← Chapters

ပြိုင်ဘက်အသစ်များ

Vol. 15 Ch. 210

ပြိုင်ဘက်အသစ်များ

Vol. 15 Ch. 210

လူပေါင်းများစွာက နဂါးနှင့်ဖီးနစ်ပြိုင်ပွဲဝင် ရွေးချယ်မည့်နေရာဖြစ်သည့် ခမ်းနားထည်ဝါသော အဆောက်အဦးကြီးထံသို့ သွားရောက်နေကြပြီး မင်းနေပြည်တော်တစ်ခုလုံးမှာလည်း စိတ်လှုပ်ရှားမှုများအပြည့်ဖြင့် သက်ဝင်တက်ကြွနေတော့၏။

ထိုအ‌ဆောက်အဦးကြီးမှာ မိုးပြာကောင်းကင်အင်ပါယာ၏ အကြီးဆုံးအဆောက်အဦးဖြစ်ပြီး မင်းပရိတ်သတ် သိန်းချီသည်အထိဝင်ဆံ့နိုင်ပေသည်။

မြင့်မားသောအဆောက်အဦးကြီးသည် မင်းနေပြည်တော်ကြီးကို အုပ်မိုးထားမတတ်ကြီးမားလှပြီး အင်ပါယာ၏ခမ်းနားမှုကို ဝင့်ကြွားဖော်ပြနေသကဲ့သို့ပင်။

လူအများသည် တောင်ဘက်လမ်းမမှာ တဖြည်းဖြည်းချင်းနီးကပ်လာသော အုပ်စုတစ်စုကို အာရုံစိုက်မိသွားကြ၏။

"ကြည့်စမ်း အဲ့ဒါတောင်ပိုင်းစီရင်စုက ရှုမိသားစုမဟုတ်လား"

ယောက်ျားသားတစ်ဦးက အော်လိုက်သည်။ သူလက်ညှိုးညွှန်ပြနေသည်ကတော့ သစ်ရွက်နှင့် နွယ်ပင်စိမ်းများသဏ္ဍာန် စီခြယ်ချုပ်လုပ်ထားသည့် အစိမ်းရောင်ဝတ်ရုံများကို ဆင်မြန်းထားသော အုပ်စုတစ်ခုပင်။

"သူတို့က သဘာဝကျင့်စဥ်တွေနဲ့ပက်သက်ပြီး အရမ်းကျွမ်းကျင်ကြတယ်" တစ်ယောက်ကဆိုသည်။ "သူတို့မိသားစုပါရမီရှင် ရှုထျန်းဆိုရင် အခြေတည်ထောင်ခြင်းအဆင့်ကတည်းက အဆင့်၃သားရဲတစ်ကောင်ကို သတ်နိုင်ခဲ့တာဆိုပဲ"

ရှုမိသားစု ပြိုင်ပွဲအဆောက်အဦးကြီးထံ ဦးတည်သွားသည်နှင့် အခြားအုပ်စုတစ်ခုလည်း မြင်ကွင်းသို့ဝင်ရောက်လာတော့သည်။

"ဟဲ့ ‌‌အဲ့ဒါ မြောက်ပိုင်းစီရင်စုက လျန်မိသားစုမလား" အမျိုးသမီးတစ်ဦးက အာမေဋိတ်ပြုလိုက်သည်။

လျန်မိသားစုဝင်များမှာ အေးစက်ကျော့ရှင်းသည့်ဟန်ပန်ကို ပိုင်ဆိုင်ထားကြပြီး နေရောင်အောက်တွင် တောက်ပလျက်ရှိသော အဖြူနှင့်အပြာရောင်နှောဝတ်ရုံများကို ဆင်မြန်းထားကြ၏။

"လျန်လင်းလည်းပါတာပဲ" တစ်ယောက်က ခပ်တိုးတိုးဆိုသည်။

"သူက အသက်၁၈နှစ်မှာတင် ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်ကို ချိုးဖျက်နိုင်ထားတာ ပါရမီရှင်အစစ်ပဲ"

လျန်မိသားစုဖြတ်သွားသည့်နောက်တွင် လူအုပ်ကြီးမှာ အံ့သြချီးကျူးရိပ်များဖြင့် ကျန်ခဲ့‌တော့၏။ အေးစက်စက်သြဇာအငွေ့အသက်မှာ လေထုထဲတွင် ရစ်ဝဲလျက်။

သိပ်မကြာမီအချိန်အတွင်းတွင် တီးတိုးသံများ တစ်ဖန်ပျံ့လွင့်လာပြန်သည်။

"ဟိုမှာ အဲ့ဒါမင်းနေပြည်တော်က လန်မိသားစုမဟုတ်လား"

လန်မိသားစုမှာ အခြွေအရံများခြံရံလျက် ရင်သပ်ရှုမောဖွယ်ခမ်းနားမှုဖြင့် လှမ်းလာကြလေသည်။

လန်မိသားစု အဆောက်အဦးကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့် လူအုပ်ကြီး၏အာရုံက နောက်မိသားစုတစ်ခုထံ လွှဲပြောင်းသွားတော့၏။

"အရှေ့ပိုင်းစီရင်စုက ယွမ်မိသားစုလည်း ရောက်နေပြီဟေ့" တစ်ယောက်ယောက်က အော်လိုက်သည်။

ယွမ်မိသားစုဝင်များသည် ရွေရောင်အနားကွပ်ထားသော အဖြူဝတ်ရုံများဖြင့် ယုံကြည်မှုအပြည့်နှင့် ချဥ်းကပ်လာကြသည်။

"ယွမ်မိသားစုပါရမီရှင်နှစ်ယောက်တောင် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ချိုးဖျက်နိုင်ပြီးသွားပြီကြားတယ် အရှေ့ပိုင်းစီရင်စုက ဒီတစ်ခေါက်တော့ အခွင့်အရေးရှိမယ့်ပုံပဲ"

နောက်မိသားစုတစ်ခုပေါ်လာသောအခါတွင် စိတ်လှုပ်ရှားမှုများ ပိုတိုးပွားလာကြတော့၏။

"ကြည့်စမ်း ဖုန့်မိသားစုလာပြီဟေ့"

နောက်ဆုံးတွင် ဖုန့်ချန်းဦးဆောင်သော ဖုန့်မိသားစုဝင်များလည်း ဝင်ရောက်လာပြီဖြစ်၏။

"ဝိုး အဲ့ဒါဖုန့်မိသားစုခေါင်းဆောင်ဖုန့်ချန်းဖြစ်ရမယ် ခံ့ညားလိုက်ပုံများ ကြားထားတဲ့သတင်းတွေအတိုင်းပဲ"

"ဟုတ်ပါ့ ငယ်ရွယ်နုပျိုတဲ့စွမ်းအားရှင်လေးပဲ သူ့မိသားစုကအရင်ကအားနည်းခဲ့တာ သူ့အတွက်နာတာပဲ မဟုတ်ရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာ သူလည်းနဂါးနှင့်ဖီးနစ်ပြိုင်ပွဲဝင်နိုင်ခဲ့ရင် အဆင့်ကောင်းကောင်းရခဲ့လောက်မှာ"

"ဒါနဲ့ ဖုန့်မိသားစုမှာ စွမ်းရည်စစ်‌ကျောက်တောင်ကို အဆင့်အများကြီးတက်နိုင်ခဲ့တဲ့ ပါရမီရှင်တွေ တော်တော်များတယ်လို့ငါကြားထားတယ်"

"အဲ့ထဲက ၁၇ဆင့်ထိတက်နိုင်ခဲ့တဲ့ ပါရမီရှင်ဖုန့်မေဆိုရင် အေးခဲမြူခိုးဂိုဏ်းရဲ့ အတွင်းတပည့်အဖြစ် တစ်ခါတည်းအခေါ်ခံလိုက်ရတာလေ"

"နောက်ပြီး ၁၈ဆင့်ထိတောင်တက်နိုင်ခဲ့တဲ့ ဖုန့်ယွင်ဆိုတာလည်းရှိသေးတယ်ဟဲ့"

ဖုန့်မိသားစု၏ မြင့်တက်လာသောစွမ်းအားနှင့်အာဏာကြောင့် သူတို့ကိုလျှော့မတွက်ရဲကြတော့ပါပေ။

ဖုန့်မိသားစုပြိုင်ပွဲဝင်များကိုလည်း လူထုက စိစိစစ်စစ်အကဲဖြတ်ထားကြပြီး အနိုင်ရဖို့အခွင့်အရေးကောင်းကောင်းရှိသည်ဟု သတ်မှတ်ထားကြလေသည်။

ဖုန့်မိသားစုဝင်များ အဆောက်အဦးနားသို့ ချဥ်းကပ်လာသည်နှင့် ကြည့်ရှုသူများမှာ တုံ့ပြန်မှုမျိုးစုံဖြင့် ဂယက်ထသွားကြတော့၏။

သာမန်ပြည်သူတွေအတွက်တော့ ဖုန့်မိသားစုဆိုတာ မိုးကြိုးပစ်သလို ရုတ်တရက်ရရှိလာသော အောင်မြင်မှုနှင့် ထုတ်မပြရသေးသော အလားအလာတွေ အများကြီးရှိနေသည့် စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ် ဖြစ်လေသည်။

အင်အားမဲ့ပုဂ္ဂိုလ်တစ်ဦးက ကံကြမ္မာကိုပြောင်းပြန်လှန်ပြီး ခမ်းနားသောအောင်မြင်မှုများကို အရဆွတ်ခူးလာနိုင်သည့် ပုံပြင်တစ်ပုဒ်ကို မည်သူကသဘောမကျဘဲရှိမည်နည်း?

သာမန်ပြည်သူများအတွက်မူ ထိုသို့သောဇာတ်လမ်းများမှာ သူတို့ကိုမျှော်လင့်ချက်တစ်ခုပေးနိုင်သလို စိတ်အားတက်ကြွအောင်လည်း လှုံ့ဆော်ပေးနိုင်ပေသည်။ ဖုန့်မိသားစုမှာ သူတို့အိပ်မက်များ အမှန်တယ်ဖြစ်မြောက်လာနိုင်ကြောင်း လက်တွေ့ပြသပေးသည့် ဥပမာတစ်ခုပါပင်။

သူတို့ကျော်ကြားရခြင်း၏ နောက်အကြောင်းရင်းတစ်ခုမှာတော့ မာန်မာနတစ်ခွဲသားဖြင့် သာမန်လူများကို ခွဲခြားဆက်ဆံတတ်ကြသော အင်အားကြီးမိသားစုများနှင့် ဖုန့်မိသားစုကြားက ကွာခြားချက်တစ်ခုကြောင့်ပင်။

ဖုန့်မိသားစုကတော့ သာမန်ပြည်သူများကြားတွင် ဂုဏ်သတင်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားပေ၏။

ဖုန့်မိသားစုက အရည်အချင်းရှိသူတိုင်းကို ကြိုဆိုလက်ခံပြီး ညီတူညီမျှဆက်ဆံသည့်အပြင် အခွင့်အလမ်းကောင်းများကိုလည်း လူတိုင်းအတွက် မလွတ်စေရအောင်ဖန်တီးပေးသည်။ သူတို့မိသားစုတွင် မျက်နှာသာပေးခြင်း ဘက်လိုက်ခြင်းကင်း၏။

ထို့ကြောင့် လူအများစုက ဖုန့်မိသားစုအပေါ် အထင်အမြင်ကောင်းရှိကြခြင်းဖြစ်သည်။

သို့သော် အင်အားကြီးမိသားစုများကတော့ သူတို့မိသားစုကို လှောင်စရာပြောင်စရာအဖြစ်သာ မြင်တတ်ကြသည်။

ရှန်းမိသားစု၏ပါရမီရှင်ဖြစ်သော ရှန်းမင်သည် ဖုန့်မိသားစုအား ပေါ်တင်လှောင်ပြောင်သည့်အနေဖြင့် တစ်ချက်လှောင်ပြောင်လိုက်တော့သည်။

ရှန်းမိသားစု၏ ရောက်ရှိလာခြင်းမှာလည်း ဂုဏ်သရေကြီးမားသော မြင်ကွင်းတစ်ခုပင်။ အသေးစိတ်ကျနသော ငွေရောင်ပန်းခက်ပန်းနွယ်များဖြင့် အလှဆင်ထားသည့် ခရမ်းရင့်‌ရောင်ဝတ်ရုံများကို ဆင်မြန်းကာ အထက်စီးဆန်ဆန်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

သို့သော် ရှန်းမင်ကတော့ သူ့မိသားစု၏ခမ်းနားမှုအစား အခြားပစ်မှတ်တစ်ခုကို ပိုပြီးအာရုံစိုက်နေပုံရ၏။

"ဖုန့်မိသားစုတဲ့လား" သူကမထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်လိုက်သည်။ "ခုမှအမြင့်ရောက်ဖူးတဲ့ကောင်တွေဆိုတော့ ဆောင့်ကြွားကြွားလုပ်ချင်ကြမှာ‌ပေါ့ကွာ"

သူ့ဘေးက ရှန်းမိသားစုဝင်တစ်ဦးဖြစ်သော ရှန်းလွေ့က တစ်ချက်ပြုံးသည်။

"အခုထိသူတို့ကိုအခဲမကျေတုန်းလား မင်အာ လင်းမေယုရဲ့စေ့စပ်ပွဲပျက်သွားတဲ့ကိစ္စကို ဒီအချိန်လောက်ဆိုနင်မေ့လောက်ပြီထင်ထားတာ"

ရှန်းမင်၏အကြည့်များမှောင်မိုက်သွားပြီး ဒေါသထွက်လာဟန်လည်းပေါ်သည်။

"ဘယ်လိုလုပ်မေ့နိုင်မှာလဲ အဲ့တောသားကများ လင်းမေယုနဲ့စေ့စပ်ရဲလိုက်သေးတယ် အတင့်ရဲလို့"

ရှန်းလွေ့ကအသာရယ်မောသည်။

"အခု စေ့စပ်ပွဲကပျက်သွားပြီပဲ နင်ပျော်နေသင့်တာမဟုတ်ဘူးလား"

"ပျော်ရမယ်?"

ရှန်းမင်၏အသံမှာ အဆိပ်‌ငွေ့များပြည့်နေသကဲ့သို့ပင်။

"အဲ့အလကားကောင် သူ့ခေါင်းကိုမော့ပြီးလမ်းလျှောက်နိုင်နေသရွေ့ ငါစိတ်အေးမှာမဟုတ်ဘူး အဲ့ကောင်က လင်းမေယုရဲ့အတိတ်ကအစွန်းအထင်းတစ်ခုထက် ဘာမှမပိုဘူး ငါသူ့နေရာသူသိအောင် လုပ်ပေးလိုက်မယ်"

ရှန်းမင်၏အပြောမှာ လင်းမေယုက သူ့အပိုင်လိုလို ဘာလိုလိုနှင့်။

ရှန်းလွေ့က ခပ်မြူးမြူးဟန်ဖြင့် မျက်ခုံးတစ်ဖက်ပင့်သည်။

ရှန်းမင်၏အပြောတွင် တစ်ခုခုမှားနေသည်ဟု ရှန်းလွေ့မခံစားရပါ။ ရှန်းမိသားစုကလည်း ရှန်းမင်ကို လင်းမေယုအားအရလိုက်ဖို့ အားပေးကြသည်ပင်။ သူသာရအောင်လိုက်နိုင်ပါလျှင် မိုးပြာကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ပါရမီရှင်လေးအား ချွေးမတော်ရရုံသာမက လင်းမိသားစုနှင့်လည်း မဟာမိတ်ဖွဲ့နိုင်ပေမည်။

"နင်အဲ့ဒါကို ဘယ်လိုလုပ်ဖို့စီစဥ်ထားလဲ ဖုန့်ယွင်ကလည်းအားနည်းတဲ့သူမဟုတ်ဘူး စွမ်းရည်စစ်ကျောက်တောင်ကို ၁၈ဆင့်ထိ တက်နိုင်ခဲ့တဲ့သူလေ"

"ဟမ့်" ရှန်းမင်က တစ်ချက်ထေ့ငေါ့လိုက်သည်။ မျက်နှာထားမှာ တင်းမာလျက်။

"အဲ့ကောင် ကောင်းကင်ထိတက်နိုင်ရင်တောင် ငါဂရုမစိုက်ဘူး ငါသူ့ကိုလူတိုင်း‌ရှေ့မှာ အနိုင်ပိုင်းပြမယ် အထူးသဖြင့် လင်းမေယုရှေ့မှာပေါ့ တကယ့်ပါရမီရှင်ဆိုတာ ဘယ်သူမှန်းသိသွားရင် သူငါ့ကိုလက်ခံလာလိမ့်မယ်" ရှန်းမင်ကပြောရင်းဆိုရင်း ဖုန့်မိသားစုထဲတွင် ရင်းနှီးနေသောမျက်နှာ ပါလိုပါငြား လှမ်းကြည့်လိုက်သည်။

"ဒါပေမယ့် အဲ့ကောင်ကိုမတွေ့ဘူးဟ ဘယ်ရောက်နေတာလဲ ပုန်းနေတာလား ကြောက်လွန်းလို့ မျက်နှာတောင်ထွက်မပြရဲတော့တာလားမသိဘူး"

ရှန်းမင်သည် ဖုန့်ယွင်ကိုမမြင်ဖူးသော်ငြား တစ်ဖက်လူ၏ပုံပန်းသွင်ပြင်ကို စုံစမ်းထားသေးသောကြောင့် ဖုန့်မိသားစုထဲတွင် ပါလာမလာကိုတော့ ပြောနိုင်ပေသည်။

ရှန်းလျို့က တစ်ချက်ပြုံးကာ အရှေ့သို့ကိုင်းလျက်ဆိုလာသည်။

"သူသာပေါ်မလာရင်တော့ နင်လည်းဘာမှသက်သေပြလို့မရတော့ဘူးနော် သူလည်းဉာဏ်သုံးပြီး ဒီပြိုင်ပွဲမှာဝင်မပါသေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်မှာပေါ့ ကောင်လေးကငယ်သေးတယ်လေ နောက်တစ်ခေါက်မှဝင်ပြိုင်လို့လည်း မီသေးတယ်"

ရှန်းမင်၏မေးရိုးများတင်းမာလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

"သူပေါ်လာမှာပါ ပေါ်လာတဲ့အခါ ငါ့လမ်းကိုဝင်ဖြတ်ရဲတဲ့အတွက် တစ်သက်လုံးနောင်တရအောင်လုပ်ပေးလိုက်မယ် လူတိုင်းရဲ့ရှေ့ အထူးသဖြင့် လင်းမေယုရဲ့ရှေ့မှာ သူ့ကိုငါအရှက်ခွဲပြမယ်"

ဖုန့်ယွင်အကြောင်းစုံစမ်းရန် သူလူလွှတ်ထားမြဲဖြစ်တာကြောင့် သုံးနှစ်အကြာတွင် လင်းမေယုနှင့်တိုက်ခိုက်ရန် ဖုန့်ယွင်ပြုလုပ်ခဲ့သောကတိအကြောင်း သူသိထားပြီးသားဖြစ်၏။

(ဟမ့် လင်းမေယုနဲ့မတွေ့ရခင် မင်းငါ့လက်ထဲမှာအရင်အရှုံးပေးရမယ် ငါနဲ့မတွေ့ခင်အထိ တောင့်ခံနိုင်မလား ကြည့်ကြသေးတာပေါ့)

ရှန်းမင် စိတ်တွင်းမှကြုံးဝါးနေမိသည်။

ရှန်းလွေ့၏အပြုံးလည်း ပိုလို့တောက်ပလာသည်။

"ပျော်စရာကြီးပဲ ဒီတော့ နင့်ရဲ့ပြိုင်ဘက်တောသားလေးက နင့်ကိုရင်ဆိုင်ဖို့သတ္တိရှိမရှိ စောင့်ကြည့်ကြတာပေါ့"

ရှန်းမင်ကတော့ ဘာမှပြန်မပြောဘဲ ဖုန့်မိသားစုဝင်များကိုသာစိုက်ကြည့်နေသည်။ သူ့သားကောင်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရင်းပေါ့။

စာစဉ်ပြီး၏

All Chapters