အနက်ရောင်မုဆိုးမ (B)
Vol. 1 Ch. 6
နောက်ကနေ လိုက်သွားရင်းကနေ သတိထားမိတာက ချက်ကျောင်းဘက်ကို အဲဒီမိန်းကလေးက လျှောက်နေတာ။ ဆောင်းမာန်ဟုန်ကလည်း ပြင်းပြင်းဆိုတော့ လေအေးတွေတိုက်နေပြီး လမ်းမထက်မှာလည်း နှင်းတွေဖုံးလို့။ ကောင်မလေးကတော့ သူ့အပူနဲ့သူမလို့ အေးပုံမရပေမဲ့ ကျွန်တော့်မှာတော့ ခိုက်ခိုက်တုန်လို့။
ဘုရားကျောင်းကိုရောက်တော့ သူက တံခါးကိုသာသာလေးဖွင့်ဝင်သွားတယ်။ တံခါးက သော့ခတ်ထားပုံမပေါ်ဘူး။ အတွင်းမှာတော့ ဘယ်သူမှမရှိ။ ချက်ကျောင်းကဖာသာနဲ့တပည့်က စိတ်ချလက်ချနဲ့ ဘုရားကျောင်းကို သော့မခတ်ဘဲ ထားခဲ့တဲ့ပုံ။ မြို့ကလည်း နယ်မြို့ဆိုတော့ သူခိုးသူဝှက်လည်း ရှိမှမရှိတာ။
ကျွန်တော်လည်း သူ့နောက်ကနေ တိတ်တိတ်လေး လိုက်လာခဲ့တယ်။ နှစ်ယောက် အတော်လေးနီးနေပေမဲ့ သူက ကျွန်တော့်ကိုသတိမထားမိ။ သူက ချက်ကျောင်းရဲ့ရှေ့ဆုံးခုံတန်းမှာထိုင်ပြီး ဘုရားဝတ်ပြုတယ်။ သေချာတော့မကြားရပေမဲ့ ဦးလေးနာမည်ကိုတော့ မကြာမကြာကြားရသယောင်ရှိသား။ သူ့ခင်ဗျာ အတော်ချစ်ရှာသားလို့တွေးမိတော့ ပိုပြီးစိတ်မကောင်း ဖြစ်သွားတာနဲ့ သူဝတ်ပြုလို့ပြီးခါမှ ချဥ်းကပ်ပြီး စကားစဖြစ်ခဲ့တယ်။
“နေ့လယ်က စည်းမရှိကမ်းမရှိ ပြောမိတဲ့အတွက် တောင်းပန်ပါတယ်။”
သူက ရုတ်တရက်ကျွန်တော်နောက်ကပေါ်လာလို့ လန့်သွားဟန်နဲ့ ပြန်လှည့်ကြည့်ပါတယ်။ “ရှင်၊ ဘယ်အချိန်ကတည်းက ကျွန်မနောက်ကို လိုက်နေတာလဲ။”
“ခင်ဗျား ကျွန်တော့်အိမ်ရှေ့က ဖြတ်သွားကတည်းကပါ မိုနီကာ။”
“ရှင့်အပေါ်မှာ ကျွန်မဘာအမှားများလုပ်မိလို့ အခုလို ကျွန်မကိုဒုက္ခလိုက်ပေးနေရတာလဲ။”
“ မကျေနပ်လို့ သတ်မယ်ဆိုရင်လည်းသတ်ပါ။ ကျွန်တော့်မှာ ခင်ဗျားကိုဒုက္ခပေးစရာအကြောင်းမရှိသလို ပေးဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ နေ့လယ်က ကိစ္စကိုတောင်းပန်ရုံသက်သက်ပါ။”
ကျွန်တော်လည်း လူကြီးလူကောင်းပီပီ သူ့ကို ဦးညွှတ်ပြီး တောင်းပန်လိုက်တယ်။ ဒီတော့မှ သူလည်း သက်ပြင်းချလိုက်ပြီး ခုံကနေထတယ်။
“ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား၊ မိုနီကာ။ အပြင်မှာ လေက ပြင်းလာပြီမဟုတ်လား။”
ကျွန်တော်လည်း အပြင်က နှင်းများတဲ့တိုက်လေကို သတိထားမိလိုက်တာနဲ့ သတိပေးလိုက်ပါတယ်။ မိန်းကလေးကတော့ ခေါင်းခါပြရှာပါတယ်။
“ ဒီဘုရားကျောင်းထဲမှာ ရှင်နဲ့ကျွန်မနဲ့အပြင် တခြားဘယ်သူမှ ရှိတာမဟုတ်ဘူး။ တခြားသူတွေ မြင်ရင်ခက်ကုန်လိမ့်မယ်။”
“အပြင်မှာ သွေးခဲပြီးသေမယ့်ဘေးထက်တော့ သာပါသေးတယ်ဗျာ။”
ကျွန်တော်လည်း ပြောလိုက်ပြီး သူ့ဘေးက ခုံမှာဝင်ထိုင်မိတယ်။ ကိုယ့်ဘာသာကိုယ် ဘာလို့ ဒီလိုလုပ်လိုက်မိတာလဲ ပြန်မေးခွန်းထုတ်တော့ အဖြေကမရ။ မိန်းကလေးကို ဒီအတိုင်းကြည့်ပြီး သနားမိတာရော စိတ်ဝင်စားတာရောကြောင့်လို့ ဆိုရမလား။
“ကျွန်တော်က ဒီမြို့မှာမနေတာ တစ်နှစ်လောက်ရှိတော့မယ်ဆိုပေမဲ့ ခင်ဗျားကို ဒီမြို့မှာ အရင်ကမတွေ့ဖူးသလိုပဲ။ ပြောင်းလာတာ မကြာသေးတာလား။”
မိုနီကာက ခေါင်းကိုသာသာလေး ညိတ်ပြပါတယ်။ ပြီးမှ အသေးစိတ်ပြောပြတယ်။ “ရူးမိုက်တယ်လို့ ပြောရမလား၊ ကျွန်မက ရှင့်ဦးလေးနဲ့တွေ့ပြီးမှ ဒီမြို့မှာ ပြောင်းလာနေဖို့ ဆုံးဖြတ်လိုက်တာပါ။”
ပြီးတော့ သူတို့ဘယ်လိုစတွေ့တယ်ဆိုတဲ့ အကြောင်း။ “သူက ကျွန်မတောင်စောင်းတစ်နေရာမှာထိုင်နေတုန်း စပြီးဓာတ်ပုံခိုးရိုက်ခဲ့တာလေ။”
ကျွန်တော့်ဦးလေးက နိုင်ငံကျော်ဓာတ်ပုံဆရာ။ ဒီကိစ္စက ဖြစ်နိုင်တယ်။
နောက်တော့ သူတို့နှစ်ယောက်ရဲ့ချိုမြိန်စရာအကြောင်းတွေ။ “သူက တစ်ကောင်ကြွက်ကျွန်မအတွက် အမြဲတမ်းအစ်ကိုကြီးတစ်ယောက်လိုပါပဲ။”
မိန်းကလေးက ပြောရင်းနဲ့ငိုသံက ပါလာတယ်။ အပြင်မှာတော့ နှင်းတွေတအားကျနေပြီး အဝေးက အိမ်တွေရဲ့မီးရောင်ကိုတောင် မမြင်ရတော့ဘူး။ အဲဒီနောက်တော့ ရုတ်ချည်းဆိုသလိုပဲ ချက်ကျောင်းထဲက မီးတွေပိတ်သွားတော့တယ်။
“လေတအားကြမ်းလို့ တစ်နေရာရာမှာ ဓာတ်တိုင်လဲသွားပြီထင်တယ်။”
“ဒါပေမဲ့ အဲဒီလိုဆိုရင် ချက်ကျောင်းထဲက အနွေးပေးစနစ်ရော ရပ်သွားမှာမဟုတ်လား။”
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြတယ်။ ချက်ကျောင်းထဲက အနွေးဓာတ်က တဖြည်းဖြည်းပျောက်လာပြီ။ ဒါပေမဲ့ မသုံးတာကြာပြီဖြစ်တဲ့ မီးခိုးခေါင်းတိုင်နဲ့မီးဖိုကိုမြင်တော့ ကျွန်တော့်မျက်နှာ ဝင်းလဲ့သွားတယ်။
“လုံးဝကြီး မျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်ပါဘူး။”
မီးဖိုထဲမှာက ကြည့်ကောင်းရုံလောက်ပဲ ထည့်ထားတဲ့ ထင်းတချို့ရှိတာဆိုပေမဲ့ လောလောဆယ်တော့ သုံးလို့ရပါသေးတယ်။ မီးခြစ်ကို လှည့်ပတ်ရှာရပေမဲ့ ဖာသာကြီးက စေးကရက်သောက်တတ်သူမလို့ တရားဟောစင်တစ်နေရာမှာဝှက်ထားတာတွေ့တာနဲ့ မီးဖိုလို့ရသွားတယ်။
ကျွန်တော်တို့နှစ်ယောက်ကတော့ အနွေးဓာတ်ရအောင် မီးဖိုရှေ့မှာ နှစ်ယောက်တိုးကပ်ပြီးထိုင်ရတာပေါ့။
“ချမ်းနေသေးလား၊ ကျွန်တော့်ဆီက ဂျာကင်ကိုယူလိုက်။”
သူ့ရဲ့အားနည်းတဲ့ပုံစံကို မြင်ရတော့ ကျွန်တော်လည်း မနေနိုင်ဘဲ ဝတ်ထားတဲ့ဂျာကင်ကို ချွတ်ပေးလိုက်မိတယ်။ ပြီးတော့ အခုသူ့မျက်နှာကို အနီးကပ်မြင်နေရပြီ။ သဘာဝမဆန်ဘူးလို့ ထင်ရလောက်တဲ့အထိ ပြီးပြည့်စုံလွန်းတဲ့မျက်နှာပါ။ ပြည့်ဖူးနေတဲ့ နှုတ်ခမ်းတွေကို အသေးစိတ်မြင်ရပြီးနောက် ကျွန်တော့်ရဲ့ဆယ်ကျော်သက် နှလုံးသွေးတွေ ပေါက်ကွဲလုမတတ် တက်ကြွလာတယ်။ သူက ကျွန်တော့်ကို ကြည့်နေပြီး ပြုံးပြလိုက်တယ်။
“ရှင်က မထင်ရဘူးပဲ။”
သူပြောတဲ့ မထင်ရဘူးဆိုတာ ဘာလဲကျွန်တော်မသိပေမဲ့ သူ့ရဲ့ဆည်းလည်းသံလို အဲဒီစကားကို ကြားပြီးနောက် ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်တော့ဘူး။ လေထုထဲမှာ မွှေးပျံတဲ့ ရနံတစ်ခုရှိနေပြီး သဘာဝမကျပေမဲ့ အဲဒီမိန်းကလေးဆီကလို့ ခံစားမိတယ်။ ပန်းတစ်မျိုးမျိုးကနေထုတ်ထားတဲ့ ရေမွှေးလို့ ထင်ရပေမဲ့ ဘယ်ပန်းရနံမှန်းတွေးမရ။ ဒါပေမဲ့ ညို့ဓာတ်ပါတာတော့အမှန်။ သိပ်မကြာခင်မှာပဲ ကျွန်တော်အသိစိတ်ပျောက်သွားပြီး သူ့မျက်နှာနားကို တိုးကပ်။ သူ့နှုတ်ခမ်းကို နမ်းလိုက်မိတယ်။ သူကတော့ ပြုံးနေဆဲပဲ။ အဲဒီနောက်တော့....
ကျွန်တော့်မြင်ကွင်း အမှောင်အတိကျသွားပြီး ဘာဆက်ဖြစ်တယ်ဆိုတာ မမှတ်မိတော့ဘူး။
...
နောက်တစ်နေ့ ကျွန်တော့်အခန်းထဲမှာ ကျွန်တော်နိုးလာတယ်။ ဘယ်ကနေဘယ်လို အိမ်ပြန်ရောက်လာမှန်းမသိဘူး။ တစ်ခုထူးခြားတာကတော့ တကယ်လုံးနုံးချိနေပြီး ခြေတွေလက်တွေကိုက်ခဲနေတာပဲ။
ကုန်အောင်ပြောရရင် မနေ့က ဖြစ်ခဲ့တဲ့အဖြစ်အပျက်က တကယ်ဖြစ်ခဲ့တာလား ဆောင်းတွင်းအိပ်မက်လားဆိုတာတောင် မသဲကွဲ။ သူ့လက်ကိုင်ပုဝါကို အခန်းအနှံလိုက်ရှာခဲ့ပေမဲ့ မတွေ့ရပုံထောက်တော့ သူပဲယူသွားတာလားလို့ တွေးမိပြန်တယ်။ မနေ့က လမ်းလျှောက်ခရီးရှည်ကြီး ထွက်မိလာဆိုပြီး သဲလွန်စရှာဖို့ကြိုးစားတော့လည်း အရာမထင်။ လမ်းပေါ်က ကျွန်တော်တို့ခြေရာတွေ နှင်းဖုံးသွားလောက်ပြီပေါ့။
မနေ့တစ်နေ့ကမှသိတဲ့ မိန်းမလှလေးတစ်ယောက်ကို ရုတ်တရက်နမ်းလိုက်မိတယ်ဆိုတာက ရှက်ဖို့အလွန့်အလွန်ကောင်းတဲ့ကိစ္စ။ အထူးသဖြင့် မိန်းကလေးက ဆုံးသွားတာမကြာသေးတဲ့ ဦးလေးရဲ့ဇနီးလောင်းဖြစ်နေရင်ပေါ့။ ဖြစ်နိုင်သလောက် အဲဒီကိစ္စကိုမေ့ပစ်ချင်ပေမဲ့ ပင်ပန်းနေပုံထောက်တော့ မနေ့က တကယ်ကြီး ကျွန်တော်ချက်ကျောင်းကို လမ်းလျှောက်သွားခဲ့မိပုံပဲ။ အဲဒီမိန်းကလေးသာ စိတ်ဆိုးဆိုးနဲ့အိမ်ကိုလာတိုင်ရင် သောက်ပြဿနာတွေ တောက်လျှောက်တက်ပြီ။
...
“မိုနီကာ... အဲဒီနာမည်နဲ့မိန်းကလေး ဒီမြို့ထဲမှာရှိတယ်လို့ မကြားဖူးပါဘူး။”
မနက်စာအတွက် မိသားစုဝင်တွေ စားပွဲဝိုင်းမှာဆုံတော့ သတင်းလေးဘာလေးရမလားဆိုပြီး အမေတို့ကိုမေးဖြစ်တယ်။ မနေ့က ဦးလေးစျာပနမှာ ပေါက်ကရလျှောက်ပြောမိလို့ ရန်ဖြစ်ထားတယ်ဆိုပေမဲ့ သားအရင်းခေါက်ခေါက်ကြီးမလို့ ပြဿနာက အဲဒီထက်တော့ ပိုဆိုးမသွား။ ဒါပေမဲ့ အမေကတော့ မကျေမနပ်ဖြစ်နေဆဲ။
“ ဦးလေးရဲ့ဇနီးလောင်းလို့ပြောတာပဲ။ မနေ့က စျာပနပွဲမှာ ရှေ့ဆုံးကထိုင်နေတာလေ။ ပုံတုံးတုံး မုဆိုးမဝတ်စုံကြီးနဲ့။ သူမိန့်ခွန်းထွက်မပြောလို့တောင် အံ့ဩမိတာ။”
“ဇနီးလောင်း... ဟဲ့အကောင်၊ မနေ့က ပြတင်းပေါက်ဖွင့်အိပ်ပြီး ဦးနောက်ပျက်သွားတာတော့ မဟုတ်ပါဘူးနော်။ နင့်ဦးလေးက အပူအပင်မရှာတဲ့ လူပျိုကြီးဟဲ့။ ရည်းစားရှိတယ်ဆိုရင် သူပြောပြောမပြောပြော အမေတို့အရင်ဆုံးသိမှာပေါ့။ ပြီးတော့ စျာပနပွဲမှာ အဲဒီလိုမိန်းကလေးမျိုးမတွေ့မိပေါင်။”
“.....” ဒီလိုနဲ့ ထပ်မေးရင် ရန်စဖြစ်မှာစိုးတာနဲ့ ရပ်လိုက်ရရော။ စကားနည်းရန်ဆဲမဟုတ်လား။
....
အမေနဲ့စကားပြောပြီးတော့မှ အဲဒီမိန်းကလေးက ပိုထူးဆန်းလာတယ်လို့ ခံစားမိလာတာအမှန်။ သူတကယ်ပဲ တည်ရှိတာလား၊ စိတ်ထင်နေတာလား ကျွန်တော့်ဘာသာဝေခွဲမရ။ ဦးလေးပဲ သူရည်းစားထားနေတဲ့အကြောင်း မပြောရသေးခင် ဆုံးသွားလို့ အမေတို့မသိတာလည်းဖြစ်နိုင်သလို ခရစ်စမတ်ပြီးရင်ဖြေရမယ့်စာမေးပွဲဖိအားကြောင့် မရှိတဲ့ ကောင်မလေးတစ်ယောက်ကို မြင်ယောင်မိနေတာလည်း ဖြစ်နိုင်တာပဲ။
ဒါပေမဲ့ ကျွန်တော်ရေချိုးဖို့အတွက် ရေချိုးခန်းထဲအဝင် အဝတ်တွေအားလုံးချွတ်ပြီးသွားတော့ ထူးဆန်းတာတစ်ခုကို ရှာတွေ့တော့တာပဲ။ ကျွန်တော့် ရင်ညွန့်နားမှာ ခပ်ဖျော့ဖျော့နှုတ်ခမ်းရာတစ်ခုရှိနေတယ်။ ပြီးတော့ အဲဒီနှုတ်ခမ်းရာက ရင်းနှီးနေတဲ့ မိုနီကာရဲ့နှုတ်ခမ်းအတိုင်းပဲ။
“ဒီတော့ မနေ့က ငါတို့တကယ်တွေ့ဖြစ်ခဲ့တာလား။ ငါသူ့ကို နမ်းမိပြီးနောက်ပိုင်း ဘာဆက်ဖြစ်ခဲ့တာလဲ။”
ဘယ်လိုစဥ်းစားစဥ်းစား အဲဒီတုန်းက မှတ်ဉာဏ်တွေ ပြန်ထွက်မလာတော့ပေမဲ့ မိုနီကာက စိတ်ကူးယဥ်အရာတစ်ခုမဟုတ်ဘူးဆိုတဲ့ သက်သေရလိုက်လို့ ရင်ထဲက အလုံးကြီးကျသွားသလိုပဲ။
“တော်သေးတာပေါ့၊ မိုနီကာရယ်။” အဲဒီနေ့ရဲ့ကျန်အချိန်တွေ တစ်လျှောက်လုံး သူ့မျက်နှာကိုပဲ မြင်ယောင်နေတော့တာ။ ညနေစောင်းလို့ ပြတင်းပေါက်အပြင်ကို ကြည့်မိတော့ အရင်နေ့ကလိုပဲ အနက်ရောင်ဇာဝတ်စုံကြီးနဲ့မိုနီကာက ကျွန်တော့်အိမ်နားက ဖြတ်လျှောက်သွားတာ တွေ့ရပြီး ကျွန်တော်လည်းနောက်ကနေ လိုက်ဖြစ်တယ်။
...
တစ်ရက်... နှစ်ရက်... သုံးရက်မြောက်သွားပြီ
ညနေတိုင်းလိုလို ကျွန်တော်မိုနီကာနောက်ကိုလိုက်ပြီး ချက်ကျောင်းထဲမှာ ထိုင်ဖြစ်တယ်။ အတူစကားတွေ ပြောဖြစ်တယ်။ အကြောင်းအရာအများစုက ဦးလေးအကြောင်းဆိုပေမဲ့ ကျွန်တော့်ရဲ့ကျောင်းမှာ အဆင်မပြေတဲ့အကြောင်းတွေလဲ ပြောဖြစ်တယ်။ မိုနီကာက နားထောင်သူကောင်းတစ်ယောက်ဗျ။ ဘာမှပြန်မပြောပေမဲ့ စိတ်ဝင်တစားနဲ့အာရုံစူးစိုက်ပြီး နားထောင်တတ်တယ်။ သူ့အကြောင်းကို ပိုသိချင်ပေမဲ့ သူက လိုအပ်တာထက် ပိုမပြောတတ်ဘူး။
ညတိုင်းပြန်ခါနီးရင် ကျွန်တော်သူ့ကို နမ်းဖြစ်တယ်။ ထူးဆန်းစွာနဲ့ မိုနီကာကလည်း မငြင်းဘဲ ပြုံးပြီးပြန်ကြည့်နေတတ်တယ်။ နမ်းပြီးနောက်ပိုင်းကနေစပြီး ကိစ္စတွေကို ကျွန်တော်မမှတ်မိဘူး။ နိုးလာတိုင်း ပိုပင်ပန်းလာတယ် ခံစားမိတယ်ဆိုပေမဲ့ ညဘက် မအိပ်ဘဲလျှောက်သွားနေလို့ဖြစ်တာလို့ပဲ ရိုးရိုးလေး မေ့ထားလိုက်တယ်။
...
စတုတ္ထနေ့ကိုရောက်တော့ ကျွန်တော်လည်း ပျင်းပျင်းရှိိတာနဲ့ မနက်ပိုင်းလမ်းမပေါ်ထွက်ပြီး လမ်းလျှောက်ဖြစ်တယ်။ မြို့က သေးသေးလေးဆိုတော့ နာရီဝက်လောက်လျှောက်သွားရုံနဲ့တင် မြို့အပြင်ဘက်က အထက်တန်းကျောင်းနားကို ရောက်လာရော။ အဲဒီမှာ ကျွန်တော်သံသယဝင်စရာကောင်းတဲ့ လူစိမ်းတစ်ယောက်ကို စတွေ့တာပဲ။
အဲဒီလူက တောင်စောင်းနားက ဧရာမကျောက်တုံးကြီးပေါ်မှာ ထိုင်ပြီးတောင်အောက်ကို စိုက်ကြည့်နေတာ။ ဝတ်ထားတဲ့ပုံစံကလည်း တကယ့်ထူးထူးဆန်းဆန်း။ အနက်ရောင်ဂျာကင်ရှည်ကြီးကို ခြုံထားပြီးတော့ သူ့အရိပ်တွေက လိုအပ်တာထက် ပိုမည်းနက်နေပြီး သုံးခွဖြစ်နေတယ်။ မျက်နှာက လူသေလို ဖြူဖပ်ဖြူရော်။ ဆံပင်က အနက်ရောင်ဆိုပေမဲ့ ခပ်ကောက်ကောက်နဲ့ ဆံလုံးသေးသေးဖြစ်ပြီး အာရှသားလို့ကိုမထင်ရဘူး။ မျက်လုံးကပြာပြာ ခန္ဓာကိုယ်က ပိန်ပိန်ရှည်ရှည်။
“ဘီဖရိုဆာ..... မင်းဘယ်မှာပုန်းနေတာလဲ ဘီဖရိုဆာ....” သူက တီးတိုးရေရွတ်နေတယ်။ သူ့စကားသံက နှုတ်က ထွက်လာတယ်လို့မထင်ရဘဲ ဘေးပတ်ဝန်းကျင် ရှစ်မျက်နှာလုံးမှာ ပဲ့တင်သံထပ်နေသလိုလို။
“.....” ကျွန်တော် သူ့နားရောက်သွားတော့ သူက ကျွန်တော့်ကို လှည့်ကြည့်တယ်။ သူ့မျက်လုံးအေးစက်စက်တွေနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ ကျောရိုးတစ်ခုလုံးစိမ့်တက်သွားသလိုပဲ။ တစ်ကမ္ဘာလုံးမှာ ကြောက်စရာအကောင်းဆုံး သတ္တဝါတစ်ကောင်နဲ့ ရင်ဆိုင်နေရသလိုမျိုး။
“ငါအနံရတယ်....” သူက ပြောလိုက်ပြီး ကျွန်တော့်ဂျာကင်နဲ့အင်္ကျီကို ဆွဲချွတ်တယ်။
“ဟေ့လူ၊ ခင်ဗျားဘာလုပ်တာလဲ...” ကျွန်တော်လည်း လန့်သွားပြီး အော်တော့တာပေါ့။ သူကတော့ ဆက်ပြီး အင်္ကျီကိုဆွဲလှန်နေတုန်း။ ရုန်းထွက်ဖို့လုပ်ပေမဲ့ အတော်သန်တဲ့လူ။
“ထင်ထားတဲ့အတိုင်းပဲ...” သူက ကျွန်တော့်ရင်ဘတ်က နှုတ်ခမ်းရာကိုတွေ့တော့ မျက်နှာပျက်သွားပြီး ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီနောက်တော့ ကျွန်တော့်ကို ကျောခိုင်းပြီးထွက်ခွာသွားတယ်။ သူက မသွားခင် ဒီလို ပြောခဲ့သေးတယ်။
“မသေချင်ရင် အဲဒီမိန်းမနဲ့ကင်းကင်းနေ....”