လမ်းဆုံ
Vol. 1 Ch. 1
တောင်ခြေဒေသ၊ ဗီလာအိမ်လေးတစ်လုံး။
အိမ်လေးက သိပ်မကြီးပေမဲ့ သေသေသပ်သပ် ဆောက်လုပ်ထားပြီး ပြင်သစ်ကျေးလက်စံအိမ် တစ်လုံးရဲ့အငွေ့အသက်မျိုး ရှိနေပါတယ်။ ခြံဝန်းက အတော်ကျယ်ပြီး နေရာအနှံမှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ ပန်းပေါင်းစုံကို မြင်တွေ့နိုင်တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်နေပြီး ညအချိန်လို့ ယူဆရမလိုပါပဲ။ အလင်းရောင်ဆိုလို့ အိမ်လေးအတွင်း ထွန်းထားတဲ့ အလင်းရောင်သာရှိပါတယ်။
အိမ်လေးအတွင်းထဲမှာတော့ လူငယ်စုံတွဲတစ်တွဲ ရှိနေပြီး သူတို့လက်ထဲမှာ ကလေးတစ်ယောက်စီကို ကိုယ်စီချီလို့ပေါ့။
“ဘာလိုလိုနဲ့ သုံးလတောင်ရှိသွားပြီပဲ။” လူငယ်လေးက ပြောလိုက်ရင်း သူ့လက်ထဲက ကလေးကို ကြည့်လိုက်တယ်။ ကလေးငယ်က သူ့ဖခင်လိုပဲ အပြာရောင်မျက်လုံးတွေ ရှိနေပြီး မျက်လုံးတွေကို တင်းတင်းမှိတ်ထားတယ်။
“ဒီကောင်လေးက သိပ်ကိုငြိမ်လွန်းလို့ အမြဲအိပ်နေသလား မှတ်ရတယ်။” လူငယ်က ပြောလိုက်တော့ အမျိုးသမီးဖြစ်သူက ပြုံးလိုက်ပြီး
“သားလေးက သူ့အဖေနဲ့တူတယ်လေ။”
“ဒါဖြင့် အမြဲတမ်းအပြုံးကြီးကြီးပြုံးပြနေတဲ့ သမီးလေးကရော အမေနဲ့တူတာလား။”
အဖေလက်ထဲက ကလေးသေးသေးလေးနဲ့ဆန့်ကျင်စွာနဲ့ ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လိုက်လံကြည့်ရှုနေတဲ့ မိခင်လက်ထဲက ကလေးကိုကြည့်ရင်း လူငယ်စုံတွဲက ရယ်မောလိုက်ပါတယ်။
“သခင်၊ မနက်စာ အသင့်ဖြစ်ပါပြီ။” ဘဏ္ဍာစိုးလို ဝတ်ထားတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်က အခန်းထဲဝင်လာပြီး လူငယ်ကို ဦးညွှတ်ဂါရဝပြုကာ မနက်စာအသင့်ဖြစ်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
ဖျောက်...
ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ခုအက်ကွဲသွားတဲ့အသံ ကြားလိုက်ရပြီး သူတို့အိမ်အပြင်ဘက်က အမှောင်ထုက တဖြည်းဖြည်းချင်းပါးလျပျောက်ကွယ်သွားတယ်။ အခုဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံးက လင်းထိန်နေပြီ ဖြစ်ပြီးတော့ မျက်စိကျိန်းလုမတတ်ပါပဲ။
သုံးယောက်သားရဲ့အသားအရေတွေ လူမမာတွေလို လူဖျော့သွားလေရဲ့။
“ဖုံးကွယ်ခြင်းအစီအရင်က လွယ်လွယ်လေးနဲ့ ပြိုကွဲသွားတာလား။”
“ဘုရားကျောင်းက ငါတို့ရှိနေတဲ့နေရာကို သိသွားပြီနဲ့တူတယ်။”
လူငယ်စုံတွဲရော ဘဏ္ဍာစိုးပါ အိမ်အပြင်ကိုပြေးထွက်ပြီး အခြေအနေကို ကြည့်လိုက်တယ်။ အဝေးတစ်နေရာမှာ လူတစ်စုရှိနေတာကို သူတို့မြင်ရတယ်။ ဒါပေမဲ့ သာမန် လူစုလူဝေးမဟုတ်ဘဲ လက်ထဲ ဓားလှံလက်နက်အပြည့်နဲ့ လူတွေပါ။ သူတို့ခန္ဓာကိုယ်တစ်ကိုယ်လုံးကို အဖြူရောင်ဝတ်ရုံကြီးတွေက ဖုံးလွှမ်းထားပြီး ခေါင်းမှာတော့ ပါးစပ်ပေါက်နဲ့မျက်လုံးတွေကိုသာ ဖော်ထားတဲ့ သုံးမြှောင့်ပုံအဝတ်ခေါင်းစွပ်ကြီးတွေကို စွပ်လို့။
“ဒါက ကွပ်မျက်ခြင်းတပ်ဖွဲ့ပဲ။ ဘုရားကျောင်းက ငါတို့ကို ညှာတာပေးဖို့ စဥ်းစားထားပုံမပေါ်ဘူး။”
သခင်ဖြစ်သူလူငယ်က ပြောလိုက်ရင်း သူ့ခြေကို ဆောင့်လိုက်တယ်။ အရိပ်ထဲကနေ အနက်ရောင် ဓားရှည်တစ်လက်ထွက်လာပြီး သူ့လက်ထဲ အသင့်ရောက်လာတယ်။ အမျိုးသမီးကတော့ စိတ်မကောင်းဟန်နဲ့ ပြောလိုက်တယ်။
“ဟန်နီ၊ ဒီတိုက်ပွဲမှာ ကျွန်မပါလို့ဖြစ်မယ်မထင်ဘူး။”
“ကိစ္စမရှိဘူး၊ မင်းလက်နက်က ချိပ်ပိတ်ခံထားရတာပဲ မဟုတ်လား။ ဒီသခင်လေးက မင်းကိုကာကွယ်ပေးမှာမလို့ ယုံထားလိုက်။”
ဒါပေမဲ့ ဘဏ္ဍာစိုးကြီးကတော့ ခေါင်းကိုခါယမ်းလိုက်ပြီး “ကွပ်မျက်သူတပ်ဖွဲ့ ရှိနေတယ်ဆိုတာ သူတို့ထဲက အကောင်ကြီးကြီး အမြီးရှည်ရှည်တစ်ယောက်လည်း ပါလာတယ်ဆိုတဲ့သဘော သက်ရောက်တယ်။ သခင်၊ ကျွန်တော်မျိုး အရင်စမ်းကြည့်ပါရစေ။”
ဘဏ္ဍာစိုးကြီးရဲ့အရိပ်က ရုတ်တရက်ရှည်ထွက်လာပြီး အရိပ်ထဲကနေ မြောက်မြားစွာသော အရိုးစုစစ်သည်တွေ ထွက်ပေါ်လာတယ်။ သခင်ဖြစ်သူလည်း သူ့အစေခံကို ချီးကျူးတဲ့အနေနဲ့ ပြောလိုက်လေရဲ့။
“အဖိုးရဲ့လူယုံတော်လို့မပြောရဘူး။ ဦးလေးဂရေးက တစ္ဆေတစ်ရာလမ်းလျှောက်ခြင်းဂါထာကို ကျွမ်းကျင်နေပြီပဲ။”
“ငါနဲ့ငါ့ညီ အလောင်းအစားလုပ်ပြီး လေ့ကျင့်ဖြစ်ခဲ့တဲ့ အကွက်ပေါ့ကွာ။”
အရိုးစုစစ်သည်တွေက ဝတ်ရုံဖြူတွေဆီ တိုးဝင်သွားတယ်။ ဝတ်ရုံဖြူတွေကလည်း သူတို့ဓားလှံတွေနဲ့ တွန်းဖယ်ကြတယ်ဆိုပေမဲ့ အရိုးစုစစ်တပ်က အရေအတွက်ရောအရည်အသွေးမှာပါ အသာစီးရနေလေရဲ့။ ဒါပေမဲ့ မကြာခင်မှာပဲ လူအုပ်ထဲကနေ ခေါင်းစွပ်နီကြီးဝတ်ထားတဲ့ လူတစ်ယောက်ထွက်လာတယ်။ သူ့လက်ထဲမှာတော့ အဝတ်စနဲ့ပတ်ထားတဲ့ ကျိုင်းတုတ်တစ်ခုရှိနေပြီး အဲဒီကျိုင်းတုတ်ကိုမြှောက်လိုက်တာနဲ့ အလင်းတန်းတွေ ဖြာထွက်လာပြီး အရိုးစုစစ်သည်တွေကို ဖုန်မှုန့်အဖြစ် ပြောင်းပေးလိုက်တယ်။
“သခင်နဲ့သခင်မတို့ ဒီပြိုင်ဘက်က လွယ်မယ့်ပုံမပေါ်ဘူး။ ကလေးတွေရဲ့လုံခြုံရေးကို ဦးစားပေးပြီး ဒီနေရာကနေ ထွက်ပြေးကြပါတော့။”
ဂရေးက ပြောလိုက်တော့ လူငယ်နှစ်ယောက်လုံး ခေါင်းညိတ်လိုက်တယ်။ သူတို့လည်း လက်ရှိအခြေအနေရဲ့အရေးကြီးပုံကို နားလည်သဘောပေါက်ကြတယ်။
“စိတ်ချပါ၊ အဲဒီလူယုတ်မာတွေ ငါတို့ကလေးတွေကို မရစေရဘူး။”
လူငယ်က ပြောလိုက်တော့ မိန်းကလေးက ခေါင်းခါတယ်။ “ဦးလေးဂရေးတစ်ယောက်တည်းကို ထားခဲ့လို့ဖြစ်ပါ့မလား။ ပြေးမယ့်ပြေး အတူတူပြေးတာပေါ့။”
ဒါပေမဲ့ လူငယ်ကတော့ အကျိုးသင့်အကြောင်းသင့် ရှင်းပြတယ်။ “ရန်သူက ငါတို့ကလေးတွေကို ပစ်မှတ်ထားနေတာ။ ငါတို့မရှိတော့ရင် ဦးလေးဂရေးလည်း ငါတို့ကိုကာကွယ်ပေးဖို့ မလိုတော့ဘဲ ကိုယ်လွတ်ရုန်းပြေးနိုင်လိမ့်မယ်။”
“ကောင်းပြီလေ။” အဲဒီနောက်တော့ လူငယ်နှစ်ယောက်က သူတို့အိမ်ကိုစွန့်ခွာပြီး ဆန့်ကျင်ဘက်အရပ်ဆီ ထွက်ပြေးသွားလေတော့တယ်။
ဂရေးကတော့ သူ့အနားကို ရောက်လာတဲ့ရန်သူတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“ဟုတ်လားမဟုတ်လားမသေချာတဲ့ ဟောကိန်းတစ်ခုနဲ့ အပြစ်မဲ့တဲ့ကလေးနှစ်ယောက်ရဲ့အသက်ကို လိုချင်တာလား။ မင်းတို့ဘုရားကျောင်းကလူတွေ ရူးနေကြပြီပဲ။”
ဂရေးက ပြောလိုက်တော့ ခေါင်းဆောင်ဖြစ်တဲ့ ကျိုင်းတုတ်နဲ့သူက ကျိုင်းတုတ်ကိုမြေပြင်နဲ့ ဆောင့်ချလိုက်ရင်း ခပ်ရှရှအသံနဲ့ပြောလိုက်တယ်။
“အပိုတွေလုပ်မနေဘဲ လမ်းကနေဖယ်ပေး။ မင်းတို့ အယ်ဒါဒီမှာရှိနေရင်တောင် ငါ့ကိုမနိုင်ဘူး။”
“ သွေးကြီးလိုက်တာ။ ဒါပေမဲ့ ဆီနိတ်တာတစ်ယောက်နဲ့ ငါဂရေးက တော်ဝင်မျိုးနွယ်တွေကို သစ္စာဖောက်ဖို့ အစီအစဥ်မရှိဘူးကွ။”
ဂရေးက မြေပြင်ကို ခြေဆောင့်ချလိုက်ပြန်ပါတယ်။ သူ့အရိပ်ထဲကနေ ဆယ့်ငါးပေလောက်မြင့်တဲ့ အရိုးစုကြီ တစ်ခုထွက်လာပြီး အနီးအနားမှာရှိနေတဲ့ အဖြူဝတ်တွေကို လက်နဲ့ရိုက်ချလိုက်တယ်။
“ဘယ်လိုလဲကွ၊ ဒါငါဂျပန်ကိုသွားတုန်းက လက်ဆောင်ရလာတဲ့ ပစ္စည်းကြီးလေ။ မင်းတို့တွေ အားလုံးကို ကစားစရာလိုလုပ်ပစ်လို့ရတယ်။”
တစ်ခဏအတွင်းမှာပဲ ဝတ်ရုံဖြူအများစုမှောက်သွားပြီး ဒဏ်ရာရပြီး မသေသေးတဲ့ဝတ်ရုံဖြူတွေက ကျိုင်းတုတ်နဲ့လူနောက်မှာ ဝင်အကာအကွယ်ယူပြီး ရပ်နေလိုက်တယ်။ သူတို့တွေ အလောတကြီးရှေ့မတက်ရဲတော့ဘူး။ ကျိုင်းတုတ်နဲ့ လူကတော့ သူ့တောင်ဝှေးကို လက်ထဲကန့်လန့်ကိုင်ထားရင်း
“မင်းက မင်းဝှက်ဖဲကို ပြပြီးပြီဆိုတော့ ငါက ငါ့ဝှက်ဖဲကို ပြရသေးတာပေါ့။”
ဘုန်း...
ရုတ်တရက်ဆိုသလို ကောင်းကင်ကြီးက အနီရောင် ပြောင်းသွားပြီး ဂရေးနောက်က အရိုးစုကြီး ပြာဖြစ်သွားတယ်။ သူ့ခန္ဓာကိုယ်က အသားအရေတွေလည်း နီမြန်းလာပြီး သူ့ရှေ့မှာရှိနေတဲ့ အဓိပ္ပါယ်ဖော်ပြရခက်တဲ့ အရာကြီးကိုကြည့်ကာ ကြောက်လန့်နေပါတယ်။
“အဲဒီကလေးနှစ်ယောက်ကို မင်းလိုချင်နေတာ မဆန်းတော့ပါဘူး။ ဒါပေမဲ့ မင်းက ဘယ်လိုလုပ်ပြီး အဲဒီလောက် မသန့်စင်ခြင်းတွေနဲ့ ပြည့်နေတဲ့အရာကို ရလာတာလဲ။”
“အေဒင်ဥယျာဥ်က ပြန်ဖွင့်တော့မယ်။ မြင့်မြတ်တဲ့ နတ်စေတမန်ရဲ့စွမ်းအားနဲ့သာ အဲဒီကိုဝင်ရောက်နိုင်မယ်။”
အဲဒီနောက်တော့ ခေါင်းစွပ်နီက ဆက်မပြောဘဲ ဂရေးကို ဖိအားပိုပေးလိုက်တယ်။ ဂရေးခန္ဓာကိုယ်က သွေးကြောတွေ ဖောင်းပွလာပြီး နောက်ဆုံးမှာတော့...
ဖောင်း...
ပူဖောင်းတစ်လုံးလို ပေါက်ကွဲထွက်သွားပြီး သွေးတွေက အရပ်ရှစ်မျက်နှာအနှံ ပြန့်ကျဲကုန်လေရဲ့။
“လိုက်ကြ...” ခေါင်းစွပ်နီနဲ့လူကြီးက လူငယ်တွေ ထွက်ပြေးသွားတဲ့ဘက်ကို လက်ညိုးညွန်လိုက်တာနဲ့ ဝတ်ရုံဖြူတွေက နေရာကနေ ပျောက်ကွယ်သွားတယ်။
...
ဝှစ်...
တစ်ယောက်ကိုတစ်ယောက် လက်ကိုင်ပြီးပြေးနေတဲ့ လူငယ်စုံတွဲရဲ့နောက်မှာ ဝတ်ရုံဖြူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး အမျိုးသမီးကို ဓားနဲ့ခုတ်ချလိုက်တယ်။ အမျိုးသမီးက ရှောင်လိုက်ပေမဲ့ လက်ထဲမှာ ကလေးရှိနေတာကြောင့် အားလွန်ပြီးလဲကျသွားတယ်။ လူငယ်က လျင်လျင်မြန်မြန်ပဲ သူ့လက်ထဲက ဓားမြှောင်ကို သုံးကာ ဝတ်ရုံဖြူကို အဆုံးသတ်ပေးလိုက်တယ်။ ဒါပေမဲ့ သူတို့တွေ ဒီနေရာကနေ မြန်မြန်မထွက်နိုင်ဘူးဆိုရင် နောက်ထပ်ရန်သူတွေ ရောက်လာတော့မှာ သိနေပြန်တယ်။
“ဟန်နီ... လမ်းခွဲပြီးသွားရအောင်...” မိန်းကလေးက ပြောလိုက်တယ်။ လူငယ်ကတော့ ခေါင်းကိုတစ်ခါခါနဲ့
“ဒီလိုဆိုရင် မတိုက်ခိုက်နိုင်တော့တဲ့ မင်းကို ဘယ်သူက ကာကွယ်ပေးမှာလဲ။”လို့ ပြန်မေးလိုက်တယ်။
“အဲဒီဘုန်းတော်ကြီးက အင်အားကြီးတယ်။ အယ်ဒါ မဟုတ်ရင်တောင် အယ်ဒါအဆင့်နီးနီးပဲ။ အခုနေ ကျွန်မတို့ကို လိုက်မီသွားရင် ကလေးနှစ်ယောက်လုံးကို ပေးလိုက်ရလိမ့်မယ်။”
“မင်းဆိုလိုတာက...”
“ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကျွန်မတို့နှစ်ယောက်တည်းက တစ်ယောက်လွတ်မှ ဖြစ်မယ်။”
လူငယ်ကတော့ ခေါင်းမာနေဆဲ။ “ကိုယ် မင်းကိုမထားရစ်နိုင်တာ သိရဲ့နဲ့။”
နောက်ထပ် ဝတ်ရုံဖြူတွေ လေထဲမှာပေါ်လာပြန်တယ်။ သူတို့တွေက မှော်အတတ်ပညာတစ်မျိုးကိုသုံးပြီး မြေလျှိုုးမိုးပျံနေသလိုပါပဲ။ ဒါပေမဲ့ လူငယ်ရဲ့ခြေထောက်အောက်မှာ အနက်ရောင်မြူတချို့ပေါ်လာပြီး သူတို့ထက် ပိုမြန်တဲ့နှုန်းနဲ့ သူတို့ကိုအဆုံးသတ်ပေးလိုက်တယ်။
“မြန်မြန်... အချိန်ရှိတုန်း ကျွန်မတို့တွေ လမ်းခွဲရအောင်။ ကျွန်မက မတိုက်ခိုက်နိုင်ပေမဲ့ သူတို့လက်ကနေ ဘယ်လို လွတ်အောင်လုပ်ရမလဲသိပါတယ်။ ဒါကြောင့် စိတ်ချပါ။”
လူငယ်က သက်ပြင်းချလိုက်တယ်။ သူတို့မှာ တခြားရွေးစရာ များများစားစားမရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ထာဝရမခွဲဘူးလို့ သစ္စာဆိုထားကြပေမဲ့ ရန်သူ့အကြံမအောင်ဖို့ကလည်း အရေးကြီးတယ်မဟုတ်လား။
လူငယ်က မိန်းကလေးရဲ့မေးကိုကိုင်ပြီး နှုတ်ခမ်းကို အနမ်းခြွေလိုက်တယ်။ “ငါတို့တွေက သေမတူရှင်မကွာဘဲ၊ ဒါပြီးရင် ပြန်တွေ့ကြတာပေါ့။”
“အင်း...”
အဲဒီနောက်တော့ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် နောက်ဆုံးအနေနဲ့ ကြည့်လိုက်ကြပြီး လူစုခွဲလိုက်တော့တယ်။