ကြေးမုံလောက (B)
Vol. 1 Ch. 15
အဖိုးရော့ဘတ်တိုကို ညစာကျွေးဖို့အတွက် ကျွန်မဒေါ်ကြီးဇီုအီကို ညကြီးမင်းကြီးသွားနှိုးရတယ်။ ညလယ်ခေါင်ကြီးဆိုတော့ ဟင်းက အသင့်ချက်ထားတာ ရှိမနေဘူးရယ်။ ဒီတော့ ဒေါ်ကြီးဇိုအီက ကြက်ဥကို ခရမ်းချဥ်သီး၊ ကြက်သွန်ဥ၊ ငရုတ်သီးထည့် မွှေကြော်ကြော်။ ပေါင်မုန့်ကိုထောပတ်သုတ်ပြီး နွားနို့တစ်ခွက်နဲ့ အခန်းထဲစားစရာတွေသယ်လာတယ်။
“အသားမရှိဘူးလား။” အဖိုးရောဘတ်တိုက အသံလေးလေးကြီးနဲ့ ကျွန်မတို့ကို စိုက်ကြည့်ပြီးပြောတယ်။
‘ဒီအဖိုးကြီးနဲ့တော့ ခက်ပါပြီ။’ဆိုတဲ့အကြည့်နဲ့ ဒေါ်ကြီးဇိုအီက ကျွန်မကိုကြည့်လိုက်ပြီး အခန်းထဲက ပြန်ထွက်သွားတယ်။ အဖိုးရောဘတ်တိုကတော့ ကျွန်မဆံပင်တွေကို စိုက်ကြည့်ပြီး...
“ကောင်မလေး၊ မင်းဆံပင်တွေက နက်ပြာရောင်မလား။ မင်းမိဘတွေက ဘယ်သူတွေလဲ။”
ဒီမှာကျွန်မစပြီး အလုပ်လုပ်ကတည်းက အဖိုးရောဘတ်တိုက ကျွန်မအကြောင်းကို စိတ်ဝင်တစားရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အခုညကျမှ ဘယ်လိုလုပ်ပြီး စိတ်ဝင်စားလာတယ်မသိ။
“အဖိုး၊ သမီးက ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းမှာ နေလာတာလေ။ သမီးမိဘတွေကို သမီးမသိပါဘူး။”
တကယ်လည်း ကျွန်မက အထက်တန်းအောင်ပြီးမှ မိဘမဲ့ကျောင်းကနေထွက်လာပြီး သူနာပြုသင်တန်းကို အချိန်ပိုင်းအလုပ်နဲ့တွဲတက်ခဲ့တာ။
“ရပါပြီတော်။ အောင်မလေး၊ ဒီညလူရော အိပ်ရဦးမှာလား။” ဒေါ်ကြီးဇိုအီက အခန်းထဲကို ပြန်ရောက်လာတယ်။ လက်ထဲမှာတော့ အမဲသားနှပ်ဟင်း နည်းနည်းပါလာတယ်။ လတ်လတ်ဆတ်ဆတ် ချက်ထားတာမဟုတ်ဘဲ စည်သွပ်ဘူးထဲကနေ ထုတ်ပြီးနွှေးထားပုံပါပဲ။ ဒါပေမဲ့ အဖိုးရောဘတ်တိုကတော့ တခြားစားစရာတွေကို လစ်လျူရှုပြီးတော့ အမဲသားနှပ်ကိုပဲ လက်နဲ့ပယ်ပယ်နယ်နယ်နှိုက်စားတော့တာ။
စားပြီးတဲ့နောက်တော့ သူက ပြန်အိပ်ဖို့အတွက် အိပ်ရာပေါ် လှဲချလိုက်ပေမဲ့ ကျွန်မက လက်အတင်းဆေးပေးတာကြောင့် သူက ကျွန်မကို ဒေါသတကြီးနဲ့ ကြည့်နေပြန်ရော။
...
နောက်တစ်နေ့မနက်ရောက်တော့ ကျွန်မခါတိုင်းလိုပဲ ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ဖြစ်တယ်။ အပြင်ကို ပြန်မထွက်ခင် ရေချိုးခန်းထဲက မှန်ရှေ့မှာရပ်ပြီး ဆံပင်ကို ရေချိူးခန်းသုံးပဝါနဲ့ခြောက်အောင် သုတ်ဖြစ်တယ်။ တစ်ချိန်တည်း ကိုယ့်ဆံပင်ကိုယ် ပြန်ကိုင်ကြည့်ရင်း စဥ်းစားခန်းဝင်မိတာပေါ့။
“ဘာလို့ အဖိုးရောဘတ်တိုက ငါ့ဆံပင်တွေကို နက်ပြာလို့ ပြောရပြန်တာလဲ။ ဒါပေမဲ့ လုံးဝအနက်ရောင်ပဲ မဟုတ်ဘူးလား။”
ကျွန်မဆံပင်ကို အနက်မဟုတ်ဘူးလို့ ပြောတဲ့လူက နှစ်ယောက်ဖြစ်လာတော့ ကျွန်မကိုယ်ကျွန်မတောင် ပြန်ပြီးသံသယဝင်လာမိပြီ။ ဒါပေမဲ့ ကျွန်မဆံပင်ကို ဆက်ခြောက်အောင်သုတ်နေတုန်းမှာ မှန်ထဲက ကျွန်မပုံရိပ်က ရပ်သွားပြီး ကျွန်မကိုစိုက်ကြည့်နေသလို ခံစားမိလိုက်တာနဲ့ မော့ကြည့်လိုက်တော့ ကျွန်မရဲ့သာမန် ပုံရိပ်ကိုပဲမြင်ရပြီး ဘာမှထူးထူးဆန်းဆန်းရှိမနေဘူး။
“စိတ်ထင်တာ ဖြစ်မှာပါလေ။” ကျွန်မလည်း ဒီလိုတွေးပြီး အဝတ်အစားလဲ အဖိုးရောဘတ်တိုကို မနက်စာကျွေးဆေးတိုက်ဖို့ ထွက်လာခဲ့တယ်။
“အသားမပါပြန်ဘူးလား။” အဖိုးရောဘတ်တိုက သူ့ရှေ့က ထောပတ်အာလူးဖုတ်နဲ့ပန်းသီးဖျော်ရည်ကို ကြည့်ပြီးတော့ ပြောလိုက်တယ်။ ဒီနေ့ဒေါ်ကြီးဇိုအီက စျေးမသွားရသေးလို့ဆိုပြီး ရှိတဲ့အာလူးကိုပဲ လေးထောင့် အတုံးလေးတွေလှီးပြီး ထောပတ်နဲ့ ဖြည်းဖြည်းချင်းဖုတ်ပေးလိုက်တာ။ အပြင်အသားက ကြွပ်ရွပြီးအတွင်းက နူးညံ့ပူနွေးတာမလို့ အဖိုးရောဘတ်တိုအကြိုက် ဟင်းလျာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီနေ့တော့ ဘာဖြစ်တယ်မသိ...
“အသားမပါရင် မစားဘူး၊ သွား....” ရုတ်တရက်ကြီး အဖိုးရောဘတ်တိုက သူ့လက်ကိုယမ်းပြီး ပန်းကန်ကို တွန်းဖယ်လိုက်တယ်။ ကျွန်မလည်း လန့်လွန်းလို့ အခန်းနံရံနဲ့ထိတဲ့အထိ နောက်ခုန်ဆုတ်မိတော့တာ။
...
“ဒေါ်လေးရေ၊ လုပ်ပါဦး။ အဖိုးအစားချေးများပြန်ပြီ။”
ကျွန်မလည်း ဒေါ်လေးဇိုအီကို အပူကပ်ရပြန်တာပေါ့။ ဒေါ်ကြီးဇိုအီကတော့ နဖူးကိုလက်နဲ့ဆုပ်ကိုင်ပြီးတော့ ညည်းညူနေတော့တာပဲ။
“ဒီအဖိုးကြီးနဲ့တော့၊ အသက်ကြီးလာလေ လက်ပေါက် ကပ်လာလေပဲ။ ကဲ၊ ကောင်မလေး။ နင်လည်း မနက်စာစားဖို့နောက်ကျနေပြီ။ ဒေါ်လေးပဲတစ်ခုခုလုပ်ပေးပြီး မနက်စာသွားပို့လိုက်တော့မယ်။ ဆေးလည်း ဒေါ်လေးပဲ တိုက်လိုက်ပါ့မယ်။ သူ့မှာ လမ်းမလျှောက်နိုင်တာကလွဲလို့ အထွေအထူးပြုစုစရာမှမရှိတာ။”
အဲဒါနဲ့ပဲကျွန်မ ဧည့်ခန်းဆီကို ထွက်လာခဲ့ပါတယ်။ မင်းသားလွီရိုက်ကတော့ ခုထိပြန်မရောက်သေး။ ကျွန်မလက်ထဲမှာတော့ ဒေါ်လေးဇိုအီလုပ်ပေးထားတဲ့ ထောပတ်အာလူးဖုတ်တစ်ပန်းကန်နဲ့ပေါင်မုန့်တချို့ကို ကိုင်ထားတယ်။
ကျွီ...
ကျွန်မအချိန်ယူပြီး မနက်စာစားနေတုန်း ခြံဝင်းထဲကို ကာတစ်စီးထိုးစိုက်လာတယ်။ ကားပေါ်ကနေတော့ ညအိပ်ရပုံမပေါ်သေးတဲ့ မင်းသားလွီရိုက်ဆင်းလာပြီး သူနဲ့အတူ ရိုက်ကွင်းကလို့ယူဆရတဲ့ လူနှစ်ယောက်လည်း ပါလာတယ်။
“မနေ့က ညနက်တဲ့အထိ အဆင်မပြေတဲ့အခန်းတွေ ပြန်ရိုက်နေရလို့ ရိုက်ကွင်းမှာပဲအိပ်လိုက်ရပြီး ပြန်မလာဖြစ်လိုက်ဘူး။ တီဗီရှိုးက နောက်တစ်ပတ်လွှင့်မှာဆိုတော့ ဒီထပ်ပိုပြီး နောက်ကျလို့မရတော့ဘူးလေ။”
သူက ဧည့်ခန်းက စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ရင်း ပြောလိုက်တယ်။ မနက်စာလည်း စားရသေးပုံ မပေါ်တာနဲ့ ကျွန်မပဲမီးဖိုထဲဝင်ပြီး သူ့အတွက်တစ်ပန်းကန် ပြင်ပေးလိုက်တယ်။ ဒေါ်လေးဇိုအီက ခုထိဆင်းမလာသေး။
“ဒါနဲ့၊ အဖေ မင်းတို့ကိုပြဿနာရှာသေးလား။ ဗီရိုကိစ္စ သတိရတာနဲ့ ရိုက်ကွင်းက ကောင်လေးတွေကိုပါခေါ်လာလိုက်တာ။”
“အဲဒီလိုတော့မရှိပါဘူး၊ ညဖက် ဗိုက်ဆာလို့ထစားတာပဲ ရှိတာပါ။”
ကျွန်မလည်း အဆင်ပြေပြီးစိတ်ပူစရာ မရှိတဲ့အကြောင်း မင်းသားလွီရိုက်ကို ပြောပြလိုက်တယ်။ လွီရိုက်ကတော့ သူ့ရှေ့က အာလူးပန်းကန်ကို စိတ်ပျက်စွာနဲ့စိုက်ကြည့်နေဆဲပဲ။
“တကယ်တော့ ငါက တာဝန်မကျေတဲ့သားတစ်ယောက် ဖြစ်နေပြီလားဆိုပြီး ခဏခဏတွေးမိတယ်။ ဒီလိုအသေးအဖွဲကိစ္စလေးတွေအတွက်တောင် သူ့အနားမှာ ရှိမပေးနိုင်ဘူးပဲ။”
“အောင်မလေး၊ ကယ်ကြပါ။” ရုတ်တရက် အပေါ်ထပ်ကနေ အော်သံထွက်လာတဲ့အတွက် ကျွန်မတို့နှစ်ယောက် စကားစပြတ်သွားပြီး အပေါ်ထပ်ကို တစ်ပြိုင်နက်တည်း ပြေးတက်သွားမိတယ်။
“ဘာဖြစ်တာလဲ။” ကျွန်မနဲ့လွီရိုက် အဖိုးအခန်းထဲကို ရောက်သွားတော့ ဒေါ်ကြီးဇိုအီက မှန်ရှေ့မှာရှိနေပြီး အဖိုးရော့ဘတ်တိုက ကြမ်းပြင်ပေါ်မှာလဲနေတယ်။
ဒါပေမဲ့ ကျွန်မတို့ဝင်လာတော့ ဒေါ်ကြီးဇိုအီက ကျွန်မ တစ်ခါမှမမြင်ဖူးတဲ့ အပြုံးမျိုးနဲ့ပြုံးလိုက်ပြီးမှ စိုးရိမ်သလိုလေသံနဲ့ ပြောလိုက်တယ်။
“အစ်ကိုကြီးက သူ့ဘာသာသူ အိပ်ရာပေါ်ကထဖို့လုပ်ရင်း ပြုတ်ကျသွားလို့။”
သူ့လေသံက တစ်ခုခုမှားနေသလိုလို။ ဒါပေမဲ့ ဘာမှား နေတာလဲ ကျွန်မစဥ်းစားလို့မရ။ ကျွန်မလည်း အဖိုးရောဘတ်တို ထိခိုက်သွားမသွားစစ်ဆေးပြီးနောက် ဘာမှမတွေ့ရတာနဲ့ အိပ်ရာပေါ် ပြန်တင်ပေးလိုက်ပြီး အခန်းထဲမှာ လူနာစောင့်ဆက်လုပ်နေလိုက်တယ်။ အစောပိုင်းက အပန်းတကြီးလှုပ်ရှားခဲ့လို့လားမသိပေမဲ့ အဖိုးရောဘတ်တိုက မျက်လုံးမှိတ်ထားပြီး အိပ်ဖို့ကြိုးစားနေတယ်။ ဒေါ်ကြီးဇိုအီကတော့ နေ့လယ်စာအတွက် ပြင်ဆင်ဦးမယ်ဆိုပြီး အောက်ကိုဆင်းသွားလေရဲ့။
“အဖေ၊ ဒီဗီရိုကြီးကို ရွှေ့ပေးဖို့ လူပါလာတယ်။ ရွှေ့ပေးရဦးမလား။”
လွီရိုက်က ရှားရှားပါးပါးပဲ သူ့အဖေကို တိုက်ရိုက် စကားပြောလိုက်တယ်။ ရောဘတ်တိုက ချက်ချင်း မျက်လုံးဖွင့်ပြီး ဒေါသတကြီးလေသံနဲ့
“ မရွှေ့နဲ့....”
...
အဖိုးရောဘတ်တို နေ့လယ်စာစားချိန်ရောက်လာတော့ ကျွန်မအိမ်အောက်ကိုဆင်းလာဖြစ်တယ်။ လှေကားနဲ့ မီးဖိုချောင်က သိပ်မဝေးဘူး။ မီးဖိုချောင်ထဲကနေ ‘ဒုတ်၊ ဒုတ်’နဲ့ ခုတ်ထစ်သံကို ကြားနေရတဲ့အတွက် ဒေါ်ကြီးဇိုအီ ဟင်းချက်ဖို့ပြင်ဆင်နေတုန်းပဲဆိုတာ သိလိုက်ရတယ်။ ဒါနဲ့ကျွန်မလည်း မီးဖိုချောင်ထဲကို အမှတ်တမဲ့ဝင်ပြီး ‘ဒေါ်လေး ဘာဟင်းလဲ။’လို့ မေးဖို့ပြင်လိုက်ပေမဲ့ ဝင်ပြီးပြီးချင်းမှာပဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်မတတ် ထိတ်လန့်သွားမိတာပဲ။
စင်းလှီးတုံးပေါ်မှာ လည်ပင်း ပိုင်းလှီးခံထားရတဲ့ ခွေးတစ်ကောင်ရှိနေပြီးတော့ သွေးတွေက ကြမ်းပြင်ပေါ်ကို ဒီအတိုင်းစီးကျနေတယ်။ ဒေါ်ကြီးဇိုအီက ခွေးအရေခွံကို သေချာနွှာနေပြီး အသားတုံးသေးသေးတွေအဖြစ် ပိုင်းဖြတ်နေတာ။ ပိုင်းဖြတ်နေရင်းနဲ့ အသားတုံးတစ်တုံးကို ပါးစပ်ထဲ အစိမ်းသက်သက် ပစ်ထည့်လိုက်သေးတယ်။
ကျွန်မသိတဲ့ ဒေါ်ကြီးဇိုအီ၊ ဒါမှမဟုတ် ဘယ်လိုစိတ်မှန်တဲ့ စားဖိုမှူးမျိုးကမှ ဒီလိုအရာမျိုးကို လုပ်မှာမဟုတ်ဘူး။ သူ့ပုံစံက သားသတ်သမားလိုလို စိတ်မမှန်တဲ့ လူသတ်သမားလိုလို။
ကျွန်မလည်း မအော်မိအောင် ကိုယ့်ပါးစပ်ကိုယ် အတင်းပိတ်ပြီး အပေါ်ထပ်ကို အသာပြေးတက်လာတယ်။
ဂျွတ်... ဂျွတ်...
အဖိုးရောဘတ်တိုအခန်းနားကိုရောက်တော့ အတွင်းထဲကနေ တစ်ခုခုကို ကိုက်ဝါးနေတဲ့အသံ ကြားတာနဲ့ ကျွန်မအတွင်းကို အသာချောင်းကြည့်တော့ အဖိုးရောဘတ်တိုရဲ့လက်ထဲမှာ စာကလေးတစ်ကောင် ရှိနေပြီး စာကလေးရဲ့ကိုယ်တစ်ဝက်ကတော့ သူ့ပါးစပ်ထဲမှာ။ စာကလေးက အရှင်လတ်လတ် အစားခံနေရတာဖြစ်ပြီး မကြာခင်မှာပဲ တစ်ကိုယ်လုံး ဝါးမျိုခံလိုက်ရတယ်။ အဲဒီနောက်တော့ အဖိုးရောဘတ်တိုက ဘာမှမဖြစ်သလိုမျိုး ငှက်မွှေးတွေကို သူ့ပါးစပ်ထဲကနေ ထွေးထုတ်လိုက်ရော။
“ ဒီမှာတစ်ခုခုဖြစ်နေပြီ။” လုံးဝ မူမမှန်ဘူးဆိုတာကို ကျွန်မသိလိုက်ရပြီ။ ကျွန်မအောက်ထပ်ကို တိတ်တိတ်လေး ဆင်းပြေးလာလိုက်တယ်။ ဒေါ်ကြီးဇိုအီကတော့ ခွေးကို ခုတ်ထစ်နေတုန်းပဲ။ ကျွန်မရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က အိမ်ရှင်ဖြစ်တဲ့ လွီရိုက်ကိုဒီကိစ္စတွေပြောပြပြီး တစ်ခုခုလုပ်ဖို့ပါ။
“မွန်ဆီယာလွီရိုက်... မွန်ဆီယာလွီရိုက်” ကျွန်မ သူ့အခန်း တံခါးကိုခေါက်လိုက်တော့ အထဲကနေ ချက်ချင်းပဲ ပြန်ဖြေသံထွက်လာတယ်။
“တံခါးသော့ခတ်မထားဘူး၊ ဝင်လာခဲ့။”
ကျွန်မလည်း သူ့အခန်းတံခါးကို သာသာလေးဖွင့်ပြီး ဝင်လိုက်တယ်။ မွန်ဆီယာလွီရိုက်က သူ့အခန်းထဲက စာကြည့်စားပွဲမှာ ရှိနေတာဖြစ်ပြီးတော့ လက်ထဲမှာ ဇာတ်ညွန်းစာဖိုင်တစ်ခုကို ဖတ်နေပါတယ်။ သူ့အခန်း စာကြည့်စားပွဲနဲ့မလှမ်းမကမ်းမှာလည်း ကိုယ်လုံးပေါ်မှန်ကြီးရှိနေပြီးတော့ ကျွန်မနဲ့သူ့ရဲ့ပုံရိပ်တွေက မှန်ထဲမှာ ထင်ဟပ်နေတယ်။
“ဘာဖြစ်လို့များလဲ၊ မစ်ဆယ်ဗီ။” သူက ကျွန်မကို ယဥ်ယဥ်ကျေးကျေးနဲ့ပဲ မေးလိုက်တယ်။
ကျွန်မကတော့ ကြောက်လွန်းလို့တစ်ကိုယ်လုံးတုန်နေပြီး သူ့ကိုထစ်အထစ်အနဲ့ ပြောလိုက်မိတယ်...
“အဖိုးနဲ့ဒေါ်လေးဇိုအီတို့နှစ်ယောက်လုံး ပုံမှန်မဟုတ်တော့ဘူး...”
“ဘယ်လိုပုံမှန်မဟုတ်တာလဲ...” သူက ကျွန်မစကားကို နားမလည်ဘူး။ သူက ကျွန်မကို သေချာကြည့်လိုက်ပြီး ထပ်မေးတယ်။ ကျွန်မလည်း ရှင်းပြဖို့ ပါးစပ်ဟလိုက်ပေမဲ့ မှန်ထဲက သူ့ပုံရိပ်ကို မြင်ပြီးတဲ့နောက် ပြောမယ့်စကားတွေပါ ပျောက်သွားတယ်။
မွန်ဆီယာလွီရိုက်က မှန်ကိုကျောခိုင်းပြီးထိုင်နေတာ။ ဒါပေမဲ့ မှန်ထဲကလွီရိုက်ပုံရိပ်က နောက်ပြန်လှည့်နေပြီး အပြင်က လွီရိုက်ကို ပြုံးကြည့်နေတယ်။ ကျွန်မပုံရိပ်က လည်းကြောက်မနေဘဲ ပြုံးနေသလိုပဲ။ နောက်တော့ မှန်မျက်နှာပြင်က ရေပြင်လိုလှိုင်းထလာပြီး မွန်ဆီယာ လွီရိုက်ပုံရိပ်ရဲ့လက်ကြီးက မွန်ဆီယာလွီရိုက်ကို ဆုပ်ကိုင်လိုက်တယ်။ နောက်တော့ လွီရိုက်အစစ်ဟာ စက္ကူရုပ်လေးတစ်ရုပ်လိုမျိုး မှန်ထဲကိုဆွဲဲယူခံလိုက်ရတယ်။
“အား....” ကျွန်မနားထဲမှာ မွန်ဆီယာလွီရိုက်ရဲ့အော်သံပဲ ပဲ့တင်သံအဖြစ်ကျန်နေရစ်တယ်။
‘ပြေး...’ ကျွန်မခေါင်းထဲမှာ ပေါ်လာတဲ့ တစ်ခုတည်းသောအတွေးတစ်ခုက အဲဒါပဲ။ ကျွန်မ သူ့အခန်းထဲကနေ ပြေးထွက်လာတော့ သွေးစွန်းနေတဲ့ ရင်ဖုံးစည်းကို မချွတ်ဘဲ စားဖိုချောင်ထဲကနေ ထွက်လာတဲ့ ဒေါ်ကြီးဇိုအီနဲ့မျက်နှာချင်းဆိုင်မိတယ်။ သူ့လက်ထဲမှာ သွေးသံရဲရဲအသားတုံးတွေပါတဲ့ ပန်းကန်ကိုကိုင်ထားပြီး အသံလေးလေးကြီးနဲ့ ပြောလာတယ်။
“နေ့လယ်စာစားချိန်ရောက်ပြီ ကလေးမ။”
ဒေါက်... ဒေါက်...
အပေါ်ထပ်ကနေ ခြေသံကြားလို့ကြည့်လိုက်တော့ အဖိုးရောဘတ်တိုက လှေကားကနေ တဖြည်းဖြည်းချင်း ဆင်းလာပြီး သူ့ပါးစပ်မှာ သွေးတွေပေကျံနေပါတယ်။ သော့မခတ်ထားတဲ့ မွန်ဆီယာလွီရိုက်ရဲ့တံခါးလည်း ပွင့်လာပြီး အထဲကနေ မွန်ဆီယာလွီရိုက်ထွက်လာတယ်။ ဒါပေမဲ့ သူ့အကြည့်တွေက တခြားနှစ်ယောက်လိုပဲဖြစ်ပြီး ကျွန်မကို ရန်လိုစွာနဲ့စိုက်ကြည့်နေတာ။
“လုံးဝအကြီးကြီးကို လွဲနေပြီ။” ကျွန်မလည်း ဧည့်ခန်းထဲကနေ အိမ်အပြင်ကို ချက်ချင်းထွက်ပြေးပြီး လက်ထဲကဖုန်းကိုထုတ်ကာ ကျွန်မရင်းနှီးနေတဲ့ လင့်တစ်ခုထဲ ချက်ချင်းဝင်လိုက်တယ်။
ပုံမှန်မဟုတ်တဲ့ လွီရိုက်အိမ်ကလူသုံးယောက်လုံးက အိမ်အပြင်မရောက်ခင်အထိ ကျွန်မနောက်ကို လိုက်ခဲ့ပေမဲ့ အိမ်အပြင်ရောက်တာနဲ့ ဆက်မလိုက်တော့ဘဲ တံခါးဝအနားမှာသာရပ်ပြီး ဆက်စောင့်ကြည့်နေကြတယ်။ သူတို့သုံးယောက်လုံးကို အခုလိုမြင်ရတာ တကယ့်ကိုအသည်းယားဖို့ကောင်းတယ်။
နောက်ဆုံးတော့ ကြော်ငြာကို ကျွန်မနှိပ်လိုက်နိုင်ပြီဖြစ်ပြီး အရင်တစ်ခါကလိုပဲ ကြော်ငြာက ဖုန်းမျက်နှာပြင်ကနေ ဘယ်တုန်းကမှ မရှိဖူးသလိုမျိုး ပျောက်ကွယ်သွားတယ်။
ဒီလူအချိန်မီရောက်လာပါစေ မျှော်လင့်ရတာပဲ။