ပဥ္စမမင်းသမီးထံမှ လက်ထပ်ရန်ကမ်းလှမ်းချက်
Vol. 15 Ch. 208
ဝမ်ကျစ်ချင်းတစ်ယောက် စကားပြောပြီးသည်နှင့် အခန်းထဲတွင် တခဏမျှတိတ်ဆိတ်သွားရ၏။
ဖုန့်မိသားစုအကြီးအကဲများမှာ သိလိုက်ရသောအချက်အလက်များစွာကို နားလည်လက်ခံရန် အတော်လေးအချိန်ယူလိုက်ရ၏။
ဖုန့်ချန်းလည်း ခေတ္တမျှတွေးတောချိန်ယူလိုက်ရသည်။
အများစုမှာ သူကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သော်ငြား ပဥ္စမမင်းသမီးက အတည်ပြုပေးလိုက်သည်ပင်။
(နဂါးနဲ့ဖီးနစ်ယှဥ်ပြိုင်ပွဲပြီးရင် ငါအလယ်ပိုင်းဒေသကြီးကိုသွားဦးမှပဲ)
ဖုန့်ချန်းတွေးနေမိသည်။
စိတ်ဝိဉာဥ်ခွဲဖြာခြင်းကျင့်ကြံသူတစ်ဦးအနေဖြင့် အလယ်ပိုင်းဒေသကြီးကိုသွားဖို့ သိပ်ခက်ခဲတော့မည်မဟုတ်ပေ။
သို့သော် အလယ်ပိုင်းဒေသကြီးကိုသွားခြင်းနှင့် သူ့မိဘများကိုရှာဖွေခြင်းဆိုသည်မှာ တူညီသောကိစ္စတော့မဟုတ်ပေ။
(ကြည့်ရတာ စနစ်ဈေးဆိုင်ကိုအားကိုးဖို့လိုလာပြန်ပြီထင်တယ်)
"ကျွန်မသိသလောက်တော့ အဲ့အထိပဲ"
ဝမ်ကျစ်ချင်းက စကားပြောပြီးသည့်တစ်လျှောက်လုံး ဖုန့်ချန်းမျက်နှာကိုသာကြည့်လျက် အကဲခတ်နေခဲ့တာပင်။
မျက်နှာထားအပြောင်းအလဲသိပ်မရှိသောကြောင့် သူမပေးသောသတင်းမှာ သိပ်အသုံးမဝင်ကြောင်း သိလိုက်ရ၏။
"မင်းသမီးရဲ့အကူအညီအတွက် ကျေးဇူးပါ"
ဖုန့်ချန်းက ကျေးဇူးစကားဆိုလာသည်။
အချက်အလက်က သိပ်အသုံးမဝင်သော်ငြား သူ့ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်နိုင်ပြီး သူ့မိဘနှစ်ပါးအသက်ရှင်နေဦးမည့်ဖြစ်နိုင်ချေလည်း ပိုတိုးသွားလေပြီ။
သူ့မိဘများကို အသေသတ်ချင်သည်ဆိုပါက စိတ်ဝိဉာဥ်ခွဲဖြာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုလွှတ်ဖို့အထိ မလိုအပ်ပေ။
ထို့ကြောင့် အဖြစ်နိုင်ဆုံးကတော့ သူတို့ပြန်ပေးဆွဲခံလိုက်ရခြင်းပင်။
"အခု ကျွန်တော်တို့ပူးပေါင်းမယ့်ကိစ္စကိုပြောကြရအောင် ကျွန်တော့်ဘက်က ထောက်ခံသင့်မထောက်ခံသင့် ဆုံးဖြတ်လို့ရဖို့အတွက် မင်းသမီးက ကျွန်တော့်မေးခွန်းကို ရိုးရိုးသားသားဖြေပေးရပါမယ်"
ဝမ်ကျစ်ချင်းက စူးစူးစိုက်စိုက်နားထောင်လို့နေသည်။ နောက်ဆုံးတော့ ဖုန့်ချန်းစကားများမှာ ထောက်ခံပေးမည့်မျှော်လင့်ချက်လေး အနည်းငယ်ပေးလို့လာလေပြီ။
"မင်းသမီးက ဘာကြောင့်ဘုရင်မ ဖြစ်ချင်ရတာပါလဲ"
ဖုန့်ချန်းမေးလိုက်သည်။
ဖုန့်ချန်းအကြည့်က တသမတ်တည်းရှိပြီး မင်းသမီး၏အဖြေကို အေးအေးဆေးဆေးစောင့်ပေးနေသည်။ အသံကတည်ငြိမ်နေသော်ငြား တစ်စုံတစ်ခုကို စူးစမ်းလိုနေဟန်ပင်။
ဘယ်သူဘုရင်ဖြစ်လာမလဲဆိုတာကို သူသိပ်စိတ်မဝင်စားသော်ငြား ဆက်ခံသူတစ်ယောက်ယောက်ကို ထောက်ခံပေးရတော့မည်ဆိုလျှင်တော့ တစ်ဖက်လူ၏ရည်ရွယ်ချက်ကိုသိဖို့လိုအပ်သည်ဟု သူထင်မိ၏။
နောက်အကြောင်းရင်းကတော့ သူ့စူးစမ်းလိုစိတ်ကြောင့်ပါပေ။
"တော်ဝင်မင်းသမီးတစ်ပါးအဖြစ် မွေးဖွားလာပြီးမှတော့ ဘဝကြီးကတစ်ချိန်လုံးသာယာငြိမ်းချမ်းနေမှာပါပဲ ဘေးကင်းလုံခြုံဖို့ကိုလည်းပူစရာမလိုသလို သက်တောင့်သက်သာနဲ့ ချမ်းချမ်းသာသာနေနိုင်နေတာပဲကို ဘာကြောင့်နန်းပလ္လင်ပေါ်ထိုင်ချင်ရတာပါလဲ"
သူကဆက်မေးလာသည်။
"ဘာကြောင့် အခက်အခဲတွေကိုရင်ဆိုင်ပြီး ထီးနန်းကိုလုချင်ရတာပါလဲ ဘာကြောင့် အသက်စွန့်တိုက်ခိုက်ချင်နေရတာပါလဲ"
ဝမ်ကျစ်ချင်းက တွန့်ဆုတ်သွားပြီး ဘေးနှစ်ဖက်ရှိလက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိ၏။
တစ်ခဏမျှတော့ သူမကမဖြေတော့မည့်ဟန်ဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်လို့ထား၏။
ထို့နောက် ဝင်သက်တစ်ချက်ကိုရှိုက်ရှူကာ ဖုန့်ချန်းကိုတည့်တည့်ပြန်စိုက်ကြည့်လာသည်။
"ကျွန်မအာဏာမက်လို့မဟုတ်ပါဘူး" သူမကခပ်တိုးတိုးဖြေသည်။
"ချမ်းသာကြွယ်ဝချင်လို့လည်းမဟုတ်သလို အဆင့်အတန်းမြင့်ချင်လို့လည်းမဟုတ်ပါဘူး ကျွန်မက လက်စားချေဖို့အတွက် ဘုရင်မ ဖြစ်ချင်တာပါ"
စကားလုံးများသည် ဖော်ပြမထားသောနာကျင်မှုများဖြင့် လေးလံလို့နေ၏။
"လက်စားချေဖို့?"
သိချင်စိတ်ဖြင့် ဖုန့်ချန်းရေရွတ်မိသည်။
(ကြည့်ရတာ နန်းတော်ထဲကတော်ဝင်မင်းသမီးဘဝက ငါထင်ထားသလို ပန်းခင်းလမ်းမဟုတ်ခဲ့လောက်ဘူးပဲ)
"ဟုတ်ပါတယ်"
သူမက ပြတ်သားစွာဆိုလိုက်သော်လည်း အသံလေးကအနည်းငယ်တုန်ယင်လို့နေ၏။
"ကျွန်မမယ်တော်ကို ညှင်းပန်းနှိပ်စက်ခဲ့ကြတဲ့ မင်းသားတွေနဲ့လူကြီးမင်းတွေကို ပြန်လက်စားချေချင်တာပါ မယ်တော်က မိဖုရားငယ်တစ်ပါးဖြစ်ရုံနဲ့ သေသည်အထိ အရှက်ခွဲစော်ကားခံခဲ့ရတာပါ"
ဖုန့်ချန်းမျက်လုံးများက အနည်းငယ်ကျဥ်းမြောင်းသွားသော်ငြား ဘာမှဝင်မပြောဘဲ သူမကိုစကားဆက်စေလိုက်သည်။
ဝမ်ကျစ်ချင်း၏ဇာတ်လမ်းက သူကြည့်ဖူးခဲ့သောနန်းတွင်းဒရာမာဇာတ်လမ်းများနှင့် ဆင်တူလောက်ပေမည်ဟု သူခန့်မှန်းမိလိုက်သည်။
"ကျွန်မမယ်တော်က ကြင်နာတတ်ပြီးသိမ်မွေ့တဲ့ မိန်းမသားတစ်ဦးပါ" ဝမ်ကျစ်ချင်း၏အသံမှာ ခံစားချက်များဖြင့်ပြည့်နှက်နေ၏။
"မယ်တော်က ဘယ်သူ့ကိုမှထိခိုက်နာကျင်စေလိုစိတ် ရှိခဲ့တာမဟုတ်ဘူး ဒါပေမယ့် သူ့ဘဝကတော့ လူတန်းစေ့အောင်တောင်မနေခဲ့ရပါဘူး မင်းသားတွေကသူ့ကိုလှောင်ပြောင်ကြတယ် အထက်တန်းစားလူကြီးမင်းတွေကလည်း ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံကြတယ် အခြားမိဖုရားငယ်တွေပေါင်းပြီးထောင်ချောက်ဆင်သမျှလည်းခံရတယ် မယ်တော်ဆက်ပြီးသည်းမခံနိုင်လောက်တဲ့အထိ သူတို့အားလုံးက တွန်းအားပေးခဲ့ကြတာ" သူမလက်သီးဆုပ်များ တုန်ယင်လာပြီး လက်သည်းများမှာ လက်ဖဝါးထဲသို့စိုက်ဝင်ကုန်ကြသည်။
"သူတို့ကြောင့်မယ်တော်သေခဲ့ရပေမယ့် သူတို့ကတော့လှောင်ရယ်ကြတယ်"
သူမက ခါးသက်သက်ပြုံးသည်။
"ကျွန်မက အဲ့အချိန်မှာကလေးပဲရှိသေးပေမယ့် ကျွန်မမယ်တော်ဘယ်လောက်ထိခံစားခဲ့ရသလဲဆိုတာကို အသိဆုံးပါ ကျွန်မကိုခွဲခြားဆက်ဆံခဲ့တာတွေကလည်း တော်ရုံမဟုတ်ပါဘူး တော်ဝင်သွေးတစ်ဝက်ပါသူမလို့ ကိုယ်ထိလက်ရောက်တော့နှိပ်စက်မခံခဲ့ရဘူးပေါ့ ကျွန်မခမည်းတော်ဆိုတဲ့သူကတော့ အရှုပ်တော်ပုံတွေကြားမှာ အရှက်သိက္ခာကျရတဲ့အတွက် မယ်တော့်ကိုလုံးဝစွန့်ပစ်လိုက်ပါတယ် ဈာပနပွဲကိုတောင်မှ မတက်ရောက်ခဲ့ဘူးလေ"
သူမက ခါးကိုမတ်လိုက်ပြီး ဝမ်းနည်းနာကျင်နေသောမျက်လုံးများထဲတွင် ပြတ်သားခိုင်မာမှုများ အစားထိုးဝင်ရောက်လာသည်။ "သူတို့ကိုပြန်ပေးဆပ်စေရမယ်လို့ ကျွန်မစိတ်ပိုင်းဖြတ်လိုက်ပြီးတဲ့နေ့ကတည်းက ဒီနိုင်ငံကနိုင်ငံသားတိုင်းကိုလည်း ညီတူညီမျှဆက်ဆံခံရစေ့မယ်လို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ် ခွဲခြားဆက်ဆံမှုတွေသာရှိမနေရင် မိဖုရားတစ်ပါးက သာမန်လူဖြစ်နေရုံကြောင့်နဲ့ မယားငယ်လို့ဆက်ဆံခံခဲ့ရပါ့မလား"
ခန်းမတစ်ခုလုံးတိတ်ဆိတ်လို့သွားပြန်သည်။ သူမစကားများ၏လေးလံနက်နဲမှုကြောင့် လူတိုင်းငြိမ်သက်သွားကြလေ၏။
သူမမိခင်မှာ ဆွေကြီးမျိုးကြီးမှမဟုတ်သလို နောက်ခံအင်အားလည်းမရှိခဲ့ပေ။ ထို့ကြောင့် အဆင့်အတန်းနိမ့်သည်ဟုသတ်မှတ်ခံခဲ့ရကာ မိဖုရားငယ်တစ်ပါးပင်ဖြစ်လင့်ကစား အခြားမိဖုရားငယ်များလိုမဟုတ်ဘဲ အထင်သေးစွာဖြင့် ခွဲခြားဆက်ဆံခဲ့ကြလေသည်။
သူမသည်ပင် တော်ဝင်ဘုရင်မင်းမြတ်၏သွေးရင်းဖြစ်သော်ငြား ခွဲခြားဆက်ဆံခံရမှုကတော့ ပို၍ပင်ဆိုးရွားလာသည်သာဖြစ်၏။
အကြီးအကဲများက ဖုန့်ချန်းမည်သို့တုံ့ပြန်မည်ကို သေချာမသိသဖြင့် သူ့ကိုအကုန်ဝိုင်းကြည့်လာကြသည်။
ဖုန့်ချန်းက သူမကိုစူးစူးစိုက်စိုက်လေ့လာလျက် အကဲခတ်လို့နေသည်။
ထို့နောက် သူထိုင်ခုံကိုပြန်မှီထိုင်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးသည်။
"လက်စားချေဖို့နဲ့ သာတူညီမျှဖြစ်ဖို့တဲ့လား.... ရည်မှန်းချက်မြင့်ပါပေတယ်" သူပြောလိုက်သည်။
(ခေတ်သစ်ကမ္ဘာမှာတောင် သာတူညီမျှဖြစ်ဖို့မဖြစ်နိုင်တာ ဒီလိုအာဏာပါဝါကြီးစိုးနေတဲ့နေရာမျိုးမှာ စကားထဲတောင်ထည့်ပြောလို့ရမယ်မထင်ဘူး)
ဖုန့်ချန်း ထိုသို့သာတွေးသည်။
ကျင့်ကြံရေးဆိုသည်မှာ ဘဝသက်တမ်းအသစ်တစ်ခုပင်။ ထို့ကြောင့် ဘဝတစ်ခုအပေါ် သာမန်လူများ၏အမြင်နှင့် ကျင့်ကြံသူများ၏အမြင်မှာ ကွဲပြားနိုင်ပေသည်။
ချီစုဆောင်းခြင်းအဆင့်ကျင့်ကြံသူသည်ပင် ချီအရည်ဖွဲ့ခြင်းကျင့်ကြံသူတစ်ဦး၏အမြင်တွင် အခြားသက်ရှိမျိုးစိတ်တစ်ခုလို ကွဲပြားနေနိုင်၏။
(ဒါပေမယ့် ဘဝဆိုမှတော့ရည်မှန်းချက်ရှိရမှာပေါ့လေ)
ဝမ်ကျစ်ချင်း၏ရည်မှန်းချက်က ဖြစ်နိုင်ချေမရှိသော်ငြား ဖုန့်ချန်းစိတ်ဝင်စားမိတာတော့ ဝန်ခံပါသည်။
"မင်းသမီးကသာတူညီမျှဖြစ်ဖို့ကိုပြောနေပေမယ့် ဒီလောကကြီးမှာ ဘယ်အရာကမှမညီမျှနိုင်ပါဘူး စွမ်းအားကြီးမိသားစုတွေနဲ့ သာမန်လူတွေကြားကကွာခြားချက်ကို ဧကရာဇ်ကိုယ်တော်တိုင်တောင် ဖျောက်ဖျက်နိုင်မှာမဟုတ်ပါဘူး"
ဖုန့်ချန်းပြောလိုက်သည်။
ဝမ်ကျစ်ချင်းမှာ မျက်နှာအမူအရာပျက်မသွားသော်ငြား လက်သီးကိုတော့ ပိုတင်းတင်းဆုပ်ထားလိုက်မိသည်။
သူမလုပ်လိုသောတာဝန်က မလွယ်ကူမှန်းသိသော်ငြား ထိုအရာသည် သူမ၏ဆုံးဖြတ်ချက်ပင်။
သူမစကားမပြန်ခင် အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်စေလိုက်သည်။
"ခေါင်းဆောင်ပြောတာမှန်ပါတယ်" မင်းသမီး၏ တည်ငြိမ်သောအသံအောက်တွင် လှိုင်းခတ်သံဖွဖွလေးကို ခံစားမိနိုင်ပေသည်။
"လောကကြီးကမမျှတပါဘူး ဘယ်တော့မှမျှတမသွားနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါမယ် ဒါပေမယ့် တစ်ယောက်ယောက်ကတော့ ကြိုးစားပြောင်းလဲပေးရပါမယ် တရားဘက်မှာရပ်တည်ပေးမယ့်သူမရှိရင် ဘာမှပြောင်းလဲသွားတော့မှာမဟုတ်ပါဘူး"
"မင်းသမီးက ရာစုနှစ်ပေါင်းများစွာတည်မြဲလာတဲ့ရိုးရာတွေ အာဏာဖွဲ့စည်းပုံတွေနဲ့ စွမ်းအားကြီးမိသားစုတွေရဲ့လိုအင်ဆန္ဒတွေကို တွန်းလှန်နိုင်မယ်လို့ ထင်ပါသလား"
ဖုန့်ချန်း၏မေးခွန်းမှာ စူးစမ်းလိုစိတ်ရော သံသယစိတ်ရောပါ ကိန်းအောင်းနေသည်။
"နန်းပလ္လင်မှာထိုင်နေတဲ့သူဖြစ်ရင်တောင် အတိုက်အခံတွေကိုကြုံလာရမှာပါပဲ ဘာကြောင့်များ အောင်မြင်နိုင်လိမ့်မယ်လို့ ထင်ရတာပါလဲ"
ဝမ်ကျစ်ချင်းက သူ့မျက်လုံးများကိုတည့်တည့်ကြည့်လာရင်း ဖြေ၏။
"ဘာကြောင့်လဲဆိုတော့ ကျွန်မမှာဆုံးရှုံးစရာမရှိတော့လို့ပါ"
"ကျွန်မမလုပ်နိုင်ခဲ့ရင်တောင် သေသည်အထိကြိုးစားသွားမှာပါ"
ဖုန့်ချန်း၏အပြုံးက ပိုပြီးစိတ်ပါလက်ပါရှိလာသည်။ မျက်လုံးများကတော့ စူးရှနေဆဲပင်။
"မင်းသမီးရဲ့ယုံကြည်ချက်က ချီးမွမ်းဖွယ်ပါပဲ" သူကဆိုသည်။
"ဒါပေမယ့် ယုံကြည်ချက်တစ်ခုလက်ကိုင်ထားရုံနဲ့ တိုက်ပွဲတိုင်းကိုအောင်နိုင်မှာမဟုတ်ပါဘူး အခြားမင်းသားတွေနဲ့ အထက်တန်းစားတွေကိုတိုက်ခိုက်နိုင်ဖို့ဆိုရင် ရည်မှန်းချက်တွေ လက်စားချေလိုစိတ်တွေထက် ပိုတဲ့အရာရှိထားရပါမယ်"
"ကျွန်မသိပါတယ်" ဝမ်ကျစ်ချင်းကတုံ့ပြန်သည်။
"ဒါကြောင့်ပဲ ကျွန်မဒီကိုရောက်နေတာပါ ဖုန့်မိသားစုရဲ့ထောက်ခံမှုနဲ့ဆိုရင် ကျွန်မတာဝန်ရဲ့ပထမဆုံးခြေလှမ်းကို အောင်အောင်မြင်မြင်လှမ်းနိုင်မယ်လို့ထင်ပါတယ်"
"အရှင်မင်းသမီးကတော့ ကျွန်တော့်ကို လောင်းကြေးကြီးကြီးထပ်ခိုင်းနေတာပါပဲ"
ဝမ်ကျစ်ချင်း၏အကြည့်များ ပျော့ပျောင်းသွားသည်။ စိတ်ဆုံးဖြတ်ချက်ကတော့ မယိုင်နဲ့ပါ။
"ကျွန်မတောင်းဆိုတာများနေမှန်းသိပါတယ် ဒါကြောင့် ထောက်ခံမှုအတွက် အပြန်အလှန်အနေနဲ့ ကျွန်မခေါင်းဆောင်နဲ့လက်ထပ်ဖို့ဆန္ဒရှိပါတယ်"
ဝမ်ကျစ်ချင်းက သူမ၏နောက်ဆုံးသောဝှက်ဖဲကို ထုတ်ပြလိုက်လေပြီ။
ဖုန့်မိသားစုတွင် ဝိဉာဥ်သန္ဓေကျင့်ကြံသူမရှိသော်ငြား သူတို့၏ထောက်ခံမှုကိုစုဆောင်းထားခြင်းက ဤမျှလောက်အထိတန်ဖိုးရှိလိမ့်မည်ဟု သူမခံစားမိသည်။
ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်လောက်မဟုတ်သော်ငြား ဖုန့်ချန်းထံမှ သူမမျက်မြင်တွေ့ခဲ့ရသော တိုက်ရည်ခိုက်ရည်မှာလည်း လွန်စွာအားကောင်းသောကြောင့်ပင်။
ထောက်ခံမှုအတွက် ထိမ်းမြားမင်္ဂလာပြုလိုခြင်းမှာ ဤသို့ယုံကြည်မှုမျိုးလည်း ပါဝင်နေသောကြောင့်ဖြစ်၏။
နောက်အကြောင်းရင်းတစ်ခုကတော့ တစ်ဖက်အမျိုးသားမှာ သူမစိတ်ကူးထဲကခင်ပွန်းတစ်ယောက်လိုမျိုး ခံ့ညားချောမောလွန်းလှသောကြောင့်ပါပေ။ အခြားမင်းသားတစ်ယောက်နန်းတက်လျှင် သူမကိုလူအိုကြီးတစ်ယောက်လောက်နှင့် ထိမ်းမြားရန်တွန်းအားပေးမည်ကိုကြိုသိနေသောကြောင့် ပိုသာမည့်လူကို ရွေးထားလိုက်ခြင်းပင်။
နန်းတော်ထဲမှလူများအတွက်မူ သူမမှာ အသုံးချစရာပစ္စည်းတစ်ခုထက် မပိုပါပေ။ သူမ၏အဆက်အသွယ်များနှင့် ကျော်ကြားမှုကို သူတို့နိုင်ငံရေးအကျိုးအမြတ်အတွက်သာ အသုံးချကြပေမည်။
တစ်ခန်းလုံးမှာ အံ့သြမှုဖြင့်တိတ်ဆိတ်သွားကြ၏။
စကားပြောနေစဥ်တစ်လျှောက်လုံး တည်ငြိမ်အေးဆေးနေခဲ့သော ဖုန့်မိသားစုခေါင်းဆောင်သည်ပင် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။
"ကျွန်တော့်ကို လက်ထပ်မှာ?"
ဖုန့်ချန်းမှာ မမျှော်လင့်ထားသော လက်ထပ်ခွင့်တောင်းခြင်းကြောင့် အငိုက်မိသွားဟန်ဖြင့် ကြောင်တောင်တောင်ပြန်မေးလာသည်။
"ဟုတ်ပါတယ်"
ဝမ်ကျစ်ချင်းက ပြတ်သားစွာဆိုသည်။
"ခေါင်းဆောင်ကျွန်မကိုလက်ထပ်ရင် တော်ဝင်မိသားစုဝင်တစ်ဦးအဖြစ်ကို တရားဝင်ရောက်ရှိသွားမှာဖြစ်ပြီး ကျွန်မတို့အတူ မိုးပြာကောင်းကင်အင်ပါယာကို အုပ်စိုးလို့ရမှာဖြစ်ပါတယ်"
အကြီးအကဲများမှာတော့ လက်ခံကြိုဆိုဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ကာကြည့်လျက် မျက်နှာများဝင်းပလာကြတော့၏။
"ဒီတောင်းဆိုမှုက အတော်လေးအဆင်ပြေသားပဲ" ဖုန့်ကျန်းရှန်က ကျေနပ်သံကြီးနှင့် မုတ်ဆိတ်မွေးကိုအသာသပ်လျက်ဆိုသည်။
(မိန်းကလေးက ဘုရင်မ ဖြစ်မလာရင်တောင် ဖုန့်ချန်းအတွက်တော့ ဇနီးကောင်းတစ်ယောက် ဖြစ်ပေးနိုင်မှာပဲ)
ဖုန့်ကျန်းရှန်က စိတ်လှုပ်ရှားစွာတွေးနေမိသည်။
အခြားအကြီးအကဲများသည်လည်း သူနှင့်အတွေးတူပါပေသည်။
ဖုန့်ကျီလန်လည်း ဝင်ပါလာတော့၏။
"မင်္ဂလာပွဲကို ဘယ်အချိန်လုပ်ကြမလဲကွယ် မြန်လေကောင်းလေပါပဲ"
သူမအတွက်တော့ ဖုန့်မိသားစုမှ မည်သူကိုထောက်ခံမည်ဆိုသည်ထက် ဖုန့်ချန်းအိမ်ထောင်ရေးကသာ ပိုအရေးကြီးပေသည်။
ဖုန့်ချန်းသာသူမနှင့်ထိမ်းမြားလိုက်လျှင် ထောက်ခံရမည်ဆိုလည်း ထိုက်တန်ပါပေသည်။ ဝမ်ကျစ်ချင်း၏ ရုပ်ရည်၊ ကိုယ်ကျင့်စရိုက် တစ်ခုမှပြစ်ချက်မရှိသလို ဂုဏ်သတင်းကလည်း ကျော်ကြားမွှေးပျံ့လှသည်မဟုတ်လော။
အကြီးအကဲများမှာ လက်ထပ်ခွင့်တောင်းခံရသူထက် ထခုန်မတက်ပင် ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်နေကြဟန်ရှိသောကြောင့် ဝမ်ကျစ်ချင်းပင် အံ့သြသွားရ၏။
ဖုန့်မိသားစုအကြီးအကဲများမှာ သူတို့ခေါင်းဆောင်အတွက် ဇနီးမယားရှာဖွေပေးချင်လှသဖြင့် ကြိုးစားနေကြသည်မှာ လပေါင်းများစွာရှည်ကြာနေပြီဖြစ်ပြီး ယခုတော့ အသင့်တော်ဆုံးသော သတို့သမီးလောင်းမှာ အိမ်ရှေ့ထိဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေပြီ။ ဝမ်ကျစ်ချင်းကတော့ ဒါတွေကိုမသိပါချေ။
ဖုန့်ချန်းသည် တီးတိုးသံများကိုတိတ်ကျသွားစေရန် လက်တစ်ဖက်မြှောက်လိုက်၏။
သူ့အကြီးအကဲများဘာတွေးနေသည်ကို သူကောင်းကောင်းကြီးသိပါ၏။
အိမ်ထောင်ပြုဖို့ကိစ္စကို လပေါင်းများစွာကြာသည်အထိ တဂျီဂျီလုပ်နေကြပြီး သူအဆက်မပြတ်ငြင်းပယ်နေခဲ့ရသည်မဟုတ်လော။
အစ်မဝမ်းကွဲဖြစ်သူပေးလိုက်သောအကြံဉာဏ်ဖြစ်ပုံရပြီး အခုတော့သူတို့အားလုံးက ဇနီးမယားရှာဖွေရေးတွင် အားကြိုးမာန်တက်ပါဝင်နေကြချိန်ဖြစ်သည်။
သူသီးသန့်ကျင့်ကြံရာက ထွက်လာတိုင်း မိသားစုတိုးတက်ရေးကိုဆွေးနွေးပြီးသည်နှင့် အိမ်ထောင်ပြုဖို့ကိစ္စက အမြဲရောက်လာတတ်သည်သာ။
"ကမ်းလှမ်းမှုကို ကျွန်တော်အသိအမှတ်ပြုပါတယ် အရှင်မင်းသမီး" သူ့အသံက ပြတ်သားသည်။
"ဒါပေမယ့် ကျွန်တော်ကအိမ်ထောင်ရေးကို အလေးအနက်သဘောထားသူဖြစ်တဲ့အတွက် ဒီလိုအကြောင်းကြောင့်နဲ့တော့ လက်မထပ်လိုပါဘူးခင်ဗျာ"
ဖုန့်ချန်းသည် လက်ထပ်ခွင့်ကမ်းလှမ်းချက်ကို တွန့်ဆုတ်ခြင်းမရှိ ငြင်းပယ်လိုက်လေပြီ။
သူမကိုလက်ထပ်ဖို့စောင့်ဆိုင်းနေကြသူများကို တန်းစီလိုက်လျှင် တစ်ကီလိုမီတာလောက်ရှည်လျားလောက်သည်ဟုပြောမည်ဆိုလည်း မလွန်သည့်အခြေအနေပင်။
သို့သော် ယခုတော့ တစ်ချက်မှတွေးတောခြင်းမရှိပါဘဲ အငြင်းခံလိုက်ရလေပြီ။ သူမမျက်နှာမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသောအမူအရာကို မထိန်းချုပ်လိုက်နိုင်ပေ။ အနောက်မှခေါင်းဆောင်ဟွားကမူ အသံထွက်ရယ်မိတော့မလိုဖြစ်သွားခဲ့ရသည်။
အစောကပင် ဝမ်ကျစ်ချင်းမှာ သိပ်ကိုယုံကြည်မှုပြည့်ဝနေခဲ့ပြီး မည်သည့်ယောက်ျားက သူမကိုငြင်းပယ်နိုင်မည်နည်းဟု အသံကောင်းဟစ်ခဲ့သော်ငြား ယခုတော့ အငြင်းခံလိုက်ရလေပြီ။ ခေါင်းဆောင်ဟွားမှာ မပြုံးမိအောင် မထိန်းနိုင်တော့ပေ။
သို့သော် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်နှင့်အညီ မျက်နှာအမူအရာများကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်သောကြောင့် ရယ်မချခဲ့မိပါချေ။
"ကျွန်မနားလည်ပါတယ်"
မင်းသမီးက ခါးသက်သက်ဖြင့်ဆိုသည်။
"ဒါပေမယ့် စိတ်ပြောင်းသွားခဲ့ရင် ကျွန်မရဲ့ကမ်းလှမ်းချက်က အသင့်ရှိပါဦးမယ်"
သူမကဆက်ပြောလိုက်သည်။ တစ်ဖက်လူက သူမ၏ဆွဲဆောင်မှုကို ဤမျှလွယ်လွယ်ကူကူငြင်းပယ်လိုက်နိုင်ကြောင်း လက်မခံလိုလှ။
"ဒီလိုလုပ်ဖို့မလိုပါဘူး ကျွန်တော်တို့ မင်းသမီးကိုမထောက်ခံနိုင်ဘူးဆိုရင်တောင် တစ်ခြားဘယ်မင်းသားကိုမှလည်း ထောက်ခံပေးမှာမဟုတ်ပါဘူး ကျွန်တော် စကားတည်ပါတယ်"
ဖုန့်ချန်းဆက်ပြောလိုက်သည်။
"မင်းသမီးကိုထောက်ခံဖို့အတွက်လည်း ဆုံးဖြတ်ဖို့အချိန်နည်းနည်းလိုပါဦးမယ်ခင်ဗျာ"