← Chapters

ပဥ္စမမင်းသမီးနှင့် ပြန်လည်ဆုံစည်းခြင်း

Vol. 15 Ch. 206

ပဥ္စမမင်းသမီးနှင့် ပြန်လည်ဆုံစည်းခြင်း

Vol. 15 Ch. 206

ဝမ်ကျစ်ချင်း၏ရထားလုံးသည် ဖုန့်မိသားစု၏ ယာယီနေအိမ် ဂိတ်တံခါးတွင် ရပ်တန့်သွားတော့၏။

ဝင်ပေါက်တွင်စောင့်ကြပ်နေသော အစောင့်မှာ ရထားလုံးထက်မှ တော်ဝင်အမှတ်တံဆိပ်ကိုသတိပြုမိလိုက်ပြီး ‌လေးစားစွာဦးညွှတ်လျက် ဘေးသို့ကပ်ပေးလိုက်သည်။

(လာပြန်ပြီ ဒီတစ်ခေါက်က ဘယ်သူပါလိမ့်)

သူတို့အားလုံး ထိုသို့တွေးမိကြ၏။

တတိယမင်းသားမွှေသွားသောဖြစ်ရပ်ကြောင့် တော်ဝင်အမှတ်တံဆိပ်ကိုမြင်သည်နှင့် သူတို့စိတ်ရှုပ်နေရလေပြီ။

တတိယမင်းသား၏ကိစ္စကိုမှ ဖြေရှင်းလို့ပြီးရုံရှိသေး အခြားတော်ဝင်မျိုးနွယ်တစ်ဦးကိုပါ ထပ်မံကိုင်တွယ်ရပေဦးမည်။

ခေါင်းဆောင်ဟွား အရှေ့သို့အရင်ထွက်လာပြီး အနီးပတ်ဝန်းကျင်ကို စူးရှစွာအကဲခတ်ပြီးမှ မင်းသမီးကိုထွက်လာရန်ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ကျစ်ချင်းသည် ရထားလုံးတွင်းမှ ကျက်သရေရှိစွာထွက်ပေါ်လာ၏။ ကြက်သွေးရင့်နှင့်ရွေရောင်‌နှောသော တော်ဝင်ဝတ်ရုံမှာ နေမင်း၏ပြိုးပြိုးပြက်ပြက်အလင်းရောင်ကို ဖမ်းစားလို့ထားလေသည်။

ဖုန့်မိသားစုအစောင့်အကြပ်များမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ရင်သပ်ရှုမောစွာ ချီးမွမ်းလိုသည့်အကြည့်များပင်။

တတိယမင်းသားအကြောင်းကို ဟောင်ဖွာဟောင်ဖွာအတင်းဆိုနေကြသော ခြံဝန်းတွင်းမှ ဖုန့်မိသားစုဝင်များပင် ပဥ္စမမင်းသမီးကိုမြင်သော် စကားရပ်သွားရ၏။

"အဲ့ဒါဘယ်သူပါလိမ့် လှလိုက်တာနော်"

"နတ်သမီးပဲ ကောင်းကင်ကနတ်သက်ကြွေလာတာဖြစ်မယ်"

"ကြည့်စမ်း အဲ့ဒါတော်ဝင်အမှတ်တံဆိပ်မလား ‌တော်ဝင်မင်းသမီးတစ်ပါးပဲဖြစ်မယ်"

အသစ်ရောက်လာသောဧည့်သည်တော်ကို သူတို့အားလုံးအာရုံစိုက်မိသွားကြလေသည်။

"ဘုရားရေ အဲ့ဒီပဥ္စမမင်းသမီးပဲ"

ဖုန့်ရော့လန်က အာမေဋိတ်ပြုလျက် တအံ့တသြဆိုလာသည်။ အမာခံပရိတ်သတ်တစ်ဦးအနေဖြင့် ပဥ္စမမင်းသမီးကို မမှတ်မိဘဲမရှိပါ။

"အဲ့ဒါတကယ်ပဲပဥ္စမမင်းသမီးလည်း ငါလည်းသူလှတယ်ဆိုတဲ့သတင်းတွေတော့ကြားဖူးပါတယ် ဒါပေမယ့် လူကိုယ်တိုင်တွေ့လိုက်ရတော့............ သေမျိုးလောကကိုဆင်းသက်လာတဲ့ ကြယ်စင်နတ်သမီးလေးပါပဲကွာ" ဖုန့်လျန်းက ငေးမောလျက်ချီးမွမ်းလာသည်။

သူဝန်ခံပါ၏။ ပဥ္စမမင်းသမီးမှာ ဖုန့်ရော့လန်ကြွားထားသည့်အတိုင်းပင် လှပတင့်တယ်လှပေသည်။

"မိုးပြာကောင်းကင်အင်ပါယာရဲ့ ထိပ်တန်းအလှပဂေးတွေထဲကတစ်ယောက်ဖြစ်နေတာ မအံ့သြတော့ပါဘူး အသက်ရှူမှားလောက်ပါပေရဲ့" ဖုန့်ကျန်းဟောင်ကလည်း ထပ်ပေါင်းချီးကျူးလာသည်။

"မင်းသမီးကဒီကိုလာတာ မိသားစုခေါင်းဆောင်ကိုတွေ့ဖို့ဖြစ်လောက်တယ်မလား သူတို့နှစ်ယောက်က တကယ်ကိုတစ်ခုခုပဲ" ဖုန့်ရော့လန်က စိတ်လှုပ်ရှားစွာပြောလာသည်။

ကျန်သူများကတော့ ဘာမှပြန်မပြောကြသေးဘဲ အခြေအနေကိုစောင့်ကြည့်ကြဦးမည့်ပုံပင်။

ခေါင်းဆောင်ဟွားက သြဇာမာန်အပြည့်ဖြင့် ရှေ့သို့လှမ်းတက်လာသည်။

နေရောင်အောက်တွင် တဖျတ်ဖျတ်တောက်ပနေသောသံချပ်ကာကိုဝတ်ဆင်ထားသော ခေါင်းဆောင်ဟွား၏အကြည့်စူးစူးတို့မှာ တံခါးစောင့်ကိုယ်ရံတော်ကို စိုက်ကြည့်လာကြ၏။

မာန်တက်မောက်မာနေသော တတိယမင်းသား၏အခြေအရံနှင့်မတူဘဲ တည်ငြိမ်သောအရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

"ကျေးဇူးပြုပြီး မင်းတို့ရဲ့မိသားစုခေါင်းဆောင်ကို ပဥ္စမမင်းသမီးဝမ်ကျစ်ချင်းက တွေ့ခွင့်တောင်းတယ်လို့အကြောင်းကြားလိုက်ပါ" ခေါင်းဆောင်ဟွား၏လေသံက ယဥ်ကျေးသော်ငြား ခိုင်မာပြတ်သားသည်။

တစ်ဖက်လူ၏ ယဥ်ကျေးသောအပြုအမူကို အသိအမှတ်ပြုဟန်ဖြင့် ဖုန့်မိသားစုအစောင့်အကြပ်က ချက်ချင်းဦးညွှတ်လာသည်။

"ချက်ချင်းအကြောင်းကြားလိုက်ပါ့မယ် ခေါင်းဆောင် ခဏလောက်စောင့်ဆိုင်းပေးပါ"

အစောင့်က ခန်းမကြီးဆီသို့ အမြန်ပြေးထွက်သွားပြီး ကျန်ဖုန့်မိသားစုဝင်များမှာတော့ စူးစမ်းလိုဟန်ဖြင့် တံခါးနားတွင် တဝဲလည်လည်လုပ်လျက်ရှိလေ၏။

ထိုအချိန်တွင် ဖုန့်ချန်းမှာ အကြီးအကဲများနှင့်တူ တတိယမင်းသားအကြောင်းဆွေးနွေးလျက်ရှိသည်။ သူ့ဘက်ကသိပ်မစိုးရိမ်သော်ငြား သူ့ကျင့်ကြံဆင့်ကို သိမထားကြသေးသော အချို့အကြီးအကဲများမှာ စိုးရိမ်ကြောင့်ကြလျက် ရှိသောကြောင့်ပင်။

"တတိယမင်းသားကတော့ ဘာမှခြိမ်းခြောက်နိုင်မှာမဟုတ်ပေမယ့် သူ့မယ်တော်ဘက်က ထျန်းမိသားစုမှာ ဝိဉာဥ်သန္ဓေကျင့်ကြံသူပါရှိတယ်တဲ့ မင်းနေပြည်တော်ရဲ့ အင်အားအကြီးဆုံးမိသားစုသုံးခုထဲက တစ်ခုအပါအဝင်ပဲ" မဟာအကြီးအကဲဖုန့်ကျန်းရှန်က စကားစလာသည်။

"တတိယမင်းသားကိုဒီနေ့စော်ကားခဲ့တဲ့ကိစ္စမှာ သူတို့ပါဝင်ပါလာရင်တော့ ဖုန့်မိသားစုကတောင့်ခံနိုင်ပါ့မလားလို့တွေးမိတယ်"

ထျန်းမိသားစုနှင့် ဝိဉာဥ်သန္ဓေကျင့်ကြံသူဟူသောစကားလုံးပါလာသည်နှင့် ဖုန့်ချန်းမှလွဲ၍ ကျန်သူများမှာ အထိတ်တလန့်ဖြစ်ကုန်ကြတော့၏။

ဝိဉာဥ်သန္ဓေကျင့်ကြံသူဆိုသည်မှာ မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံး၏ အထွဋ်အထိပ်ဟုဆိုလို့ရသော တည်ရှိမှုတစ်ခုပါပေ။

ရောက်ရှိလာနိုင်သော အန္တရာယ်ကို စိတ်ပူနေကြသော်ငြား တတိယမင်းသားအားစော်ကားပြုမူခဲ့သည့် ဖုန့်ချန်းကို‌တော့ သူတို့တစ်ခွန်းမှအပြစ်မတင်ကြပါချေ။

ပြဿနာကို မည်သို့ဖြေရှင်းရမည်ဆိုသောအကြောင်းကိုသာ ဆွေးနွေးနေကြသည်ပင်။

"တတိယမင်းသားကို ရန်စမိသွားပြီဆိုတော့ တစ်ခြားမင်းသားတစ်ပါးပါးနဲ့မဟာမိတ်ဖွဲ့လိုက်ရင် တတိယမင်းသားလှုပ်ရှားမလာနိုင်လောက်ဘူးထင်တယ်" ဖုန့်ကျန်းရှန်က အကြံပြုလာသည်။

အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးမိသားစုများထဲမှ မိသားစုတစ်ခုအနေဖြင့် မင်းသားတစ်ပါးပါးကိုသစ္စာခံရန် ခက်ခဲလှသည်မဟုတ်ပေ။

"ကျွန်တော်ကြားသလောက်တော့ ပထမမင်းသားက ကိုယ်ကျင့်တရားလည်းကောင်းမွန်ပြီး တည်တည်ငြိမ်ငြိမ်ရှိတယ် ဦးစီးဦးဆောင်လည်းတော်သတဲ့ ပြီးတော့ ထီးနန်းဆက်ခံဖို့အတွက် အလားအလာအရှိဆုံးသူပဲ သူ့ကိုဦးစားပေးရွေးချယ်သင့်တယ်" အကြီးအကဲတစ်ဦးက အကြံပြုလာသည်။

အခြားအကြီးအကဲများကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြ၏။

ထျန်းမိသားစုနှင့် ဝိဉာဥ်သန္ဓေကျင့်ကြံသူ၏အမျက်ဒေါသကို ကာကွယ်နိုင်ဖို့ဆိုလျှင် သူတို့အနေနှင့် ဝိဉာဥ်သန္ဓေကျင့်ကြံသူနောက်ခံများရှိကြသည့် ပထမမင်းသားနှင့် ဒုတိယမင်းသားထဲမှသာ ရွေးချယ်ရမည်ဖြစ်သည်။

ထိုနှစ်ဦးထဲတွင် ပထမမင်းသားမှာ ပိုရွေးချယ်သင့်သူဖြစ်၏။

"ချန်းအာ မင်းဘယ်လိုထင်လဲ" ဖုန့်ကျန်းရှန်က မေးသည်။

"အင်း........တတိယမင်းသားနဲ့ သူ့နောက်ခံအကြောင်းကို အများကြီးတွေးပူမနေကြပါနဲ့ ကျွန်တော့်မှာဖြေရှင်းဖို့နည်းလမ်းရှိတာကြောင့် တစ်ခြားမင်းသားတွေကိုသစ္စာခံဖို့လည်းမလိုပါဘူး တတိယမင်းသားသာ အသက်ဆက်ရှင်လိုတဲ့ဆန္ဒရှိသေးရင် ကျွန်တော့်ကိုထပ်ပြီးရန်လာစမှာမဟုတ်ပါဘူး" ဖုန့်ချန်းက စိတ်ချယုံကြည်စွာ ပြောလာသည်။

ဝိဉာဥ်သန္ဓေကျင့်ကြံသူနှင့် တော်ဝင်မိသားစုကိုပင် မစိုးရိမ်ဖို့ပြောနေသည့်လေသံမှာ အတော်လေးမာန်တက်ပြီး ယုံကြည်မှုလွန်ကဲနေဟန်ပေါ်၏။

ထို့အပြင် ဖုန့်ချန်း၏အပြောအရ တတိယမင်းသား၏အသက်ကိုပင် သူလိုသည့်အချိန် ဆွဲနှုတ်လို့ရနေသည့်အလား။

ဖုန့်ချန်းပြောသည့် ဖြေရှင်းနည်းဆိုသည်ကို သူတို့ဆက်လက်ရှင်းပြလိုစေသော်ငြား အစောင့်တစ်ဦးမှ တံခါးခေါက်လာသဖြင့် စကားစပြတ်သွားတော့၏။

"ဘာလဲဟေ့"

ဖုန့်ကျန်းရှန်က ဒေါသသံဖြင့်မေးလိုက်သည်။

သူတို့အစည်းအဝေးပွဲနှောင့်ယှက်ခံရသည်မှာ ဒုတိယအကြိမ်ပင်။ အရေးကြီးကိစ္စဆွေးနွေးနေသောအချိန်ဖြစ်တာကြောင့် ဒေါသမထွက်ပဲမနေနိုင်ပါပေ။

"မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲများခင်ဗျာ ကြားဖြတ်နှောင့်ယှက်လိုက်ရလို့ တောင်းပန်ပါတယ် တော်ဝင်အရှင်မင်းသမီးဖြစ်တဲ့ ပဥ္စမမင်းသမီးက ဂိတ်တံခါးမှာရောက်နေပြီး တွေ့ခွင့်တောင်းနေလို့ပါ"

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

"ပဥ္စမမင်းသမီးလား"

ဖုန့်ကျန်းရှန်ရေရွတ်လိုက်ပြီး အတွေးများသွားဟန်ဖြင့် မျက်မှောင်ကြုတ်သွားရ၏။

"ဒီအချိန်မှာ ဖုန့်မိသားစုနဲ့သူက ဘာများပြောစရာကိစ္စရှိနေလို့ပါလိမ့်" အကြီးအကဲတစ်ဦးကလည်း တွေးဆဆဖြင့်ပြောသည်။

ဖုန့်ချန်းကမူ စိတ်ဝင်စားသွားဟန်ဖြင့် မသိမသာပြုံးလိုက်သည်။

"ကဲ ဒီနေ့ကတော့နေ့တာရှည်ပုံပဲ အကြီးအကဲတို့ရေ မင်းသမီးစောင့်ရတာကြာနေပါဦးမယ် အပြီးသတ်ကြတာပေါ့"

အကြီးအကဲများမှာ သဘောတူစွာခေါင်းညိတ်လိုက်ရသော်ငြား သံသယအမူအရာများရှိနေဆဲပင်။ ပဥ္စမမင်းသမီးသည် ဒီအချိန်တွင် ဘာအကြောင်းရင်းများရှိလို့ ဒီကိုရောက်လာရသနည်း?

ဖုန့်ချန်းထိုင်ခုံမှထလိုက်သော် ဝတ်ရုံစက သြဇာမာန်ပါပါဖြင့် လွှားခနဲလွင့်တက်သွားသည်။

(သူကဒီကိုဘာလို့ရောက်လာတာပါလိမ့် ငါ့မိဘတွေနဲ့ပက်သက်ပြီး သတင်းရထားလို့များလား)

"မင်းသမီးကို ဧည့်တွေ့ခန်းဆီခေါ်လာလိုက်ပါ အဲ့မှာတွေ့ကြမယ်"

အစောင့်က အမြန်ဦးညွှတ်လျက် အမိန့်ကိုဆောင်ရွက်ရန်ပြေးထွက်သွားတော့၏။

(မဟုတ်မှလွဲရော?)

ဖုန့်ကျန်းရှန်မှာ တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်သည့်အလား ဖုန့်ချန်းကိုမျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်လာသည်။

(ချန်းအာပြောတဲ့ဖြေရှင်းနည်းဆိုတာ ပဥ္စမမင်းသမီးဆီ သစ္စာခံလိုက်မှာကိုပြောတာများလား)

ဖုန့်ကျန်းရှန်အတွေးများသွားပြီး ဖုန့်ချန်းနှင့်မင်းသမီးကြားကဆက်ဆံရေးကို စတင်ခန့်မှန်းကြည့်မိတော့သည်။

သိပ်တော့မသေချာသော်ငြား စံအိမ်တစ်ခုလုံးကို လက်ဆောင်အဖြစ်လက်ခံရထားသောဆက်ဆံရေးမှာ အတော်လေးကောင်းမွန်လှဟန်ပင်။

ထို့အပြင် ဖုန့်ချန်းသည် တတိယမင်းသားကိုတော့ ခြံဝန်းအတွင်းပင်ဝင်ခွင့်မပေးသော်ငြား ပဥ္စမမင်းသမီးကျတော့ ချက်ချင်းခေါ်ဆောင်စေသတဲ့လေ။

"ဘာပဲဖြစ်ဖြစ်ပါ ချန်းအာအမိန့်အတိုင်း လိုက်နာကြတာပေါ့" ဖုန့်ကျန်းရှန်က ဖုန့်ချန်းနောက်လိုက်လာရင်း ခပ်တိုးတိုးရေရွတ်သည်။

ဝမ်ကျစ်ချင်းက သူမ၏စံအိမ်ဖြစ်ဖူးသည်နှင့်အညီ ဧည့်သည်ခန်းမဆီသို့ ကျွမ်းကျင်စွာလှည့်ဝင်သွား၏။

သူမဘေးတွင်မူ ခေါင်းဆောင်ဟွားရှိသည်။ ကိုယ်ရံတော်များစွာခေါ်ဆောင်လာခြင်းက ရိုင်းပျရာကျသော်ကြောင့် သူတို့အားလုံးကို ခြံဝန်းအပြင်တွင်သာ ချန်ထားခဲ့သည်လေ။

ဝမ်ကျစ်ချင်းမှာ စိတ်လှုပ်ရှားနေသောကြောင့် လမ်းတစ်လျှောက်လူတွေငေးမောနေကြသည်ကိုပင် သတိမထားမိခဲ့ချေ။

သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလျက် ဧည့်သည်ခန်းသို့ဝင်ရောက်လိုက်၏။

(သေချာပေါက် အဲ့လူပဲပေါ့)

ဝမ်ကျစ်ချင်းတွေးမိလိုက်သည်။

နောက်ဆုံးတော့ ကယ်တင်ရှင်လူကြီးမင်း၏ အသွင်မှန်ကို အတည်ပြုလိုက်နိုင်ပြီဖြစ်ရာ သူမအခွင့်အ‌ရေးပိုရလာနိုင်ချေရှိကြောင်း တွေးမိလိုက်သည်။

ခေါင်းဆောင်ဟွားသည်လည်း ဖုန့်ချန်းကိုမြင်သော် မျက်လုံးပြူးသွားရ၏။

အဆင့်၅သားရဲတစ်ကောင်ကို လွယ်လွယ်ကူကူသတ်ဖြတ်လျက် သူတို့ကိုကယ်တင်ခဲ့သောသူမှာ အမှန်တကယ်ပင် ဤမျှငယ်ရွယ်နေလိမ့်မည်ဟု သူမလုံးဝမထင်မှတ်ထားခဲ့ပါချေ။

သူမလည်း ဖုန့်မိသားစုခေါင်းဆောင်အကြောင်း များစွာကြားဖူးခဲ့သော်ငြား အကျယ်ချဲ့ထားသည်ဟုသာ တွေးခဲ့မိသည်။ ယခုတော့ ကောလဟလများမှာ အကျယ်ချဲ့ထားခြင်းမဟုတ်ဘဲ လိုတောင်လိုအပ်နေသေးသည်ဟု တွေးမိရလေသည်။

ဝမ်ကျစ်ချင်းတစ်ယောက် ဧည့်သည်ခန်းထဲသို့ဝင်လိုက်သည်နှင် လေထုမှာအနည်းငယ်တောင့်တင်းသွားရသည်။ အကြီးအကဲများသည် လေးစားသမှုဖြင့် ထိုင်ရာမှထရပ်လိုက်ကြပြီး ပဥ္စမမင်းသမီးကို လေးစားရိုသေစွာ နောက်ပြီး စူးစမ်းလိုစွာဖြင့် အကဲခတ်နေကြ၏။

မမျှော်လင့်ဘဲရောက်ရှိလာပါသော တော်ဝင်ဧည့်သည်တော်တစ်ဦးကို မည်သို့မည်ပုံဆက်ဆံရမည်မှန်း မတွေးတတ်ကြသည့်ပုံပင်။ အထူးသဖြင့် ဧည့်သည်မှာ ဤမျှလှပအဆင့်အတန်းမြင့်သော တော်ဝင်မင်းသမီးဖြစ်နေလေသည်။

အစောကတော့ တတိယမင်းသားကို သူတို့လေးစားမှုမရှိစွာ နှင်ထုတ်လိုက်ကြသည်ဆိုသော်ငြား တစ်ဖက်လူ၏အပြုအမူများကရိုင်းစိုင်းသောကြောင့်လည်းပါ၏။ သာမန်အခြေအနေတွင် တော်ဝင်မျိုးနွယ်တစ်ဦးကို သူတို့မစော်ကားလိုပါ။

"အရှင်မင်းသမီး" ဖုန့်ကျန်းရှန်က ဦးညွှတ်နှုတ်ဆက်လာသည်။ "ဒီလိုဆုံတွေ့ရတာ ဂုဏ်ယူစရာပါပဲ သက်တောင့်သက်သာ နေရာယူပေးပါခင်ဗျာ"

ကျန်အကြီးအကဲများကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထိုင်စရာထိုင်ခုံများကို တရိုတသေညွှန်ပြကာနေရာပေးလာကြသည်။

လူတိုင်း၏ တတ်နိုင်သမျှအမြင့်ဆုံးသော ရိုသေလေးစားမှုကို တစ်ချိန်လုံးလက်ခံလာရသော ဝမ်ကျစ်ချင်းသည် အကြီးအကဲတို့၏ ကို့ရို့ကားရားနှုတ်ဆက်စကားတို့ကို အပြုံးတစ်ပွင့်ဖြင့်သာလက်ခံလိုက်ပြီး ခေါင်းတစ်ချက်ဆတ်လျက် ညင်သာစွာနေရာယူလိုက်တော့သည်။

ခေါင်းဆောင်ဟွားကမူ သတိကြီးစွာဖြင့်ပင် မင်းသမီး၏အနောက်တွင်ငြိမ်သက်စွာရပ်နေကာ အခန်းတစ်ခုလုံးကို စူးရှစွာလိုက်လံစစ်ဆေးလျက်ရှိ၏။

ဖုန့်ချန်းက သူတို့၏ကယ်တင်ရှင်ဖြစ်ခဲ့သောကြောင့် မင်းသမီးကိုထိခိုက်စေမှာမဟုတ်မှန်း သူမ,ယုံကြည်သော်ငြား မည်သည့်အခြေအနေတွင်ဖြစ်စေ ထိုသို့အသေးစိတ်စစ်ဆေးရမည်မှာ သူမတာဝန်ပါပေ။

"ယဥ်ကျေးတဲ့ကြိုဆိုမှုအတွက် ကျေးဇူးပါရှင်" ဝမ်ကျစ်ချင်းက ညင်သာစွာခေါင်းလေးတစ်ချက်ညွှတ်လျက် ဆိုလိုက်သည်။

သူမ၏နွေးထွေးသောအသံမှ အခန်းတွင်းရှိတင်းမာမှုကို လျော့ကျစေ၏။

"ခေါင်းဆောင် ပြန်တွေ့ရတာဝမ်းသာပါတယ်"

"ဟုတ်ပါ့ဗျာ မတွေ့ရတာတောင်ကြာပြီပဲ"

ဖုန့်ချန်းက စကားပြန်လိုက်သည်။

ဝမ်ကျစ်ချင်းမှာ တစ်ဖက်လူကိုစူးစမ်းစွာအကဲခတ်နေရင်း စိုက်ကြည့်နေသောအချိန်က လိုအပ်သည်ထက်ပိုကြာသွားလေသည်။

ထို့နောက် ခေါင်းကိုတစ်ချက်ငဲ့လျက် သူမစကားထပ်စလိုက်သည်။ စကားသံမှာ အမှန်ပင်စူးစမ်းလိုဟန်များပြည့်လျက်။

"ကျွန်မရိုးရိုးသားသားဝန်ခံရရင် အဲ့နေ့ကကျွန်မကိုကယ်ခဲ့တဲ့လူက နာမည်ကြီး ဖုန့်မိသားစုခေါင်းဆောင် ဖုန့်ချန်းဖြစ်လိမ့်မယ်လို့ တစ်ခါမှမထင်ခဲ့ဖူးပါဘူး"

All Chapters