← Chapters

ဖုတ်ကောင်ဘုရင်မ (C)

Vol. 1 Ch. 10

ဖုတ်ကောင်ဘုရင်မ (C)

Vol. 1 Ch. 10

ကျွန်မရှေ့မှာတင် လော့ဟန်ဂျူနီယာက မီးခိုးခေါင်းတိုင် မီးဖိုထဲက ထင်းမီးဆွတဲ့သံချွန်ကို ဆွဲယူလိုက်ပြီး ရှေ့ကို တက်လာပါတယ်။ ဟိုမိန်းမပီချူနီးယားကလည်း ပန်းအိုးအကွဲစတွေထဲက ခပ်ကြီးကြီးတစ်ခုကို ကောက်ယူဆုပ်ကိုင်လိုက်တယ်။

“ရှင်တို့တွေ၊ ဘာလုပ်ကြမလို့လဲ။”

“ ဗင်းဆင့်အိမ်တော်က မြို့ပြင်မှာရှိတာ။ မင်းအနေနဲ့ အကျယ်ကြီးအော်မယ်ဆိုရင်တောင် ဘယ်သူမှကြားမှာ မဟုတ်ဘူး။ ငါတို့အစီအစဥ်က သွေးထွက်သံယိုမဖြစ်ဖို့ ဆိုပေမဲ့ နည်းနည်းလေးကြမ်းသွားလည်းရပါတယ်။”

လောဟန်ဂျူနီယာက ခပ်သဲ့သဲ့ရယ်မောလိုက်ရင်း ပြောတယ်။ ပီချူနီးယာယကတော့ စိုးရိမ်စိတ်နဲ့ ပြောတယ်။ ဒါပေမဲ့ သူစိုးရိမ်နေတာက လူသတ်ဖို့ မဟုတ်။

“လောဟန်ရေ၊ နင်ပြောတဲ့အတိုင်း ငါ့ကိုငွေအများစု ပေးမှာမဟုတ်လား။”

“ဒါပေါ့၊ ကျုပ်က ဒီအိမ်ကိုလိုချင်ရုံပဲ။ ဒီအိမ်မှာရှိတဲ့ မှော်ဝင်ပစ္စည်းတွေကိုရရင် ကျုပ်လည်း မှော်ဆရာ ဖြစ်လာတော့မှာ။ ဟိုသောက်သုံးမကျတဲ့အဖိုးကြီးသာ ကျုပ်ကိုမှော်ပညာအစကတည်းက သင်ပေးခဲ့ရင် ခုလို မွဲတေနေမှာမဟုတ်ဘူး။”

လောဟန်က ကျွန်မဆီကို တည့်တည့်ပြေးလာနေပြီ။ ကျွန်မလည်း ခြေမကိုင်မိလက်မကိုင်မိနဲ့ ဇွတ်အော်မိတော့တာ။

“ကယ်ကြပါ... ကယ်ကြပါ။”

ဖောက်...

ရုတ်တရက် ကျွန်မကိုယ်ထဲကို တစ်ခုခုတိုးဝင်လာသလို ခံစားမိလိုက်လို့ ငုံကြည့်တော့ ကျွန်မဝမ်းဗိုက်မှာ သံချွန် တန်းတန်းစိုက်ဝင်နေပြီ။ သွေးတွေက အိမ်စေဝတ်စုံကို စွန်းထင်းသွားပြီး ရဲရဲနီလို့။ တစ်ကိုယ်လုံးက ခွန်အားတွေ ဆုတ်ယုတ်သွားသလိုခံစားလိုက်ရပြီး အမြင်တွေပြာလာပြီ။ ကျွန်မအသိစိတ်ထဲမှာ လွှမ်းမိုးနေတဲ့ တစ်ခုတည်းသောခံစားချက်က အတိုင်းအဆမဲ့ နာကျင်မှုပါပဲ။

“မော်လီ၊ ဘာဖြစ်နေတာလဲ။” ကျွန်မသတိဝင်လာတော့ သခင်လေးက အပေါ်ထပ်ကနေ ပြေးဆင်းလာနေပြီ။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ်ထိန်းထားရင်းကနေ သခင်လေးရှေ့နဲ့ ဟိုအကြံသမားနှစ်ယောက်ရှေ့မှာ ပိတ်ရပ်လိုက်တယ်။

“သခင်လေး၊ ဒီနေရာကနေ လွတ်အောင်ပြေးပါတော့။”

“အဆင်သင့်လိုက်တာ၊ ကောင်စုတ်လေးက အောက်ထပ်ကို ကိုယ်တိုင်ဆင်းလာပြီဆိုတော့ လိုက်ရှာစရာ မလိုတော့ဘူးပဲ။”

ပီချူနီးယားက ပန်းအိုးအကွဲစကိုကိုင်ပြီး ပြေးလာတယ်။ ပန်းအိုးကွဲက သူ့လက်အရေပြားကို ဖြတ်မိပြီးသွေးတွေးစီးကျနေပေမဲ့ လောဘစိတ်က ဖုံးလွှမ်းနေတာကြောင့် နာကျင်ပုံမပေါ်ဘူး။

“ပြေးတော့... သခင်လေး...” ကျွန်မလည်း ရှိတဲ့အားကုန် ထုတ်သုံးပြီးတော့ ပီချူနီးယားလက်ကို ဖမ်းဆွဲလိုက်တယ်။ ပန်းအိုးအကွဲက သူ့လက်ကနေ လွတ်လာပြီး ကျွန်မပေါင်ကိုလက်စိုက်ပေမဲ့ ဂရုမစိုက်နိုင်တော့ဘူး။ ကျွန်မတစ်စထက်တစ်စ ပိုအားနည်းလာနေပြီ။ ဒီလောက်များတဲ့ဒဏ်ရာတွေနဲ့ ဒီလူနှစ်ယောက်ကို ကျွန်မမတားနိုင်တော့ဘူး။

“သခင်လေး... ပြေးတော့လေ။” ကျွန်မ သခင်လေးကို လှည့်ကြည့်လိုက်တော့ သခင်လေးက ဒီအတိုင်းပဲရပ်နေပြီး သူ့ဦးလေးနဲ့အဒေါ်ကို ဒေါသစိတ်နဲ့ကြည့်နေတယ်။

“မဟုတ်ဘူး... ရပ်ကြည့်မနေနဲ့...” ကျွန်မ သခင်လေးကို သတိပေးလိုက်ပေမဲ့ အသံကတိုးဝင်သွားပြီး မျက်ခွံတွေ လေးလာပြီ။ လူလည်းဒူးထောက်ကျသွားပေမဲ့ ပီချူနီးယားကို ကျွန်မတင်းတင်းဖမ်းဆွဲထားဖြစ်တယ်။ ကြာတော့ လောဟန်လည်းစိတ်မရှည်တော့ဘဲ ကျွန်မခေါင်းက ဆံပင်ကိုဆောင့်ဆွဲပြီး ပီချူနီးယားဆီက ဖယ်ထုတ်လို့ ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။

“အချိန်ကုန်တယ်... ကောင်လေးကိုဖမ်းရအောင်။”

ဒီတော့မှ ပီချူနီးယားလည်းအသိဝင်လာပြီး သခင်လေးကို ဖမ်းဆွဲလိုက်တယ်။ သခင်လေးကိုယ်တိုင်ကလည်း ထွက်မပြေးဘဲ ကျွန်မကိုပဲ စိုက်ကြည့်နေပါတယ်။

“ဒီကောင်လေး ဘာဖြစ်တာလဲ။ သူ့ရှေ့မှာ လူသေတာ မြင်ပြီးတော့ ကြောင်သွားပြီလား။”

လောဟန်က တအံ့တဩနဲ့ပြောလိုက်တယ်။ ပီချူနီးယားကတော့ ခပ်ခြောက်ခြောက်ရယ်လိုက်ပြီး

“ဒီလိုဆိုတော့လည်းကောင်းတာပေါ့။ သူရူးသွားရင် ငါတို့သူ့ကို သတ်စရာမလိုတော့ဘူးလေ။ အိမ်တော်ထိန်း မရှိတော့ရင် ငါတို့က သူ့ရဲ့အမွေထိန်းတွေဖြစ်လာမှာ။”

“အဲဒီအကြံမကောင်းဘူး၊ လျှို့ဝှက်ချက်ကိုပြောပြမယ့် ပါးစပ်ပေါက်တစ်ပေါက်ကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး။”

လောဟန်က သူ့ခါးက ခါးပိတ်ကိုဆွဲဖြုတ်လိုက်ပြီး ပီချူနီးယားကတော့ သခင်လေးထွက်မပြေးနိုင်အောင် ဖမ်းချုပ်ထားတယ်။ သူတို့က သခင်လေးကို ခါးပတ်နဲ့ လည်ပင်းညှစ်ဖို့ကြံနေတာ။ ကျွန်မဒီကိစ္စကို ခွင့်ပြုလို့ မဖြစ်ဘူး။

ကြမ်းပြင်ပေါ်မှာ လဲနေရင်းကနေ ကျွန်မ လောဟန်ရဲ့ ခြေထောက်ကို ဖမ်းဆွဲလိုက်တယ်။ ဒါပေမဲ့ အားမရှိတော့ဘူး။ အတွေးတွေတောင် မပြတ်မသား ဖြစ်လာနေပြီ။

“ဒီကောင်မ ဘာဖြစ်နေတာလဲ။ ကဲ...”

လောဟန်က စိတ်တိုတိုနဲ့ကျွန်မကို ဆောင့်ကန်လိုက်တယ်။ ကျွန်မကိုယ်က နံရံနဲ့တိုက်မိတဲ့အထိ တရွတ်တိုက်ရွေ့သွားပြီး ပါးစပ်ထဲကနေ သွေးမည်းတချို့အန်ထုတ်လိုက်ပြီးနောက်မှာ ကျွန်မ ဘာကိုမှမကြားနိုင်တော့ဘူး။ အသိစိတ်က မရှိသလောက်နီးပါး ပျောက်သွားပြီ။ တစ်ကိုယ်လုံး ပူလောင်နေတယ်လို့ခံစားရပြီး အသက်ရှုရကျပ်လာတယ်။ နောက်တော့... နောက်တော့... တစ်ခဏလောက် ကျွန်မအိပ်မောကျသွားသလိုပဲ။

“မော်လီ....” တစ်ယောက်ယောက်က ကျွန်မနာမည်ကို ခေါ်နေတာလား....

“မသေနဲ့....” သခင်လေးလား.... ဒီအသံကို ကျွန်မမှတ်မိတယ်။ သခင်လေးက ကျွန်မကို မသေစေချင်ဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေနဲ့ ကျွန်မ ဘာလုပ်နိုင်တော့မှာလဲ။ သခင်လေးဆီကနေ အမိန့်ဆန်တဲ့ စကားတစ်ခုကို မကြားရသေးခင်အထိ ကျွန်မဒီလိုပဲ တွေးခဲ့မိတာ။

“ငါ့ကို အကြွင်းမဲ့ယုံကြည်တဲ့ဝိညာဥ်၊ ငါ့ရဲ့အမိန့်ကိုနာခံပြီး လောကကိုပြန်လာခဲ့ပါ။ ငါ့ရဲ့အမှုကိုထမ်းရွက်ပါ။”

ဒီစကားသံတွေက ကျွန်မခေါင်းထဲကို တိုက်ရိုက်တိုးဝင်လာတယ်။ နောက်တော့ ကျွန်မကိုယ်ထဲမှာ စွမ်းအားတွေနဲ့ပြည့်လာတယ်လို့ ခံစားလိုက်ရပြီး ချက်ချင်းထရပ်လိုက်တယ်။

“လောဟန်... ဒီကောင်လေးဘာထဖောက်တာလဲ။ သူ့တစ်ကိုယ်လုံး မီးခဲလိုပူခြစ်နေတာပဲ။” ပီချူနီးယားဆီက အသံထွက်လာတယ်။ တကယ်လည်း သခင်လေးရဲ့အသားအရေက နီရဲနေပြီး အခိုးအငွေ့တွေ ထွက်လာနေတယ်။ သူ့မျက်လုံးတွေက ခရမ်းရောင်အဖြစ်ပြောင်းပြီး လင်းလဲ့တောက်ပနေတယ်။

ဖျောက်... ဖျောက်....

ကျွန်မပြန်ထလာပြီးနောက် အကြောဆန့်လိုက်တယ်။ ကျွန်မကိုယ်က လိုအပ်တာထက် ပိုပြီးသန်မာနေသလိုပဲ။ ဒါပေမဲ့ ပြတင်းပေါက်ကနေ ထိုးကျနေတဲ့ နေရောင်က ပုံမှန်ထက် ပိုစူးရှနေသလိုပဲ။

“သခင်လေးကို လွှတ်လိုက်....” ကျွန်မပြောပြောဆိုဆိုနဲ့ လောဟန်ကို ခန္ဓာကိုယ်နဲ့ပြေးတိုက်လိုက်တယ်။

ဘုန်း...

လောဟန်ရဲ့ကိုယ်က လေပေါ်ကိုဆယ်ပေလောက် မြောက်တက်သွားပြီး မျက်နှာကျက်နဲ့ဝင်တိုက်မိတယ်။ နောက်တော့ သူပြန်ပြုတ်ကျလာပြီး သူ့ပခုံးက အနေအထား လွဲနေပြီ။

‘ငါအရင်က ဒီလောက်အထိ ခွန်အားရှိလို့လား။’ ကျွန်မကိုယ်ကျွန်မ သေချာမသိဘူး။ ဒါပေမဲ့ ပီချူနီးယားကတော့ ကျွန်မကိုကြည့်ပြီး လန့်လွန်းလို့ သခင်လေးကို လွှတ်လိုက်တယ်။

“သရဲ... သရဲမ.... မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး နင်မသေသေးတာလဲ။ မဖြစ်နိုင်တာ... နင်က သေပြီး လမ်းပြန်လျှောက်နေတာပဲဖြစ်ရမယ်။”

ကျွန်မရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်။ စင်္ကြန်လမ်း နံရံမှာတပ်ထားတဲ့ ကိုယ်လုံးပေါ်မှန်ကြီးထဲမှာ ကျွန်မကိုယ်ကျွန်မ ပြန်မြင်နေရတယ်။ ကျွန်မအသားအရေက လူသေတစ်ယောက်လို ဖြူဖပ်နေပြီး ဆံပင်တွေက သံချေးတက်သလို နီထွေးထွေးအရောင်ဖြစ်နေတယ်။ လက်သည်းတွေလည်း ချွန်တက်အောင်ရှည်နေပြီး ပါးစပ်ထဲမှာ အစွယ်တွေငေါထွက်နေတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်စူးစမ်းမိတော့ ကျွန်မဟာ အသက်ရှုမနေသလို နှလုံးခုန်နေတာကိုလည်း မခံစားမိတော့ဘူး။ ဒါပေမဲ့ ကျွန်မပြုံးလိုက်မိတယ်။

‘သခင်လေးက ငါ့ကိုမသေအောင် တားလိုက်တာပဲ။’ ဒီတစ်ချက်နဲ့တင် ကျွန်မဝမ်းသာမိသွားတယ်။ သူကျွန်မကို မသေစေချင်ဘူး။ ကျွန်မကို သူ့ဆီမှာ တာဝန်ထမ်းဆောင်ဖို့ အလိုရှိနေတုန်းပဲ။ ဒီအသုံးမကျတဲ့ အမျိုးသမီးကြီးကိုပေါ့။

“ အခုကနေစပြီး သခင်လေးဘာအမိန့်ပေးပေး ဝမ်းမြောက်ဝမ်းသာနဲ့ ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်။” ကျွန်မပြောလိုက်ပြီးနောက် အကြောက်လွန်နေတဲ့ အကြံသမားနှစ်ယောက်ကို မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။

လောဟန်က ကြောက်ကြောက်လန့်လန့်နဲ့ပြန်ထလာပြီး ပီချူးနီးယားကတော့ အခန်းထောင့်ကပ်နေပြီ။ သခင်လေးက သူတို့ကို ဒေါသနဲ့ကြည့်လိုက်ပြီး ကျွန်မကို အမိန့်တစ်ခုပေးလိုက်တယ်။

“ သူတို့ကို မောင်းထုတ်လိုက်...”

“အမိန့်အတိုင်းပါပဲ။” ကျွန်မခန္ဓာကိုယ်က အလိုလိုလှုပ်ရှားသွားပြီး အကြံသမားနှစ်ယောက်ကို ကုတ်ကနေ ဆွဲကိုင်ကာ အိမ်တံခါးမကြီးကနေတစ်ဆင့် အိမ်အပြင်ကို လွှင့်ပစ်လိုက်တယ်။ လူနှစ်ယောက်ရဲ့ခန္ဓာကိုယ်က ကျွန်မအတွက်အရုပ်ကလေး နှစ်ရုပ်လိုပဲ။

“သခင်လေး၊ သူတို့ကို ဘာမှပြန်မလုပ်ဘဲ ဒီအတိုင်း နှင်ထုတ်လိုက်ရုံနဲ့တင် ကျေနပ်တော့မလို့လား။”

အိမ်အပြင်ကို ခဏထွက်မိပြီးနောက် နေရောင်နဲ့ထိမိတဲ့ ကျွန်မအသားအရေတွေ အနည်းငယ်လောင်ကျွမ်းသွားပေမဲ့ သခင်လေးအနားကို ပြန်ရောက်ပြီးနောက်မှာတော့ အားလုံးပြန်ကောင်းလာတယ်။ သခင်လေးကတော့ ကျွန်မစကားကြောင့် ပြုံးလိုက်ပြီး ကျွန်မလက်ကို သာသာလေးဆုပ်ကိုင်လိုက်တယ်။

“ကျွန်တော်တို့နှစ်ယောက်လုံး ဘာမှဖြစ်သွားတာမှမဟုတ်တာ ထားလိုက်ပါ။ ပြီးတော့ ဒီကိစ္စအတွက် သူတို့တော်တော်လန့်သွားမှာပဲ။ ဒီအတိုင်းဆိုရင် သူတို့လုပ်ထားတဲ့အပြစ်တွေကြောင့် တစ်ဘဝလုံး အမှောင်ထုရဲ့ခြောက်လှန့်ခြင်းကို ခံနေရတော့မှာ။”

ဟုတ်တယ်၊ ကျွန်မတို့နှစ်ယောက်လုံး ဘာမှမဖြစ်သွားခဲ့ဘူး။ ကျွန်မသေသွားခဲ့ပေမဲ့ သခင်လေးအတွက် ပိုအသုံးဝင်တဲ့ တည်ရှိမှုအဖြစ်နဲ့ ပြန်ရောက်လာခဲ့ပြီ။ သခင်လေးက ဒီလောက်နဲ့ ကျေနပ်တယ်ဆိုရင် အဆင်ပြေပါတယ်။ ပြီးတော့ ဒီနှစ်ယောက်ကို လက်စားချေတဲ့အနေနဲ့ သူတို့ကို သတ်လိုက်ရင် သခင်လေးအတွက် ပြဿနာတွေ အများကြီးကို ယူဆောင်လာသလိုဖြစ်လိမ့်မယ်။ ဒါကြောင့် ဘာမှမဖြစ်ခဲ့သလိုနေတာက အကောင်းဆုံးပါ။

“မော်လီ၊ ဒီနေ့က ကျွန်တော့်မွေးနေ့မဟုတ်လား။ အရင်နှစ်ကလိုပဲ ကိုယ်တိုင်ကိတ်လုပ်မှာလား။”

သခင်လေးက ရုတ်တရက်သူ့မွေးနေ့ကိတ်ကို သတိရသွားပြီးမေးလိုက်မှ ကျွန်မလည်း ကိတ်မုန့်ကို မုန့်ဖိုထဲထည့်ထားတဲ့ကိစ္စ သတိပြန်ရလာတော့တာ။

“ဟုတ်သားပဲ၊ ကုန်ပါပြီ။ ဒီမှာတိုက်ခိုက်နေတာနဲ့ ကိတ်မုန့်တောင် တူးကုန်ပြီလားမသိဘူး။ ကျွန်မ သွားကြည့်လိုက်ဦးမယ်။”

ကျွန်မသေသွားခဲ့ပေမဲ့ ကျွန်မတို့ရဲ့နေ့ရက်တွေက ပုံမှန်လိုပါပဲ။ အိမ်စေတစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်က သခင်လေးအတွက် အစွမ်းကုန် အမှုထမ်းရွက်ဖို့ဆိုတာက ပြောင်းလဲမသွားခဲ့ဘူး။

All Chapters