← Chapters

ဖုတ်ကောင်ဘုရင်မ (A)

Vol. 1 Ch. 8

ဖုတ်ကောင်ဘုရင်မ (A)

Vol. 1 Ch. 8

ကျွန်မဗင်းဆင့်အိမ်တော်မှာ အလုပ်လုပ်နေတာ နှစ်နှစ်ဆယ်ကျော် သုံးဆယ်နီးပါးရှိပါပြီ။ လောင်းကစားကြောင့် ဘဝပျက်သွားတဲ့ ကျွန်မမိဘတွေက ကျွန်မကိုဆက်ပြီးမစောင့်ရှောက်နိုင်တော့တာမလို့ သူတို့ရဲ့မိတ်ဆွေရင်းဖြစ်သူ ဖွန်တီနာမြို့ရဲ့လူကြီးလူကောင်း လောဟန့် ဗင်းဆင့်ဆီမှာ ကျွန်မကိုအပ်ထားကတည်းကပါပဲ။

“သမီးလေး၊ ဗင်းဆင့်အိမ်တော်မှာနေရင် မစပ်စုနဲ့။ ခိုင်းတာကိုလုပ် ကျွေးတာကိုစား။ အန်ကယ်လောဟန့်က ယုံကြည်ရပြီး သိက္ခာရှိတဲ့သူပါ။”

ကျွန်မအဖေက ကျွန်မကိုမထားခဲ့ခင် အဲဒီလိုပြောပြီး ထွက်သွားခဲ့တယ်။ အဖေ ကျွန်မကိုထားခဲ့တဲ့အတွက် တစ်ခါမှအပြစ်မမြင်ခဲ့မိဘူး။ အဖေက ပျော်ပျော်နေတတ်တဲ့ လူလွတ်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်တဲ့ ကျွန်မကို မမျှော်လင့်ဘဲနဲ့ရလာခဲ့တာပါ။ ကျွန်မကိုကိုယ်ဝန်စရှိတော့ အမေနဲ့လက်ထပ်ဖို့တောင် သူစိတ်ကူးခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မရှိလာပြီဆိုတာနဲ့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့တယ်။

လောင်းကစားအလုပ်တွေကိုရပ်ပစ်ပြီး ခင်ပွန်းကောင်းတစ်ယောက်လိုနေဖို့ ကြိုးစားခဲ့တယ်ဆိုပေမဲ့ အရင်ကတည်းက တင်နေတဲ့ အကြွေးတွေကို မဆပ်နိုင်တော့တာကြောင့် အမေက အဖေနဲ့ကျွန်မကို ထားရစ်ခဲ့တယ်။ ဒါပေမဲ့ အဖေက အလျှော့မပေးဘဲ ကျွန်မကို သူ့အနားမှာဆက်ထားဖို့ ကြိုးစားခဲ့သေးတယ်။ ကျောင်းကို မရရအောင်ထားပေးပေမဲ့ အန္တရာယ်များတဲ့အကြွေးရှင်တွေ လိုက်လာချိန်မှာတော့ ကျွန်မကိုထားရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။

“တစ်နေ့သမီးကို ပြန်လာခေါ်နိုင်မယ်လို့ အဖေယုံတယ်။ ဒီမတိုင်ခင်တော့ ဒီမှာပဲနေခဲ့ပါ။”

အဲဒီနောက်တော့ အဖေက ဗင်းဆင့်အိမ်တော်က အန်ကယ်လောဟန့်ကို နှုတ်ဆက်ပြီးထွက်သွားတော့တာပဲ။ ဒါပေမဲ့ ကျွန်မကလေးဘဝကျော်လို့ နှစ်ဆယ်ကျော်လာတဲ့ အချိန်အထိ အဖေပြန်မလာခဲ့ပါဘူး။

လောဟန့်အိမ်တော်က ဖွန်တီနာမြို့ရဲ့ကမ်းခြေက ကုန်းမြင့်တစ်နေရာမှာရှိတယ်။ သစ်သားဗီလာအိမ်ကြီးဖြစ်ပြီး နှစ်ထပ်ပါ။ စံအိမ်ထဲမှာ သော့ခတ်ထားပြီး ကျွန်မကိုအနားပေးမကပ်တဲ့ အခန်းတွေရှိတယ်။

တစ်ခါက ဒုတိယထပ်မှာရှိတဲ့ အမြဲလိုလိုသော့ခတ်ထားတဲ့ စတိုခန်းတစ်ခု တံခါးသော့ပွင့်နေလို့ အထဲကိုကဲကြည့်မိတော့ ရှေးဟောင်းပစ္စည်းတွေလို့ထင်ရတဲ့ အရာအများစုကို ကျွန်မမြင်ဖူးတယ်။ အထူးခြားဆုံးပစ္စည်းတချို့က ပြုံးနေဟန်နဲ့ ရွှေရောင်မျက်နှာဖုံး၊ လူသားမျက်နှာနဲ့စာအုပ်၊ အနီရောင်ကျောက်မျက်ကို လက်ကိုင်မှာမြုပ်ထားတဲ့ ဓားတို့ပါ။ အခန်းထဲကို ကဲကြည့်မိပြီးနောက် ကျွန်မခေါင်းထဲမှာမိုက်ခနဲ ဖြစ်သွားပြီး အခန်းအဆုံးကစာအုပ်ဆီ တည့်တည့် လျှောက်သွားမိပေမဲ့ ဘယ်အချိန်တည်းက ရောက်နေမှန်းမသိတဲ့ အန်ကယ်လောဟန်က ကျွန်မပခုံးကိုဆုပ်ကိုင်ပြီး သတိဝင်အောင် လုပ်ပေးခဲ့တယ်။

“ဒီနေရာက အန္တရာယ်များတယ်၊ ဘယ်တော့မှ မလာနဲ့။” လို့သူမှာပြီး ကျွန်မကို အောက်ထပ်ပြန်ခေါ်သွားတော့တာပဲ။

အိမ်မှာနေတဲ့ မိသားစုဝင် လေးယောက်ရှိပြီး အန်ကယ်လောဟန့်နဲသူ့သားသမီး သုံးယောက်နေကြပါတယ်။

အကြီးဆုံးက လောဟန့်ဂျူနီယာဖြစ်ပြီး အပျော်အပါးလိုက်စားတဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပါ။ အလတ်မ ပီချူနီးယားကတော့ အလှကြိုက်ပြီး ကောင်လေးတွေနဲ့အမြဲအပြင်ကို ထွက်လည်လေ့ရှိတယ်။ အငယ်ဆုံးကတော့ ရိုဝင်လို့ခေါ်ပြီး ကြင်နာတတ်တဲ့ သခင်လေးပေါ့။ ရိုဝင်က အများအားဖြင့်လိမ္မာတတ်ပေမဲ့ ညရောက်တိုင်းမှာ အိမ်ကနေ ခိုးခိုးထွက်တတ်တယ်။ မနက်မိုးမလင်းခင်ပြန်လာတတ်ပြီး ခိုးထွက်နေတာကို သခင်ကြီးမသိအောင် ဖုံးပေးထားတဲ့ကျွန်မအတွက် မုန့်မျိုးစုံဝယ်လာတတ်သူပေါ့။

“သခင်လေး၊ ညတိုင်းဘာလို့ ခုလိုခိုးခိုးထွက်နေတာလဲ။” တစ်ညတော့ ကျွန်မသူ့ကို မေးဖြစ်တယ်။

သူက ခိုးထွက်တိုင်း လွယ်အိတ်ကြီးတစ်လုံး ပါသွားတတ်ပြီး ထူးဆန်းတဲ့ရှေးမီးအိမ်တစ်လုံးနဲ့ ငွေဓားမြှောင်တစ်လက်ကိုလည်း ဆောင်ထားတတ်သူပါ။

“ဟဲဟဲ... ကောင်မလေးနဲ့ချိန်းတွေ့နေတာလေ။ ရော့၊ ဒီမှာ သဘောကောင်းတဲ့မင်းလေးအတွက် ချောကလက်ကိတ်။”

သခင်လေးရိုဝင်မှာ ခပ်ကောက်ကောက်ဆံပင်နက်တွေ ရှိပြီးတော့ မျက်လုံးကတော့ မီးခိုးရောင်ပါ။ အရပ်က မနိမ့်လွန်းမမြင့်လွန်း၊ ပိန်ပါးပြီး သွက်လက်တယ်။ ပုံစံက ညကောင်းကင်နဲ့တစ်သားတည်းဖြစ်နေသလိုပဲ။ ကျွန်မ သူ့ကိုရင်ခုန်ဖူးလားလို့မေးရင် ဖြစ်ဖူးတယ်လို့ပြောရမှာပဲ။

ဒါပေမဲ့ သခင်လေးရိုဝင်မှာ ချစ်သူရှိတာ ကျွန်မသိနေပြီး ဘဝတွေက အဆင့်ချင်းမတူမှန်းသိထားတာမလို့ သူ့ကို ကျွန်မမချဥ်းကပ်ဖြစ်ခဲ့ဘူး။ ဒီလိုနဲ့တစ်နေ့တော့ သခင်ရိုဝင်က ကောင်မလေးတစ်ယောက်လက်ကိုဆွဲပြီး အိမ်ရောက်လာခဲ့တယ်။ အန်ကယ်လောဟန်ကတော့ တကယ့်ကိုဒေါသထွက်နေတာ။

“အဖေ... ကိစ္စတွေက ဖြစ်ပြီးပြီမလို့ ပြန်ပြင်လို့မရတော့ဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ကူညီပေးပါ။”

ကျွန်မလည်း မိန်းမသားတစ်ယောက်မလို့ သခင်လေး ရိုဝင်က မိန်းမခိုးပြေးလာမှန်းသိတယ်။ ပြီးတော့ မိန်းကလေးက ရွှေရောင်ဆံပင်အပြာရောင်မျက်လုံးတွေနဲ့ဖြစ်ပြီး အတော်လေးလှတယ်လို့ပြောရမယ်။ ပြီးတော့ နည်းနည်းရှေ့ကိုထွက်နေတဲ့ ဝမ်းပေါ်လက်တင်ထားတယ်။

“သခင်လေးတို့က ဒီအဆင့်ရောက်နေပြီလား။”လို့ ကျွန်မတွေးမိလိုက်တယ်။ အန်ကယ်လောဟန်ကတော့ သက်ပြင်းချပြီး...

“မင်းတို့ကို ငါ့အိမ်မှာခေါ်ထားလို့မဖြစ်ဘူး။ သူတို့တွေ ချက်ချင်းသိသွားလိမ့်မယ်။ မင်းတို့ကို တခြားမှာနေဖို့ စီစဥ်ပေးမယ်။”

သူက အဲဒီလိုပြောလိုက်ပြီး သခင်လေးတို့စုံတွဲကို ကျွန်မ မသိနိုင်တဲ့နေရာဆီ စေလွှတ်ခဲ့ပါတယ်။ လပေါင်းများစွာ ကြာတဲ့အထိ သခင်လေးရိုဝင်ရဲ့သတင်းကို မကြားရတော့ဘူး။ ဒါပေမဲ့ တစ်ညမှာတော့ သခင်လေးရိုဝင် အိမ်ရှေ့လှေကားထစ်မှာ လဲနေတာကို ကျွန်မအရင်ဆုံးတွေ့ခဲ့တာပဲ။ လက်ထဲမှာလည်း ကလေးတစ်ယောက်...

“သခင်ကြီးရေ... လုပ်ပါဦး၊ သခင်လေးဘာဖြစ်လာတယ်မသိဘူး။”

ကျွန်မလည်း သခင်ကြီးလောဟန်ကို ပြေးခေါ်ဖြစ်ခဲ့တယ်။ သခင်ကြီးလောဟန်နဲ့ သခင်လေးတို့က စကားအတော်ပြောဖြစ်ကြပြီး သခင်လေးက သူမသေခင် ကလေးကို သခင်ကြီးလက်ထဲ ထည့်ပေးခဲ့တယ်။ ကျွန်မအနေနဲ့ ဘာကိုမှနားမလည်နိုင်ခဲ့ပေမဲ့ သခင်လေးတစ်ယောက် ဆိုးဝါးလွန်းတဲ့ကံကြမ္မာနဲ့ ကြုံခဲ့ရမှန်းတောင် ကျွန်မသိပါတယ်။

“မော်လီ၊ ဒီနေ့ကစပြီး သူက မင်းစောင့်ရှောက်ရမယ့် သခင်လေးပဲ။ သူ့နာမည်က နက်ဆန်တဲ့။”

မကြာခင်မှာပဲ အန်ကယ်လောဟန့်က ကျွန်မကိုတာဝန်တစ်ခုပေးလာတယ်။ သခင်လေးရိုဝင်ရဲ့သား သခင်လေးနက်ဆန်ကို စောင့်ရှောက်ဖို့ပါ။ သခင်လေးနက်ဆန်မှာလည်း သခင်လေးရိုဝင်လိုပဲ အနက်ရောင်ဆံပင်တွေရှိပြီး မျက်လုံးတွေကတော့ သခင်လေးရိုဝင်ကို ကံဆိုးမိုးမှောင်ကျစေခဲ့တဲ့ ဟိုမိန်းမရဲ့မျက်လုံးတွေအတိုင်း အပြာရောင်ဖြစ်နေခဲ့တယ်။

“သခင်လေးနက်ဆန်၊ ကြီးလာရင် ပြောစကားနားထောင်။ ညဖက်ခိုးခိုးထွက်ပြီး ဘယ်ကမှန်းမသိတဲ့ ကောင်မလေးနဲ့ချိန်းတွေ့တာမျိုး မလုပ်ရဘူးနော်။”

တစ်နေ့တော့ တစ်နှစ်ကျော်အရွယ်ပဲရှိသေးတဲ့ သခင်လေးရိုဝင်ကို မနက်စာခွံကျွေးနေရင်းကနေ ကျွန်မအဲဒီလိုပြောမိပြီး ကိုယ့်ဘာသာရှက်မိသွားတယ်။ တကယ်တမ်းပြောရရင် ကျွန်မရင်ထဲမှာရှိနေတဲ့ မနာလိုမှုတစ်ခုကြောင့် သခင်လေးရိုဝင်ရဲ့အမေကို ကျွန်မကျိတ်မုန်းမိနေသလားပဲ။ ဒါပေမဲ့ သခင်လေးနက်ဆန်ကို သခင်လေးရိုဝင်လိုမျိုး ဒုက္ခမရောက်စေချင်တာလည်း ပုံမှန်ပါ။

ဒီလိုနဲ့သခင်လေး တစ်နေ့ထက်တစ်နေ့ကြီးလာပြီးတဲ့နောက် အရင်က သိထားတဲ့ လောကကြီးအပေါ်အမြင်တွေက ပြောင်းလဲလာတော့တာပဲ။

“မမမော်လီ၊ ဘာလို့ဒီငှက်ကလေးက မပျံတော့တာလဲဟင်။”

တစ်နေ့တော့ သခင်လေးက သူ့အိပ်ရာပေါ်မှာ ပြုတ်ကျပြီး သေနေတဲ့ စာကလေးငှက်တစ်ကောင်ကို လက်ညိုးထိုးပြီး ကျွန်မကိုပြတယ်။ ကျွန်မလည်း သူ့ကို သေခြင်းတရားအကြောင်း ကလေးတွေနားလည်နိုင်တဲ့ ပုံစံမျိုးနဲ့ တတ်နိုင်သလောက်ရှင်းပြခဲ့တယ်။

“ငှက်ကလေးက နေမကောင်းဖြစ်ပြီး သေသွားတာ သခင်လေးရဲ့။ သူ့အနေနဲ့ သူငယ်ချင်းတွေနဲ့အတူ မကစားနိုင်တော့ဘူး။ သူအနားယူဖို့အတွက် ကျွန်မခေါ်သွားလိုက်ပါ့မယ်။”

ကျွန်မက ငှက်ကလေးကို ယူပြီးတစ်နေရာမှာ လွှတ်ပစ်ဖို့ ကြံပေမဲ့ နက်ဆန်လေးက ငှက်ကိုသူ့လက်ထဲ ဆွဲယူပြီး

“သူငယ်ချင်းတွေနဲ့ မကစားရတော့ဘူးဆိုရင် သူဝမ်းနည်းနေမှာပေါ့။ သူ့ကိုပျော်အောင်လုပ်ပေးချင်တယ်။”

အဲဒီနောက်တော့ ကျွန်မတစ်ဘဝလုံးမှာ အထူးဆန်းဆုံး မြင်ကွင်းကို စမြင်ရတော့တာပဲ။ သေနေတဲ့ငှက်က ရုတ်တရက် မျက်လုံးပွင့်လာပြီး အခန်းထဲမှာ ပတ်ပျံနေခဲ့တာ။

...

“မော်လီ၊ အရင်ကတော့ ဒီအကြောင်းတွေကို မင်းဆီက လျှို့ဝှက်ထားခဲ့ပေမဲ့ ဒီမှာနေလာတာ နှစ်လည်းကြာပြီ။ ဒီကလေးကိုလည်း တစ်ဘဝလုံး စောင့်ရှောက်သွားရမှာဆိုတော့ မင်းကိုပြောပြသင့်ပြီ ထင်တာပဲ။”

အဲဒီကိစ္စနောက်ပိုင်းမှာတော့ သခင်ကြီးလောဟန်က ကျွန်မကို အကြောင်းစုံရှင်းပြဖို့ ဖြစ်လာခဲ့ပါတယ်။ သခင်ကြီးလောဟန်က...

“ငါတို့ဗင်းဆင့်မိသားစုဝင်တွေက သာမန်လူသားတွေ မဟုတ်ကြဘူး။ ငါတို့တွေက ရောမခေတ်ကတည်းက တည်ရှိခဲ့တဲ့ အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင်တွေပဲ။ အမှောင်ထုကိုထိန်းချုပ်ပြီး အမှောင်ထဲက မှော်ပညာတွေကို လေ့လာထိန်းသိမ်းကြသူတွေပေါ့။”

သခင်ကြီးက ကျွန်မကို မှော်ပညာဆိုတာတည်ရှိမှန်း မယုံကြည်မှာစိုးရိမ်လို့နဲ့တူပါရဲ့။ သူလက်ကို ထောင်ပြီး စားပွဲပေါ်က စာရွက်နဲ့ဘောပင်တွေ မြောက်တက်လာအောင် လုပ်ပြတယ်။

“မင်းရဲ့သခင်လေးကတော့ ငါတို့လိုတည်ရှိမှုတွေထဲမှာတောင် ကောင်းချီးပေးခံရတဲ့ တည်ရှိမှုပေါ့။”

သခင်ကြီးက သခင်လေးရိုဝင် ဘာကြောင့်အသက် ဆုံးရှုံးသွားရသလဲဆိုတာကိုပါ ရှင်းပြပြီးတဲ့နောက်မှာ ကျွန်မအဲဒီမိန်းမကို ပိုပြီးမုန်းတီးဖြစ်ခဲ့တယ်။ သခင်လေးနက်ဆန်ကို အဲဒီလိုကံကြမ္မာမျိုးနဲ့ မရင်ဆိုင်ရအောင် ကာကွယ်ပေးချင်တဲ့စိတ်လည်း ဖြစ်လာခဲ့တယ်။ ဒါပေမဲ့...

“ဒါပေမဲ့ သခင်ကြီးက ဘာလို့ကျွန်မလို သာမန်လူကို ဒီလိုအရေးကြီးတဲ့ကိစ္စတစ်ခုကို တာဝန်ပေးရတာလဲ။ သခင်ကြီးမှာ မှော်ပညာတတ်တဲ့ လက်အောက်ငယ်သားတွေ ရှိနေတာပဲမဟုတ်လား။”

တစ်ဖက်မှာတော့ သခင်ကြီးက ခေါင်းကိုခါယမ်းပြတယ်။ “ သူတို့တွေက မင်းလောက် သစ္စာမရှိကြဘူး။ ပြီးတော့ မင်းကိုငါယုံကြည်တာ မင်းအဖေကြောင့်လည်းပါတယ်။ ရော့ဝဲလ် ကာတီရာဟာ ငါ့ကိုတစ်ချိန်က အသက်နဲ့ရင်းပြီး ကယ်တင်ခဲ့သူဖြစ်တယ် မော်လီ ကာတီရာ။”

သူက ကျွန်မအဖေနာမည်ကို ပြောလိုက်တယ်။ ဒီတော့မှ ကျွန်မအဖေကလည်း သာမန်လူမဟုတ်မှန်း ရိပ်မိခဲ့တယ်။

“အဲဒီကျေးဇူးနဲ့ ငါက သူဒုက္ခရောက်နေချိန်မှာ မင်းကို စောင့်ရှောက်ထားခဲ့တာ။ မင်းသာ ငါ့မြေးလေးကို မင်းစောင့်ရှောက်မယ်ဆိုရင် ဒီအဖိုးကြီးအပေါ်မှာ မင်းကျေးဇူးရှိသွားပြီလို့ပြောလို့ရတယ်။ ဒီအဖိုးကြီးက မင်းအတွက်ဘာမဆိုလုပ်ပေးပါ့မယ်။”

သခင်လောဟန်က ကျွန်မကို ချမ်းသာကြွယ်ဝမှုတွေ ပေးကမ်းဖို့အသင့်ဖြစ်နေခဲ့ပေမဲ့ ကျွန်မငြင်းခဲ့တယ်။ ကျွန်မအတွက်တော့ သခင်လေးရဲ့အိမ်စေဖြစ်နေရရုံနဲ့တင် လုံလောက်ပါတယ်။

“သခင်က ကျွန်မကိုစောင့်ရှောက်ခဲ့လို့ ကျွန်မက သခင်လေးကိုပြန်စောင့်ရှောက်တာပါ။ အဖေ့အပေါ် ရှင်တင်နေတဲ့ ကျေးဇူးကြွေးကို ကျွန်မမသိလို့ ဂရုစိုက်စရာမလိုပါဘူး။” ကျွန်မခုလိုပြောပြီး ထွက်လာခဲ့တယ်။

...

နှစ်တွေကြာလာတာနဲ့အမျှ သခင်လေးက ပိုပြီးအထီးကျန်လာလေပါပဲ။ သူငယ်ချင်းတစ်ယောက်ရဲ့ရှေ့မှာ မှော်ပညာကို ထုတ်သုံးမိပြီးတဲ့နောက် ကျောင်းမှာမိစ္ဆာတစ်ကောင်လို ဆက်ဆံခံလာရတယ်။ ဒါကြောင့် ကျွန်မသူ့ကို ပိုပြီး နူးနူးညံ့ညံ့ဆက်ဆံဖြစ်တယ်။

“မမမော်လီ၊ သူငယ်ချင်းအသစ်ရအောင် ဘယ်လိုလုပ်ရလဲသိလား။” တစ်နေ့တော့ သခင်လေးက တစ်ယောက်တည်းကစားနေရင်းကနေ ကျွန်မကို မေးလာတယ်။ ကျွန်မလည်း သူ့ကိုမယုံနိုင်စွာနဲ့ ကြည့်လိုက်မိတယ်။ ဒီလောက်ထိ သူငယ်ချင်းတွေ စွန့်ပစ်ထားတာခံရတာတောင် အဖော်မင်နေတုန်းပဲ။

“အင်း... အစ်မတုန်းကတော့ ကျောင်းကားအတူစီးတဲ့ အတန်းဖော်တွေကိုစကားပြောပြီး သူငယ်ချင်းဖြစ်လာတာလေ။”

သခင်လေးကို အိမ်ကအမြဲလိုက်ပို့နေကျမလို့ ကျွန်မ ခုလိုတမင်သက်သက်ပြောလိုက်တာ။ ဒါဆိုရင် သခင်လေး လက်လျှော့သွားလောက်တယ်မဟုတ်လား။ ဒါပေမဲ့ ကျွန်မကြိုမမြင်ထားတာကတော့ သခင်လေးဟာ ကိုယ်တိုင်ကိုယ်ကျသခင်ကြီးဆီသွားပြီး ကျောင်းကားစီးဖို့ ပြောလိမ့်မယ်ဆိုတာပါပဲ။

“ ကျောင်းကားစမ်းစီးချင်တာလား၊ ကောင်းပြီလေ။ မင်းအတန်းဖော်တွေနဲ့ ရန်မဖြစ်နဲ့ဦးနော်။” သခင်ကြီးက အင်တင်တင်နဲ့ပဲ ခွင့်ပြုပေးလိုက်တယ်။

...

နောက်တစ်နေ့မနက်ရောက်တော့ ကျွန်မသခင်လေးကို ကျောင်းကားစစီးရမယ့်မှတ်တိုင်အထိ လိုက်ပို့ပေးဖြစ်တယ်။ ကျောင်းကားက ကျွန်မတို့ရောက်တော့ လူပြည့်လုနီးနေပြီ။

“သခင်လေး ကားပေါ်မြန်မြန်တက်ပါ။ တော်ကြာ နေရမရဘဲ နေလိမ့်မယ်။”

နောက်တော့ သခင်လေးက ကျောင်းကားပေါ်ကို ပျော်ပျော်ကြီးခုန်တက်သွားတယ်။ ကျွန်မက မှတ်တိုင်မှာ ရပ်ကျန်နေရစ်တယ်ဆိုပေမဲ့ သခင်လေးက ရွှေရောင်ဆံပင်နဲ့ကျစ်ဆံမြီးနှစ်ဖက်ခွဲစည်းထားတဲ့ ကောင်မလေးဘေးကခုံမှာ နေရာရသွားတာ ကျွန်မ မြင်လိုက်ရတယ်။

“သခင်လေးရေ၊ ကြိုးစားထား။” ကျွန်မသူ့ကို လက်ပြပြီး အားပေးလိုက်သေးတယ်။

...

အဲဒီနေ့ကျောင်းကနေပြန်လာတော့ သခင်လေးက အတော်ပျော်နေတဲ့ပုံပဲ။ သူက ကျွန်မကိုမြင်တာနဲ့ အတင်းပြေးဖက်တော့တာ။

“သခင်လေး...”

“မမမော်လီရေ၊ ကျွန်တော်ဒီနေ့ သူငယ်ချင်းအသစ် ရလာခဲ့တယ်။” နောက်တော့ သူက သူ့ရဲ့သူငယ်ချင်းသစ်အကြောင်းကို အာပေါင်အာရင်းသန်သန်နဲ့ပြောပြတော့တာ။

...

“ကျောင်းသားသစ်လား၊ နင့်ကိုတစ်ခါမှ ကျောင်းကားပေါ်မှ မတွေ့ဖူးပါဘူး။” နက်ဆန်လေး ကျောင်းကားပေါ်မှာ ဝင်ထိုင်ပြီးတာနဲ့ သူ့ဘေးခုံက ကျစ်ဆံမြီးကောင်မလေးက ခုလိုမေးတော့တာ။

“ဒီနေ့မှ ကျောင်းကားစစီးတာလေ။” ကျွန်မသခင်လေးက တုံးတိတိပြန်ဖြေပြီး ကျွန်မထည့်ပေးလိုက်တဲ့ ဆန်းဝှစ်ကိုထုတ်ထားတယ်။ ဒါပေမဲ့ ကောင်မလေးက သူ့ကိုစိတ်ဝင်တစားကြည့်ပြီးမေးလာရော။

“ဒါဆိုကျောင်းကားပေါ်မှာ သူငယ်ချင်းမရှိသေးဘူးပေါ့။ ငါတို့သူငယ်ချင်းလုပ်ရအောင်...” သူငယ်ချင်းဖွဲ့ရအောင်ဆိုတာကြားတာနဲ့ သခင်လေး အပျော်လုံးဆို့သွားတယ်ပဲဆိုပါတော့။

“အင်း....” သခင်လေးက ချက်ချင်းခေါင်းညိတ်လိုက်ပေမဲ့ ကောင်မလေးက နည်းနည်းလေးမှ ကျေနပ်ပုံမပေါ်ဘဲ မျက်မှောင်ကြုတ်ပြီး စဆူတော့တာပဲ။

“နင်က ဘာလို့စကားကို တစ်လုံးထက်ပိုပြီးမပြောရတာလဲ၊ လေကုန်ပြီးပြန်မပြည့်တဲ့ ရောဂါရှိနေလို့လား။ ဒါနဲ့... နင့်နာမည်ကရော ဘာလဲ၊ ငါ့နာမည်က ဂျင်းနီ။”

“နက်ဆန်....”

“နယ်ဆင်လား... နာမည်ကောင်းပဲ၊ ဒါနဲ့နင်က ငါ့ကိုဘာလို့ စကားတစ်ခွန်းထက်ပိုပြီး မပြောရတာလဲ။”

သခင်လေးလည်း တက်ကြွလွန်းတဲ့ကောင်မလေးကြောင့် ဆွံအသွားရော။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နောက်ပိုင်းတော့ ကောင်မလေးကချည်း ဦးဆောင်ပြီး ကာတွန်းတွေ၊ အရုပ်တွေ လျှောက်လည်ဖူးတဲ့နေရာတွေအကြောင်း ခရားရေလွှတ်ပြောတော့တာ။

နောက်တော့ ကောင်မလေးက သခင်လေးနှုတ်ခမ်းမှာတင်နေတဲ့ ဆလတ်ရွက်ကိုဖယ်ပေးလိုက်ပြီး

“နက်ဆန်... ငါတို့ကြီးတဲ့အထိ သူငယ်ချင်းလုပ်ကြမယ်မဟုတ်လား။” အာဟား၊ ဘယ်လောက်တောင် ရိုမန့်တစ်ဆန်လိုက်သလဲ။

“အင်း...”

“ကတိနော်...”

“ကတိ...”

အဲဒီနေ့ဖြစ်ခဲ့တာကတော့ ဒီလောက်ပဲ။ ကျွန်မလည်း သခင်လေးသူငယ်ချင်းရလာလို့ ပျော်ခဲ့ရပြီး နောက်နေ့ သူ့ကိုကျောင်းကားစီလိုက်ပို့ဖြစ်တယ်။ သူ့သူငယ်ချင်း ကောင်မလေးအတွက်ပါ ဆန်းဝှစ်အပိုထည့်ပေးဖြစ်ခဲ့ ပေမဲ့ သခင်လေး ကျောင်းပြန်လာတဲ့အချိန်ကျတော့ အရင်နေ့ကလို ပျော်မနေတော့ဘဲ ကျိတ်ပြီးငိုနေခဲ့တာ။

“ဂျင်းနီက ကျွန်တော့်ကိုကြောက်လို့ သူငယ်ချင်းမလုပ်ရဲတော့ဘူးတဲ့။”

နောက်တော့ သခင်လေးက ကျွန်မကို ဖြစ်ခဲ့တာတွေ အတိုချုံးရှင်းပြတယ်။ အားလုံးကိုပြန်ကောက်ပြောရရင် ဂျင်းနီကို ကျောင်းကတခြားကလေးတွေက နက်ဆန်ရဲ့ သဘာဝလွန်စွမ်းအားတွေအကြောင်း ကောလာဟလတွေပြောခဲ့လို့ ဖြစ်ခဲ့တာ။

...

“ဂျင်နီ... ငါအိမ်ကို ဆန်းဝှစ်အပိုတစ်ခု လုပ်ခိုင်းထားတယ်၊ အတူစားကြမလား။”

သခင်လေးက ကောင်မလေးကို စေတနာအကောင်းနဲ့ ကျွန်မလုပ်ပေးထားတဲ့မုန့်ကို ကမ်းလှမ်းခဲ့ပေမဲ့ ကောင်မလေးက ငြင်းတယ်လေ။

“ငါ...ငါနင်နဲ့ သူငယ်ချင်းမလုပ်တော့လို့ ရမလား။”

“ဘာဖြစ်လို့လဲ...” ဒါပေါ့၊ သခင်လေး ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။

“သူများတွေပြောတာတော့... နင်က ကမ်းခြေက သရဲအိမ်ကြီးမှာနေတာတဲ့။” ဘာသရဲအိမ်ကြီးလဲ၊ ဗင်းဆင့်အိမ်တော်က ဒီလောက်ခမ်းနားတာကို။

“ပြီးတော့ တရိစ္ဆာန်အသေလေးတွေနဲ့လည်း ကစားနေတတ်တယ်ဆို...”

“ငါက သူတို့ကို အသက်ပြန်ရှင်လာအောင် လုပ်ပေးချင်ရုံပါ။” သခင်လေးက အမှန်အတိုင်း ပြောမိသွားပြီး ဒီလိုအခြေအနေမျိုးမှာ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။

“အားလုံးကပြောနေကြတယ်... နင်က နတ်ဆိုးလေးတဲ့... နင်နဲ့သူငယ်ချင်းလုပ်ရင် အူတွေအသည်းတွေထုတ်ပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်ဖြစ်အောင်လုပ်မှာတဲ့။” နောက်တော့ သခင်လေးက တုန်နေအောင် ကြောက်ရွံနေတဲ့ ဂျင်းနီရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်တယ်။ သခင်လေးလည်း ကြောက်နေခဲ့တယ်၊ အဲဲဒီကြောက်ရွံမှုက ဂျင်းနီရဲ့ကြောက်ရွံမှုထက် အဆပေါင်းများစွာ လက်တွေ့ဆန်ပြီး ပိုကြမ်းတမ်းတယ်။

“ငါနင့်ကိုကြောက်တယ်... ငါနင်နဲ့သူငယ်ချင်းမလုပ်နိုင်ဘူး...” ဒီလိုနဲ့သခင်လေးနဲ့ဂျင်းနီရဲ့တစ်သက်တာမိတ်ဆွေကတိက ၂၄နာရီပြည့်အပြီးမှာပဲ အဆုံးသတ်သွားတယ်ဆိုပါတော့။

‘ဟူး... ဒါကြောင့်ပဲ သခင်လေးကို မိန်းကလေးတွေနဲ့ ပေးမတွေ့သင့်တာ။’ ဒီကိစ္စအပြီးမှာပဲ အသည်းကွဲနေတဲ့ သခင်လေးကို ဘယ်မိန်းကလေးနဲ့မှ ပေးမတွေ့ဖို့ ကျွန်မဆုံးဖြတ်ချက်ချလိုက်တယ်။

All Chapters