လျစ်လျူရှုခံလိုက်ရသော တတိယမင်းသား
Vol. 15 Ch. 204
"မင်း-မင်းဒါကိုနောင်တရလိမ့်မယ် ဖုန့်ချန်း ငါမင်းကိုအခွင့်အရေးတစ်ခုပေးခဲ့တယ် ဒါပေမယ့်မင်းကထပ်ငြင်းပယ်ပြီး ငါ့သိက္ခာကိုစော်ကားတယ်"
တတိယမင်းသားက စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းမောင်းလာသည်။
ဖုန့်ချန်းက သူ့ကိုတစ်ကြိမ်ငြင်းပယ်ထားတာတောင် သူ့ဘက်ကခွင့်လွှတ်သည့်အပြင် နောက်အခွင့်အရေးတစ်ကြိမ်လည်း ထပ်ပေးထားသဖြင့် သူ့လောက်သဘောထားကြီးသူမရှိတော့ဟု တွေးထင်ထားခြင်းဖြစ်သည်။
သို့သော် ထပ်မံအငြင်းပယ်ခံရလိုက်ရသောအခါ အရှက်ဗြန်းဗြန်းကွဲလေသောကြောင့် သူတကယ်ဒေါသထွက်လာတော့၏။
ဖုန့်ချန်းအကြည့်ကမူ ယိမ်းယိုင်ခြင်းမရှိပေ။
"နောင်တရမှာလား"
တတိယမင်းသား၏မာန်မာနကို လှောင်ပြောင်လိုဟန်ဖြင့် အနောက်မှလိုက်ရွတ်ပြန်သည်။
တတိယမင်းသားမှာ ယခုချိန်ထိ လက်တွေ့ကျကျမစဥ်းစားတတ်သေးဟု ဖုန့်ချန်းတွေးမိသည်။
ပလ္လင်လုပွဲတွင် အသက်ရှင်လျက်ကျန်ရစ်ဖို့တောင် ခက်ခဲနေသောအခြေအနေတွင် အခြားစွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးကိုခြိမ်းခြောက်လျက် ရန်ထပ်ရှာချင်သေးသည်။ ဖုန့်မိသားစုက အခြားမင်းသားကြီးတစ်ပါးပါးထံကပ်လိုက်ဖို့ အင်မတန်လွယ်ကူသည့်အနေအထားပင်။
"ဟားဟား အဲ့ဒါဆိုလည်း နောင်တရဖို့စောင့်နေပါ့မယ်ခင်ဗျာ"
ဖုန့်ချန်းမှာ တတိယမင်းသား၏ခြိမ်းခြောက်စကားကို တစ်စက်ကလေးမှအမှုမထားဟန်ဖြင့် ရယ်သွမ်းသွေးလျက် မရိုမသေတုံ့ပြန်လာသည်။ တတိယမင်းသားမှာ ဒေါသဖြင့်အံကြိတ်လျက် လက်သီးများကိုလည်း တင်းတင်းဆုပ်ထားရ၏။
သူ့စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးလာပြီဖြစ်သလို မာန်မာနသည်လည်း ဖုန့်မိသားစုခြေရင်းအောက်သို့ ဘုန်းဘုန်းကျဆုံးသွားရလေပြီ။
တော်ဝင်မိသားစု၏ အရှင်မင်းသားတစ်ပါးအနေဖြင့် ဤသို့လှောင်ရယ်ခံလိုက်ရပြီး ခြိမ်းခြောက်စကားကိုပါ ပေါ့ပေါ့တန်တန်မှတ်ယူခံရခြင်းအား လုံးဝသည်းမခံနိုင်ပါပေ။
"မင်း-"
သူစကားပြောမည်အပြုတွင် အနားမှအစောင့်တစ်ဦးကရှေ့တက်လာသောကြောင့် ပြတ်တောက်သွားရသည်။
အပြန်အလှန်ပြောနေကြသောစကားများကိုနားထောင်ရင်း အမျက်ချောင်းချောင်းထွက်နေဟန်ရှိသော အစောင့်မှာ တစ်ချက်ကြုံးဝါးအော်ဟစ်ကာ ဓားရိုးထက်လက်တင်လိုက်သည်။
"ရိုင်းပျလိုက်တာ"
အစောင့်ကပြောပြောဆိုဆို ဓားသွားကိုဝင့်ကာ ဖုန့်ချန်းကိုချိန်ရွယ်ထားလိုက်သည်။
"မင်းလိုကောင်ကများ တတိယမင်းသားကို လှောင်ပြောင်ရဲတယ်ပေါ့ ရိုသေလေးစားတတ်ဖို့ သင်ပေးရတော့မှာပဲ"
ဒေါသထွက်နေသောအစောင့်က ဓားကိုရွှမ်းခနဲဆွဲထုတ်လိုက်သည်။ ဓားသွားအရောင်မှာ နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်လက်နေလျက်။
ဝှစ်
ဓားသွားသက်ဆင်းမကျလာခင် လေတစ်ချက်ဝှစ်ခနဲတိုးထွက်လာပြီး မဟာအကြီးအကဲဖုန့်ကျန်းရှန်က ရှေ့သို့ခုန်ထွက်လာသည်။
လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းလှသဖြင့် မြင်နေရသည်ကိုပင်မယုံနိုင်ဖြစ်လောက်အောင် ခပ်ဝါးဝါးသဏ္ဍာန်များကိုသာ ချန်ရစ်သွား၏။
ထို့နောက် အစောင့်၏ဓားကိုင်ထားသောလက်ကို လက်ကောက်ဝတ်မှ တစ်ချက်တည်းဆုပ်ကိုင်ဟန့်တားလိုက်သည်။ သံပြုတ်တူလို ခိုင်မာသောဆုပ်ကိုင်မှုမှာ အညှာအတာကင်းမဲ့လှ၏။
အစောင့်မှာ ဘယ်လောက်အားထည့်ပြီးရုန်းရုန်း လက်ကိုဆွဲမထုတ်နိုင်သောအခါ ကြောက်လန့်တကြားဖြင့် မျက်လုံးများပြူးကျယ်လာတော့သည်။
မဟာအကြီးအကဲမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်၏။ အစောပိုင်းအဆင့်သာရှိသေးသော်ငြား သူတို့လိုသာမညအစောင့်များ ယှဥ်နိုင်သောအင်အားမဟုတ်ပေ။
"ရိုသေတတ်ဖို့သင်ပေးမတဲ့လား" ဖုန့်ကျန်းရှန်က သြဇာမာန်အပြည့်ဖြင့် ခပ်တင်းတင်းဆိုသည်။ "ကြည့်ရတာ မင်းကမှ သင်ခန်းစာပေးဖို့လိုနေတဲ့အရူးပဲ"
သူအစောင့်၏လက်ကိုလိမ်လိုက်သော် ဂျွတ်ခနဲအသံတစ်ချက်ထွက်လာကာ ဓားသည်လည်း မြေပေါ်သို့လွတ်ကျသွားရတော့၏။
"အားးးးးး"
အစောင့်မှာ နာကျင်စွာအော်ဟစ်လျက် မဟာအကြီးအကဲဖုန့်ကျန်းရှန်ရှေ့တွင် ဒူးထောက်ကျလုဆဲဆဲဖြစ်သွားလေသည်။
စုဝေးနေသောလူအုပ်ကြီးသည်လည်း အာမေဋိတ်သံများထွက်ကျလာတော့၏။
ကျန်သောအစောင့်များလည်း လန့်ဖျပ်သွားကာ လက်နက်များထံလက်လှမ်းလိုက်ကြပေသည့် သူတို့ဘက်သို့ရွှေ့လာသော ဖုန့်ကျန်းရှန်၏အကြည့်စူးစူးကြောင့် နေရာတွင်တောင့်ခဲသွားရသည်။
"ငါတို့မိသားစုခေါင်းဆောင်ရှေ့မှာ မင်းတို့ဓားတွေကို ထုတ်ပြရဲသေးတာလား"
ဖုန့်ကျန်းရှန်က ရေခဲရိုက်ထားသောအသံဖြင့် ဆက်ပြောသည်။
"အစောင့်နေရာလောက်နဲ့ မင်းတို့ဒီလိုရဲတင်းခွင့်ရှိမယ်ထင်နေသလား"
အချုပ်ခံထားရသောအစောင့်မှာ ချွေးသီးချွေးပေါက်များ စီးကျလာပြီး တစ်ခုခုပြောရင်ပြင်နေသော်ငြား ဘာစကားမှထွက်မလာနိုင်ခဲ့ပေ။
"သူ့ကိုလွှတ်လိုက်တော့"
တတိယမင်းသား၏အသံထွက်ပေါ်လာသည်။ စိတ်ဆိုးနေဟန်ရှိသေးသော်ငြား အဖြစ်မှန်ကိုတော့လက်ခံလိုက်ရပုံပင်။ တစ်ဖက်မှ ရုတ်တရတ်ဤသို့အင်အားပြလာလိမ့်မည်ဟု မျှော်လင့်မထားဟန်ပင်။
ဖုန့်ကျန်းရှန်က တတိယမင်းသားကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန့်ချန်းကိုလှမ်းကြည့်လိုက်သည်။ ပြီးမှ ခေါင်းတစ်ချက်ညိတ်ကာ လွှတ်ပေးလိုက်၏။
ချုပ်ထားသောလက်ကိုလွှတ်ပေးလိုက်သော် ထိုအစောင့်မှာ ဒဏ်ရာရသွားသောလက်တစ်ဖက်အားဆုပ်ကိုင်လျက် မြေပြင်ထက်လဲကျသွားတော့၏။
ထိုအစောင့်ကိုလွှတ်ပေးပြီးသည်နှင့် ဖုန့်ကျန်းရှန်က ဖုန့်ချန်းအနောက်သို့ နဂိုအတိုင်းသွားရပ်နေလိုက်တော့သည်။
ဒေါသထွက်နေသောတတိယမင်းသားမှာလည်း အံ့သြလန့်ဖျပ်လျက်ရှိသည်။
ဖုန့်မိသားစု၏ အကြီးအကဲတစ်ယောက်ကပင် ဤမျှအင်အားကြီးနေလိမ့်မည်ဟု သူမထင်ခဲ့ရိုးအမှန်ပါပေ။
အကြီးအကဲတစ်ဦးက ဤမျှအင်အားကြီးနေလျှင် ဖုန့်ချန်းကိုယ်တိုင်က သေချာပေါက် ခန့်မှန်းလို့မရအောင်အစွမ်းထက်လှပေမည်။
"ဖုန့်ချန်း ငါပြောတာကိုနားထောင် ဒါမင်းအတွက်နောက်ဆုံးအခွင့်အရေးပဲ မင်းငါနဲ့မှမပူးပေါင်းရင် မင်းတို့မိသားစု ဖျက်ဆီးခံရမှာပဲ"
တတိယမင်းသားက ထပ်ပြောလာပြန်သည်။
သူဖုန့်မိသားစုကို ခွင့်လွှတ်ချင်စိတ်မရှိပါ။ သို့သော် မဟာအကြီးအကဲဖုန့်ကျန်းရှန်၏အင်အားကို မြင်လိုက်ရပြီးနောက် စိတ်ပြောင်းသွားရခြင်းဖြစ်၏။
ဒီလိုအင်အားကြီးမဟာမိတ်တစ်ဖွဲ့ကိုသာ သူ့ဘက်ပါအောင်စုစည်းထားနိုင်လျှင် ရာဇပလ္လင်ပေါ်တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိပေမည်။
(ဟမ့် ငါအရမ်းသဘောကောင်းပေးထားတာပဲ)
တတိယမင်းသားက မာန်မလျှော့စွာ တွေးနေသည်။
ဖုန့်ချန်းကတော့ ခပ်သာသာရယ်လိုက်မိ၏။
(အိပ်မက်ကမနိုးသေးဘူးပဲ)
ဖုန့်ချန်းဘက်မှ ပူးပေါင်းရန်စိတ်မဝင်စားပါကြောင်း အကြိမ်ကြိမ်ပြသထားပြီးသော်လည်း ထိုတတိယမင်းသားမှာ လက်တွေ့ကိုမမြင်နိုင်ပေ။ ရွေးချယ်ပိုင်ခွင့်က ဖုန့်ချန်းလက်ထဲမှာရှိနေသော်လည်း ထိုမင်းသားက မာန်မချနိုင်သေးဟန်ပေါ်သည်။
"အရှင်မင်းသားရယ် ပြန်လိုက်ပါတော့ နောက်မှလုပ်ချင်ရာလုပ်ပါ ကျွန်တော့်ကိုတော့မနှောင့်ယှက်ပါနဲ့"
တတိယမင်းသား၏မျက်နှာမှာ ဒေါသဖြင့်ရှုံ့တွသွားတော့၏။
အကြိမ်ကြိမ်ငြင်းဆိုမှုကို လက်ခံဖို့ သူဒီကိုရောက်လာခြင်းမဟုတ်ပါ။
"မင်းကများ အတင့်ရဲလို့-"
သူအော်ဟစ်ရန်ဟန်ပြင်လိုက်သော်ငြား ဖုန့်ချန်း၏တင်းမာသောအကြည့်ကြောင့် စကားတစ်ဝက်တွင်ရပ်တန့်သွားရသည်။
"အကြီးအကဲတို့ တတိယမင်းသားကိုပြန်ပို့လိုက်ပါ သူနဲ့စကားဆက်ပြောစရာမရှိတော့ပါဘူး"
ဖုန့်ချန်းကဤသို့ပြောရင်း ပြန်လှည့်လိုက်တော့သည်။
တတိယမင်းသားဒေါသမထိန်းနိုင်ဘဲ သူ့အစောင့်များအားလုံးကို တိုက်ခိုက်ကြဖို့အမိန့်ပေးလာလျှင်တောင် မဟာအကြီးအကဲနှစ်ဦးကို ကျော်နိုင်လိမ့်မည်မထင်။
"နားလည်ပါပြီ"
ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်မှ စကားပြန်သည်။
မဆိုင်းမတွ နောက်ပြန်လှည့်ထွက်သွားသောဖုန့်ချန်း၏နောက်ကျောကိုကြည့်ရင်း တတိယမင်းသားမှာ မခံချင်စိတ်များ အလိပ်လိုက်တက်လာတော့သည်။
လက်သီးများဆုပ်ထားရလွန်းလို့ လက်သည်းများမှာ လက်ဝါးပြင်ထက်စိုက်ဝင်လို့နေလေပြီ။
"ဖုန့်ချန်း မင်းတော့စည်းကျော်လိုက်ပြီ"
တတိယမင်းသားကကြုံးဝါးသည်။ "မင်းကိုယ်မင်းယှဥ်လို့မရအောင်အင်အားကြီးနေပြီများထင်နေလား တော်ဝင်မိသားစုရဲ့အာဏာကို မင်းတောင့်ခံနိုင်မယ်များထင်နေလား"
ဖုန့်ချန်းကတော့ ထိုစကားများကိုနားထဲသို့အဝင်မခံတော့ပေ။ သူပြောစရာရှိသမျှကို ပြောပြီးသွားခဲ့ပေပြီ။ မာန်တက်နေသော ဘော်ကြော့မင်းသားတစ်ဦးထံမှ ခြိမ်းခြောက်စကားများကို အရေးတယူလုပ်နေရန်မလိုအပ်တော့ပေ။
ထိုသို့လျစ်လျူရှုရိုင်းပျမှုကို ပထမဆုံးအကြိမ်ခံခဲ့ရသော တတိယမင်းသားမှာမူ ဒေါသဖြင့်တစ်မျက်နှာလုံး နီရဲလို့နေတော့၏။
"အရှင်မင်းသား ပြန်ပါတော့ ကျွန်တော်တို့မိသားစုခေါင်းဆောင် အလုပ်များနေလို့ပါ"
မဟာအကြီးအကဲနှစ်ဦးက သူ့ကိုနှင်လေသည်။
(ဪ မင်းတို့ခေါင်းဆောင်ကကျအလုပ်များတယ် ငါကတော့အရမ်းအားယားနေတာပေါ့လေ)
တတိယမင်းသားက စိတ်ဆိုးမာန်ဆိုးဖြင့်တွေးသည်။
မည်မျှမခံချင်စရာကောင်းလိုက်လေသနည်း? ရောက်စတုန်းက အရှင်မင်းသား၏အချိန်များမှာ အဖိုးတန်လှသဖြင့် မဖြုန်းတီးလေဖို့ သူ့အမှုထမ်းမှပြောခဲ့သေး၏။
အခုဒီလူတွေက အဲ့ဒီစကားကိုပြန်သုံးလျက် သူ့ကိုနှင်ကြလေပြီ။
အခုတော့ သူလုပ်နိုင်တာမရှိပေ။
အင်အားသုံး၍ စံအိမ်တွင်းဖောက်ဝင်ချင်လျှင်တောင် အင်အားအပြည့်အဝရှိမနေပါလေ။
မဟာအကြီးအကဲဖုန့်ကျန်းရှန်၏ အင်အားပြမှုက သူ့ဘက်မှလက်ရှိအခြေအနေကို လက်တွေ့ကျကျနားလည်သွားစေသည်။
"ဟမ့်"
တတိယမင်းသားက နှာတစ်ချက်မှုတ်လျက် ဒေါသမျက်နှာကို အနိုင်နိုင်ပြန်ထိန်းလိုက်သည်။
ထို့နောက် ဝတ်ရုံကို လက်တစ်ဖက်ဖြင့်ခါထုတ်လျက် တစ်ပတ်လှည့်ထွက်သွားကာ ဖုန့်မိသားစုခြံဝန်းကို ကျိုးပဲ့သွားသောမာန်မာနများဖြင့် စိတ်ဆိုးမာန်ဆိုး ချန်ထားရစ်ခဲ့လေသည်။
မင်းသား၏အစောင့်အကြပ်များမှာလည်း တစ်စက္ကန့်မျှတွန့်ဆုတ်သွားပြီးမှ အနောက်မှကပ်လိုက်သွားကြတော့၏။ တင်းမာနေသောတိတ်ဆိတ်မှုကြားတွင် တချွင်ချွင်မြည်နေသောသံချပ်ကာသံများပင် ရင်တုန်ပန်းတုန်ဖြစ်နေဟန်ပေါ်သည်။
သူတို့၏တာဝန်မှာ တတိယမင်းသားကို ဤသို့အစော်ကားမခံရရန် ကာကွယ်ဖို့ဖြစ်ပါသော်လည်း ဖုန့်မိသားစုနှင့် ရင်ဆိုင်ရသောအခါတွင်တော့ ကာကွယ်ရန် အင်အားမဲ့ခဲ့ရလေပြီ။
သူတို့ထဲတွင် အင်အားအကြီးဆုံးဖြစ်သော ကိုယ်ရံတော်ခေါင်းဆောင်သည်ပင် တစ်ဖက်မိသားစု၏ မဟာအကြီးအကဲလက်ထဲတွင် စက္ကန့်ပိုင်းမျှဖြင့် အညံ့ခံလိုက်ရသည်မဟုတ်လော။
ဂိတ်တံခါးမှပြန်လှည့်လာသောအခါ တစ်ချိန်က ခံ့ညားထည်ဝါပါသောအရှိန်အဝါတို့ လွင့်ပျယ်သွားသလို ခံစားရလေသည်။
စောင့်ကြည့်နေကြသော ဖုန့်မိသားစုဝင်များလည်း အံ့သြစွာရှုမောရင်း စိတ်ကျေနပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ကြ၏။
သူတို့မိသားစုခေါင်းဆောင်မှာ တော်ဝင်မင်းသားတစ်ပါးကိုပင် လှည့်ပြန်ထွက်ပြေးစေနိုင်စွမ်းရှိသူဖြစ်သည်။ တော်ဝင်မျိုးနွယ်တစ်ဦးကို စော်ကားမော်ကားပြုမိလျှင် အခက်အခဲကြုံရနိုင်သည်ဆိုသော်ငြား ယခုတော့ နောက်ဆက်တွဲသက်ရောက်မှုများကို စိုးရိမ်ရမည့်အစား စိတ်ကျေနပ်မှုကိုသာ ခံစားမိကြလေသည်။
တတိယမင်းသားသည် ဖုန့်မိသားစုနေထိုင်ရာစံအိမ်မှ ဝုန်းဒိုင်းကြဲထွက်ခွာလာခဲ့ပြီး ဒေါသမီးတောင်မှာ ချော်ရည်အပြည့်ဖြင့် ပေါက်ကွဲတော့မတတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။
"စောက်သုံးမကျတဲ့ကောင်တွေ"
တတိယမင်းသားက အသံစူးစူးဖြင့် ကျိန်ဆဲလိုက်သည်။
"အကြီးအကဲတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား ဒီအတောအတွင်း မင်းလိုအလကားကောင်ကို ငါဘာလို့စောင့်ရှောက်ကျွေးမွေးလာတယ်ထင်လဲ"
ကိုယ်ရံတော်များမှာ ဘာတစ်ခွန်းမှပြန်မဖြေနိုင်ဘဲ အသံတိတ်မျက်လွှာချလျက် ရပ်နေကြလေသည်။
လောလောလတ်လတ်ဖြစ်ပွားထားသော ကျရှုံးမှုကြောင့် အထွန့်တက်ရန်စကားရှာမတွေ့နိုင်တော့ချေ။
တတိယမင်းသားသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် တိုးညင်းစွာကြုံးဝါးလိုက်သည်။
"တောသားတစ်သိုက်ဆီက အရှက်ခွဲခံလိုက်ရတာပဲ ဒီလိုစော်ကားမှုမျိုးကို သည်းခံနိုင်စရာအကြောင်းမရှိဘူး တစ်နည်းနည်းနဲ့တော့ ပြန်ပေးဆပ်ရစေ့မယ်"
ရထားလုံးစတင်ထွက်ခွာသည်နှင့် လမ်းတစ်ဖက်မှလာသော လူစုလူဝေးက သူ့အာရုံကို ဖမ်းစားလိုက်သည်။
နီးကပ်လာသောလူစုကို သူမှတ်မိသွားပြီးနောက် မျက်လုံးများကျဥ်းမြောင်းသွား၏။
တော်ဝင်မိသားစု သင်္ကေတအလံကို လွှင့်ထူထားသော လူတန်းတစ်တန်းသည် ခမ်းနားထည်ဝါသော ရထားလုံးတစ်စင်းကို ခြံရံလိုက်ပါလာသည်။
သစ်လွင်တောက်ပသော သံချပ်ကာဝတ်ရုံများကို ဆင်မြန်းထားသည့် ကိုယ်ရံတော်များမှာ စီစဥ်တကျ ဝန်းရံချီတက်လာကြသည်။
တတိယမင်းသားသည် ရထားလုံးကိုကွဲပြားစွာမြင်လိုက်ရသောအခါ မျက်ခုံးများတွ့န်ကြုံ့သွားတော့၏။
ထိုရထားလုံးမှာ ပဥ္စမမင်းသမီး၏ ရထားလုံးဖြစ်လေသည်။
(သူကဒီမှာဘာလာလုပ်တာလဲ)
ဒေါသထွက်နေသော တတိယမင်းသားမှာ စူးစမ်းချင်စိတ်အပြည့်ဖြင့် အာရုံပြောင်းသွားတော့၏။
ထိုရထားလုံးမှာ သူတို့အနားသို့ရောက်သော် ရပ်တန့်သွားပြီး နူးညံ့သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာသည်။
"တတိယအစ်ကို ဒီမှာတွေ့ရလိမ့်မယ်လို့ထင်မထားဘူး ဘာကိစ္စများရှိလို့ပါလဲ"