← Chapters

အရိပ်တစ္ဆေ (A)

Vol. 1 Ch. 11

အရိပ်တစ္ဆေ (A)

Vol. 1 Ch. 11

ကျွန်မနာမည်က ဆယ်ဗီပါ။ မကြာသေးခင်ကမှ သူနာပြု သင်တန်းဆင်းခဲ့ပြီး အလုပ်သင်သူနာပြုအနေနဲ့ ဖွန်တီနာ ပြည်သူ့ဆေးရုံမှာ အလုပ်သင်အနေနဲ့ အလုပ်ဆင်းနေပါတယ်။

အလုပ်သင်သူနာပြုတစ်ယောက်အနေနဲ့ ကျွန်မတာဝန်က အထွေအထူးသိပ်မရှိပါဘူး။ ဆေးရုံလာတဲ့ လူနာတွေကို စာရင်းသွင်းတာ၊ သွေးပေါင်ချိန်တိုင်းတာနဲ့ လိုအပ်တဲ့ ရှေးဦးသူနာပြုစုနည်းတွေ ပြုလုပ်ပေးတာလောက်ပဲ ရှိပါသေးတယ်။ စီနီယာတွေကလည်း တကယ်ကြင်နာ ကြပါတယ်။

အထူးသဖြင့် စီနီယာဟယ်လာပေါ့။ အီတလီကပြား ခပ်ချောချောအစ်မကြီးဟယ်လာက ဒီနေရာမှာ ကျွန်မကို အများကြီးကူညီခဲ့သူပါ။ ကျွန်မရဲ့လေ့ကျင့်ရေးပရိုဂရမ် စောင့်ကြည့်သူအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာ အမ်မရေကလည်း အလွန်သဘောကောင်းတဲ့ လူတစ်ယောက်ပါ။

ဒါပေမဲ့ ဆေးရုံမှာ ကျွန်မစိတ်ထဲကနေ ထုတ်လို့မရတဲ့ တည်ရှိမှုတစ်ခုရှိပါတယ်။ အဲဒါက အသုံးမပြုတော့တဲ့ ဆေးရုံအဆောင်ဟောင်းပါ။

ဖွန်တီနာဆေးရုံက တည်ရှိခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်ရှိပြီမလို့ မြို့ရဲ့သမိုင်းဝင်အဆောက်အဦးတစ်ခုလို့ ပြောနိုင်တယ်။ ဆေးရုံမှာ အဆောင်သစ်နဲ့အဆောင်ဟောင်းဆိုပြီး နှစ်ခုရှိပေမဲ့ အဆောင်သစ်ကိုယ်တိုင်ကတင် သက်တမ်း နှစ်နှစ်ဆယ်ရှိပြီဖြစ်ပြီးတော့ အဆောင်ဟောင်းကိုတော့ လုံခြုံရေးအရ ဆက်လက်အသုံးပြုခြင်းမရှိတော့ပါဘူး။ အဆောင်ဟောင်းကို ၁၈၉၅ ခုနစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ပထမကမ္ဘာစစ်တုန်းက အလွန်နာမည်ကြီးတဲ့နောက်တန်းဆေးကုသဆောင် ဖြစ်ခဲ့ပုံပါပဲ။

ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ စွန့်ပစ်ခံ သစ်သားဆောင် အဟောင်းကြီးထက် မပိုတော့ပါဘူး။ ပြီးတော့ ဆေးရုံဝန်ထမ်းတွေနဲ့လူနာတွေကို ဘယ်နည်းနဲ့မှ အဆောင်ဟောင်းနားကို ပေးမကပ်တာ သတိထားမိပါတယ်။ လူနာတွေကြားမှာလည်း သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလနည်းနည်းရှိတယ်။ ကျွန်မစိတ်ဝင်စားတာနဲ့ စီနီယာဟယ်လာကို ကျွန်မမေးကြည့်ဖူးပေမဲ့...

“သရဲခြောက်လို့ သွားခွင့်ပိတ်ထားတာလားလို့ နင်မေးချင်တာလား... ဘယ်ကသာ၊ အဆောင်ဟောင်းက သစ်သားတွေနဲ့ဆောက်ထားတာ။ အခုဆိုရင် ခြတွေစားလို့ ပြိုကျမယ့်အချိန်က နေ့လားညလားဖြစ်နေပြီ။ အန္တရာယ်ရှိလို့ မသွားခိုင်းတာ သိပြီလား။”

စီနီယာဟယ်လာက ပုံမှန်အတိုင်းရယ်ရယ်မောမော ပြောချငိယောင်ဆောင်နေပေမဲ့ သူ့မျက်လုံးထဲမှာ ကြောက်ရွံမှုနည်းနည်းရှိနေတာကို ကျွန်မခံစားမိတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ အများကြီးမတွေးဖြစ်ခဲ့ဘူး။

...

နားရက်တစ်ရက်ရပြီး ကျွန်မအလုပ်ပြန်ဆင်းတဲ့နေ့မှာ ဆေးရုံဝင်းထဲကို ဘူဒိုဇာတစ်စီးရောက်နေပြီး အဆောင်ဟောင်းကို ဖြိုချဖို့လုပ်နေတာ ကျွန်မတွေ့ခဲ့ပါတယ်။ ကျွန်မရဲ့လေ့ကျင့်ရေးဆရာ ဒေါက်တာအမ်မရေကိုမေးကြည့်တော့...

“ဆေးရုံအုပ်ကြီး မွန်ဆီယာ လူဝီက အဲဲဒီအသုံးမဝင်တဲ့ အဆောင်ဟောင်းကြီးကိုဖျက်ပြီး အဆောင်သစ်တစ်ခု ထပ်ဆောက်ချင်လို့တဲ့လေ။ ငါတို့သုံးနေတဲ့ အဆောင်က နှစ်နှစ်ဆယ်နီးပါးရှိပြီ။ ဖွန်တီနာမြို့လူဦးရေကလည်း တိုးလာနေတာဆိုတော့ လူနာဆောင်အသစ်လိုပြီလေ။”

ကျွန်မတို့စကားပြောနေတဲ့အချိန်မှာပဲ အပြင်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အသံကြားလို့ထွက်ကြည့်တော့ ဆောက်လုပ်ရေးလုပ်သားယူနီဖောင်းနဲ့လူတစ်ယောက်ကို အမျိုးသားသူနာပြုတချို့က ထမ်းစင်နဲ့ထမ်းခေါ်လာတာ တွေ့လိုက်ရတယ်။ စီနီယာ ဟယ်လာကလည်း သူတို့နဲ့အတူပါတယ်။

“စီနီယာ၊ ဘာဖြစ်တာလဲ။” ကျွန်မမေးလိုက်တော့...

“ ဘူဒိုဇာနဲ့အဆောင်ဟောင်းကို ဖျက်ရင်းကနေ သစ်ချောင်းတစ်ချောင်းကန်ထွက်လာပြီး သူ့လက်ကို စိုက်မိတာ။ လူတွေကလည်း ဒုက္ခပါပဲ၊ ဘာလို့ အဲဲဒီအဆောင်ဟောင်းကြီးကို ဒီအတိုင်းလွှတ်မထားနိုင်ရတာလဲ။”

စီနီယာက တိုက်ရိုက်မပြောပေမဲ့ သူ့မျက်လုံးထဲမှာရှိတဲ့ ကြောက်ရွံမှုအရိပ်အယောင်တွေက ပိုပြီးထင်ရှားလာ တယ်။ လူတစ်ယောက် ဒဏ်ရာရသွားပြီးနောက်တော့ ဆေးရုံအုပ်ကြီးက အခြေအနေကို အသေးစိတ် မသိရသေးခင်အထိ အဆောင်ဟောင်းကို ဖြိုချတာ ရပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က နောက်ဖြစ်လာမယ့်ကိစ္စတွေရဲ့နိဒါန်းသာ ဖြစ်ခဲ့မှန်း ကျွန်မမသိခဲ့ရရိုးအမှန်ပါ။

အဲဒီနေ့ကစလို့ ကျွန်မတို့ဆေးရုံအပေါ် အရိပ်မည်းကြီး တစ်ခုက လွှမ်းမိုးထားသလိုပဲ။ မီးတွေဖွင့်ထားပေမဲ့ မှောင်မိုက်နေတယ်လို့ ခံစားရသလို ပြတင်းပေါက်တွေ ဖွင့်ထားတာတောင် မွန်းကျပ်တယ်လို့ ခံစားရပါတယ်။ အဆိုးဆုံးကတော့ ကျွန်မမျက်လုံးထောင့်ကနေ အမည်မသိအရာတချို့ လှုပ်ရှားနေတယ်လို့ မြင်မိတတ်ပြီး သေချာရှာကြည့်တော့ ဘာမှရှိမနေတာမျိုး ခဏခဏဖြစ်နေတာပါပဲ။ တစ်ခါတရံလည်း မရှိတဲ့ လူနာတွေရဲ့ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရသလိုမျိုး။

“စိတ်ထင်တာဖြစ်မှာပါ...”လို့ တွေးမိပေမဲ့ ကျောချမ်းစရာ ခံစားချက်မျိုးကို တစ်ချိန်လုံးရနေတာ မကောင်းဘူးလေ။

...

နောက်တစ်ပတ်လောက်ကြာတော့ ဆရာဝန်တွေရော သူနာပြုတွေပါ ထပ်ပြီးလှုပ်လှုပ်ရှားရှား ဖြစ်ကြပြန်တယ်။ အခန်း ၁၇ က လူနာတစ်ယောက် ပျောက်သွားလို့တဲ့။ လူနာစာရင်းတွေကို ကျွန်မပဲကိုင်ရတာမလို့ တာဝန်အရ သွားစစ်ကြည့်တော့ ဆေးရုံခန်းထဲမှာ လူနာရဲ့ပစ္စည်းတွေက ဒီအတိုင်းရှိနေသေးပေမဲ့ လူနာ ကိုယ်တိုင်ကတော့ ရှိမနေတော့ပါဘူး။

ဒေါက်တာအမ်မရေကတော့ ခေါင်းတစ်ခါခါနဲ့ “ဒီလူ ချာလီကတော့ တကယ့်ပြောမရဆိုမရဘဲ။ သူဆီးချိုရောဂါအခြေအနေနဲ့ဆိုရင် အမြဲစောင့်ကြည့်ဖို့လိုနေသေးတဲ့ဥစ္စာကို ဆေးရုံကနေပြီး ခိုးဆင်းသွားရတယ်လို့။”

နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဖွန်တီနာဆေးရုံမှာ ဆေးရုံက ခိုးဆင်းတဲ့ကိစ္စဆိုတာ မရှားပါဘူး။ နယ်ခံမြို့လေးက လူတွေက ဆင်းရဲကြပြီး ပိုက်ဆံမတတ်ကြနိုင်ဘူး။ ဒါကြောင့် သူတို့ရောဂါနည်းနည်းသက်သာလာတာနဲ့ ဆရာဝန်တွေဆီက ခွင့်ပြုချက်မရဘဲ ဆင်းပြေးတာမျိုး ခဏခဏကြုံရတယ်။ ဆရာဝန်တွေကတော့ ဖိတန်း၊ ဖိတန်းဆိုပြီး ပြင်သစ်လိုကျိန်ဆဲကျန်ခဲ့ရုံကလွဲလို့ ဘာမှမတတ်နိုင်ကြဘူး။

ဒေါက်တာအမ်မရေက ဒီလောက်နဲ့ပဲ ဆက်မစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စီနီယာဟယ်လာကတော့ ဒီလိုမထင်ဘူး။

“ဆယ်ဗီရေ၊ ငါတို့ရဲကို အကြောင်းကြားသင့်တယ်လို့ မထင်ဘူးလား။ ဦးလေးကြီးချာလီက ငါနဲ့ရင်းနှီးတယ်ဟ။ သူက မချမ်းသာပေမဲ့ ဆေးရုံကနေ ဆင်းပြေးလောက်အောင် ဆင်းရဲတာတော့မဟုတ်ဘူး။ သူ့သမီးက အထက်တန်းပြလေ၊ ဝင်ငွေကောင်းတယ်။ ပြီးတော့ သူ့ရောဂါအခြေအနေက သွေးကြောတွေမပိတ်အောင် အမြဲသွေးမခဲဆေးပေးနေရတာဟဲ့။ ဒီလိုလူက ဒီအတိုင်း ဆင်းပြေးမယ်မထင်ဘူး။”

စီနီယာဟယ်လာပြောတာကို နားထောင်ကြည့်တော့ သူ့ဟာနဲ့သူ အကျိုးအကြောင်းဆီလျှော်တယ်။ ဒီအတိုင်းဆိုရင် လူပျောက်မှုနဲ့တိုင်သင့်တယ်လို့ ကျွန်မလည်းတွေးမိပေမဲ့ ခဏနေတော့ ကိစ္စတစ်ခုကို ပြန်စဥ်းစားမိပြီး...

“ဒါပေမဲ့ စီနီယာ၊ ပျောက်သွားတာက အရွယ်ရောက်ပြီး လူတစ်ယောက်ဆိုတော့ ၄၈နာရီကျော်မှ ရဲကအမှုဖွင့် ပေးမှာမဟုတ်လား။ အဲဒီအချိန်မတိုင်ခင် သူ့မိသားစုဝင်တွေကို ဆက်သွယ်ပြီး အိမ်ပြန်ရောက်မရောက် စုံစမ်းတာ မကောင်းဘူးလား။”

“အင်း၊ ဒါလည်းဟုတ်တာပဲလေ။” စီနီယာဟယ်လာက နည်းနည်းစိတ်ဓာတ်ကျသွားပုံပေါ်ပေမဲ့ ကျွန်မစကားကို လက်ခံပြီး အဲဒီအကြောင်းဆက်မပြောတော့ဘူး။

ကျွန်မကတော့ ဦးလေးကြီးချာလီရဲ့မိသားစုဝင်တွေဆီ ဆက်သွယ်ဖို့ဖြစ်လာတော့တာပေါ့။

“ဘွန်ဂျူး၊ ကျွန်မက ဖွန်တီနာဆေးရုံက သူနာပြုဆရာမ ဆယ်ဗီပါ။ ဦးလေးချာလီ အိမ်ပြန်ရောက်နေပြီလား။”

ကျွန်မတို့ဆေးရုံမှာ မှတ်တမ်းတင်ထားသမျှ ဦးလေးချားလ်ရဲ့မိသားစုဝင်တွေဆီ လိုက်စုံစမ်းခဲ့ပေမဲ့ ဘယ်သူကမှ ဦးလေးချာလီ သူတို့ဆီရောက်နေတယ်လို့ မဖြေကြ။ ဆေးဖိုးပေးရမှာစိုးလို့ ငြင်းတာဖြစ်နိုင်ပေမဲ့ သူ့သမီးဆီကနေ ‘ကျွန်မရှာကြည့်ဦးမယ်၊ အဖေကို တွေ့ရင် စိတ်လိုက်မာန်ပါမလုပ်ဖို့ ပြောပေးပါ။’လို့ ကြားရပြီးတဲ့နောက် တကယ်ပျောက်သွားတာလိုလို ခံစားမိတော့တာပဲ။

ဒါပေမဲ့ အဲဒီနေ့က ဖုန်းလိုက်ဆက်ရင်း တာဝန်ချိန်ပြီး သွားတာနဲ့ အလုပ်ကိုမြန်မြန်သိမ်းပြီး ငှားထားတဲ့ အိမ်ဆီ ပြန်လာခဲ့ပါတယ်။

နောက်တစ်နေ့ မနက် ကျွန်မဆေးရုံကိုရောက်တော့ စီနီယာဟယ်လာကို မတွေ့ရဘူး။ ဒီနေ့က သူ့ပိတ်ရက် မဟုတ်တာနဲ့ ဒေါက်တာအမ်မရေကို မေးကြည့်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

“ဆရာ၊ အစ်မဟယ်လာက မနက်ခုနစ်၊ ညသုံး အလုပ်ချိန်မဟုတ်လား။ ဘာလို့ကိုးနာရီထိုးတဲ့အထိ မလာသေးတာလဲဟင်၊ နေများမကောင်းလို့လား။”

“မလာသေးဘူး... ဟုတ်လား။ ဘယ်ကသာ၊ မနက်ကတောင် သူငါ့ကို ဝင်နှုတ်ဆက်သွားသေးတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာ နေသိပ်မကောင်းသလို ဖြူဖပ် ဖြူရော်နဲ့။ နေမကောင်းလို့ပဲ အလုပ်တွေထားခဲ့ပြီး ပြန်သွားသလား။ ဒီလိုဆိုရင်တော့ သူ့ကိုဖုန်းဆက်ပြီး သတိပေးရမှာပဲ။”

ဒါပေမဲ့ ကျွန်မစိတ်ထဲကနေတစ်ဆင့် စီနီယာဟယ်လာဟာ ဒီလိုမျိုးအလုပ်တွေကိုထားပြီး ထွက်သွားမယ့်သူမျိုးမဟုတ်မှန်း ကျွန်မသိနေတယ်။ ဒီကိစ္စကို ကျွန်မအတတ်နိုင်ဆုံးမေ့ထားလိုက်ပြီး ဒီနေ့အတွက်တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် အသင့်ပြင်ထားလိုက်တယ်။

...

“သာမန်အအေးမိတာနေမှာပါ။ ဒါပေမဲ့ မြန်မြန် သက်သာလာအောင်လို့ ဒေါက်တာနဲ့တွေ့ပြီး ဆေးစပ်သွားတာ ကောင်းပါလိမ့်မယ်။”

၉နှစ်အရွယ် အပူကြီးပြီးဖျားနေတဲ့ ကလေးကို စိုးရိမ်တကြီး ခေါ်လာတဲ့ ကလေးမိခင်ကို ကျွန်မနှစ်သိမ့်ပြီးနောက် ပြတင်းပေါက်တစ်နေရာကို ကြည့်လိုက်မိတယ်။ နောက်ပိုင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မကြောင်အပြီး ကျန်နေရစ်တော့တာပဲ။

မည်းမည်းကြီး... အမည်းမည်းကြီးတစ်ခုက ပြတင်းပေါက်မှန်ကိုကပ်ပြီး အတွင်းကိုကြည့်နေတာ။ မျက်လုံးက တစ်လုံးပဲပါပေမဲ့ ပါးစပ်ပေါက်တွေက အများကြီးနဲ့ ကိုယ်ပေါ်မှာက အပ်ချုပ်ရိုးရာတွေ။ ကျွန်မက အဲဒီအကောင်ကို သေချာမြင်နေရပေမဲ့ တခြားသူတွေကတော့ မြင်ရပုံမပေါ်ဘဲ ဒီအတိုင်း ကျော်သွားနေကြတယ်။ ပြီးတော့ အဲဒီကောင်ကြီးရဲ့မျက်လုံးတွေက ဧည့်ခန်းမထဲမှာ နားနေတဲ့ ဆေးရုံလူနာတွေထဲက ဝှီးချဲပေါ်က လမ်းမလျှောက်နိုင်တဲ့ အဖိုးအိုတစ်ဦးကိုကြည့်နေတာ။

“ဆရာမလေး... ဆရာမလေး...” ကျွန်မ အဲဒီအရာကြီးကို ကြောင်ကြည့်နေမိတာနဲ့ လူနာရှင်အမေကို ခဏလစ်လျူရှုမိသွားတယ်။ ဒါကြောင့် ကျွန်မသူ့ကို ကြောင်အမ်းအမ်းပြုံးပြလိုက်ပြီး တုံကင်နံပါတ်ကို ကမ်းပေးလိုက်တယ်။

“အထွေထွေရောဂါကု ဒေါက်တာဂျူလိုက်ရဲ့ရုံးခန်းနံပါတ်က ၄ ပါ၊ တုံကင်နံပါတ် ၁၃မလို့ သိပ်ကြာကြာစောင့်စရာမလိုဘဲ အလှည့်ကျလာမှာပါ။”

...

အကောင်ကြီးကိုမြင်ရပြီး နောက်တစ်နေ့ရုံးလာတော့ စီနီယာဟယ်လာကို မတွေ့ရပြန်ဘူး။ ဒေါက်တာအမ်မရေ အဆိုအရ ဖုန်းကိုကိုင်ပေမဲ့ ဘာမှပြန်မပြောတာကြောင့် စိတ်ပူပြီးအိမ်အထိလိုက်သွားပေမဲ့ စီနီယာဟယ်လာကို မတွေ့ရဘူးလို့ပြောပါတယ်။ စီနီယာဟယ်လာကလည်း ကျွန်မလိုပဲ အိမ်ငှားပြီးတစ်ယောက်တည်း နေနေတာပါ။ ဒေါက်တာအမ်မရေက ဆွေမျိုးတွေကို လှမ်းပြီးဆက်သွယ်နေပြီလို့ဆိုပါတယ်။

ဦးလေးချာလီကိစ္စကလည်း ထူးမခြားနားပါပဲ။ သူ့သမီးက ဦးလေးချာလီကိုရှာမတွေ့လို့ ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီ။ အဲဲဒီနေ့ နေ့လယ်မှာပဲ ရဲတွေလာပြီး ပျောက်သွားတဲ့နေ့တုန်းက တာဝန်ကျသူနာပြုဆရာမကို မေးခွန်းတွေမေးသွားတယ်။

ညနေအလုပ်ဆင်းခါနီး ကျွန်မပုံမှန်အလုပ်တွေကို ဆက်လုပ်နေတုန်း ပြတင်းပေါက်အပြင်ကနေ တစ်ခုခု ဖြတ်သွားသလို ခံစားမိလိုက်တာနဲ့ ပြတင်းပေါက်ကို ကြည့်လိုက်မိတယ်။ ဘာဖြတ်သွားမှန်း ကျွန်မမသိပေမဲ့ လေမတိုက်ဘဲ လိုက်ကာစတွေလှုပ်ရှားသွားတာကြည့်ရုံနဲ့တင် အတော်လေးမြန်မှန်းသိနိုင်တယ်။

‘လေတိုက်တာကို ငါမသိလိုက်တာနေမှာပါ။’လို့ သိစိတ်က ဆင်ခြင်ခိုင်းပေမဲ့ မသိစိတ်က ဟိုပါးစပ်တွေ အများကြီးနဲ့အကောင်ကြီးအကြောင်း တွေးမိလာတော့ အလိုလိုနေရင်း ဖြတ်သွားတဲ့အရာဦးတည်သွားတယ်လို့ ခံစားမိတဲ့နေရာဆီ ကျွန်မလျှောက်လာမိတယ်။

“အယ်... ဘယ်လိုလုပ်ပြီး ဒီသီးသန့်လူနာခန်းတံခါးက ပွင့်နေတာပါလိမ့်။” ကျွန်မတံခါးပွင့်နေတဲ့ လူနာခန်းနား ရောက်လာပြီး အခန်းနံပါတ်ကို ကြည့်လိုက်တော့ နံပါတ်က ၄၃။ ကတ်ပေါ်ရေးထားတဲ့ လူနာနာမည်ကတော့ မွန်ဆီယာ အီလွိုက်။ လက်ထဲက လူနာစာရင်းနဲ့တိုက်ကြည့်တော့ ငယ်ငယ်ကတည်းက ပီလီယိုရောဂါခံစားနေရတဲ့ လူအိုကြီးပါ။

“နေဦး၊ ဒီလူကြီးကို အဲဒီအရိပ်က ကြည့်နေခဲ့တာ မဟုတ်လား။”

ကျွန်မလည်း ရင်ထဲစိုးထိတ်လာပြီး အခန်းထဲကို ပြူကြည့်လိုက်တော့ အထဲမှာ ဘယ်သူမှရှိမနေဘူး။ ပြတင်းပေါက်က ပွင့်နေပြီး အပြင်ကတိုက်လေကြောင့် လိုက်ကာစတွေက လူးလွန့်နေတယ်။ လူနာရဲ့ဖိနပ်လို့ ယူဆရတဲ့ ဖိနပ်တစ်ဖက်က ကြမ်းပြင်ထောင့်တစ်နေရာမှာရှိနေပြီး ဝှီးချဲပေါ်မှာ လူမရှိနေဘူး။

“လူနာက ဝှီးချဲပေါ်မှာရှိမနေတော့ဘူးဆိုတော့... တစ်ယောက်ယောက်က ဒါမှမဟုတ် တစ်ခုခုက သူ့ကိုခေါ်သွားတာပဲဖြစ်ရမယ်။”

ကျွန်မလည်း စိုးရိမ်လွန်လာပြီး ဒေါက်တာအမ်မရေနဲ့ အထက်လူကြီးကိုတွေအကြောင်းကြားခဲ့သလို အရိပ်နက်ကြီးအကြောင်းကိုလည်း ပြောပြခဲ့ပေမဲ့ သူတို့တွေက ယုံတဲ့ပုံမပေါ်ဘူး။

“ခုတလောကိစ္စတွေများနေလို့ သမီးစိတ်ဖိစီးတာနေမှာပါ။” ဒေါက်တာအမ်မရေက ကျွန်မကိုဖျောင်းဖျပေမဲ့ နောက်တစ်ကြိမ် ပြတင်းပေါက် အပြင်ဘက်ကနေ ဆေးရုံထဲကိုချောင်းကြည့်နေတဲ့ အရိပ်နက်ကို ဒေါက်တာ့ပခုံးကိုကျော်ပြီး မြင်ရပြီးမှာတော့ ကျွန်မတစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

...

အိမ်ပြန်ရောက်တာနဲ့ ကျွန်မလုပ်တဲ့တစ်ခုတည်းသော အရာက ဖုန်းကိုဖွင့်ပြီး မြို့ထဲက သဘာဝလွန်ဖြစ်ရပ် တွေကိုလိုက်ရှာဖတ်တာပါပဲ။ ဖတ်မိသလောက်တော့ ဖွန်တီနာမြို့ထဲက နာမည်ကျော် သရဲခြောက်တဲ့နေရာ ခုနစ်ခုမှာ ဖွန်တီနာဆေးရုံအဆောင်ဟောင်းက နံပါတ် သုံးဖြစ်ပြီး ကမ်းခြေပတ်လမ်းဥမင်လိုဏ်ခေါင်းနဲ့ ဗင်းဆင့်စံအိမ်ကြီးရဲ့နောက်က နည်းနည်းလေးပဲ ခွာပြီးလိုက်နေတာတဲ့။

ဒီအခြေအနေကနေ ကူညီနိုင်မယ့်လူတစ်ယောက်ယောက် ရှိမရှိကျွန်မသိချင်တာနဲ့ရှာကြည့်လိုက်တော့ ချက်ချင်းဆိုသလိုပဲ ကျွန်မဖုန်းကို အီလက်ထောနစ်ကြော်ငြာစာတစ်ခုက ဖုံးအုပ်သွားတယ်။ ကြော်ငြာကို ပိတ်လို့မရသလို ဖုန်းနဲ့ဘလောက်ဇာကနေ ထွက်လို့လည်းမရတော့ဘူး။

[သဘာဝလွန်ဖြစ်ရပ်များ သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေပါသလား။ အမှောင်ထု၏သားတော်မှ ကူညီရန် အသင့်ရှိပါသည်။]လို့ရေးထားတဲကြော်ငြာ။ ကလေးတွေကအစ လူလိမ်ကြော်ငြာမှန်းပြောနိုင်တယ်။ ဒါပေမဲ့ ထွက်မရတဲ့နောက်ဆုံးတော့ ကျွန်မလည်း ကြော်ငြာကိုနှိပ်လိုက်တယ်။ နောက်တော့ ဘာမှဆက်ပေါ်မလာတော့ဘူး။

ဒီအတိုင်းပေါက်ကရလင့်တစ်ခုဖြစ်မှာပါလို့ နောက်တစ်နေ့ ဆေးရုံရောက်တဲ့အထိ တွေးမိပေမဲ့ ဂျာကင်အရှည်ကြီးကိုဝတ်ထားတဲ့ လူငယ်တစ်ယောက် ဆေးရုံရှေ့မှာ ပေါ်လာပြီးနောက်တော့ အဲဒီလိုမဟုတ်မှန်း ကျွန်မသိလိုက်ရပါတော့တယ်။

“ဂလူတိုနီ... မင်းဘယ်မှာလဲ....”

All Chapters