်ဒီတစ်ခေါက်ကိုလည်း အရင်တစ်ခေါက်လိုပဲ ငြင်းဆိုပါရစေ"
တတိယမင်းသားမျက်နှာထက်တွင် မယုံကြည်နိုင်ဟန်များ အထင်းသားဖြတ်ပြေးသွားသည်။
ဤမျှမြန်ဆန်သောငြင်းဆိုမှုမျိုးကို သူမျှော်လင့်မထားခဲ့ပါပေ။ သူ့ကို လတ်လတ်လောလော စော်ကားပြောဆိုထားသည့်အဖြစ်ကိုတောင် သူသဘောထားကြီးစွာ ခွင့်လွှတ်ပေးခဲ့သည်လေ။
"မင်းငါ့ကို ထပ်ငြင်းပယ်ရဲတယ်ပေါ့လေ"
မင်းသား၏စကားသံမှာ တင်းမာလာတော့သည်။ အရင်တစ်ခေါက်ကလည်း အငြင်းပယ်ခံထားရသည်ဆိုပေသည့် ထိုတစ်ခေါက်မှာ အိမ်တော်ထိန်းမှတစ်ဆင့်ဖြစ်လေ၏။
ယခုတစ်ခေါက်တွင်တော့ သူကိုယ်တိုင်လာရောက်သည်ကိုပင် သူ့မျက်နှာတည့်တည့်သို့ ငြင်းဆိုလိုက်ခြင်းဖြစ်ရာ သူ့ကိုတည့်တည့်ကြီးစော်ကားခြင်းမည်ပေသည်။