အမှန်တရားကိုရှာဖွေခြင်း
Vol. 15 Ch. 207
ဖုန့်ချန်းကတော့ ပုံမှန်အမူအရာဖြင့်သာ နားထောင်နေသည်။
အကယ်၍ ပဥ္စမမင်းသမီးက သူနှင့်လန်မိသားစုကြားကဆက်ဆံရေးကို သိသွားမည်ဆိုလျှင်တောင် သူ့လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် သိပ်ပူစရာကိစ္စဟုတ်မနေပါ။
စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံသူတစ်ဦးအနေဖြင့် အနည်းဆုံးတော့ မိုးပြာကောင်းကင်အင်ပါယာထဲတွင် မိမိလုပ်ရပ်တစ်ခု၏နောက်ဆက်တွဲများကို သိပ်စိုးရိမ်ကြောင့်ကြနေစရာမလိုတော့ပါ။
အခြား စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံသူတစ်ဦး ရှိနေသေးသည်ဆိုသော်ငြား ဖုန့်ချန်းကတော့ တကယ်တမ်းယှဥ်လျှင် သူရှုံးနိမ့်မည်ဟုမထင်ပါ။
သူတော်စင်ထိပ်တန်းအဆင့် မှော်ရတနာများနှင့် ကျင့်စဥ်များအားကိုးဖြင့် သူယုံကြည်မှုရှိပါ၏။
စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်ထားနိုင်သူဖြစ်လင့်ကစား ဤသို့ရတနာပစ္စည်းများစွာကိုတော့ ပိုင်ဆိုင်ထားနိုင်လောက်မည်မဟုတ်ပေ။
"ဟုတ်ပါ့ဗျာ အဲ့လူကကျွန်တော်ပါပဲ ဆိုတော့ အရှင်မင်းသမီးက ဒီကိုဘာကိစ္စကြောင့်များ ကြွရောက်လာတာပါလိမ့်"
ဖုန့်ချန်း တည့်တိုးပင်မေးလိုက်သည်။
ဝမ်ကျစ်ချင်းမှာ ခေတ္တမျှတွန့်ဆုတ်သွားပြီးနောက် အတွေးများကိုပြန်လည်စုစည်းလိုက်သည်။
တော်ဝင်မင်းသမီးတစ်ပါး၏ဟန်အတိုင်း ကျက်သရေရှိမြဲ တည်ငြိမ်အေးဆေးမြဲပင်ဖြစ်သော်ငြား သူမ၏စိတ်တွင်းမှရည်ရွယ်ချက်များကြောင့် အနည်းငယ်နေရထိုင်ရခက်နေရလေသည်။
ဖုန့်ချန်းမှာ သူမအသက်ကိုကယ်ဆယ်ခဲ့သူဖြစ်ပြီး သူမဘက်က ဤမျှကျေးဇူးကြွေးကြီးတင်ထားသော်ငြား နောက်ထပ်တောင်းဆိုမှုတစ်ခုကို ထပ်မံလုပ်ဆောင်ရပေဦးမည်။
နန်းပလ္လင်လုပွဲတွင် သူမ၏အနိုင်ရနိုင်ချေမှာ အတော်လေးနည်းပါးလှသောကြောင့် ဖုန့်ချန်းမှသူမကိုထောက်ပံ့ပေးမည်ဆိုလျှင် အခြားအနိုင်ရနိုင်ချေများသည်မင်းသားတစ်ပါးပါးကို ထောက်ပံ့ပေးရမည့်အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးရပေမည်။ ဤသည်မှာ ပေါ့သေးသေးတောင်းဆိုမှုတစ်ခုမဟုတ်နေ။
အနိုင်ရနိုင်ချေ မရှိသလောက်နည်းပါးသည့်ဘက်အား လောင်းကြေးထပ်ခိုင်းနေသည်နှင့်မခြားပေ။
"ကျွန်မဒီကို အကြောင်းရင်းနှစ်ခုကြောင့်လာခဲ့တာပါ"
တည်ငြိမ်သောအသံဖြင့်စကားစလိုက်သော်ငြား သူမအနည်းငယ်ရင်တုန်လို့နေသည်ပင်။
"ပထမအကြောင်းရင်းကတော့ ခေါင်းဆောင်ကကျွန်မရဲ့ကယ်တင်ရှင်ဟုတ်မဟုတ် အတည်ပြုချင်လို့ပါ ဒီကိစ္စကတော့ ပြီးစီးသွားပြီဆိုရမှာပေါ့ ဒုတိယအကြောင်းရင်းကတော့"
"နန်းပလ္လင်လုပွဲမှာ ခေါင်းဆောင်ကို ကျွန်မဘက်ကနေ ထောက်ပံ့ကူညီပေးစေချင်ပါတယ်"
ထိုစကားဆုံးသည်နှင့် ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီး အကြီးအကဲများက စူးစမ်းလိုသောအကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက်မျက်စပစ်လျက်ရှိကြသည်။ ဖုန့်ချန်းကတော့ မျက်နှာအပြောင်းအလဲသိပ်မရှိပေ။
"ထောက်ပံ့ကူညီပေးရမယ်?"
ပေါ့ပေါ့ပါးပါးအသံဖြင့် သူကပြန်မေးလာသည်။
"မင်းသမီးက ဘုရင်မဖြစ်လာချင်တယ်ပေါ့"
ဖုန့်ချန်းအသံမှာ အနည်းငယ်စူးစမ်းလိုဟန်ပင်။
မိုးပြာကောင်းကင်အင်ပါယာ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဘုရင်များသာစိုးစံအုပ်ချုပ်လာခဲ့သည်ဖြစ်ရာ ဘုရင်မတစ်ပါးတလေမှ မရှိခဲ့ဖူးပေ။
ဝမ်ကျစ်ချင်းမှာ သူမ၏အသက်ကိုပင် အနိုင်နိုင်ထိန်းသိမ်းထားရသည့်အချိန်မှာ ဘုရင်မဖြစ်ဖို့ကိုပင် ရည်မှန်းနိုင်သေးလေသလားဟု ဖုန့်ချန်းတွေးလိုက်မိသည်။
ဝမ်ကျစ်ချင်းက အသက်ပြင်းပြင်းတစ်ချက်ကို ရှိုက်ရှူလိုက်ပြီး ငြိမ်သက်သောမျက်ဝန်းအစုံဖြင့် ဖြေလာသည်။
"မှန်ပါတယ် ကျွန်မကနန်းပလ္လင်လုရာမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ရည်မှန်းထားပါတယ် မိုးပြာကောင်းကင်အင်ပါယာကို ဘုရင်တွေသာစိုးစံအုပ်ချုပ်လာခဲ့တာမှန်ပေမယ့် အမျိုးသမီးများထီးနန်းမတက်ရဆိုတဲ့စည်းမျဥ်းလည်း မရှိခဲ့ပါဘူး ရှိခဲ့ရင်တောင်မှ အခုကပြောင်းလဲချိန်တန်ပြီလို့ထင်ပါတယ် နောက်ပြီး ကျွန်မထီးနန်းတက်ဖို့အတွက် ထောက်ပံ့ပေးမယ့်သူလည်းရှိနေပါတယ်"
"ထောက်ပံ့ပေးမယ့်သူ?"
ဖုန့်ချန်းပြောလိုက်သည်။ "လူနည်းနည်းလောက်က ထောက်ပံ့ပေးရုံနဲ့ မင်းသမီးနန်းပလ္လင်ပေါ်တက်နိုင်လောက်မယ်လို့ ထင်နေတာလား"
ဝမ်ကျစ်ချင်းက မျက်နှာပျက်မသွားပါ။
သူမဒီစကားများအတွက် စိတ်ကိုကြိုတင်ပြင်ဆင်လာခဲ့ပြီး ဖြစ်ပါ၏။
"နည်းနည်းလောက်တင်မဟုတ်ပါဘူး ကျွန်မမှာ အင်အားကြီးနောက်ခံတွေ ခေါင်းဆောင်ထင်တာထက်ပိုရှိပါတယ် အရှေ့ပိုင်းစီရင်စုရဲ့ အင်အားအကြီးဆုံးမိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွင်ဟိုင်မိသားစုကလည်း သစ္စာခံထားပြီး စစ်သူကြီးယန်ကလည်း ကျွန်မကိုထောက်ပံ့ပေးနေပါတယ်"
ပဥ္စမမင်းသမီးထည့်ပြောလိုက်သောနာမည်များက သက်ရောက်မှုတစ်ခုရှိတာကြောင့် အခန်းတွင်းရှိအကြီးအကဲများကို တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြန်၏။
ယွင်ဟိုင်မိသားစုဆိုသည်မှာ ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိသော အင်အားစုတစ်ခုဖြစ်သလို စစ်သူကြီးယန်၏ တိုက်ပွဲစွမ်းရည်ကလည်း အင်အားမျှချေကို ပြောင်းလဲပေးနိုင်စွမ်းရှိသည်။
ဝမ်ကျစ်ချင်းကဲ့သို့ အနိုင်ရဖို့အခွင့်အလမ်းနည်းပါးလှသော ဆက်ခံသူမျိုးကို ယွင်ဟိုင်မိသားစုကထောက်ပံ့ပေးရန်ဆုံးဖြတ်လိုက်သဖြင့် ဖုန့်ချန်းပင်အံ့သြသွားရတော့သည်။
(ယွင်ဟိုင်မိသားစုခေါင်းဆောင်ကလည်း အမျိုးသမီးဖြစ်နေလို့ ဘုရင်မကိုတင်ချင်တာများလား)
ဖုန့်ချန်းတွေးကြည့်လိုက်သည်။ နောက်ကွယ်မှအပေးအယူတစ်ခုခု ရှိထားနိုင်သည်ဆိုသော်ငြား လောလောဆယ်တော့ သူဒီအကြောင်းရင်းကိုသာ တွေးမိလေ၏။
ခေတ်သစ်မှာပင် သမ္မတကိုယ်စားလှယ်လောင်းက အမျိုးသမီးဖြစ်နေရုံဖြင့် တစ်ခြားဘာကိုမှမကြည့်တော့ဘဲ ထောက်ခံပေးမည့်အမျိုးသမီးများ ရှိတတ်သည်မဟုတ်လား?
သို့မဟုတ် ဝမ်ကျစ်ချင်းက သူသတိပြုမိသည်ထက် ပို၍လုပ်ရည်ကိုင်ရည်ရှိသူလည်း ဖြစ်နိုင်၏။
သို့ပေမယ့် ထိုသို့အင်အားကြီးနောက်ခံများ အခိုင်အမာရထားလျှင်တောင် ဝိဉာဥ်သန္ဓေကျင့်ကြံသူနောက်ခံများရှိထားသော ထိုမင်းသားသုံးပါးနှင့်ယှဥ်လျှင် အားနည်းနေသေးသည်ဟု ဆိုနိုင်ပေသည်။ ဖုန့်ချန်းက အမူအရာမပြောင်းလဲသေးသော်ငြား အကြီးအကဲများမှာမူ စိတ်ဝင်စားလာကြဟန်ဖြင့် အာရုံစူးစိုက်နားထောင်နေကြလေပြီ။
"ဖုန့်မိသားစုသာ ကျွန်မကိုထောက်ခံပေးမယ်ဆိုရင်" ဝမ်ကျစ်ချင်း၏အသံက သွေးဆောင်စည်းရုံးဟန်ဘက်သို့ရောက်လာသည်။
"ကျွန်မဘက်က နိုင်ငံရေးပိုင်းလွှမ်းမိုးမှုထက် ပိုပေးနိုင်ပါတယ် နယ်မြေအပိုင်စားတွေ ပေးနိုင်ရုံသာမက ဖုန့်မိသားစုရဲ့အဆင့်အတန်းကိုလည်း တော်ဝင်မိသားစုနဲ့အညီဖြစ်သည်အထိ တိုးမြှင့်စံစားရပါစေ့မယ်"
အကြီးအကဲများမှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းချင်းဆိုင်ကာ တီးတိုးဆွေးနွေးနေကြကုန်၏။
နယ်မြေအပိုင်စားများနှင့် လွှမ်းမိုးမှုကောင်းကောင်းရစေမည်ဆိုသည့် ဆွဲဆောင်မှုက အတော်လေးမက်လောက်စရာကောင်းနေသည့်အပြင် တော်ဝင်မိသားစုလိုအဆင့်အတန်းကိုပါ ထည့်သွင်းကတိပြုလာသည်လေ။
သို့ပေမယ့် ဖုန့်ချန်းကတော့မတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့ ခုံကိုအသာမှီထိုင်လျက် မင်းသမီးအား အေးစက်စက်သာစိုက်ကြည့်နေသည်။
"နယ်မြေအပိုင်စားနဲ့ အဆင့်အတန်းတဲ့လား" သူ့လေသံက ထေ့ငေါ့နေဟန်ပါ၏။
"မင်းသမီးဘက်က ကမ်းလှမ်းစရာဆိုလို့ ဒါတွေပဲရှိတာပါလား ကျွန်တော်ကဒါတွေကိုလိုအပ်နေမယ်လို့ မင်းသမီးထင်ပါသလား"
ဝမ်ကျစ်ချင်း မျက်တောင်တဖျတ်ဖျတ်ခတ်မိသွားသော်ငြား တည်ငြိမ်မှုကတော့ မပြိုလဲသွားပါ။
"နယ်မြေနဲ့အဆင့်အတန်းတစ်ခုတင်မကပါဘူး အာဏာရောတွဲပါလာမှာပါ ကျွန်မရဲ့ထောက်ခံမှုနဲ့ ဖုန့်မိသားစုက အင်ပါယာရဲ့နိုင်ငံရေးလောကအချက်အချာမိသားစုတစ်ခုအဖြစ် ရပ်တည်နိုင်မှာပါ နောက်ပြီး ကျွန်မဘက်ကအတူရပ်တည်ပေးမယ်လို့ ကတိသစ္စာပြုနိုင်ရင် တော်ဝင်တရားခုံရုံးမှာပါ နေရာတစ်ခုပေးထားမှာဖြစ်ပြီး လွှမ်းမိုးမှုက အခုထက်သာစေရမယ်လို့အာမခံပါတယ်"
ဖုန့်ချန်းနှုတ်ခမ်းကိုကွေးလျက် တစ်ချက်ပြုံးလိုက်သည်။ နွေးထွေးမှုကတော့ တစ်စက်ကလေးမှ မပါရှိ။
"စကားနဲ့တော့ လူတိုင်းအာမခံနိုင်ကြတာပါပဲ အရှင်မင်းသမီး ဒါပေမယ့် မင်းသမီးကနိုင်မယ်လို့သေချာပါသလား ကျွန်တော့်ကို ဒီအကျိုးအမြတ်တွေအာမခံပေးနိုင်တဲ့ အခြားမင်းသားတစ်ပါးဆီကို သွားပြီးထောက်ခံမပေးသင့်ဘူးလားခင်ဗျာ လက်ရှိမင်းသမီးဆီမှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာရှိပါသလဲ"
ဖုန့်ချန်း၏စကားများကြားတွင် ဝမ်ကျစ်ချင်း၏နှလုံးသားမှာ မွန်းကျပ်သွားသလိုခံစားရ၏။ သို့သော်သူမချက်ချင် စိတ်ပြန်တင်းလိုက်သည်။
"ဒါဆိုရင် ခေါင်းဆောင်ကဘာလိုချင်ပါသလဲ ကျွန်မဘက်ကကမ်းလှမ်းဖို့အသင့်ပါပဲ"
ဝမ်ကျစ်ချင်းက စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့် တုံ့ပြန်သည်။
သို့သော် ဖုန့်ချန်းကတော့ အထင်ကြီးသွားဟန်မရှိ။ ခုံလက်တင်ပေါ်တွင် လက်ချောင်းများကိုအသာအယာခေါက်နေရင်း သူမကိုတစ်ချိန်လုံးစိုက်ကြည့်နေသည်။
"လောလောဆယ်တော့ ဆွေးနွေးမှုကိုဆိုင်းငံ့ထားပြီး ကျွန်တော့် အချိန်တွေနဲ့ မင်းသမီးက ထိုက်တန်လား၊ မတန်ဘူးလားဆိုတာကို ကြည့်ကြသေးတာပေါ့ ဒါနဲ့ မင်းသမီးရှာတွေ့ခဲ့ပြီလား"
ချက်ချင်းပြောင်းသွားသော စကားလမ်းကြောင်းကြောင့် ဝမ်ကျစ်ချင်းအငိုက်မိသွားပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရ၏။
"ရှာတွေ့...တာလား?"
ဖုန့်ချန်းမျက်လုံးများအနည်းငယ်ကျဥ်းမြောင်းသွားပြီး လေထုက ဖိအားတိုးလာပြီး သူ့အသံကပိုလို့စူးရှလာသည်။
"ကျွန်တော်တောင်းဆိုခဲ့တဲ့ကိစ္စလေ"
ဝမ်ကျစ်ချင်း ချက်ချင်းသဘောပေါက်သွားဟန်ရှိပြီး ခေါင်းအမြန်ညိတ်ပြလိုက်သည်။
"ခေါင်းဆောင်ပြောတာ တီးတိုးအက်ကွဲကြောင်းက လူပျောက်မှုအကြောင်းလား"
"ဟုတ်ပါတယ်"
"ဒါဆို ခေါင်းဆောင်ရှာနေတဲ့သူက ပျောက်ဆုံးသွားတဲ့ မိဘနှစ်ပါးဖြစ်မယ်ထင်တယ်နော်"
ထိုစကားကိုကြားသော် ဖုန့်ကျန်းရှန်နှင့် အခြားအကြီးအကဲများက ဖုန့်ချန်းကို မလုံမလဲလှမ်းကြည့်လာကြသည်။
သူတို့လည်းကြိုးစားရှာဖွေခဲ့ကြပေမယ့် ဖုန့်ချန်း၏မိဘနှစ်ပါး ဘယ်ကိုဦးတည်ထွက်ခွာသွားမှန်းမသိရတာကြောင့် လက်လျှော့အရှုံးပေးခဲ့ကြခြင်းပင်။
ဖုန့်ချန်းက ရှေ့သို့အနည်းငယ်ကိုင်းလာသည်။ စိုက်ကြည့်နေသောစူးရှရှမျက်လုံးများက ဝမ်ကျစ်ချင်း၏ဝိဉာဥ်အထိ ဖောက်ထွင်းမြင်နေရသယောင်ခံစားချက်ကို ပေးစွမ်း၏။
"အချိန်ထပ်မဖြုန်းကြရအောင် မင်းသမီးဘာတွေရှာတွေ့လာသေးလဲ ကျွန်တော့်ကိုပြောပါ"
ဝမ်ကျစ်ချင်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ကာ သူမ၏စုံစမ်းစစ်ဆေးမှုမှ သိလာခဲ့ရသမျှကို စကားစီလိုက်သည်။
ဖုန့်ချန်းမိဘများ၏ပျောက်ဆုံးမှုကို တင်ပြခဲ့သူအား သူမသိကျွမ်းနေသောကြောင့် ကံကောင်းသည်ဟုဆိုရပေမည်။
"စုံတွဲတစ်တွဲပျောက်ဆုံးသွားတဲ့ တင်ပြချက်တစ်ခုရှိခဲ့ပါတယ် ခေါင်းဆောင်ရဲ့မိဘတွေဖြစ်ပါလိမ့်မယ်"
လျှို့ဝှက်တိမ်မြုပ်နေသော အမှန်တရားတစ်ခုနှင့် ပါဝင်ပက်သက်နေနိုင်သော အကြောင်းရင်းများစွာရှိနေသောကြောင့် ဝမ်ကျစ်ချင်း၏စကားကို တစ်ခန်းလုံးက အပ်ကျသံမျှပင်မကြားရစေသောတိတ်ဆိတ်မှုဖြင့် နားထောင်နေကြ၏။
"အဲ့ဒီအချိန်တုန်းက ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ချို့က စွမ်းအားပြင်းတဲ့အရှိန်အဟုန်တစ်ခုကို ခံစားမိခဲ့တာကြောင့် တိုင်းပြည်ကိုတိုက်ခိုက်ခံနေရပြီအထင်နဲ့ သွားရောက်စစ်ဆေးကြည့်ခဲ့ပေမယ့် အဲ့ဒီအရှိန်အဟုန်က ပေါ်လာပြီးတာနဲ့ချက်ချင်းပျောက်ကွယ်သွားခဲ့ပုံပါပဲ"
"တိုက်ခိုက်မှုမရှိခူဲးဆိုရင်တောင် အဲ့လိုကိစ္စမျိုးကို မစုံစမ်းဘဲကျော်သွားလိုက်လို့မရပါဘူ ဒါကြောင့် ဘုရင်မင်းမြတ်က နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးစေခဲ့ပေမယ့် စုံစမ်းနေဆဲမှာပဲ ရပ်တန့်သွားခဲ့ရပါတယ်"
"ရပ်တန့်သွားတယ်လား"
ဖုန့်ချန်းတိုးတိုးရေရွတ်လိုက်သည်။
(ရပ်လိုက်တယ်ဆိုတဲ့အကြောင်းရင်းက နှစ်ချက်ပဲရှိမယ် အဖြစ်မှန်ကိုရှာတွေ့သွားတာလား ဒါမှမဟုတ် အန္တရာယ်များလို့ဆက်မစုံစမ်းတော့တာလား)
"ဘာကြောင့်လဲ"
"ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြင်းထန်တဲ့စွမ်းအားရဲ့ပိုင်ရှင်က စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ချေရှိနေလို့ပါ"
ဝမ်ကျစ်ချင်းက ပြန်ဖြေလိုက်သည်။
"စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်လား"
ဖုန့်မိသားစုအကြီးအကဲများမှာ အမူအရာမထိန်းနိုင်တော့ဘဲ လွန်စွာမှအံ့သြထိတ်လန့်သွားရတော့၏။
ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကိုပင် နတ်ဘုရားတမျှသတ်မှတ်ထားသောသူတို့အတွက် စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံဆင့်ဆိုသည်မှာ လက်လှမ်းမမီနိုင်သောအဆင့်မျိုးပင်။
"သေချာပါရဲ့လား"
ဖုန့်ချန်းထပ်မေးလိုက်သည်။
သူလည်းအရင်က ထိုဖြစ်နိုင်ချေကို ထည့်စဥ်းစားခဲ့ဖူးပါ၏။ လူနှစ်ယောက်ကို ခြေရာလက်ရာမကျန်စေဘဲ အာကာသအက်ကွဲကြောင်းမှ တဆင့်ခေါ်ထုတ်သွားနိုင်ဖို့က စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံသူများသာ တတ်နိုင်လောက်မည့်အရာပင်။
"သေချာပါတယ် နယ်စပ်စောင့်တပ်ဟာ နယ်စပ်ကိုဖြတ်ဝင်သွားတဲ့သူတစ်ယောက်ကိုမှ မတွေ့ခဲ့ရဘဲ လူနှစ်ယောက်ဟာလည်း သဲလွန်စကိုမကျန်ခဲ့ဘဲပျောက်ဆုံးသွားခဲ့တာပါ"
"နောက်ပြီး တော်ဝင်စစ်တပ်ရဲ့ စစ်သူကြီးက သူလည်းအဲ့လူရဲ့တည်ရှိမှုကိုပဲ အာရုံခံလိုက်နိုင်တယ်လို့ဆိုပါတယ် ဘာကြောင့်လဲဆိုတော့ တစ်ဖက်လူက အာကာသနယ်မြေကနေတစ်ဆင့် တိုင်းပြည်ထဲဝင်လာခဲ့တာမလို့ပါ စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က သူ့တည်ရှိမှုကိုဖုံးကွယ်ထားချင်သရွေ့ ဘယ်သူမှသူတို့ကိုရှာတွေ့နိုင်မှာမဟုတ်ပါဘူး"
ဖုန့်ချန်းလည်း စေ့စေ့စပ်စပ်နားထောင်နေရင်း ကျိုးကြောင်းခိုင်လုံသည်ဟု ကောက်ချက်ချမိ၏။
သူသည်လည်း ဖုန့်မိသားစုသီးသန့်ခြံဝန်းထဲတွင် လေ့ကျင့်ခဲ့စဥ်က အစီအရင်တစ်ခုပြုလုပ်၍ ဖုံးကွယ်ထားခဲ့ရသည်ပင်။ မဟုတ်လျှင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများသတိထားမိအောင် လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်ခဲ့ပေမည်။
"ဒီတော့ အဲ့လူက မိုးပြာကောင်းကင်အင်ပါယာထဲမှာ ဘယ်လောက်ကြာအောင်နေသွားခဲ့မှန်းသိခဲ့ရလား ဒါမှမဟုတ် ချက်ချင်းပျောက်ကွယ်သွားတာလား"
ဖုန့်ချန်းမေးလိုက်သည်။
"စွမ်းအားရှင်က အင်ပါယာထဲမှာငါးမိနစ်လောက်နေသွားတယ်လို့သိရပါတယ် တော်ဝင်အစောင့်တပ်ရဲ့ပြောကြားချက်အရ အဲ့လူအာကာသနယ်မြေကိုနောက်တစ်ကြိမ်ဖွင့်ပြီး ပြန်ထွက်သွားခဲ့တာကို ခံစားခဲ့မိပါတယ်တဲ့"
"စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ခဲ့ကြပေမယ့် တစ်ဖက်လူက အလယ်ပိုင်းဒေသကြီးကလူဖြစ်နေနိုင်တာမလို့ ရပ်တန့်လိုက်ရတာပါ အလယ်ပိုင်းဒေသကြီးကလူကို တော်ဝင်မိသားစုလည်း သွားမထိဝံ့ပါဘူးရှင်"