အနက်ရောင်မုဆိုးမ (A)
Vol. 1 Ch. 5
အနက်ရောင်မုဆိုးမ
ခရစ်စမတ်ကျောင်းပိတ်ရက်နားကပ်လာချိန်မှ အိမ်ကနေ စာဝင်လာတာဗျ။ စာကတော့ မိသားစုဆီက စာ။ ကျွန်တော့်အငယ်ဆုံးဦးလေး ရုတ်တရက်ကြီး ဆုံးသွားလို့တဲ့။
ကျွန်တော်က မြို့တော်မှာ ကျောင်းလာတက်နေတာ။ ကျောင်းပိတ်ရက်တွေပြီးတာနဲ့ အထက်တန်းစာမေးပွဲ ဖြေရတော့မှာဆိုပေမဲ့ ဦးငယ်လေးက ကျောင်းတက်ဖို့ ကုန်ကျစရိတ်တွေအားလုံးကို ထောက်ပံပေးထားတဲ့ သူဖြစ်နေတာရော ငယ်ငယ်လေးကတည်းက ကိုယ့်ကို အဖေရောအမေထက်ပါ ပိုပြီးထိန်းကျောင်းခဲ့ရသူ ဖြစ်နေတာကြောင့် နယ်မြို့လေးကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့မွေးရပ်မြို့လေးက နိုင်ငံရဲ့မြောက်ပိုင်းအကျဆုံးမှာရှိတဲ့ မြို့လေးပါ။ ဒီစာထဲမှာ ကျွန်တော်ထည့်ရေးမယ့် နောက်ဖြစ်လာမယ့် အရာတွေကြောင့် မြို့လေးနာမည်မပျက်စေချင်တာကြောင့် မြို့နာမည်ကို ထည့်မရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်လို့ နာမည်တစ်ခုခုနဲ့ညွန်းစေချင်တယ်ဆိုရင်တော့ နှင်းကျမြို့လို့သာမှတ်ထားလိုက်။ ကျုပ်တို့ တစ်နိုင်ငံလုံးမှာ နှင်းကျတဲ့ တစ်မြို့တည်းသောမြို့မလို့ပဲ။
မြို့လို့သာပြောတာရယ်၊ လူဦးရေက နည်းနည်းလေးဗျ။ လူဦးရေနှစ်ထောင်လောက်ပဲရှိတယ်။ အနီးအနားက ရွာတချို့ကတောင် လူများသေး။ အထက်တန်းကျောင်း ရှိနေတာရယ်၊ ကားလမ်းပေါက်တာရယ်ကြောင့်တာ မြို့ဖြစ်နေတာပြောရမလား။
မြို့တော်က နိုင်ငံတောင်ပိုင်းမှာဆိုတော့ မြောက်ဖျားစွန်းက မြို့ကိုသွားဖို့အတွက် လေယာဥ်လက်မှတ်ဝယ်လိုက်ရသေးတယ်။ အားလပ်ရက်ရာသီမလို့ လေယာဥ်လက်မှတ်ဝယ်ရခက်ပေမဲ့ ကံကောင်းပြီး တတိယတန်းမှာတစ်ခုံရသွား။ လေယာဥ်မယ်လှလှလေးတွေ မြင်ရမယ်ထင်ပေမဲ့ အသက်ငါးဆယ်လောက် လေယာဥ်မယ်ရင့်ရင့်ကြီးတစ်ယောက်ပဲ ပြည်တွင်းလေကြောင်းလိုင်းပေါ်မှာပါလာ။ ပြည်တွင်းခရီးစဥ်အားလုံး ဒီလိုထင်ပါရဲ့။ မဆိုင်တဲ့အကြောင်းတွေဆက်ပြောနေမယ်ဆိုရင် ဒီကောင်က ဦးလေးသေတာကို ပျော်နေသလားဆိုပြီး ခင်ဗျားတို့တွေ ဝိုင်းမေးခွန်းထုတ်ဦးမယ်ထင်ပါ့။
ကျွန်တော်က ပြောရရင် မျက်ရည်လွယ်တဲ့အထဲမပါဘူးဗျ။ တစ်ခါတစ်ခါ ခံစားချက်မရှိဘူးလို့ အပြောခံရတဲ့အထဲမှာပါတယ်။ ကျွန်တော်ခုနစ်နှစ်သားလောက်တုန်းက အဖွားဆုံးတော့ မငိုဘဲ သူငယ်ချင်းတွေနဲ့စကားပြောနေလို့ ကျွန်တော့်အမေတောင်မှ နင်တော်တော်ပျော်နေလားဆိုပြီး မေးခဲ့သေးတာ။ အခုဆယ်ကျော်သက်အရွယ်ရောက်လာတော့လည်း တခြားကျောင်းသားတွေလို ရည်းစားကိစ္စဘာညာရှိတာမဟုတ်။ အော်၊ ကောင်မလေး ချောလိုက်တာဆိုပြီး ငေးတာလောက်ပဲ။ အခုဦးလေး ဆုံးသွားတော့လည်း ဒီလိုပါပဲ။ အနားမှာရှိနေသင့်တဲ့ လူတစ်ယောက်ပျောက်သွားတယ်ပဲ မှတ်လိုက်တယ်။ ငယ်ငယ်က စာအုပ်တွေဖတ်တာများပြီး လူဆိုတာ သေမျိုးလို့ လက်ခံမိသွားကတည်းက အဲဒီလိုခံစားချက်မဲ့တဲ့ပုံစံမျိုး ဖြစ်သွားတယ်ထင်တာပဲ။
ဒါပေမဲ့ ဦးလေးဆုံးတဲ့ပုံက ဆန်းတော့ဆန်းသားလို့ ကျွန်တော်ထင်မိသား။ ဦးလေးက ခုမှ အသက်သုံးဆယ် အလယ်ပိုင်းဝင်ရုံပဲရှိသေးတာ။ ရောဂါဆိုတာလည်း ကြီးကြီးမားမားမရှိ အားကစားလိုက်စားသူပီပီ အနေအထိုင်အစားအသောက်လည်း ဂရုစိုက်သူပါ။ စိုးရိမ်တတ်လွန်းလို့ နှစ်နှစ်တစ်ခါတောင် ဆေးစစ်တတ်သေးတာရယ်။ အမေတို့ပြောတာလည်း အကောင်းကြီးကနေ တစ်ပတ်လောက် အားအင်ချိနဲ့နေတဲ့ပုံစံနဲ့ဆုံးသွားတာတဲ့။ မဆုံးခင် တစ်လလောက်ကတောင် ကျွန်တော့်ကို သူချစ်တဲ့ မိန်းကလေးနဲ့လက်ထပ်မယ့်အကြောင်း အဖေတို့ကိုအသိပေးတော့မယ်လို့ ပြောနေသေးတယ်။ ကျွန်တော့်အဖိုးနဲ့အဖွားနှစ်ယောက်လုံးက ဆုံးသွားပြီမလို့ ဦးလေးနဲ့ကျွန်တော့်အဖေကပဲ သူနဲ့အမျိုးအရင်းအချာရှိတော့တာပါ။ လူပျိုကြီးခုထိဖြစ်နေတာမလို့ ကျွန်တော့်ကိုလည်း သားအရင်းတစ်ယောက်လို ဆက်ဆံတယ်။ လူတွေပြောတဲ့ ဂေါ့ဖားသားဆိုတာမျိုးပေါ့။
ဒီတော့ အင်းပေါ့၊ နည်းနည်းတော့ စိတ်ထဲထိခိုက်မိတယ် ပြောရမလားပဲ။ ဒါပေမဲ့ အမြဲတွေးပြီးဝမ်းနည်းမိတာမျိုး မဟုတ်ပြန်ဘူး။
ပြည်နယ်လေဆိပ်ကနေထွက်တော့ လာကြိုမယ့်အမေတို့ ရောက်နေပြီ။ နှင်းကျမြို့ကိုရောက်ဖို့က ကားနှစ်နာရီ စီးရဦးမယ်။ ကားလမ်းပေါ်မှာ နှင်းတွေဖုံးမနေပေမဲ့ မြူ
တွေဆိုင်းနေတာမလို့ ကားမောင်းရတာ အန္တရာယ်များသား။
“သားဦးလေးစျာပနအမီရောက်လာတာကောင်းတယ်။ မနက်ဖြန်မနက်ကျရင် ချက်ကျောင်းမှာ မိသားစုဝင်တွေ စျာပနမိန့်ခွန်းပြောရမှာလေ။ သားဦးလေးက သားကိုအချစ်ဆုံးဆိုတော့ သားလည်းပါမှဖြစ်မှာပေါ့။”
အမေက ကျွန်တော့်ကို ဒီလိုပြောတယ်ဗျ။ ပြောဖို့မေ့တယ်ထင်တယ်။ ကျွန်တော်တို့တစ်မြို့လုံးက ရိုမန်ကက်သလစ်တွေ။ မြို့ထဲမှာ ချက်ကျောင်းရှိပေမဲ့ ထုံးစံအတိုင်း အသေးလေးပါပဲ။ တရားဟောဆရာအိုကြီးတစ်ယောက်နဲ့ သူ့တပည့်ပဲရှိတာ။
နယ်မြို့ကိုပြန်ရောက်ပြီး နောက်တစ်ရက်လောက်နေတော့ ပြောထားတဲ့အတိုင်းပဲ စျာပနပွဲကိုတက်ရပါတယ်။ တရားဟောဆရာကြီးက အရင်ဆုံးတရားဟောစင်ပေါ်တက် မိသားစုကိုနှစ်သိမ့်တဲ့ ဩဝါဒစကားတွေခြွေပေါ့။ ကျွန်တော်က မိသားစုကသာ ကက်သလစ်ဘာသာဝင်ဖြစ်နေပြီး ကိုယ်တိုင်က သိပ်ပြီး ဘာသာရေးလိုက်စားတဲ့သူမဟုတ်လေတော့ သေချာ နားမထောင်ဖြစ်လိုက်။ နောက်တော့ ကျွန်တော့်ရဲ့မိဘတွေက ဦးလေးက လူကောင်းတစ်ယောက်ဖြစ်ပြီး ကိုးကွယ်ယုံကြည်သူကောင်းတစ်ယောက်ဖြစ်တဲ့အကြောင်း ပြောပါတယ်။ နောက်တော့ ကျွန်တော့်အလှည့်ရောက်လာရော။ မနေ့ညက အမေတို့တွေက မှာတမ်းအတွက်ကြိုစဥ်းစားထားဖို့ ပြောခဲ့တယ်ဆိုပေမဲ့ စာမေးပွဲနီးနေပြီဆိုပြီး စာလုပ်ပြီး အချိန်ကုန်ခဲ့တာမလို့ ဘာမှမပြင်ဆင်လိုက်ရဘူး။
“ကျွန်တော့်ဦးလေးက လူကောင်းတစ်ယောက်ပါ။ ဒီထက်ပိုပြီးတော့ ကျွန်တော်ဘာပြောရမလဲမသိပါဘူး။ ဒါပေမဲ့ သူ့မှာစိုးရိမ်ပူပန်မှုမရှိဘဲ ခရစ်တော်မှာအိပ်ပျော်သွားတယ်လို့ ယုံကြည်ပါတယ်။” လို့ပဲ ဝတ်ကျေတမ်းကျေပြောပြီး စင်ပေါ်ကနေ ဆင်းဖို့ပြင်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်တော့်မျက်စိထောင့်ကနေ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ကို မြင်လိုက်ရတယ်။
‘လှရက်လိုက်တာ’ဆိုတဲ့ စကားတစ်ခွန်းကိုပဲတွေးမိပြီး ကျွန်တော်ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ သူက ချက်ကျောင်းရဲ့ညာဘက်အစွန်ဆုံးခုံမှာ ထိုင်နေတာ။ မိန်းကလေးက အနက်ရောင်ဂါဝန်ကို ဝတ်ထားတယ်ဗျ။ ဂါဝန်က လုံးဝပြောင်ကြီး။ ဇာပုဝါနဲ့မျက်နှာကို ဖုံးထားလို့ သေချာမမြင်ရပေမဲ့ မျက်နှာက သေးသေးသွယ်သွယ်၊ နှာတံပေါ်ပြီး နှုတ်ခမ်းလေးတွေက သဘာဝအတိုင်း နီရဲလို့။ အသားက နှင်းလိုဖွေးဥနေအောင်ဖြူပြီး ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ်၊ တစ်ချိန်တည်းမှာပဲ တင်ရင်အစရှိတဲ့ မိန်းမတို့မှာရှိအပ်တဲ့ အလှတရားက အတန်အသင့် ပြီးပြည့်စုံစွာတည်ရှိတယ်။
အဲဒီမိန်းကလေးက ငိုကြွေးနေပြီး တခြားသူတွေက အဲဒီမိန်းကလေးထိုင်နေတာကိုတောင် သတိပြုမိကြပုံမပေါ်ဘူးရယ်။
‘ဒီမိန်းကလေးကို ဒီမြို့မှာတစ်ခါမှ မမြင်ဖူးပါဘူး။ ငါ့အမျိုးထဲက မဟုတ်တာတော့သေချာတယ်။ ငါသိတဲ့ ဦးလေးမိတ်ဆွေတွေထဲကလည်းမဟုတ်ဘူး။ မြို့ကို အသစ်ပြောင်းလာတဲ့သူများလား။ ဒါပေမဲ့ အဲဒီလိုဆိုရင်လည်း ဦးလေးနဲ့ဘယ်လိုသိပြီး သူ့အတွက် လာငိုပေးနေရတာလဲ။’ ကျွန်တော်စဥ်းစားလို့ကိုမရ။ ပြီးတော့ ဗစ်တိုးရီးယားခေတ်က မုဆိုးမတွေဝတ်တဲ့ အနက်ရောင်မုဆိုးမဝတ်စုံကြီးနဲ့။
စာထဲပေထဲဖတ်ဖူးသလောက်တော့ အနက်ရောင်က ဝမ်းနည်းပူဆွေးခြင်းကို ကိုယ်စားပြုပြီး ဗစ်တိုးရီးယား ဘုရင်မကြီးက သူ့ခင်ပွန်းကြင်ယာတော်မင်းသားအဲဘတ် ဆုံးပြီးတဲ့နောက် အဲဒီလိုအနက်ရောင်ဇာဂါဝန်ကို နှစ်လေးဆယ်တိတိဆက်တိုက်ဝတ်ခဲ့ရာကနေ သာမန်လူတွေကြားမှာ ခေတ်စားလာတာတဲ့။ ပြီးတော့ ဒီဘွားတော်ကြောင့်ပဲ မင်္ဂလာဆောင်ဂါဝန်အဖြူတွေက နာမည်ကြီးလာတာလေ။ လူ့ဘဝရဲ့ပျော်စရာအကောင်းဆုံးခိုက်အတန့်မှာရော ဝမ်းနည်းစရာအခိုက်အတန့်မှာပါ ဒီဇိုင်းထရန့်တွေကို ဖန်တီးနိုင်ခဲ့တဲ့ဘုရင်မကြီးက ဩဇာကြီးမားပါပေတယ်။
မဆိုင်တာတွေပြောမိပြန်ပြီ...
အစောပိုင်းက ကိစ္စကိုဆက်ပြောရရင်တော့ အဲဒီမိန်းကလေးကို မြင်ပြီးပြီးချင်းမှာပဲ သူ့ပုံရိပ်ကို ကျွန်တော့်ခေါင်းထဲကနေ ထုတ်မရတော့ဘူး။ ဒါပေမဲ့ စင်ပေါ်က ဆင်းပြီးလို့ ပရိသတ်တွေနောက်ကို ရောက်တယ်ဆိုရင်ပဲ အမေက ကျွန်တော့်ဆီပြေးလာပြီး ပါးရိုက်ပါလေရော။
ဖြန်း...
“တော်တော်ကျေးဇူးမသိတတ်တဲ့ ပေါ့ပျက်ပျက်ကောင်။” အဖေကတော့ အမေ့လိုလာမရိုက်ပေမဲ့ လက်သီးကို တင်းတင်းဆုပ်ပြီး ဆူပါတယ်။
“မင်းဦးလေးက မင်းကိုချစ်လွန်းလို့ ကြိုရေးထားတဲ့ သေတမ်းစာထဲမှာ ပိုင်ဆိုင်သမျှအကုန်လုံးကို မင်းဆီ ပေးခဲ့တာကွ။ မင်းကတော့.... လူကြားထဲမှာ မင်းဦးလေးကို သောက်ရှက်ခွဲတယ်။”
ကျွန်တော် နားမလည်ပေမဲ့ ဝမ်းနည်းကြောင်းမိန့်ခွန်းက တိုရင် သေတဲ့သူကို စော်ကားသလိုဖြစ်တဲ့ပုံပဲ။ နေရာတိုင်းမှာ အတူတူပဲလား၊ ကျွန်တော့်မြို့မှာတင်ပဲလားတော့မသိ။
“....” ကျွန်တော်တစ်ခုခုပြောချင်ပေမဲ့ သူတို့နှစ်ယောက်လုံးက ကျွန်တော့်ကို စိတ်ပျက်ပျက်နဲ့ ကျောခိုင်းပြီး ထွက်ခွာသွားတယ်။
“သေတဲ့လူက သေသွားပြီပဲဥစ္စာ၊ ဘာတွေများ ဒီလောက်အထိ အကဲပိုနေပါလိမ့်။” ကျွန်တော် ကိုယ့်ဘာသာရေရွတ်လိုက်ပြီး ချက်ကျောင်းထဲကနေ ထွက်ဖို့ပြင်တယ်။ တခြားသူတွေလည်း သွားနေပြီပဲဥစ္စာ။ အိမ်ကိုတန်းပြန်ရင် ထပ်အဆူခံရမှာစိုးလို့ မြို့ထဲစိတ်ပြေလက်ပျောက် လျှောက်လည်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့...
“သေတဲ့သူက သေသွားပြီဆိုပေမဲ့ ရှင်ကျန်ရစ်တဲ့သူတွေ အတွက်ရော ထည့်မစဥ်းစားတော့ဘူးလား။ ရှင်ကိုယ်တိုင် ဘာမှမခံစားရပေမဲ့ တခြားသူတွေက အဲဒီလိုမဟုတ်ဘူးလေ။”
သာယာပေမဲ့ ဝမ်းနည်းကြေကွဲမှုအပြည့်နဲ့စကားသံကို ကျွန်တော့်ရှေ့ကနေ ကြားလိုက်ရတယ်။ မုဆိုးမဝတ်စုံနဲ့ မိန်းကလေးက ချက်ကျောင်းတံခါးနားမှာ မှီရပ်နေပြီး ကျွန်တော့်ကိုပြောလိုက်တာ။ သူ့ဆီကနေ ဒီစကားကို ကြားရမှ ဝမ်းနည်းသလိုလို၊ အမှားလုပ်မိသလိုလို ခံစားရတာ။ ဘယ်လိုပြောရမလဲ၊ အပြစ်ရှိသလို ခံစားချက်ကြီး။
“မင်းက...”
“ကျွန်မနာမည်က မိုနီကာပါ၊ ရှင့်ဦးလေးနဲ့ လက်ထပ်ဖို့အထိ ပြင်ဆင်ထားခဲ့တဲ့ သူ့ချစ်သူ။”
မိန်းကလေးက သူ့ဘယ်လက်ကို မြှောက်ပြလိုက်တယ်။ လက်ခလယ်မှာတော့ ငွေရောင်လက်စွပ်လေးတစ်ကွင်း။
“လက်မထပ်ရသေးဘဲနဲ့တော့ မုဆိုးမဝတ်စုံပုံတုံးတုံးကြီး ဝတ်စရာမလိုပါဘူး။ ပုံမှန် အနောက်တိုင်းဝတ်စုံအနက်နဲ့လာလဲရတဲ့ဥစ္စာ။ မိသားစုဝင်တွေတောင် ဒီလိုပဲဝတ်ထားတာလေ။”
ကျွန်တော့်ပါးစပ်ကနေ လွှတ်ခနဲထွက်သွားတယ်။ ဒီစကားကိုကြားတော့ မိန်းကလေးက မျက်နှာကွက်ခနဲပျက်သွားပြီး ကျွန်တော့်ကို မျက်ရည်သုတ်ထားတဲ့ လက်ကိုင်ပုဝါနဲ့ပစ်ပေါက်တယ်။
“ရှင်... တော်တော်ရမ်းကားတဲ့သူ။” နောက်တော့ မိန်းကလေးက ကျွန်တော့်ကိုကျောခိုင်းပြီး ထွက်ပြေးသွားတယ်။
အိမ်ပြန်ရောက်တော့ ကျွန်တော်အိပ်မပျော်ဘူးရယ်။ ညစာလည်း မစားဖြစ်ဘူး။ မိသားစုထမင်းစားဝိုင်းကိုသွားရင် အမေတို့နဲ့ထပ်တွေ့ပြီး ရန်ထဖြစ်မှာစိုးရိမ်လို့။ နောက်တစ်ခုက စိတ်မကောင်းဖြစ်မိလို့။ အခု ကျွန်တော် အခန်းထဲက စာကြည့်စားပွဲမှာထိုင်ပြီး မိုနီကာဆိုတဲ့ ကောင်မလေးရဲ့လက်ကိုင်ပုဝါကို ကိုင်ထားမိတယ်။ ဦးလေးနဲ့ယှဥ်ရင်တော့ သူက တော်တော်ငယ်သေးတဲ့ပုံ။ ကျွန်တော့်ထက် နည်းနည်းပဲကြီးမှာ။
လွန်ခဲ့တဲ့တစ်လလောက်ကမှ ဦးလေးက သူ့မှာရည်းစား ရှိနေပြီဆိုတဲ့အကြောင်းကို ဖွင့်ပြောခဲ့တာဆိုပေမဲ့ ကောင်မလေးပုံကိုကြည့်ရင် နှစ်ယောက်တော်တော်ချစ်ကြတဲ့ပုံ။ ဒါကိုတောင်မှ ကျွန်တော်က ကျွန်တော့်အထင်နဲ့ကျွန်တော် သူ့အချစ်တွေနဲ့ဝမ်းနည်းပူဆွေးမှုတွေကို စော်ကားမိလိုက်သေးတယ်။ သူကျွန်တော့်ကို ဘယ်လိုမြင်သွားမလဲ။ သေချာပေါက် မိစ္ဆာကောင်လို့ မြင်သွားမှာပဲ။ ကျွန်တော့်မှာ တောင်းပန်ဖို့ အခွင့်အရေးရော ရှိပါဦးမလား။
ကောင်မလေးနာမည်က မိုနီကာဆိုတာရယ်၊ ဦးလေးရဲ့ရည်းစားဖြစ်တယ်ဆိုတာရယ်ပဲ သိတာလေ။ သူဘယ်မှာနေတယ်၊ ဘယ်လိုလူမျိုးလဲဆိုတာ သိမှမသိတာ။ သဲလွန်စတစ်ခုခုရမလားဆိုပြီး ဦးလေးပို့ထားတဲ့စာတွေကို ဖုန်းထဲပြန်ဖတ်ကြည့်တော့ ဦးလေးက နာမည်တောင်ပြောပြမထား။
“ငါဘယ်လိုလုပ်မလဲ။” ကျွန်တော်လည်း ကိုယ့်အပူနဲ့ကိုယ် ပြတင်းပေါက်အပြင်က လမ်းမပေါ် ကြည့်မိလိုက်တယ်။ ညနေ ၆နာရီပဲရှိသေးပေမဲ့ နေလုံးမရှိတော့ဘဲ အတော်မှောင်နေပြီ။ နယ်မြို့လေးမလို့ လမ်းပေါ်မှာလူမရှိတော့ပေမဲ့ မမျှော်လင့်ထားတဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်။ အနက်ရောင်ဇာဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်က အိမ်ရှေ့လမ်းမကိုဖြတ်ပြီး တစ်နေရာရာဆီကို ဦးတည်သွားနေတာ။
“မိုနီကာမဟုတ်လား။” ကျွန်တော်လည်း ချက်ချင်း မျက်မှန်းတန်းမိလိုက်ပြီး အမေတို့မသိအောင် ပြတင်းပေါက်ကနေခုန်ဆင်း မိန်းကလေးနောက်ကနေ ခိုးလိုက်ခဲ့တယ်။ သူနဲ့သွားစကားပြောရင် ထပ်ပြီး ဝမ်းနည်းအောင် လုပ်မိဦးမလားမသိဘူးလေ။