← Chapters

အရိပ်တစ္ဆေ (B)

Vol. 1 Ch. 12

အရိပ်တစ္ဆေ (B)

Vol. 1 Ch. 12

“ရှင်က ဘယ်သူလဲ။” ညနေစောင်းမှ ရုတ်တရက်ကြီး ရောက်လာတဲ့ လူငယ်ကြောင့် ကျွန်မအတော်လေး ကျောချမ်းသွားတယ်။ အကဲခတ်ကြည့်ရသလောက် သူ့ပုံစံက ရိုးရိုးရှင်းရှင်းပဲဖြစ်ပြီး အနက်ရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားတယ်။ မျက်နှာက နည်းနည်းရှည်ပြီး မချောရင်တောင်မှ ကြည့်ကောင်းတဲ့အထဲပါပါတယ်။ အနက်ရောင် ဂျာကင်ရှည်ကြီးကို အပေါ်ကနေခြုံဝတ်ထားပြီး အတွင်းမှာတော့ တီရှပ်အင်္ကျီတစ်ထည်နဲ့ ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားပါတယ်။

သူက ဆေးရုံဂိတ်ကိုဖြတ်လာပြီး ကျွန်မအလုပ်လုပ်တဲ့ ကောင်တာနားကို လျှောက်လာတယ်။

“ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က နက်ဆန်ပါ။” လူငယ်က နှုတ်ဆက်လိုက်ပေမဲ့ လေယူလေသိမ်းက ခပ်တောင့်တောင့်ဖြစ်နေပြီး ပြင်သစ်ဖတ်စာအုပ်က ဝါကျတစ်ကြောင်းကို သံယောင်လိုက်ပြီးပြောနေသလို။

“အာ... ကျွန်မက ဆယ်ဗီ ဆဖဲလ်ယာပါ။ ဒီဆေးရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သင်သူနာပြုပါ။ ဘာများ ကူညီပေးရမလဲရှင့်။”

ဆေးရုံကိုလာတဲ့ လူနာတစ်ယောက်ပုံစံမပေါက်ပေမဲ့ ကျွန်မလည်း ဝတ္တရားရှိတဲ့အတိုင်း နှုတ်ဆက်လိုက်တယ်။ နက်ဆန်ဆိုတဲ့ကောင်လေးကတော့ ခေါင်းခါလိုက်ပြီး

“ငါက ဆရာဝန်နဲ့တွေ့ဖို့လာတာမဟုတ်ဘူး။ မင်းနေရာမှာ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်နေတယ်ဆိုလို့ လာခဲ့တာ။”

ကောင်လေးက သူ့အိတ်ထဲက ဖုန်းကိုထုတ်ပြတယ်။ မနေ့ညက ကျွန်မနှိပ်မိခဲ့တဲ့ ကြော်ငြာနဲ့ တစ်ပုံစံတည်း တူတဲ့ကြော်ငြာက သူ့လက်ထဲမှာရှိနေတယ်။ ကျွန်မလည်း ရုတ်တရက်ထိတ်လန့်သွားပြီး ရဲခေါ်ဖို့တောင် ကိုယ့်ဖုန်းကို ထိလိုက်မိသေးတယ်။

“ကျွန်မ ရှင့်ကြော်ငြာကိုထိမိရုံနဲ့ ဘယ်လိုလုပ်ပြီး ဒီနေရာကို သိသွားတာလဲ။ ဒီဂျစ်တယ်နည်းပညာသုံးပြီး ကျွန်မနောက်ကို နောက်ယောင်ခံလိုက်နေတာလား။”

လူငယ်က ဝန်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ကျွန်မကို မစိုးရိမ်ဖို့ပြောလာတယ်။ “ခုခေတ်အွန်လိုင်းမှာ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကူညီပေးသူ အများစုက လူလိမ်တွေပဲ။ ဒီတော့ သူတို့ကို လူတွေက အယုံအကြည်မရှိကြတော့ဘူး။ တစ်စုံတစ်ယောက်က သဘာဝလွန်ဖြစ်ရပ်တွေနဲ့ကြုံပြီး အင်တာနက်မှာလိုက်ရှာခဲ့ရင်တောင် ကျွမ်းကျင်သူဆီက အကူအညီယူဖို့တွေးတော့မှာမဟုတ်ဘူး။ ဒီတော့ငါက ကုမ္ပဏီတစ်ခုကိုငွေပေးပြီး scamသမားတွေသုံးတဲ့ cookiesတစ်ခုကိုသုံး ခြေရာခံနိုင်စွမ်းရှိတဲ့ ကြော်ငြာကို လုပ်ခဲ့တာ။ တရားတော့မဝင်ပေမဲ့ပေါ့။”

သူပြောတာလည်းအမှန်ပဲ။ အရိပ်နက်ကိုမြင်ပြီး သဘာဝလွန်အရာတွေရှိမှန်း ကျွန်မလက်ခံခဲ့ပေမဲ့ လိုင်းပေါ်က ကျွမ်းကျင်သူဆိုတာတွေကို အကူအညီ တောင်းဖို့ ဝန်လေးနေခဲ့တာ။ ဒါပေမဲ့ ဒီလူက ကျွန်မကို ရှာဖို့အတွက် တရားမဝင်နည်းလမ်းတစ်ခုသုံးခဲ့တာက မလွန်လွန်းဘူးလား။

“ရှင်က သူတို့လိုလူလိမ်ဟုတ်မဟုတ် ကျွန်မဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”

“မင်းမြင်နေရတာပဲမဟုတ်လား။” သူက ဝင်လုဆဲဆဲ နေရောင်ကြောင့် ရှည်ထွက်နေတဲ့သူ့အရိပ်ကို လက်ညိုးနဲ့ ညွန်ပြလိုက်တယ်။ ကျွန်မကြည့်လိုက်တော့ သူ့အရိပ်က လုံးဝကို သာမန်မဟုတ်ဘူး။ သူ့အရိပ်အပြင် တခြားလူရိပ်သုံးခုပါရောယှက်နေပြီး သာမန်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်တဲ့မြင်ကွင်းပါ။

“ပြန်ပြီးမိတ်ဆက်ပါရစေ။ ငါ့နာမည်က နက်ဆန်၊ အမှောင်ထုရဲ့သားတော်ပဲ။”

...

“ဒီတော့ ဒီဆေးရုံမှာ ဘာတွေဖြစ်ပျက်နေလဲ မင်းရှင်းပြပေးနိုင်မလား။”

သူက မေးလိုက်တယ်။ ကျွန်မကတော့ ဆေးရုံနံရံမှာ ကပ်ထားတဲ့နာရီကို ကြည့်လိုက်မိပြီး နာရီလက်တံက ငါးနာရီခွဲပြီဖြစ်ကြောင်း ညွန်ပြနေပါတယ်။ ကျွန်မအလုပ်ဆင်းဖို့ နာရီဝက်ပဲလိုတော့တယ်။ ဒါပေမဲ့ ကျွန်မနေရာကို အစားဝင်မယ့် ညဆိုင်းသူနာပြုက ရောက်မလာသေးဘူး။ ဒါကြောင့် ကောင်တာမှာ ဆက်နေပြီး သူ့ကိုရှင်းပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ကျွန်မက ဒီနေရာမှာ အလုပ်သင်အဖြစ်လုပ်နေတာ လနည်းနည်းပဲရှိပါသေးတယ်။ အစောပိုင်းကာလတွေမှာ ဘာမှထူးထူးခြားခြားမရှိပေမဲ့ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ဆေးရုံအဆောင်ဟောင်းကို ဖြိုချဖို့လုပ်ခဲ့ပြီးတည်းက ထူးဆန်းတာတွေ ဆက်တိုက်ကိုဖြစ်လာတော့တာ။”

ကျွန်မသူ့ကို စီနီယာဟယ်လာနဲ့လူနာတချို့ ပျောက်ဆုံးသွားတဲ့အကြောင်း ပြောပြဖြစ်ခဲ့တယ်။ အရိပ်နက်ကိုမြင်မိတဲ့အကြောင်းလည်း ပြောခဲ့ပေမဲ့ သူယုံမယုံတော့ ကျွန်မမသိဘူး။ သာမန်လူတွေကို ကျွန်မလိုသူနာပြုဆရာမက သရဲမြင်တဲ့အကြောင်း ပြောပြရင် ကျွန်မရူးနေပြီလို့ပဲထင်မှာ။

ဒါပေမဲ့ အဲဒီလူငယ်လေးက ကျွန်မကို သူ့မျက်ဝန်းတွေနဲ့ စက္ကန့်အတော်ကြာတဲ့အထိ သေချာစိုက်ကြည့်နေခဲ့တယ်။ သူ့အကြည့်တွေက ကျွန်မကိုထွင်းဖောက်မြင်နိုင်သလိုပဲ။

“ရှင်... ရှင်ဘာကြည့်နေတာလဲ... ကျွန်မမျက်နှာမှာ တစ်ခုခုပေနေလို့လား။”

ကျွန်မမေးလိုက်တော့ သူက ရှက်သွားတဲ့ပုံစံနဲ့ မျက်နှာလွှဲလိုက်ပြီး “မင်းရဲ့နက်ပြာရောင်ဆံပင်နဲ့ သူနာပြုဝတ်စုံက အတော်လေးလိုက်တယ်ထင်လို့ပါ။”

“နက်ပြာရောင်.. ကျွန်မဆံပင်က ရှင့်လိုပဲ အနက်ပါ။” သူက ကျွန်မမှာ နက်ပြာရောင်ဆံပင် ရှိတယ်လို့ပြောလိုက်တာလား။ ကျွန်မလည်း မသေချာဖြစ်သွားပြီး ကိုယ့်ဆံပင်ကိုယ် ကိုင်ကြည့်ပေမဲ့ အနက်ရောင်ပါပဲ။ ဘာမှမထူးခြားမနေပါဘူး။ ကျွန်မတို့ပြင်သစ်တောင်ပိုင်းသားအများစုမှာ လိမ်ကောက်နေတဲ့ အနက်ရောင်ဆံပင်ပါးပါးရှိတတ်တာ ပုံမှန်ပဲလေ။ ဒါပေမဲ့ သူက ကျွန်မဆံပင်ကို နက်ပြာလို့ ပြောလိုက်တယ်။ သူ့အမြင်တွေက တစ်ခုခုမှားနေတာလား။

“စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ မင်းအဲဒီအကောင်ကို မြင်ရတယ်လို့ ပြောခဲ့တယ်နော်။ ဝေဝေဝါးဝါး မဟုတ်ဘဲ ထင်ထင်ရှားရှားကို မြင်ရတာမျိုးလား။”

“ဟုတ်... မျက်လုံးတစ်လုံးတည်းနဲ့ ပါးစပ်အများကြီးပါတဲ့ကောင်။”

“ သေချာပေါက် ဂလူတိုနီပဲ။ ငါသူ့အနံကိုရနေတာ မမှားဘူးပဲ။ ဒါပေမဲ့ မင်းလို သာမန်လူတစ်ယောက်က အဲဒီလိုအရာတွေကို ထင်ထင်ရှားရှားမြင်နိုင်တာ တကယ့်ကိုရှားတယ်။”

ကျွန်မသူနဲ့စကားကောင်းနေရင်းက နာရီကိုထပ်ပြီး ကြည့်လိုက်မိပြန်တယ်။ ခြောက်နာရီထိုးနေပါပြီ။ ညဆိုင်းဆရာမက ကျွန်မနေရာကို ရောက်မလာဘူး။ နက်ဆန်ကလည်း ကျွန်မလိုပဲ ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး မေးလာတယ်။

“ဆရာမလေး၊ ဒီဆေးရုံက အမြဲတမ်းဒီလိုပဲ တိတ်ဆိတ်နေတာမျိုးလား။”

နက်ဆန်မေးလိုက်မှ ကျွန်မလည်း ဆေးရုံက တစ်ခုခု ထူးခြားနေတာကို သတိပြုမိလိုက်ပြီး ဘေးဘီကို စူးစမ်းကြည့်တော့ ဆေးရုံက လူတစ်ယောက်မှမရှိသလို ခြောက်ကပ်နေပြီး ဆရာဝန်တွေရောလူနာတွေကိုပါ ဧည့်ခန်းထဲမှာ မတွေ့ရဘူး။

“မဟုတ်တာ... ကျွန်မတို့ဆေးရုံမှာ လူနာအယောက် ခြောက်ဆယ်လောက်နဲ့ ဆရာဝန်သူနာပြု တစ်ဒါဇင်လောက် အမြဲရှိနေတာလေ။ အခုက မနက်ဆိုင်းသမားတွေ အလုပ်ဆင်းချိန်ဆိုရင်တောင် ညဆိုင်းတွေရောက်ရမယ့်အချိန်ရောက်နေပြီ။”

“ကျွန်တော့်ကို ဆေးရုံတစ်ပတ် ပတ်ပြလို့ရမလား။” သူက တောင်းဆိုလာတော့ ကျွန်မလည်း ခေါင်းညိတ်လိုက်မိတယ်။ ပုံမှန်ဆိုရင်တော့ တာဝန်ကျ ဆရာမရောက်မလာမချင်း ကျွန်မနေရာကနေ ခွာလို့မရပေမဲ့ ဆေးရုံက သာမန်အခြေအနေမှာ ရှိမနေမှန်း သတိထားမိတာကြောင့် သူပြောတဲ့အတိုင်း ဆေးရုံကိုလိုက်ပြဖို့ ဆုံးဖြတ်လိုက်တာပါ။

“ကျွန်မတို့ဖွန်တီနာပြည်သူ့ဆေးရုံက ကုတင်တစ်ရာဆန့် မြို့နယ်ဆေးရုံလေးဆိုပေမဲ့ အရေးပေါ်ဌာန၊ ဓာတ်မှန်နဲ့ ကင်ဆာဌာနတွေရှိတယ်။ ဆေးရုံအုပ်ကြီးလူဝီက မြို့တော်ဝန်ရဲ့မိတ်ဖက်မလို့ အထောက်အပံအများကြီးရခဲ့တယ်။”

ဆေးရုံရဲ့ပထမထပ်က ကင်ဆာဌာန၊ ဓာတ်မှန်ဌာနနဲ့ တခြားနေရာတွေကို လိုက်ပြပြီးတဲ့နောက် ကျွန်မတို့နှစ်ယောက်က ဆေးရုံရဲ့ဧည့်ခန်းမကိုဖြတ်ပြီး ဆေးရုံပန်းခြံထဲကို အတူလျှောက်လာတယ်။ ကျွန်မက သူ့ကိုဆေးရုံအဆောင်ဟောင်းကိုပြဖို့ စီစဥ်ထားတာ။

“ဆယ်ဗီ၊ ဘာကြောင့် ဒီနေရာမှာ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်နေတာလဲလို့ မင်းတွေးဖူးလား။”

“....” ကျွန်မသူ့ကို စကားနဲ့အဖြေမပေးဘဲ ခေါင်းခါပြလိုက်တယ်။ သူကတော့ လမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး

“ဆေးရုံဆိုတာက လူသားတွေရဲ့ဝမ်းနည်းပူဆွေးမှုတွေနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ပြည့်နှက်နေတတ်တဲ့နေရာပဲ။ ဒီလိုနေရာမျိုးမှာ အမှောင်စွမ်းအင်တွေက စုဝေးနေတတ်တယ်။ အမှောင်ထုထဲမှာ ကျက်စားတဲ့ သဘာဝလွန်အရာတွေအကြိုက်နေရာပေါ့။ အများစုကတော့ အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ဂလူတိုနီလိုကောင်မျိုးတွေကတော့ အန္တရာယ်များတယ်။”

“ဂလူတိုနီ...” သူအဲဒီဝေါဟာရကို ထပ်သုံးလိုက်ပြန်ပြီ။ ဒါပေမဲ့ ကျွန်မမှာနားမလည်တာ။ ဆရာဝန်တစ်ယောက်က သာမန်လူတစ်ယောက်ကို ရောဂါတွေရဲ့သိပ္ပံနာမည်တွေနဲ့ဖိသတ်နေသလိုမျိုး ခံစားရတယ်။

“ဂလူတိုနီဆိုတာက တခြားသဘာဝလွန်အရာတွေနဲ့ သက်ရှိတွေရဲ့ဝိညာဥ်ကို ဝါးမျိုတတ်တဲ့အရာတွေပဲ။ အစောပိုင်းမှာတော့ သူတို့က ဆိုးဆိုးဝါးဝါးအသေဆိုးနဲ့သေသွားတဲ့ မကျွတ်မလွတ်တဲ့ ဝိညာဥ်တွေပါပဲ။ ဒါပေမဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါ သူတို့ရဲ့မှတ်ဉာဏ်တွေအသိစိတ်တွေအားလုံးပျောက်သွားပြီး တခြားဝိညာဥ်တွေကို ဝါးမျိုဖို့ပဲသိတော့တဲ့ ဂလူတိုနီတစ်ကောင်ဖြစ်လာတယ်။”

သူ့ရှင်းပြချက်က အဓိပ္ပါယ်ရှိတယ်လို့ ကျွန်မထင်တယ်။ ဒီဆေးရုံကြီးက ၁၉ရာစုကတည်းက ရှိနေခဲ့တာလေ။ ဒါကြောင့်ဝါရင့်မကျွတ်မလွတ်တစ္ဆေတစ်ကောင်က သူပြောသလို ဂလူတိုနီဖြစ်သွားနိုင်တယ်။

“ဒါပေမဲ့ မင်းအဲဒီအရာကို ထင်ထင်ရှားရှားမြင်နိုင်တာ သိပ်ကိုထူးဆန်းတယ်။ ပုံမှန်အားဖြင့် ဂလူတိုနီတွေကို ပုံမှန်သဘာဝလွန်စွမ်းအားပိုင်ဆိုင်ထားသူတွေတောင် သေချာမြင်ရတာမဟုတ်ဘူး။ အများစုက သူတို့ကို ဝိုးတဝါးပုံရိပ်အနေနဲ့ပဲမြင်ရတာ။ မင်းအရင်တုန်းကရော သဘာဝလွန်အရာတွေကို မြင်ဖူးလား။”

ကျွန်မပြန်တွေးကြည့်ပေမဲ့ ဖြစ်ဖူးသလိုလို မဖြစ်ဖူးသလိုလိုပါပဲ။ ဒါပေမဲ့ ကျွန်မဘဝမှာ ခဏခဏ သရဲခြောက်ခံရဖူးမှန်း ပြန်စဥ်းစားမိပြီး...

“ကျွန်မခရီးသွားတိုင်း သရဲခြောက်ခံရတယ်ပြောလွန်းလို့ သူငယ်ချင်းတွေက သိပ်မခေါ်ချင်ကြဘူးလေ။”

“ကြည့်ရတာ မင်းမှာသဘာဝလွန်အရာတွေကို မြင်နိုင်တဲ့ ပင်ကိုယ်ဗီဇရှိပုံပဲ။”

သူက ကျွန်မကို သရဲမြင်နိုင်တဲ့သူလို့ ပြောလိုက်တာ။

“အား....” ကျွန်မတို့နှစ်ယောက် စကားပြောနေတုန်း ဆေးရုံဒုတိယထပ် ဘယ်တောင်ပံအခန်းတစ်ခန်းကနေ အော်သံထွက်လာတယ်။ နက်ဆန်က ပထမဆုံးတုံ့ပြန်သူ ဖြစ်ပြီးတော့ သူက ဆေးရုံထဲပြန်ဝင်ပြေးတယ်။ ကျွန်မလည်း နောက်ကနေလိုက်ရတာပေါ့။

ကျွန်မတို့ လူသူကင်းမဲ့နေတဲ့ ပြင်ပလူနာဆောင်ဌာနကို ပြန်ရောက်လာပြီးမကြာခင်မှာပဲ လူနာတစ်ယောက်ကို လက်ပေါင်းများစွာနဲ့ဖမ်းကိုင်ထားတဲ့ အရိပ်နက်တစ်ခုကို ကျွန်မမြင်လိုက်ရတယ်။ ခုမှသတိပြုမိတာက အဲဒီအရာမှာ ပါးစပ်တွေပဲ အများကြီးရှိတာမဟုတ်ဘူး လက်ကလည်း အများကြီးပဲ။

“ကောင်းရော... ဒီအကောင်က ဝိညာဥ်တော်တော်များများကို ဝါးမျိုပြီးသွားပြီပဲ။”

ကျွန်မဘေးမှာရှိနေတဲ့နက်ဆန်က သူ့ဝတ်ရုံအောက်က ပုဆိန်တစ်လက်ကိုဆွဲထုတ်လိုက်ပြီး အရိပ်နက်ကို လှမ်းပစ်ပေါက်တယ်။ အရိပ်က သာသာလေး တိမ်းရှောင်လိုက်နိုင်ပြီး ပုဆိန်က နံရံမှာဒီအတိုင်း စိုက်ဝင်သွားတယ်။ အရိပ်နက်ကတော့ လူနာကို ပွေ့ချီပြီး ပြတင်းပေါက်မှန်ကိုခွဲထွက်ကာ လူနာဆောင်ဟောင်းဆီကို ပြန်ဆုတ်ခွာသွားတယ်။

“နေမဝင်သေးတာ နာတယ်။” နက်ဆန်က မကျေမနပ်နဲ့ မေးတင်ရုံသာရှိနေသေးတဲ့ နေရာကိုကြည့်ပြီး ပြောလိုက်တယ်။

“ကျွန်မတို့ အဲဒီလူနာကို ကယ်မှဖြစ်မယ်။” ကျွန်မဒီလို ပြောလိုက်တော့ နက်ဆန်က ခေါင်းခါပြတယ်။

“အခုအချိန်မကျသေးဘူး။ နေလုံးဝဝင်သွားမှ အဲဒီနေရာကို ဝင်စီးလို့ရမှာ။” ဒါပေမဲ့ ကျွန်မနားမလည်နိုင်ဘူး။

“ဘာလို့လဲ... ကျွန်မကြားဖူးသလောက် တစ္ဆေသရဲတွေက ညဖက်ဆိုရင် ပိုအားကောင်းတယ်မဟုတ်လား။”

ကျွန်မခုလိုမေးလိုက်တော့ နက်ဆန်က ကျွန်မကို သေချာစိုက်ကြည့်ပြီး တစ်လုံးချင်းပြန်ဖြေလိုက်တယ်။

“ငါနဲ့ငါ့မိတ်ဆွေတွေအတွက်လည်း အတူတူပဲ။ ပြီးတော့ ဂလူတိုနီတွေရဲ့ခွန်အားက နေ့ဘက်ရော ညဖက်မှာပါ ကွာခြားချက်မရှိဘူး။ ဒါကြောင့်နေရှိနေသေးသမျှ ငါသူ့ကို အသာစီးမရနိုင်ဘူး။”

နက်ဆန်က ကျွန်မကို စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေမဲ့ ကျွန်မနားလည်နိုင်တဲ့ကိစ္စမျိုးတွေမဟုတ်ပါဘူး။ သူက နံရံမှာစိုက်ဝင်နေတဲ့ပုဆိန်ကို ပြန်ဖြုတ်ယူလိုက်ပြီး ဆေးရုံ ကုတင်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။

“ဆယ်ဗီ၊ မင်းရဲ့အလုပ်ချိန်က ပြီးသွားပြီလို့ ပြောတယ်မဟုတ်လား။ အိမ်ပြန်တော့လေ။ ဒီမှာဆက်နေရင် မင်းအတွက်အန္တရာယ်ရှိနိုင်တယ်။ မကြာခင် ဂလူတိုနီနဲ့ငါက တိုက်ရတော့မှာ။”

ဒါပေမဲ့ ကျွန်မက ခေါင်းခါလိုက်တယ်။ “ ပျောက်သွားတဲ့ လူတွေထဲမှာ ကျွန်မအပေါ်ကြင်နာပေးခဲ့တဲ့ လူတွေပါတယ်။ စီနီယာဟယ်လာက ပျောက်နေတာ ကြာပြီဆိုပေမဲ့ ဒီညနေဖြစ်သွားတဲ့အတိုင်းဆိုရင် ဒေါက်တာအမ်မရေနဲ့တခြားလူတွေပါ ပျောက်ကုန်တဲ့ပုံပဲ။ ဆေးရုံတစ်ခုလုံး ဒုက္ခရောက်နေချိန် ကျွန်မအိမ်ပြန်ပြီး နားမနေနိုင်ဘူး။”

ဆေးရုံတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူသူကင်းမဲ့နေတဲ့ ကိစ္စက ဂလူတိုနီလက်ချက်ဆိုတာ ကျွန်မနားလည်လာပြီ။ ညဆိုင်းဆရာမလည်းရောက်မလာသလို တခြားဝန်ထမ်းတွေလူနာတွေကိုလည်း မတွေ့ရဘူးဆိုတော့ တစ်ညနေတည်းမှာတင် အားလုံးပျောက်ကုန်ပြီဆိုတဲ့ အဓိပ္ပါယ်ပဲလေ။

နက်ဆန်က ကျွန်မကို ဖြတ်မြင်နိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြန်ပြီ...

“အခုညနေပိုင်းပျောက်သွားတဲ့သူတွေက အသက်ရှင်ကောင်း ရှင်နိုင်သေးပေမဲ့ ပျောက်နေတာ ကြာပြီဖြစ်တဲ့သူတွေအတွက်တော့ ငါအာမခံလို့မရဘူး။ ပြီးတော့ အဆုံးသတ်မှာ မင်းငါ့ကိုမုန်းမသွားဖို့ မျှော်လင့်ပါတယ်။”

All Chapters