← Chapters

ပဥ္စမမင်းသမီးရဲ့ ရည်ရွယ်ချက်

Vol. 15 Ch. 205

ပဥ္စမမင်းသမီးရဲ့ ရည်ရွယ်ချက်

Vol. 15 Ch. 205

တတိယမင်းသားမှာ ဒေါသမျက်နှာကိုထိန်းချုပ်လိုက်ပြီး လုပ်ပြုံးတစ်ခုဖြင့် ရထားလုံးထက်မှဆင်းလာတော့၏။

အမူအရာကတော့ ပြစ်ချက်ကင်းစွာ တည်ငြိမ်နေဟန်ရှိပေမယ့် မျက်လုံးများက ပိပိရိရိဟန်မဆောင်နိုင်ပါပေ။

"ညီမလေး" သူကနှုတ်ဆက်လိုက်သည်။

"အစ်ကိုတော်လည်း ပြန်မေးလို့ရတာပဲ ညီမလေးလည်း ဖုန့်မိသားစုဆီလာတာလား"

ပဥ္မမမင်းသမီးသည် ကျော့ရှင်းသောကိုယ်ဟန်ဖြင့် တန်ဆာဆင်ရထားလုံးပေါ်မှ အသာဆင်းသက်လိုက်သည်။

ကြက်သွေးရင့်နှင့် ‌ရွှေရောင်နှောသော ဝတ်ရုံကိုဝတ်ဆင်ထားသည့် တော်ဝင်မင်းသမီး၏ တော်ဝင်ဟန်မှာ အထင်းသားပေါ်ထွက်လျက်ပင်။

"ဟုတ်တယ် ညီမလည်းဖုန့်မိသားစုကိုတွေ့ဖို့လာတာ သူတို့ကိုကျေးဇူးကြွေးတင်နေတာလေးရှိလို့လေ အတည်ပြုစရာရှိနေတာလည်းပါတာပေါ့"

တတိယမင်းသားမှာ အတွေးများသွားဟန်ဖြင့် မျက်မှောင်ကုတ်သွား၏။

"ကျေးဇူးကြွေးတဲ့လား"

အံ့သြသွားခြင်းကို စပ်စုလိုဟန်ဖြင့်ဖုံးကွယ်ကာ သူထုတ်မေးလိုက်သည်။

"ဖုန့်မိသားစုနဲ့ ညီမလေးဘယ်တုန်းကတည်းကများ သိကျွမ်းထားပါလိမ့်"

ဝမ်ကျစ်ချင်းနှင့် ဖုန့်မိသားစုဝင်တစ်ဦးဦး တွေ့ဆုံကြသည့်သတင်းမျိုး တစ်ခါမှမကြားဖူးသဖြင့် တတိယမင်းသားခေါင်းရှုပ်လျက်ရှိသည်။

အခြားမင်းသား မင်းသမီးများလည်း သူတို့နှစ်ဖက်သိကျွမ်းမှုကို သိထားကြသည်မဟုတ်။

(ဒီလိုဆိုမှ ဒီနေရာကိုရင်းနှီးနေသလိုပဲ)

တတိယမင်းသား အတွေးဝင်သွားမိသည်။

ဖုန့်မိသားစုရောက်သည်ကြားကြားချင်း သူများများစားစားတွေးမနေဘဲ ထွက်လာခဲ့ခြင်းဖြစ်ရာ တည်နေရာအကြောင်းခေါင်းထဲမထည့်မိလိုက်ပေ။

"ဒါ ခမည်းတော်ကိုယ်တိုင် ညီမလေးကိုပေးသနားထားတဲ့ စံအိမ်မဟုတ်လား"

တတိယမင်းသားမှာ အံ့သြလန့်ဖျပ်သွားဟန်ဖြင့် မျက်ကလဲဆန်ပြာမေးလာသည်။

ဖုန့်မိသားစုသည် ပဥ္စမမင်းသမီးပိုင်သောစံအိမ်တွင် တည်းခိုနေထိုင်နေသည်ပင်။ သူ့အတွေးများ ပိုလို့ရှုပ်ထွေးသွားရ၏။

ပဥ္စမမင်းသမီးမှာမူ အပြုံးပင်ပျက်မသွားဘဲ ယဥ်ကျေးစွာပြန်လည်တုံ့ပြန်လာသည်။

"ဟုတ်တာပေါ့ တတိယအစ်ကို ဒါခမည်းတော် ညီမကိုလက်ဆောင်ပေးထားတဲ့စံအိမ်ပါ" စံအိမ်ကိုတစ်ချက်ဝေ့ကြည့်ရင်း မင်းသမီးကဆိုသည်။

"ဒါကိုညီမက ကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ တစ်ယောက်ယောက်ကိုလက်ဆောင်ထပ်ပေးလိုက်တာလေ"

တတိယမင်းသားမှာ တွေးရင်းတွေးရင်း လုံးလည်ချာလည်လိုက်လာသည်။ အပေါ်ယံမျက်နှာထက်တွင်တော့ သိချင်စိတ်သက်သက်သာရှိနေဟန်ပင်။

"တစ်ယောက်ယောက်တဲ့လား ဘယ်တစ်ယောက်များပါလိမ့်"

တတိယမင်းသားက သိချင်ဟန်ဖြင့်မေးလာသည်။

ဘုရင်မင်းမြတ်ကိုယ်တိုင်ပေးသနားထားသော လက်ဆောင်မွန်ကို နာမည်ပင်မသိရသေးသည့်လူတစ်ယောက်အား သူမ မည်သို့ပေးပစ်နိုင်သနည်း?

ဤသို့ပြီးစလွယ်လုပ်ကောင်းသောကိစ္စ မဟုတ်ပါလေ။

"အဲ့လူက သူ့နာမည်ကိုပြောပြမသွားခဲ့တဲ့အတွက် သူကဖုန့်မိသားစုဝင်ဟုတ်မဟုတ်တော့ ညီမလည်းမသေချာပါဘူး ဒါပေမယ့် အခြေအနေတွေအရတော့ ဟုတ်လိမ့်မယ်ထင်ပါတယ် ဒါကြောင့် အတည်ပြုကြည့်ဖို့ရောက်လာတာပါ"

ဝမ်ကျစ်ချင်း ထိုသို့ဖြေလိုက်သည်။

တတိယမင်းသားမှာတော့ အတွေးများလို့နေလေပြီ။

ဖုန့်မိသားစု၏ ဆန်းကြယ်မှုကို နောက်ထပ် အချက်အလက်သစ်တစ်ခု ထပ်ပေါင်းထည့်လာပြန်လေပြီ။

သူဖြန့်ကျက်ထားသော သတင်းပေးများမှာ ဖုန့်မိသားစုနှင့် တော်ဝင်မိသားစုကြားက ဆက်ဆံရေးကို တစ်ခါမှမတင်ပြခဲ့ဖူးပေ။

(ဒါတွေကို ငါကဘယ်လိုလုပ်မသိခဲ့ရတာပါလိမ့်)

တည်ငြိမ်သောမျက်နှာပြင်အောက်တွင် စိုးရိမ်ကြောင့်ကြမှုများ လှိုင်းထနေလေပြီ။

သို့ပေမယ့် တစ်ဖက်လူမှာ ပထမမင်းသားနှင့် ဒုတိယမင်းသားမဟုတ်ဘဲ ပဥ္စမမင်းသမီးသာဖြစ်သောကြောင့် သူတစ်မျိုးတော့ စိတ်သက်သာရာရမိပါသည်။

ပဥ္စမမင်းသမီးတွင်လည်း အဆက်အသွယ်များစွာရှိပြီး အာဏာတစ်ခုကိုလက်ကိုင်ထားနိုင်သည်ဟု ဆိုရမည်ဖြစ်သော်ငြား တတိယမင်းသားကို ခြိမ်းခြောက်နိုင်လောက်သည်အထိတော့မဟုတ်ပေ။

တစ်ဖက်တွင်မူ ပဥ္စမမင်းသမီးကို သူ့ဘက်ပူးပေါင်းပြီး သူ့ကိုထောက်ခံပေးစေလို၏။ သူမအဆက်အသွယ်များနှင့်ပေါင်းလိုက်ပါက သူ့အတွက် ပလ္လင်ကိုရဖို့အခွင့်အရေးမှာ များစွာတိုးတက်လာပေမည်။

ထိုအချက်မှာ သူ့ညီမကို ကြင်နာယဥ်ကျေးစွာဆက်ဆံနေသည့်အကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်၏။

အတိတ်တုန်းကလိုသာဆိုလျှင် မိဖုရားငယ်တစ်ပါး၏သမီးတော်ကို သူပုံမှန်အတိုင်း လျစ်လျူရှုသွားမည်ပင်။

"ကောင်းပြီ" တတိယမင်းသားက ပုံမှန်အတိုင်းဆိုလာသည်။ "ကြည့်ရတာ ဖုန့်မိသားစုက နောက်ပိုင်းအံ့သြစရာတွေတစ်ခုပြီးတစ်ခု ထုတ်ပြနေတာပဲ အစ်ကိုတော်သူတို့ရဲ့လွှမ်းမိုးမှုကို လျှော့တွက်မိသွားတယ်"

ပဥ္စမမင်းသမီးက ခေါင်းကိုအသာစောင်းငဲ့၍ သူ့စကားကိုအသိအမှတ်ပြုဟန်ပြလာသော်လည်း မှတ်ချက်တော့ပေးမလာပေ။ နောက်ကွယ်မှ တင်းမာမှုကိုသတိထားမိသွားဟန်ဖြင့် စကားလမ်းကြောင်းလွှဲလာသည်။

"ဒါဆို အစ်ကိုတော့်ကိုမနှောင့်ယှက်တော့ပါဘူး လမ်းခရီး‌ဘေးကင်းပါစေ"

ဝမ်ကျစ်ချင်းက နှုတ်ဆက်လာသည်။

တတိယမင်းသားလည်း ခေါင်းညိတ်၍ ရထားလုံးပေါ်ပြန်တက်သွားတော့၏။

"ဖုန့်မိသားစုနဲ့ ပဥ္စမမင်းသမီးကြားကဆက်ဆံရေးကို အသေးစိတ်စုံစမ်းထား ဘာတစ်ချက်မှမကျန်ခဲ့စေနဲ့"

တတိယမင်းသားက အမှုထမ်းတစ်ဦးကို အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ အရှင်မင်းသား"

တစ်ဖက်တွင်မူ ဝမ်ကျစ်ချင်းသည် တတိယမင်းသား၏ရထားလုံးထွက်ခွာသွားသည်အထိ မတ်တပ်ရပ်စောင့်ဆိုင်းပေးလျက်ရှိသည်။

"တတိယမင်းသားက ဒီကိုဘာကြောင့်ရောက်လာတယ်လို့ထင်သလဲ"

ဝမ်ကျစ်ချင်းက ခေါင်းဆောင်ဟွားကိုမေးလိုက်သည်။

"အင်း.....တတိယမင်းသားက အရှေ့ပိုင်းစီရင်စုမှာ အာဏာဖြန့်ကျက်ချင်နေတာဆိုတော့ ဖုန့်မိသားစုကိုလည်း စည်းရုံးချင်တယ်နဲ့တူပါတယ် ဖုန့်မိသားစုက အရှေ့ပိုင်းစီရင်စုရဲ့ အားအကြီးဆုံးမိသားစုပဲလေ"

ခေါင်းဆောင်ဟွားက စဥ်းစဥ်းစားစားဖြင့် ဖြေလာသည်။

"ဖုန့်မိသားစုက သ‌ဘောတူလိုက်မယ်ထင်လား"

ဝမ်ကျစ်ချင်းက ထပ်မေးသည်။

"ဖုန့်မိသားစုခေါင်းဆောင်သာ ကျွန်မတို့ကိုကယ်ခဲ့တဲ့လူဆိုရင်တော့ အဖြေကရှင်းပါတယ် သဘောတူမှာမဟုတ်ပါဘူး ဒီလိုအရည်အချင်းရှိတဲ့လူတစ်ယောက်က တတိယမင်းသားနဲ့ပူးပေါင်းမယ်မထင်ပါဘူး အဲ့လူကကြည့်ရသလောက်တော့ အမိန့်တွေနာခံတတ်မှာလည်းမဟုတ်သလို တတိယမင်းသားလို ခွဲခြားနှိပ်ကွပ်တတ်တဲ့သူတစ်ယောက်ရဲ့လက်အောက်မှာလည်း နေမယ်မထင်ပါဘူး ဒီချစ်ကြည်ရေးကတော့ သဘောတူ၏မတူ၏ စဥ်းစားရခက်ပါတယ်"

ခေါင်းဆောင်ဟွားက ထပ်ဖြေလာသည်။

သူမလို တော်ဝင်မိသားစုကလူများနှင့် တစ်ချိန်လုံးဆက်ဆံနေရသူအဖို့ တတိယမင်းသားနှင့်လည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဆုံခဲ့ဖူးသည့်အလျောက် တစ်ဖက်လူမှာ လူအများစုထက်တော့ ပိုကောင်းသည့်အကျင့်စရိုက်ရှိပါပေသည်။

သို့သော် သူမမြင်ရသလောက်တော့ တတိယမင်းသားက လက်အောက်ငယ်သားများကို ခွဲခြားဆက်ဆံတတ်သော အထင်သေးတတ်သောအကျင့်ရှိသည်ပင်။

သို့ပေမယ့် တတိယမင်းသား၏ မိခင်ဘက်ကမိသားစုမှာ မင်းနေပြည်တော်၏ အင်အားအကြီးဆုံးမိသားစု၅ခုထဲမှ တစ်ခုအပါအဝင်ဖြစ်လေရာ မင်းသားအများစုထက် နောက်ခံတောင့်သည်ဟုဆိုနိုင်ပြီး ရာဇပလ္လင်ကိုသိမ်းပိုက်နိုင်ချေရှိသည့်မင်းသားများထဲတွင် တတိယနေရာကိုရထားသူဖြစ်၏။

ပထမမင်းသား၊ ဒုတိယမင်းသားနှင့် တတိယမင်းသားတို့၏ မိခင်ဘက်မိသားစုများတွင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများ ရှိကြသည်ဖြစ်ရာ ထိုအချက်ကြောင့်ပင် ပလ္လင်ကိုဆက်ခံဖို့အားသန်သွားရခြင်းဖြစ်သည်။ ပထမမင်းသားကတော့ သားအကြီးဆုံးလည်းဖြစ်ပြီး ပါရမီနှင့်စိတ်နေစိတ်ထားအရပါ သာလွန်သူဖြစ်ရာ ဆက်ခံသူအဖြစ် နံပါတ်၁ပြေးနေသော မင်းသားတစ်ပါးဖြစ်၏။

တစ်ဖက်တွင်မူ တတိယမင်းသား၏မိခင်မိသားစုနောက်ခံက ကျန်မင်းသားနှစ်ဦးထက်သာလွန်သည်ဟုဆိုနိုင်သော်ငြား ထိုမင်းသား၏ကိုယ်ကျင့်စရိုက်ကမူ သုံးယောက်ထဲတွင် အဆိုးရွားဆုံးဟုဆိုနိုင်ပေသည်။

"ငါလည်းအဲ့လိုပဲထင်တယ်"

ဝမ်ကျစ်ချင်းက ထောက်ခံလာသည်။

သူတို့သိမြင်ခဲ့သော ထိုသူ၏ ခပ်တည်တည်နှင့် တသီးတသန့်နေတတ်သောအကျင့်အရ တစ်ဖက်သားကိုကပ်ဖားမြှောက်ပင့်တတ်မည့်သူလည်းမဟုတ်သလို သူတစ်ပါးလက်အောက်ခံလူစားမျိုးနှင့်လည်းမတူပေ။

ဒုတိယမင်းသားနှင့် ဆုံတွေ့စဥ်ကပင် မျက်နှာထားပြောင်းသွားသည့်သူမဟုတ်။

ဤသို့ဖြင့် ဝမ်ကျစ်ချင်း၏ရထားလုံးသည် ကိုယ်ရံတော်အပေါင်းခြံရံလျက် ကျောက်ခင်းလမ်းပေါ် ချောမွေ့စွာဖြတ်သန်းလာခဲ့တော့၏။

ရထားလုံးထဲတွင် ထိုင်ဖုံမွေ့ရာအပေါ် အသာမှီလျက်ရှိသောမင်းသမီးမှာ စဥ်းစားခန်းဝင်နေဟန်ပင်။

"ခေါင်းဆောင်ဟွား" တိတ်ဆိတ်မှုကိုဖြိုခွင်းလျက် ဝမ်ကျစ်ချင်းကစကားစသည်။

"အဲ့ဒီဖုန့်မိသားစုခေါင်းဆောင်သာ ငါတို့ထင်ထားတဲ့လူဆိုရင်လေ ငါတို့ကြားမဟာမိတ်ဖွဲ့လို့ရလောက်မယ်လို့ မင်းထင်သလား"

ခေါင်းဆောင်ဟွားကတွ့န်ဆုတ်လျက် စူးရှသောအကြည့်များမှာ မင်းသမီး၏မျက်လုံးများနှင့် ဆုံစည်းသွားတော့၏။

"ပြောဖို့ခက်ပါတယ် အရှင်မင်းသမီး ဖုန့်မိသားစုက အ‌ရှေ့ပိုင်းစီရင်စုကတစ်ခြားမိသားစုတွေနဲ့ မတူပါဘူး သူတို့က ကိုယ်ထူကိုယ်ထရုန်းကန်လာခဲ့တဲ့သူတွေဖြစ်ပြီး အင်အားပိုင်းမှာလည်း အခြေခိုင်ပါတယ်ဆိုတဲ့ မိသားစုကြီးတွေနဲ့တောင် ယှဥ်ရပ်နိုင်နေတာပါ သူတို့ဘယ်သူ့ကိုမဟာမိတ်ဖွဲ့လောက်မလဲဆိုတဲ့မေးခွန်းထက် သူတို့မှာမဟာမိတ်တောင်လိုအပ်ရဲ့လားဆိုတဲ့မေးခွန်းကို အရင်စဥ်းစားရမယ်ထင်ပါတယ်"

ဝမ်ကျစ်ချင်းက ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။

"မှန်တယ် ဒါပေမယ့် ဖုန့်မိသားစုခေါင်းဆောင်သာ ငါတို့ကိုကယ်ခဲ့တဲ့လူဖြစ်မယ်ဆိုရင်တော့ ငါတို့ကသူ့ကိုအကြွေးကြီးကြီးတင်ထားတာ နှစ်ဖက်ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့လည်းကျေးဇူးကြွေးဆပ်ရာရောက်သွားမယ် နောက်ပြီး ဒီနန်းလုပွဲမှာ ငါတို့ဘက်ကအင်အားလည်း ပိုတောင့်လာမယ်"

ခေါင်းဆောင်ဟွားက မျက်မှောင်ကြုတ်လိုက်သည်။

"အရှင်မင်းသမီး ကျွန်မအရိုးသားဆုံးပြောရမယ်ဆိုရင်တော့ တစ်ခြားမင်းသားတွေပိုင်ဆိုင်ထားတဲ့အရင်းအမြစ်တွေ နောက်ခံတွေ ကျွန်မတို့မှာမရှိသေးပါဘူး ဝိဉာဥ်သန္ဓေကျင့်ကြံသူမရှိတဲ့တစ်ချက်နဲ့တင် ပထမမင်းသား ဒုတိယမင်းသားနဲ့ တတိယမင်းသားတို့ဆီမှာ ကျွန်မတို့ကတစ်ပန်းရှုံးနှင့်ပါပြီ သူတို့ကအရှင်မင်းသမီးကို ပြိုင်ဘက်လို့မမြင်ဘဲ သူတို့ကိုအင်အားပေါင်းထည့်ပေးနိုင်တဲ့ ထောက်ခံသူတစ်‌ယောက်လို့ပဲ မြင်ကြမှာပါ"

ထိုမင်းသားသုံးဦးနှင့်ယှဥ်လျှင် ဝမ်ကျစ်ချင်း၏နောက်ခံမှာ မပြောပလောက်သေးမှန်း ခေါင်းဆောင်ဟွားသေချာသိသည်။

ပဥ္စမမင်းသမီးအနေဖြင့် မဟာမိတ်များစွာလိုက်စုနိုင်မည်ဆိုလျှင်တောင် ဝိဉာဥ်သန္ဓေကျင့်ကြံသူမပါဝင်လျှင် ပုရွက်ဆိတ်တစ်အုပ်ကိုစုသည်နှင့် ဘာမှမခြားပေ။

ပဥ္စမမင်းသမီးမှာ ထိုင်ခုံတွင်ပြန်မီထိုင်လိုက်ပြီး အတွေးနယ်ချဲ့လျက်ရှိ၏။

"ဟုတ်ပါတယ် ငါ့နေရာကသူ့တို့လိုအင်အားတောင့်သေးတာမဟုတ်ပါဘူး ဒါကြောင့်ပဲ ဖုန့်မိသားစုကိုတွေ့ဖို့ ငါကိုယ်တိုင်ထွက်လာတာပဲလေ သူတို့ထောက်ပံ့မှုကိုရရင်တော့ ငါ့ဆီမှာအခွင့်အရေးတစ်ခုလောက် ရှိကောင်းရှိလာနိုင်တယ်"

ခေါင်းဆောင်ဟွားက လက်ပိုက်လျက် လက်တွေ့ကျကျဆိုလာသည်။

"ဒီကိစ္စက အလောင်းအစားတစ်ခုလိုပါပဲ အရှင်မင်းသမီး သူတို့ဘက်က ပူးပေါင်းဖို့သဘောတူနိုင်ချေ မရှိသလောက်ဖြစ်ပါလိမ့်မယ်"

ဝမ်ကျစ်ချင်းက ခပ်ဖျော့ဖျော့ပြုံးသည်။ ခေါင်းဆောင်ဟွားက သက်ပြင်းအသာချလျက် ရှေ့သို့ကိုင်းကာစကားပြောလာသည်။

"ကျွန်မတို့ခြေလှမ်းတိုင်းကို ဂရုတစိုက်လှမ်းရပါမယ် တတိယမင်းသားက အဆက်အသွယ်တွေ အာဏာတွေသုံးပြီးတော့တောင် ဖုန့်မိသားစုကိုမစည်းရုံးနိုင်ရင် ကျွန်မတို့ဘက်က ဖုန့်မိသားစုကိုဆွဲဆောင်ုဖို့ မက်လုံးကောင်းကောင်းရှိရပါမယ် ရိုးရိုးသားသားပြောရရင်တော့ ကျွန်မတို့မှာမရှိဘူးထင်ပါတယ်"

မင်းသမီး၏မျက်နှာအမူအရာမှာလည်း နောင်တရနေဟန်ပင်။

"ခေါင်းဆောင်ဟွား" ဝမ်ကျစ်ချင်းက နောက်ပြောင်သလိုလိုဖြင့် စကားသည်။ "ဒါဆိုရင် ဖုန့်မိသားစုကို ဒီ့ထက်တိုက်ရိုက်ကျတဲ့နည်းနဲ့ ချဥ်းကပ်လိုက်သင့်လား"

ခေါင်းဆောင်ဟွားလည်း မျက်မှောင်ကြုတ်သွားပြီး ခေါင်းလှည့်ကြည့်လာသည်။

"ဘာကိုဆိုလိုတာပါလဲ အရှင်မင်းသမီး"

ပဥ္စမမင်းသမီးလည်း‌ အပြုံးတစ်ခုဖြင့် ရှေ့သို့ကိုင်းလာသည်။

"ငါ့ကိုယ်ငါလောင်းကြေးထပ်လိုက်ရင်ရော ဖုန့်မိသားစုခေါင်းဆောင်သာ တကယ်ငါတို့ကိုကယ်ခဲ့တဲ့သူဆိုရင် ဘာလို့လက်ထပ်ခွင့်မတောင်းနိုင်ရမှာလဲ ဒါကမဟာမိတ်ဖွဲ့တာပဲလေ"

ခေါင်းဆောင်ဟွားမှာ မင်းသမီးကို မယုံနိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့်ကြည့်နေမိသည်။

"အရှင်မင်းသမီး တကယ်ပြောနေတာလား"

"ဒါပေါ့"

ဝမ်ကျစ်ချင်းက မျက်လုံးများတောက်ပလာပြီး တခစ်ခစ်ရယ်မောလိုက်သည်။

"ငါတို့ကိုကယ်ခဲ့တဲ့လူအကြောင်း ပြန်တွေးကြည့်လေ ငယ်ရွယ်ချောမောပြီး ပါရမီလည်းရှိတယ် ဘာများအရှုံးရှိနိုင်မှာမလို့လဲ"

ခေါင်းဆောင်ဟွားမှာလည်း တည်တည်ငြိမ်ငြိမ်ဟန်ကိုဆက်ထိန်းမထားနိုင်တော့ဘဲ ပြောစရာပျောက်ရှသွားလေသည်။

"ဒါပေမယ့် အရှင်မင်းသမီး လက်ထပ်ဖို့ကမ်းလှမ်းတာကြီးကတော့ များလွန်းပါတယ် သူကငြင်းလိုက်ရင်ရော"

ဝမ်ကျစ်ချင်းက မဖြစ်နိုင်ဟူသည့်သဘောဖြင့် လက်ယမ်းပြလိုက်သည်။

"ငြင်းမယ်တဲ့လား တော်ဝင်မင်းသမီးလှလှလေးကို ဘယ်သူကငြင်းနိုင်မှာမလို့လဲ"

ခေါင်းဆောင်ဟွားမှာတော့ အံ့သြလို့မဆုံးနိုင်ပေ။

ဝမ်ကျစ်ချင်းကဆက်ပြောလာသည်။ "ဘာပဲဖြစ်ဖြစ် ငါကမိုးပြာကောင်းကင်အင်ပါယာရဲ့ ဘုရင်မဖြစ်ကိုဖြစ်လာစေရမယ်"

All Chapters