← Chapters

အရိပ်တစ္ဆေ

Vol. 1 Ch. 13

အရိပ်တစ္ဆေ

Vol. 1 Ch. 13

“အချိန်ကျပြီ။”

နေလုံးဝ ဝင်သွားပြီးနောက်မှာတော့ ကျွန်မရှေ့မှာ ထိုင်နေတဲ့ နက်ဆန်က ထလိုက်ပြီးတော့ ဆေးရုံ ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်တယ်။ သူ့ရဲ့အပြာရောင်မျက်လုံးတွေက အဆောင်ဟောင်းဆီကို တည့်တည့်ကြည့်နေပြီး ကျွန်မကို ပြောလာတယ်။

“ဆယ်ဗီ၊ မင်းဒီအခန်းထဲမှာပဲနေခဲ့။ တခြားဘယ်ကိုမှ မသွားနဲ့။”

“ဒါပေမဲ့ အဲဒီအကောင်ကျွန်မဆီရောက်လာရင်ရော ဘယ်လိုလုပ်မလဲ။”

ကျွန်မက ကြောက်လွန်းလို့ပြောလိုက်တာမဟုတ်ဘဲ ဒါက အဓိကဖြစ်နိုင်ခြေတစ်ခုပါ။ နက်ဆန်က ခေါင်းညိတ်ပြီး

“ဂလူတိုနီက အခုလောက်ဆိုရင် သူဖမ်းထားတဲ့ သားကောင်တွေကို စားသောက်ဖို့အတွက် အဆောင်ဟောင်းထဲမှာ ဝင်ခိုနေလောက်ပြီ။ ဒါကြောင့် ဆေးရုံအဆောင်သစ်က လုံခြုံတယ်။ မင်းငါနဲ့ လိုက်ခဲ့မှသာ အန္တရာယ်များတာ။”

သူက ကျွန်မကို ဖျောင်းဖျလိုက်ပြီးတဲ့နောက် ပြတင်းပေါက်ကနေတစ်ဆင့် ခုန်ထွက်လိုက်ပြီး အဆောင်ဟောင်းဆီကို ပြေးသွားလိုက်တယ်။ ကျွန်မကတော့ ပြတင်းပေါက်ပေါ်ကိုလက်တင်ရင်း အဆောင်ဟောင်းဆီပြေးသွားတဲ့ သူ့ကိုစိုးရိမ်စွာနဲ့ ကြည်နေမိတယ်။

“ဒီလူ၊ အဲဒီအရိပ်မည်းကြီးကို မနိုင်ရင်ဘယ်လိုလုပ်မလဲ။”

သူ့ကြည့်ရတာ အတော်လေးသန်မာပုံပေါ်ပေမဲ့ နိုင်မနိုင်ဆိုတာက ပြောလို့ရတာမဟုတ်ဘူးလေ။ ဒါပေမဲ့ ကျွန်မစိတ်ထဲ မသေချာဖြစ်နေတုန်းမှာပဲ ပြေးလွှားနေတဲ့ သူ့ရဲ့အရိပ်တွေက လှုပ်ရှားလာပြီး အရိပ်ထဲကနေ လူသုံးယောက်ထွက်လာတာ မြင်လိုက်ရတယ်။ တကယ့်ကို မယုံနိုင်စရာပဲ။

ပထမဆုံးတစ်ယောက်က ဂန္တဝင်ဆန်ဆန် အိမ်စေဝတ်စုံ ကိုဝတ်ထားတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ဖြစ်ပြီး မျက်နှာက သွေးမရှိသလိုဖြူရော်နေတယ်။ တခြားနှစ်ယောက်က မင်္ဂလာဆောင်ဝတ်စုံတွေဝတ်ထားတဲ့ စုံတွဲဖြစ်ပြီး သူတို့ခန္ဓာကိုယ်တွေက တစ်စိတ်တစ်ပိုင်းထွင်းဖောက်မြင်နေရသလိုပဲ။

“မကောင်းဆိုးဝါးကိုအမဲလိုက်ဖို့လာခဲ့ပေမဲ့ ကိုယ်တိုင်က မကောင်းဆိုးဝါးလိုဖြစ်နေတာပဲ။” ကျွန်မ ကောက်ချက် ချလိုက်မိတယ်။ နောက်တော့ သူအဆောင်ဟောင်းထဲ ရောက်သွားပြီး တိုက်ခိုက်သံတွေ ထွက်ပေါ်လာတယ်။ တစ်ခါတရံမှာ အဆောင်ဟောင်းက ပြတင်းပေါက်မှန်တွေ ကွဲသွားတဲ့အသံတွေ ရုန်းရင်းဆန်ခတ်သံတွေကို ကြားရတယ်ဆိုပေမဲ့ အဆောင်ဟောင်းမှာ မီးမရှိတာကတစ်ကြောင်း ကျွန်မရှိနေတဲ့နေရာနဲ့ဝေးကွာနေတာက တစ်မျိုးမလို့ ဘာဖြစ်နေလဲ အသေးစိတ်ကျွန်မ မသိပါဘူး။

ရုတ်တရက်... ကျွန်မနောက်ကနေ တစ်စုံတစ်ခု ဖြတ်သွားတဲ့ ခံစားချက်ကို ရလိုက်တဲ့အတွက် နောက်ကို လှည့်ကြည့်လိုက်ပေမဲ့ ဘာမှရှိမနေပါဘူး။ ဒါပေမဲ့ ကျောချမ်းစရာကောင်းတဲ့ ခံစားချက်ကတော့ ပျောက်မသွား။ အခန်းတစ်ခုလုံးကို မြန်မြန်ဆန်ဆန်ပဲ စူးစမ်းကြည့်လိုက်တော့ အခန်းမျက်နှာကျက်ထောင့်မှာ ဇောက်ထိုးတွယ်ကပ်နေတဲ့ အရိပ်မည်းကြီးတစ်ခုကို ကျွန်မမြင်လိုက်ရတယ်။

“အောင်မလေး...” ကျွန်မလည်း လန့်ပြီးအော်လိုက်မိတယ်။ အရိပ်မည်းကြီးရဲ့တစ်ခုတည်းသော မျက်လုံးက ကျွန်မကိုကြည့်နေပြီး သူ့ရဲ့ပါးစပ်ပေါင်းများစွာက ဆာလောင်စိတ်အပြည့်နဲ့ သွားရည်တမြားမြားကျနေတယ်။ နောက်တော့ အဲဒီအကောင်ကြီးက ကျွန်မကိုခုန်အုပ်ဖို့လုပ်တယ်။

“ခေါင်းငုံလိုက်...” ရုတ်တရက်ကြားလိုက်ရတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံကြောင့် ကျွန်မလည်း အလိုလိုခေါင်းငုံလိုက်မိတယ်။ ငွေရောင်အလင်းတစ်ခု ကျွန်မခေါင်းပေါ်ကနေဖြတ်သွားတာ မြင်လိုက်ရတယ်။ အဲဒီအလင်းက အရိပ်မည်းနဲ့ထိမိပြီးတဲ့နောက် အရိပ်မည်းက တစ်စစီဖြစ်သွားပြီး ဖြည်းဖြည်းချင်း ပြာမှုန်တွေအဖြစ်ပြောင်းလဲပျောက်ကွယ်သွားတယ်။

“.....” ကျွန်မ အသံလာရာနဲ့အလင်းရဲ့ရင်းမြစ်ကို ကြည့်လိုက်တော့ တစ်ကိုယ်လုံးချွေးတွေရွှဲနစ်နေပြီး ဧရာမတံစဥ်ရှည်ကြီးကိုကိုင်ထားတဲ့ နက်ဆန်ကို တွေ့လိုက်ရပြန်တယ်။ သူ့ကြည့်ရတာ တော်တော် မောဟိုက်နေသလိုပဲ။ ကျွန်မသူ့ကို တစ်ခုခုမေးဖို့ စဥ်းစားလိုက်ပေမဲ့ သူလက်ထဲက တံစဥ်ရှည်ကြီးအလိုလိုပျောက်သွားပြီး အရိပ်တစ်ခုက ဆေးရုံဟောင်းဆီ ဦးတည်သွားတာ မြင်လိုက်ရတယ်။ နောက်တော့ ကျွန်မမမေးလိုက်ရသေးခင်မှာပဲ စပြောလိုက်တယ်။

“ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ဂလူတိုနီနှစ်ကောင် ရှိနေရတာလဲ။ လုံးဝသာမန်မဟုတ်ဘူး။”

ကျွန်မအဖြေကိုရလိုက်တယ်။ နက်ဆန်က အဆောင်ဟောင်းထဲမှာ ဂလူတိုနီတစ်ကောင်နဲ့ အမှန်တကယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျွန်မကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တာက တခြားတစ်ကောင်ပါ။

“ဒီ... ဒီဆေးရုံမှာ နောက်ထပ်ဂလူတိုနီတွေ ရှိနေတာလား။” ကျွန်မမရဲတရဲမေးလိုက်တော့...

“အဲဒါက ပုံမှန်ဆိုရင်မဖြစ်နိုင်ဘူး။ ဂလူတိုနီတွေက အသိုက်ဖွဲ့နေတတ်တဲ့ အမျိုးအစားမဟုတ်ဘူး။ အမြဲ ငတ်မွတ်နေတဲ့ကောင်တွေမလို့ အဆာအတွက် အချင်းချင်းတိုက်ခိုက်နေမှာပဲ။ အချင်းချင်းဝါးမျိုပစ်တာမျိုးတောင် ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ ဒီနေရာမှာက အဲဒီလိုလက္ခဏာမျိုးရှိမနေဘူး။”

နက်ဆန်က ဆေးရုံအဆောင်သစ်ကိုပါ သံသယတွေနဲ့ လိုက်ပတ်ကြည့်တယ်။ ခဏနေတော့ အိမ်စေဝတ်စုံနဲ့ အမျိုးသမီးက နက်ဆန်အနားပြန်ရောက်လာပြီး ဦးညွှတ် ပါတယ်။

“သခင်၊ ကျွန်မတို့ အဆောင်ဟောင်းထဲမှာ ပုံမှန်မဟုတ်တာ တစ်ခုတွေ့ထားတယ်။ သခင်ကြည့်ဖို့ လိုလိမ့်မယ်ထင်တယ်။”

နောက်တော့ နက်ဆန်က ကျွန်မလက်ကို ဖမ်းဆွဲလိုက်တယ်။ “ကြည့်ရတာ ဒီဆေးရုံမှာ လုံခြုံတဲ့နေရာ မရှိတဲ့ပုံပဲ။ ငါ့နဲ့ကပ်ပြီးလိုက်ခဲ့။”

ရွယ်တူအမျိုးသားက လက်ကိုကိုင်ထားတဲ့အတွက် သက်သောင့်သက်သာမခံစားရပေမဲ့ ကျွန်မကိုယ်တိုင် ပိုကောင်းတဲ့နည်းလမ်းကို မတွေးမိဘူး။ သူ့အနားမှာ ရှိနေတာကမှ ပိုလုံခြုံဦးမယ်ဆိုတာ ကျွန်မသိနေတယ်။

သူက ကျွန်မကို အဆောင်ဟောင်းဆီ အတူခေါ်သွားတယ်။ အဆောင်ဟောင်းထဲကို ဝင်လိုက်တဲ့အချိန်မှာပဲ ရွံစရာကောင်းလောက်အောင် ပြင်းထန်တဲ့မှိုနံကို ကျွန်မရှုရှိုက်လိုက်မိတယ်။ မရှင်းဘဲ အနှစ်နှစ်အလအလပစ်ထားလို့ စုပုံနေတဲ့အမှိုက်တွေ ကြမ်းပြင်မှာရှိနေပြီး နေရာတိုင်းမှာ ပင့်ကူမျှင်တွေနဲ့ ဖုန်တွေတက်နေတာ မြင်နိုင်တယ်။

ကျွန်မအဆောင်ဟောင်းရဲ့လူနာအခန်းတစ်ခန်းထဲကို ကဲကြည့်လိုက်တော့ ပျောက်နေတဲ့ လူနာတွေထဲက တချို့ကို စုပုံပစ်ထားတာ တွေ့လိုက်ရတယ်။ အားလုံးက မျက်လုံးအကြောင်သားတွေနဲ့ဖြစ်ပြီး ပါးစပ်ထဲကနေ အမြုပ်တစီစီထွက်နေကြတယ်။

“ဂလူတိုနီတွေရဲ့သွားမှာ အဆိပ်ရှိတယ်။ အဲဒီအဆိပ်က လူတွေကိုယ်ထဲရောက်တာနဲ့ ထင်ယောင်ထင်မှား အိပ်မက်ဆိုးတွေမက်စေတယ်။ အဲဒီအိပ်မက်ဆိုးတွေက သာမန်လူတွေဦးနောက်နဲ့ ဘယ်လိုမှနားလည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် လူသားဦးနောက်ကို ထိခိုက်စေတဲ့ ဘေးထွက်ဆိုးကျိုးရှိတယ်။”

သူက ဒါကြောင့်ပျောက်သွားတာ ကြာပြီဖြစ်တဲ့ လူတွေကို တာဝန်မယူနိုင်ဘူးလို့ ပြောခဲ့တာကိုး။ အစားမခံရရင်တောင်မှ အိပ်မက်ဆိုးအဆိပ်ကြောင့် အားလုံးရူးကုန်မှာပဲ။ ကျွန်မသူ့နောက်ကို လိုက်လာရင်း တစ်နေရာရောက်တော့ လေဒီရှုးအနီလေးတစ်ဖက် ကြမ်းပြင်ပေါ်ကျနေတာတွေ့တာနဲ့ လျှောက်နေတာကို ရပ်လိုက်မိတယ်။

ဒီလေဒီရှုးကို ကျွန်မ ရင်းရင်းနီးနီးကြီးကို မြင်ဖူးတယ်။ တခြားလူတစ်ယောက်ပိုင်ဆိုင်တာမဟုတ်ဘဲ စနီယာ ဟယ်လာရဲ့ဖိနပ်ပါ။ ဖိနပ်က ဆေးရုံခန်းတစ်ခန်းရှေ့မှာ ကျနေတာဖြစ်ပြီး တခြားလူတွေလိုပဲ အဖမ်းခံထားရတာ ဖြစ်နိုင်တယ်လို့ ကျွန်မတွေးမိတာနဲ့ တံခါးကိုဖွင့်လိုက်တယ်။

ဒါပေမဲ့...

ဆေးရုံခန်းထဲက နံရံတွေမှာ ခြောက်ကပ်နေတဲ့ သွေးကွက်တွေစွန်းထင်းနေပြီး သူနာပြုယူနီဖောင်း အဝတ်အစားအစုတ်အပြဲတွေ ရှိနေတာကို မြင်ရရုံအပြင် စီနီယာဟယ်လာကို မတွေ့ရတော့ဘူး။

“မဟုတ်တာ... အဲဒီလိုမဖြစ်ရဘူးလေ။” ကျွန်မမျက်လုံးက မြေပြင်မှာကျနေတဲ့ နာမည်ကတ်ပြားလေးတစ်ခုကိုမြင်လိုက်ရပြီး ကောက်ယူလိုက်တယ်။ ခြောက်ကပ်နေပြီဖြစ်တဲ့ သွေးစက်တွေစွန်းထင်းနေတဲ့ စီနီယာဟယ်လာရဲ့နာမည်ကတ်ပြားပါ။

“ဒီအခန်းထဲက လူတွေကို အဲဒီကောင်က စားပြီးသွားပြီ။ မင်းရဲ့မိတ်ဆွေအတွက် စိတ်မကောင်းပါဘူး။”

ကျွန်မသူ့ကို လှည့်ကြည့်လိုက်မိတယ်။ ကျွန်မ မငိုဖို့ ကြိုးစားနေပေမဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာပါတယ်။

“ရှင့်မှာ သူ့ကိုကူညီဖို့ နည်းလမ်းမရှိဘူးလား။” ကျွန်မစိတ်ထဲက မဖြစ်နိုင်ဘူးဆိုတာ သိနေပေမဲ့ ဒီစွမ်းအားကြီးတဲ့လူဆီမှာ အဖြေတစ်ခုခုရှိနေမလားဆိုပြီး မေးလိုက်မိတယ်။

“ခန္ဓာကိုယ်ရောဝိညာဥ်ပါ ဝါးမျိုခံလိုက်ရတဲ့ လူကို ဘယ်နည်းနဲ့မှ ကူညီပေးလို့မရတော့တာ နားလည်ပေးပါ။”

သူက ကျွန်မကို အကြည့်လွှဲလိုက်တယ်။ သူ့မျက်လုံးတွေထဲက အပြစ်ရှိသလိုခံစားနေရတဲ့ အရိပ်အယောင်တွေကို ကျွန်မမြင်လိုက်ရတယ်။

“စိတ်မကောင်းမဖြစ်ပါနဲ့သခင်၊ လူသားတွေက သခင့်ကို ဘာမဆိုလုပ်နိုင်တယ်လို့ မျှော်မှန်းကြတာ ပုံမှန်ပါပဲ။ ဆက်သွားရအောင်။”

အိမ်စေက ကျွန်မကို မျက်စောင်းထိုးကြည့်လိုက်ပြီး သူ့သခင်ကို နှစ်သိမ့်ပေးလိုက်တယ်။ ကျွန်မလည်း ဘာမှမပြောတော့ဘဲ နောက်ကနေ ကပ်လိုက်လာခဲ့တယ်။

“ရှင်ဒီနေရာက ဂလူတိုနီကိုလည်း ရှင်းပြီးသွားပြီလား။”

သူက စကားနဲ့ပြန်မဖြေဘဲ ခေါင်းသာညိတ်ပြတယ်။ သူပြောတဲ့အတိုင်းသာမှန်ရင် ဂလူတိုနီတွေက အသိုက်ဖွဲ့ မနေတတ်တာမလို့ ရှားရှားပါးပါး နှစ်ကောင်တည်းပဲရှိနေတာဖြစ်နိုင်ပြီး ကျွန်မတို့တွေ အန္တရာယ်ကင်းသွားတာလည်း ဖြစ်နိုင်တာပဲလို့ တွေးမိတယ်။

မကြာခင်မှာပဲ ကျွန်မတို့တွေ အိမ်စေပြောတဲ့ မူမမှန်တဲ့ အခန်းဆီကိုရောက်လာတယ်။ အခန်းတံခါးကို ဖွင့်တာနဲ့ အပုပ်နံက ထောင်းခနဲထွက်လာတာမလို့ ကျွန်မနှာခေါင်းကို လက်နဲ့ကာလိုက်မိတယ်။ အခန်းရဲ့အလယ်မှာ အသုဘခေါင်းတွေမှာသုံးတဲ့ သံရှည်တစ်ချောင်းကို ရိုက်သွင်းထားပြီး သံရှည်ကိုဗဟိုပြုကာ မြေဖြူနဲ့စက်ဝိုင်းဝိုင်းထားတယ်။ ပြီးတော့ ကျွန်မ နားမလည်နိုင်တဲ့ဘာသာစကားနဲ့ ရေးထားတဲ့စာတွေလည်း ရှိနေသေးတယ်။ အခန်းရဲ့ ထောင့်တစ်ထောင့်ချင်းစီမှာတော့ ပုပ်ပွနေတဲ့ ခွေးသေကောင် တစ်ကောင်စီရှိနေတယ်။

“ဒါက ဘာကြီးလဲ...” ကျွန်မ နားမလည်နိုင်တော့ဘူး။ နက်ဆန်ကတော့ သူ့ဝတ်ရုံရှည်ထဲကနေ မှတ်စုစာအုပ် အဟောင်းတစ်အုပ်ကိုဆွဲထုတ်လိုက်ပြီး စာရွက်တွေကို တစ်ရွက်ချင်းလှန်ကို တစ်ခုခုကိုလိုက်ရှာနေပုံပဲ။ နောက်တော့ သူက ရပ်လိုက်ပြီး စာရွက်ပေါ်က ပုံတစ်ပုံနဲ့ ကျွန်မတို့ရှေ့က ထူးဆန်းတဲ့အခင်းအကျင်းကို တိုက်စစ်လိုက်တယ်။

“အဖိုးရဲ့မှတ်စုအရဆိုရင် အမှောင်ကျောင်းတော်ရဲ့တစ္ဆေသန္ဓေသားအစီအရင်ပဲ။ အနီးအနားက အမှောင်စွမ်းအင်တွေကိုစုစည်းပြီး ဆိုးယုတ်တဲ့အရာတွေကို မွေးဖွားစေတဲ့အရာ။ ဒီဆေးရုံက နဂိုကတည်းက နေရာသန့်တာမဟုတ်ဘူး။ ဒီနေရာမှာ ဒီအစီအရင်ကို စီရင်လိုက်ရင် ပိုဆိုးတာတွေပဲ ဖြစ်လာလိမ့်မယ်။ ဂလူတိုနီနှစ်ကောင်ရှိနေတာ မထူးဆန်းတော့ပါဘူး။”

အဲဒီနောက်တော့ သူက လက်ကိုဖြန့်လိုက်တယ်။ မော်လီက ဦးညွှတ်လိုက်ပြီး အရိပ်တစ်ခုအဖြစ် ပြောင်းသွားတယ်။ ခဏနေတော့ နက်ဆန်ရဲ့လက်ထဲမှာ တံစဥ်ရှည်ကြီးပေါ်လာပြီ။ သူက တံစဥ်ကြီးကိုသုံးပြီး သံမှိုကို နှစ်ပိုင်းဖြတ်ချလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ဆေးရုံရဲ့မွန်းကျပ်စရာလေထုက အနည်းငယ် ပြေလျော့သွားသလို ခံစားမိလိုက်တယ်။ ဒါပေမဲ့ နက်ဆန်က အငြိမ်မနေသေးဘဲ တံစဥ်ကို လက်လွှတ်လိုက်တယ်။ တံစဥ်က အိမ်စေပြန်ဖြစ်သွားပြီး လက်ထဲမှာ ထူးဆန်းတဲ့ အပြာရောင်မီးတောက်ရှိနေတဲ့ မီးအိမ်ကို ကိုင်ထားပါတယ်။

“မော်လီ၊ အစီအရင်ကတော့ပျက်သွားပြီ။ ဒါပေမဲ့ ဆေးရုံထဲမှာ တခြားဂလူတိုနီတွေ ရှိနေနိုင်သေးတယ်။ တစ္ဆေမီးအိမ်ကို မြင့်မြင့်မြှောက်ထား။”

“အမိန့်အတိုင်းပါ။” နောက်တော့ မော်လီလို့ခေါ်တဲ့ အိမ်စေက ဆေးရုံအဆောင်ဟောင်းကနေ ထွက်သွားပြီး ကျွန်မတို့ဆေးရုံရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့ အဆောင်သစ် ခေါင်မိုးပေါ်ကို ခုန်တက်သွားတယ်။ ပြီးတဲ့နောက်တော့ လက်ထဲက မီးအိမ်ကိုမြင့်မြင့်မြှောက်လိုက်ပြီး သဘာဝ မဆန်စွာနဲ့ အပြာရောင်မီးရောင်က ဆေးရုံဧရိယာတစ်ခု လုံးကို အလင်းရောင်ပေးနေတယ်။ မကြာခင်မှာပဲ ကျွန်မ အရင်ကမမြင်ရတဲ့ အရာတွေကိုမြင်လိုက်ရပြီး ဆေးရုံဝင်းထဲမှာ ကျွန်မတို့မသိအောင် ပုန်းကွယ်နေတဲ့ ဂလူတိုနီတွေဖြစ်မှန်း သိလိုက်ရပါတယ်။

“သရဲသတို့သားနဲ့သတို့သမီး၊ ဆေးရုံကို ရှင်းလင်းပေးလိုက်။”

သူ့အမိန့်ရတာနဲ့ မင်္ဂလာစုံဝတ်စုံနဲ့စုံတွေက သူ့အနားကနေ ထွက်သွားပြီး သတ်ဖြတ်ပွဲကြီးကို စတင်တော့တာပဲ။ မကြာခင်မှာပဲ ကိစ္စပြီးသွားပြီး သူတို့သုံးယောက်လုံး ပြန်လာကြတယ်။

“သခင်၊ အမှောင်ကျောင်းတော်ရဲ့အစီအရင်တစ်ခုကို လုပ်နိုင်တဲ့သူက အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင်ပဲ ဖြစ်လိမ့်မယ်လို့ကျွန်မထင်ပါတယ်။ ဒီကိစ္စကို ဒီအတိုင်း မထားသင့်ပါဘူး။”

“ငါသိတယ်...” အိမ်စေနဲ့နက်ဆန်က ကျွန်မနားမလည်နိုင်တဲ့ ကိစ္စတွေကို တိုင်ပင်နေပြန်ပြီ။ နောက်တော့ နက်ဆန်က ကျွန်မကိုလှည့်ကြည့်ပြီး...

“ဒီအစီအရင်က ဒီနေရာမှာ လနဲ့ချီပြီးကြိုပြင်ဆင်ရတာမလို့ အစီအရင်ကို ဖန်တီးတဲ့သူက ဆေးရုံအတွင်းလူပဲ ဖြစ်လိမ့်မယ်။ ပျောက်နေတဲ့လူတွေထဲမှာ ငါတို့ပြန်မတွေ့တဲ့လူရှိလား။”

သူမေးလိုက်တော့ ကျွန်မပြန်တွေ့ထားတဲ့လူတွေကို လိုက်စစ်ကြည့်ပြီးပြန်ဖြေလိုက်တယ်။ “ကျွန်မ ဒေါက်တာအမ်မရေကို မတွေ့ဘူး။”

ဒါက တကယ်ပဲထူးဆန်းတယ်။ သူနဲ့အတူတူ ပျောက်သွားတဲ့သူတွေက ဘာမှမဖြစ်ပေမဲ့ သူက ပျောက်နေပြီး အစားခံရတဲ့လက္ခဏာလည်းမရှိဘူး။

“ကြည့်ရတာ တရားခံက ထွက်ပြေးသွားပုံပဲ။”

နောက်တော့ နက်ဆန်က ကျွန်မကို ပခုံးပုတ်လိုက်ပြီး “နေမထွက်ခင် ငါပြန်တော့မယ်။ ဒီလူတွေအားလုံး တဖြည်းဖြည်းပြန်ကောင်းသွားမှာပါ။ မင်းလည်း အိမ်ပြန်သင့်ပြီ။ ကျန်တာကို အာဏာပိုင်တွေလက်ထဲပဲ အပ်လိုက်ပါ။” အဲဒီနောက်တော့ သူက ကျွန်မကို ကျောခိုင်းပြီး ဆေးရုံဝင်းထဲကနေ ထွက်ခွာသွားပါတယ်။

...

နောက်တစ်နေ့မနက်။ ကျွန်မတို့ဆေးရုံတစ်ခုလုံး အလုပ်ရှုပ်နေခဲ့တယ်။ ရဲတွေလည်းရောက်လာပြီး အမှုဖြစ်ခဲ့တဲ့ ဆေးရုံအဆောင်ဟောင်းကို စစ်ဆေးနေကြတယ်။ ကျွန်မကိုလည်း သူတို့လာစစ်မေးပြီး ကျွန်မက အမှန်အတိုင်းပြောခဲ့ပေမဲ့ သူတို့က ယုံပုံမရပါဘူး။ ဒါပေမဲ့ ဒေါက်တာအမ်မရေကို သံသယတရားခံအဖြစ်အတည်ပြုခဲ့ကြပြီး လိုက်စုံစမ်းနေကြတယ်။ သတင်းစာထဲမှာလည်း ဒီကိစ္စပါလာပြီး သတင်းသမားတွေက သဘာဝလွန်ကိစ္စတွေကို ထည့်မရေးခဲ့ကြပေမဲ့ ဒေါက်တာအမ်မရေကို ဆေးရုံမှာဖြစ်ခဲ့တဲ့ ကွင်းဆက် လူသတ်မှုတွေရဲ့တရားခံဖြစ်နိုင်သူအဖြစ် ဖော်ပြကြတယ်။ ကျွန်မကတော့...

“ဒါကြောင့်သူက ပျောက်နေတဲ့သူတွေကို သေချာ လိုက်မရှာတာလား။”လို့ပဲ တွေးလိုက်မိပါတယ်။

ဒီကိစ္စပြီးတဲ့နောက်ပိုင်းတော့ ဆေးရုံက ပုံမှန်ပြန် လည်ပတ်နေပြီး သဘာဝလွန်ဖြစ်ရပ်မရှိတော့သလို လူပျောက်တာတွေလည်းမရှိတော့ဘူး။ စီနီယာဟယ်လာ ဆုံးပါးသွားလို့ တိတ်ဆိတ်သွားတယ်ဆိုရုံလေးပဲ။ ဟိုထူးဆန်းတဲ့ လူငယ်လေးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျွန်မ ဆေးရုံကနေ တရားဝင်သူနာပြုလက်မှတ်ရတဲ့အထိ ဘာမှမထူးခြားခဲ့ဘူး။

“ကံမကုန်ရင်တော့ ပြန်တွေ့ရင်တွေ့မှာပါ။” ဒီလောက်ပဲ ကျွန်မမျှော်လင့်လို့ရခဲ့တယ်။

All Chapters