← Chapters

နဂါးနဲ့ဖီးနစ်ပြိုင်ပွဲဝင် ရွေးချယ်ခြင်း

Vol. 15 Ch. 209

နဂါးနဲ့ဖီးနစ်ပြိုင်ပွဲဝင် ရွေးချယ်ခြင်း

Vol. 15 Ch. 209

တော်ဝင်မျိုးနွယ်နှစ်ပါးရောက်ရှိလာပြီးနောက် ဖုန့်မိသားစု၏ဧည့်သည်တော်တွေ့ဆုံခန်းမှာ ပြီးဆုံးသွားသည်မဟုတ်။

ဝမ်ကျစ်ချင်းထွက်ခွာသွားပြီးနောက် ဖုန့်ချန်းနှင့်တွေ့ဆုံရန် ဧည့်သည်အချို့ရောက်ရှိလို့လာကြ၏။

အချို့ကတော့ ဖုန့်မိသားစုနှင့် စီးပွားရေးစပ်တူလုပ်လိုသည့် ကုန်သည်များဖြစ်သော ကျန်သူများကတော့ မဟာမိတ်ဖွဲ့လိုသည့်ဆန္ဒဖြင့်ပင်။

သို့ပေမယ့် ပထမမင်းသားနှင့် ဒုတိယမင်းသားကတော့ အရိပ်အယောင်ပင်ပေါ်မလာခဲ့သလို အိမ်တော်ထိန်းများကိုစေလွှတ်ခြင်းလည်း မပြုလုပ်ခဲ့ကြပါ။

ဖုန့်မိသားစုမှာ သူတို့အချိန်ကိုပေးရလောက်အောင်ထိမထိုက်တန်ဟု ယူဆထားခြင်းလည်းဖြစ်နိုင်သလို မင်းနေပြည်တော်ကို‌‌ရောက်ရှိနေခြင်းအား မသိသေးတာလည်းဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ ဖုန့်ချန်းကလည်း ဘယ်မင်းသားကိုမှထောက်ခံပေးရန်အစီအစဥ်မရှိပါ။

သူ့အတွေးထဲတွင်တော့ နန်းလုပွဲနှင့်လွတ်လွတ်ကျွတ်ကျွတ် ဘေးကိုသာထွက်နေရင်နေမလား သို့မဟုတ် ဝမ်ကျစ်ချင်းကိုထောက်ခံမလားဆိုသည့် ရွေးချယ်မှုနှစ်ခုသာရှိ၏။ ယခုတော့ အရှေ့တစ်ခုကို ပိုပြီးစိတ်ရောက်နေသည်ဟု ဆိုရပေမည်။

ဝမ်ကျစ်ချင်းကိုထောက်ခံပေးခြင်းက မသင့်တော်သည့်အကြံဉာဏ်တစ်ခုတော့မဟုတ်ပါ။ သို့သော် ထောက်ခံပေးပါကလည်း ဖုန့်မိသားစုအတွက် အများကြီးအကျိုးပြုနိုင်လိမ့်မည်ဟု ဖုန့်ချန်းမထင်။

သူမကို နန်းပလ္လင်ပေါ်တက်နိုင်အောင် ကူညီပေးလိုက်နိုင်လျှင် ဖုန့်မိသားစုသည် မိုးပြာကောင်းကင်အင်ပါယာတွင် အနေအထားတစ်ခုအထိ လွှမ်းမိုးနိုင်ပေမည်။ သို့သော် သူတို့၏ လက်ရှိအခြေအနေအရ ထိုမျှကြိုးစားအားထုတ်နေဖို့မလိုဟု ဖုန့်ချန်းတွေးမိသည်။

သူ့လက်ရှိစွမ်းအားအဆင့်ကို ချပြလိုက်ရုံဖြင့် တူညီသောလွှမ်းမိုးမှုကို ရယူနိုင်ပေမည်။ သို့သော် သူ့အကြီးအကဲများကတော့ သူတို့အတွေးနှင့်သူတို့ရှိကြပုံပင်။ သူတို့အတွက်မူ ပူးပေါင်းရေး၏အကြီးဆုံးအကျိုးအမြတ်မှာ ခေါင်းဆောင်အတွက် ဇနီးကောင်းတစ်ဦးရရှိခြင်းပင်ဖြစ်၏။

အခြားသောအကျိုးအမြတ်များနှင့် ကတိကဝတ်များကိုကား သိပ်ပြီးအထူးတလည်စိတ်ဝင်စားခြင်းမရှိလှ။ သူတို့စိတ်အဝင်စားဆုံးမှာ ဖုန့်ချန်းထိမ်းမြားသည်ကို မြင်ရဖို့ပင်။

ထိုအချိန်တွင် ဖုန့်ချန်းမှာ ဝမ်ကျစ်ချင်း၏သတင်းများကို စုဆောင်းဖို့ မိသားစုတစ်ခုကို တာဝန်ပေးလိုက်သည်။

သူ့အား အမြဲလိုလို အားတက်သရောကူညီချင်ရှာပါသည့် မိတ်ဆွေလန်ကျင်းသည်း ဒီတစ်ခေါက်တွင်လည်း ကူညီဖို့အဆင်သင့်ပါပေ။

လန်ကျင်း၏အကူအညီဖြင့် ဝမ်ကျစ်ချင်း၏အကြောင်းကိုစုံစမ်းရန် သိပ်မခက်ခဲလိုက်ပါ။ တင်ပြချက်များအရ မင်းသမီးမှာ တော်ဝင်မိသားစုကြားတွင် မတူကွဲပြားသောပုံရိပ်တစ်ခုရှိသည်ဟုသိရ၏။ သူမ၏အလှတရားကြောင့် ကျော်ကြားရုံသာမက လူအများကို တန်းတူညီမျှဆက်ဆံပုံကြောင့်လည်း လေးစားရိုသေခံရသူတစ်ဦးဖြစ်သည်။

တိုင်းပြည်တွင်း‌ ရေကြီးခြင်း၊ မိုးခေါင်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ကပ်‌ဘေးဒုက္ခများဖြစ်ပေါ်ပါက သူမကအမြန်ဆုံးကူညီလှုပ်ရှားသူဟု သိရ၏။

အစားအစာများကို ပံ့ပိုးကူညီပေးတတ်ပြီး ဆေးဝါးများကိုလည်း လိုအပ်သည့်နေရာများသို့ ရောက်ရှိကြောင်းသေချာအောင် စစ်ဆေးပို့ဆောင်တတ်ပြီး သာမန်ပြည်သူများနှင့် နောက်ခံတောင့်သောသူများကြား မည်သည့်ခွဲခြားဆက်ဆံမှုကိုမှမပြတတ်သည့် မင်းသမီးမျိုးဖြစ်သည်။

တာဝန်ရှိမှူးမတ်များပင် အရောက်မပံ့ပိုးနိုင်သော အင်ပါယာအစွန်အဖျားဒေသများထိ သူမက‌ရောက်အောင်ကူညီပေးနိုင်သည်။

အဖြစ်အပျက်တစ်ခုတွင် သာမန်ပြည်သူလယ်သမားမိသားစုမှာ အင်အားကြီးမှူးမတ်မိသားစုတစ်ခု၏ ဖိနှိပ်ခြင်းအောက်ကျရောက်နေစဥ် ဝမ်ကျစ်ချင်း၏ သာတူညီမျှမှုကိုဦးစားပေးသောစိတ်ဓာတ်အား အထူးပေါ်လွင်စေခဲ့ပေ၏။

ထိုမှူးမတ်မိသားစု၏ သခင်ငယ်လေးသည် လယ်သမားမိသားစု၏လယ်ယာများအား အတင်းအကျပ်သိမ်းပိုက်ရယူခဲ့ပြီး လယ်သမားမိသားစုကို ကုန်းကောက်စရာမရှိအောင်မွဲတေနေသည့်အခြေအနေထိ ရောက်စေခဲ့သည်။

အဆက်အသွယ်မရှိသော သူဆင်းရဲမိသားစုမှာ တစ်ဖက်အင်အားကြီးရန်သူကို ပြန်လည်တိုက်ခိုက်နိုင်စွမ်းလည်းမရှိခဲ့သလို တရားမမျှတမှုကိုလည်း တိုင်တန်းနိုင်မည့်နေရာမရှိခဲ့။

သူတို့၏ခက်ခဲသောအခြေအနေကို ဝမ်ကျစ်ချင်းကြားသိသော် တုံ့ဆိုင်းခြင်းမရှိ ကူညီခဲ့သည်။

မှူးမတ်မိသားစု၏ သခင်ငယ်လေးနှင့် သူမထိပ်တိုက်တွေ့ကာ တစ်ဖက်လူ၏နောက်ခံကိုလျစ်လျူရှု၍ ခိုင်မြဲစွာရပ်တည်ရင်ဆိုင်ပေးခဲ့သည်။

တရားမျှတမှုဘက်တွင် ပြတ်သားစွာရပ်တည်နေသော တော်ဝင်အရှင်မင်းသမီးကြောင့် သခင်လေးလည်း လယ်ယာမြေများကိုပြန်လည်ပေးအပ်လိုက်ရပြီး လယ်သမားမိသားစု၏ဆုံးရှုံးမှုအတွက်လည်း လျော်ကြေးပေးဆပ်ခဲ့ရသေး၏။

ဇာတ်လမ်းက ဤမျှနှင့်အဆုံးမသတ်ပေ။

ဆက်လက်စုံစမ်းကြည့်လိုက်သော ထိုမှူးမတ်မိသားစုသည် ဒေသတွင်းမှမိသားစုငယ်များကို ထိုသို့ဖိနှိပ်အနိုင်ကျင့်လာသည်မှာ နှစ်အတော်ကြာရှည်နေခဲ့ပြီဖြစ်၏။

သားရဲများကို ကာကွယ်နှိမ်နင်းပေးမည်ဟူသော ခေါင်းစဥ်အောက်တွင် ‌ရွေဒင်္ဂါးပမာဏများစွာကို လိမ်လည်ရယူခဲ့ပြီး သူတို့ကာကွယ်ပေးမည်ဆိုသောပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်ပျက်စီးစေခဲ့သေးသည်။

ဝမ်ကျစ်ချင်းက တုံ့ဆိုင်းမနေဘဲ နစ်နာသူမိသားစုများ သူတို့လယ်ယာမြေများနှင့် လျော်ကြေးငွေတို့ကို ပြန်လည်ရယူစေခဲ့ပြီး မှူးမတ်မိသားစု၏ ခေါင်းပုံဖြတ်အကျင့်ပျက်ခြစားမှုများကိုလည်း ဖော်ထုတ်ခဲ့သည်။

ထိုမိသားစု၏ လှုပ်ရှားမှုများကို ပြန်လည်သုံးသပ်စစ်ဆေးဖို့အမိန့်ပေးခဲ့ပြီး သူတို့၏ကြွယ်ဝမှုများကိုလည်း သူတို့ဖိနှိပ်ခဲ့သောမိသားစုများထံ ပြန်လည်ဝေငှပေးခဲ့သည်။

ဝမ်ကျစ်ချင်း၏လုပ်ရပ်များကြောင့် အင်ပါယာတစ်ခုလုံး ဂယက်ရိုက်သွားခဲ့ရ၏။

သာမန်လူတန်းစားများအတွက်မူ အာဏာရှိတော်ဝင်မျိုးနွယ်တစ်ဦးက သူတို့ဘက်မှာရပ်တည်လာြခင်းဖြစ်သဖြင့် ‌မျှော်လင့်ချက်ရောင်ခြည်တစ်သွယ်အား မြင်လိုက်ရသကဲ့သို့ပင်။

အင်အားကြီးမိသားစုများမှာတော့ သူတို့လုပ်ချင်သလိုလုပ်နေသော ရမ်းကားမှုများအတွက် ခြိမ်းခြောက်စာတစ်စောင်ပို့လိုက်သလို ခံစားမိကြလေတော့သည်။

အာဏာနှင့်စွမ်းအားကသာ အရာရာကိုဆုံးဖြတ်သောလောကတွင် ဝမ်ကျစ်ချင်း၏သတ္တိနှင့် တရားမျှတမှုက တစ်မူကွဲပြားနေခဲ့ပါ၏။

ဖိနှိပ်ခံလူတန်းစားအတွက် သူမကမျှတသောတရားသူကြီးတစ်ဦးဖြစ်ပြီး အာဏာရှင်များအတွက်တော့ ဖိအားတစ်ခုသာဖြစ်သည်။

ထိုသို့ဖြစ်ရပ်များမှာ တစ်ခါတည်းမဟုတ်ဘဲ ထပ်ဆင့်ထပ်ဆင့်ဖြစ်ပွားခဲ့ပြီး ဝမ်ကျစ်ချင်းကလည်း ဖိနှိပ်ခံလူတန်းစားများဘက်မှသာ ရပ်တည်ပေးခဲ့သဖြင့် သူမ၏ဂုဏ်သတင်းသည်လည်း မွှေးပျံ့ကျော်ကြားလို့လာခဲ့သည်။

တိုင်းသူပြည်သားများကြားထဲတွင် သူမ၏ထင်ပေါ်ကျော်ကြားမှုမှာ မြင့်တက်လာခဲ့ပြီး အင်အားကြီးမိသားစုများကတော့ သူမကို အခြေတည်နေသည့်အဆင့်အတန်းများအား ဖျက်ဆီးဖြိုချလိုသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူခဲ့ကြတော့၏။

သူမ၏ရဲရင့်မှုနှင့် တရားမျှတလိုစိတ်က အင်ပါယာ၏ ကွဲပြားသောပုံရိပ်တစ်ခုအဖြစ် ထွန်းထောက်လာခဲ့ကာ အထူးသဖြင့် သာမန်လူတန်းစားများကြားတွင် ပိုအသိအမှတ်ပြုခံခဲ့ရသည်။

အဆင့်အတန်းနိမ့်ပြည်သူများ၏ ဒုက္ခနှင့်ရုန်းကန်မှုများကို စိုးစဥ်းမျှမသိနားမလည်ကြသည့် အခြားတော်ဝင်မျိုးနွယ်များနှင့်ယှဥ်လျှင် ဝမ်ကျစ်ချင်းမှာ ပြည်သူများ၏သူရဲကောင်းတစ်ဦး ဒိုင်းကာတစ်လက်သာ ဖြစ်သည်ပင်။

သို့ပေမယ့် သူမ၏လုပ်ရပ်များက သူမကိုတစ်ဖန်ပြန်ပြီး အန္တရာယ်ရှိစေခဲ့လေသည်။

အာဏာနှင့်စွမ်းအားအဆင့်များကို တင်းတင်းကျပ်ကျပ်သတ်မှတ်ထားသော တိုင်းပြည်တစ်ခုတွင် ခုခံဆန့်ကျင်ဟန်ပေါက်သည့်လုပ်ရပ်များက လူအများကိုဒေါသထွက်စေမည်မှာ ဧကန်ပင်။

သူမ၏နန်းပလ္လင်တက်လှမ်းရေးခရီးစဥ်ကလည်း ဘယ်လောက်ပဲကြိုးစားပါစေ လွယ်ကူချောမွေ့နေမည်တော့မဟုတ်။

သို့ပေမယ့် သူမတွင် စစ်တပ်အင်အားဟူသော ဝှက်ဖဲတစ်ခုရှိနေသေး၏။ စစ်သားအများစုမှာ သာမန်လူတန်းစားများဖြစ်ကြသည်မဟုတ်လော။

ထို့ကြောင့် စစ်တပ်အင်အားထောက်ခံမှုက သူမ၏အကြီးမားဆုံးအားသာချက်ဖြစ်သည်။

(ငါသူ့ကိုကယ်ခဲ့တုန်းက တီးတိုးအက်ကွဲကြောင်းအခြေစိုက်စစ်တပ်ကနေ ပြန်လာတဲ့လမ်းဖြစ်လောက်မယ်)

ကြည့်ရသလောက်တော့ သူမက စစ်တပ်အခြေစိုက်စခန်းများဆီ မကြာခဏသွား‌ရောက်လည်ပတ်ပြီး ထောက်ခံမှုစုဆောင်းတတ်သူဖြစ်ရမည်။

"အဆက်အသွယ်ကောင်းတော့ ရှိထားတယ်ဆိုပေမယ့် ထီးနန်းကိုဆက်ခံဖို့အတွက်တော့ အလှမ်းဝေးသေးတာပဲ"

စစ်တပ်အင်အားသည်လည်း နောက်ခံအားကောင်းကောင်းတစ်ခုဖြစ်ပေသည့် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူရှိသော မိသားစုကြီးများကိုတော့ မီနိုင်စရာအကြောင်းမရှိပေ။

ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးလောက်ကသာ ဝမ်ကျစ်ချင်းကိုထောက်ခံပေးမည်ဆိုလျှင် သူမထီးနန်းတက်ဖို့အခွင့်အရေးတော့ရှိလာနိုင်မည်ပင်။ မဟုတ်လျှင်တော့ နန်းတက်ရဖို့လမ်းမမြင်။

ဖုန့်ချန်းဘက်ကလည်း သူမကို ပြီးစလွယ်ထောက်ခံမပေးလိုက်ချင်ပါ။

ရရှိထားသောသတင်းများအရ‌တော့ မင်းသမီး၏ကိုယ်ကျင့်တရားမှာမဆိုးလှပေ။ သူ့အနေဖြင့် ထောက်ခံဖို့စဥ်းစားရလောက်သည့်အနေအထားတော့ရှိပါသည်။

မည်သို့ပင်ဖြစ်စေ ဘုရင်မင်းမြတ်ကလည်း ချက်ချင်းသေဆုံးသွားလောက်မည်မဟုတ်သောကြောင့် နန်းပလ္လင်တိုက်ပွဲအတွက်ပြင်ဆင်ရန် အချိန်များစွာကျန်ရှိပါသေး၏။

***

ဖုန့်မိသားစု မင်းနေပြည်တော်သို့ရောက်ရှိသည်မှာ ခုနှစ်ရက်ကြာလွန်သွားပြီဖြစ်ပြီး နဂါးနှင့်ဖီးနစ်ပြိုင်ပွဲသည်လည်း စတင်ခါနီးနေပြီဖြစ်သည်။

ပြိုင်ပွဲ၏ပထမအဆင့်မှာ နဂါးနှင့်ဖီးနစ်ယှဥ်ပြိုင်ပွဲအတွက် အဆင့်မီမည့်ပြိုင်ပွဲဝင်များကို ရွေးချယ်ခြင်းဖြစ်၏။

သို့သော် ဤ‌ရွေးချယ်မှုအဆင့်တွင် ‌ကောင်းကင်တမျှ ဂုဏ်သတင်းမြင့်မားလှသော ဂိုဏ်းဂဏကြီးများ ပါဝင်ရန်မလိုအပ်ပေ။

ထိုသို့ဂိုဏ်းဂဏကြီးများအတွက် ပြိုင်ပွဲတွင် သီးသန့်နေရာအသင့်ထားရှိပြီးသားဖြစ်ပြီး ပြိုင်ပွဲဝင်များကိုလည်း သူတို့စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ရှိသည်။

ဤကဲ့သို့စီစဥ်လိုက်ခြင်းဖြင့် စစ်ဆေးအကဲဖြတ်သူများလည်း အချိန်ကုန်သက်သာသွားပြီး ဂိုဏ်းကြီးများကိုလည်း မျက်နှာသာပေးရာရောက်ပေမည်။ မည်သို့ပင်ဆိုစေ ထိုအဆင့်မြင့်ဂိုဏ်းများတွင် အရည်အသွေးမမီသောပြိုင်ပွဲဝင် ပါလာစရာအကြောင်းမရှိပေ။

ပြိုင်ပွဲဝင်အများစုကလည်း ဤစနစ်ကိုသဘောတူကြ၏။ ဂိုဏ်းကြီးများမှာ ပြိုင်စံရှားပါရမီရှင်များကို မည်သူမှ စောစောစီးစီးရင်မဆိုင်လိုကြပါ။

ထိုစနစ်ကြောင့် ဂိုဏ်းဂဏကြီးများမှ ပြိုင်ပွဲဝင်များမှာ ပြိုင်ပွဲပထမအဆင့်စသည်အထိ ပေါ်မလာတတ်ကြပေ။ ထိုအထဲတွင် ဖုန့်မေနှင့် ဖုန့်ရှောင်ယုလည်း အပါအဝင်ဖြစ်၏။

သူတို့နှစ်ဦးသာ ပြိုင်ပွဲဝင်ဖို့အရည်အချင်းပြည့်မီလျှင် နဂါးနှင့်ဖီးနစ် ယှဥ်ပြိုင်ပွဲအစစ်အမှန်မစတင်ခင် သုံးရက်အတွင်း အေးခဲမြူခိုးဂိုဏ်းနှင့်အတူ ရောက်ရှိလာကြမည်ဖြစ်သည်။

"ချန်းအာ ငါတို့လူရှာဖို့တစ်ဖွဲ့လောက် လွှတ်လိုက်ရမလား"

မဟာအကြီးအကဲဖုန့်ကျန်းရှန်မှ စိုးရိမ်တကြီးမေးလာသည်။

ယခုထက်ထိပေါ်မလာသေးသောဖုန့်ယွင်ကြောင့် သူစိတ်ပူနေရပြီဖြစ်၏။ သူသာယှဥ်ပြိုင်ပွဲဝင်လိုပါလျှင် မကြာခင်ပေါ်လာနိုင်မှဖြစ်တော့မည်။

"မလိုပါဘူး ဦးလေးလူလွှတ်လိုက်ရင်တောင် သူ့ကိုရှာတွေ့မှာမဟုတ်‌လောက်ဘူး အဲ့ကောင်လေး ဒီရောက်ချင်လည်းရောက်နေလောက်ပြီ သူ့ကိုပဲယုံပြီးစောင့်ရအောင်ပါ"

ဖုန့်ချန်းက စိတ်အေးလက်အေးဖြင့်တုံ့ပြန်လိုက်သည်။

ဖုန့်ကျန်းရှန်တစ်ယောက် ဖုန့်ကျီလန်ကို အကူအညီတောင်းဟန်ဖြင့်လှမ်းကြည့်လိုက်သော်လည်း သူမကခေါင်းသာယမ်းပြလေသည်။

အကြီးအကဲများမှာ သက်ပြင်းတစ်ချက်ချပြီး စိတ်လျှော့လိုက်ရတော့၏။ စိုးရိမ်စိတ်များမှာတော့ မပျောက်ကွယ်သေးပါပေ။

ဖုန့်ယွင်သာပေါ်မလာခဲ့လျှင် သေချာပေါက် သူရဲဘောကြောင်သူအဖြစ်သာ သတ်မှတ်ခံရပေမည်။

လင်းမေယုနှင့်စေ့စပ်ကြောင်းလမ်းမှု ပျက်စီးတုန်းကထက် ပို၍အရှက်ကွဲရမည့်အဖြစ်ပေ။

ဖုန့်ယွင်အချိန်မီပြန်လာပါ့မလားဆိုတာကို ဖုန့်မိသားစုဝင်အားလုံး စိတ်ပူလို့နေကြရ၏။

ထိုစိုးရိမ်စိတ်သာမက လာမည့်ပြိုင်ပွဲအတွက်လည်း ရင်တုန်စိတ်လှုပ်ရှားနေရသည်ပင်။

အရှေ့ပိုင်းစီရင်စု စုဝေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ဖူးသော ဖုန့်လျန်းနှင့်ဖုန့်ကျန်းဟောင်ပင် စိတ်လှုပ်ရှားနေကြဟန်ရှိ၏။

အင်ပါယာတစ်လွှားမှာ ပါရမီရှင်အားလုံးကို စုစည်းကျင်းပသော နဂါးနှင့်ဖီးနစ်ပြိုင်ပွဲမှာ နှယ်နှယ်ရရပြိုင်ပွဲမျိုးမဟုတ်ပေ။

မင်းနေပြည်တော်တွင် သိပ်သည်းစွာစုဝေးနေကြသော လူပင်လယ်ကြီးက သက်သေတစ်ခုပင်။ သူတို့ရင်ဆိုင်ယှဥ်ပြိုင်ရမည့်ပြိုင်ပွဲဝင် ထောင်နှင့်ချီရှိကာ လူတိုင်းက သူတို့မိသားစု၏ ပါရမီရှင်များဖြစ်ကြသည်မဟုတ်လော။

All Chapters