← Chapters

အခန်း (၂၅၆)

Vol. 18 Ch. 256

အခန်း (၂၅၆)

Vol. 18 Ch. 256

"နဂါးစာရင်းက မင်းရဲ့ အဆင့်၉ နေရာကို ချွင်းချက်မရှိ သိမ်းပိုက်ပြမယ်"

ကျန်းချန်၏ မောက်မာသော စကားသံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

ထိုသို့ ဖြစ်လာမည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။

ကျန်းချန်သည် မုန့်ယန်ကို စိန်ခေါ်ရုံသာမက နဂါးစာရင်း၏ အဆင့်၉ နေရာကိုပါ သိမ်းပိုက်ပြမည်ဟု ကြုံးဝါးခဲ့သည်။

ယန်ဟွမ်သိုင်းကျောင်းတော်သို့ ယခုမှ ခြေချခွင့်ရသော ကျောင်းသားသစ် တစ်ယောက် အတွက် နဂါးစာရင်းဝင် ကျောင်းသား တစ်ယောက်ဖြစ်ဖို့ပင် အလွန် ခဲယဉ်းလှသည်။

ယခုမူ သူက နဂါးစာရင်း၏ အဆင့်၉ နေရာကို တိုက်ရိုက် စိန်ခေါ်နေပေပြီ။

ဤသည်ကား တကယ်ကို လွန်ကဲလွန်းနေသည် မဟုတ်ပါလော။

"ကောင်းပြီ"

မုန့်ယန်၏ အေးစက်သော အသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွား၏။

"လဝက်ကြာရင် မင်းရဲ့စိန်ခေါ်မှုကို ငါ စောင့်နေမယ်"

လဲ့ဟောင်ခုံး၏ ကာကွယ်မှုကြောင့် ကျန်းချန်ကို သူဘာမှ မလုပ်နိုင်မှန်း သိသည်။

သို့သော် ဤကောင်လေးသည် မကြောက်မရွံ့ သူ့ကို စိန်ခေါ်လာခဲ့၏။

သူ့အနေဖြင့် စိန်ခေါ်ပွဲနေ့ကို စောင့်ဆိုင်းကာ သူ နှင့် တိုက်ခိုက်ခြင်း၏ အကျိုးဆက်ကို ကျန်းချန်အား ပြသရန် စိတ်ပိုင်းဖြတ်ထားလိုက်သည်။

မုန့်ယန်က စကားပြောပြီးသည်နှင့် ကျန်းချန်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ခြေလှမ်းကျဲကြီးဖြင့် လှည့်ထွက်သွားခဲ့သည်။

"မင်းက မုန့်ယန်ကို မကြောက်မရွံ့ စိန်ခေါ်ရဲတယ် ဆိုတော့ မင်းမှာ ကိုယ်ပိုင်ဝှက်ဖဲတွေ ရှိနေမှာပဲ"

"ဒါပေမဲ့ မုန့်ယန်ရဲ့ ကျင့်ကြံမှုက မူလဘူတနယ်ပယ် အဆင့်၉ရဲ့ အစောပိုင်းအဆင့်မှာ ရှိတယ်.. သူက လေရဲ့ သိုင်းအဓိပ္ပါယ်ကိုလည်း နားလည်ထားတယ်.. ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းလည်း အရမ်း အားကောင်းတယ်"

"လေရဲ့ သိုင်းအဓိပ္ပါယ်ကြောင့် သူ့ရဲ့အရှိန်အဟုန်က သိပ်ကြောက်စရာကောင်းတယ်.. ငါတောင် သူနဲ့တိုက်ရင် မနည်းသတိထားရတယ်.. မင်း သူ့နဲ့ တိုက်ခိုက်တဲ့အခါ လုံးဝပေါ့လျော့လို့မဖြစ်ဘူး"

မုန့်ယန် ထွက်သွားသည်ကို ကြည့်ရင်း လဲ့ဟောင်ခုံးက ကျန်းချန် ဘက်သို့ လှည့်ကာ သတိပေးလိုက်သည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ် ညီနောင်လဲ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ လဲ့ဟောင်ခုံးကို နှုတ်ဆက်ပြီးနောက် စျေးဆိုင်တန်းကနေ ထွက်ခွာလာခဲ့သည်။

ကျန်းချန် စျေးဆိုင်တန်းမှ ထွက်သွားပြီး သိပ်မကြာမီမှာပင် ကျန်းချန်က နဂါးစာရင်း၏ အဆင့်၉ မုန့်ယန်ကို စိန်ခေါ်လိုက်ပြီ ဟူသော သတင်းသည် ယန်ဟွမ်ကျောင်းတော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

သတင်းကြားသော ကျောင်းသားတိုင်းသည် ကျန်းချန်၏ ယုံကြည်မှုလွန်ကဲသော စိန်ခေါ်မှုကြောင့် အံ့အားသင့်သွားကြသည်။

ယန်ဟွမ်သိုင်းကျောင်းတော်တွင် ကျောင်းသားသစ် များသည် နဂါးစာရင်းသို့ အမြန်ဆုံးရောက်ရှိရန် ကြိုးစားကြသည်။

သို့သော် ကျန်းချန်ကဲ့သို့ ထူးချွန်သူမျိုး မရှိခဲ့ဖူးပေ။

အကြောင်းရင်းမှာ သူက ကျောင်းတော်သို့ ရောက်သည်နှင့် နဂါးစာရင်းဝင် တစ်ခါတည်း ဖြစ်လာသောကြောင့်ပင်။

သူက နဂါးစာရင်းဝင် ကျောင်းသားများ စိန်ခေါ်လာသောအခါတွင်လည်း ပြိုင်ဘက်များကို အနိုင်ယူကာ အဆင့် ၄၆ တွင် အခိုင်အမာ ရပ်တည်နိုင်ခဲ့သည်။

ယခုတစ်ခေါက်တွင်လည်း သူက နောက်ထပ် လဝက်အကြာတွင် နဂါးစာရင်း၏ ထိပ်ဆုံးဆယ်ယောက်ထဲမှ မုန့်ယန်ကို စိန်ခေါ်ပေတော့မည်။

ယင်းမှာ တကယ်ကို အံ့မခန်းလုပ်ရပ်ဟု ဆိုရမည်။

ကျန်းချန်သာ လဝက်အတွင်း မုန့်ယန်ကို အနိုင်ယူနိုင်ခဲ့လျှင် ယန်ဟွမ်ကျောင်းတော်၏ သမိုင်းတွင် အံ့မခန်းမှတ်တမ်း တစ်ရပ်ကို ရေးထိုးနိုင်မည်မှာ သေချာ၏။

ပြင်ပတွင် ကျန်းချန်က မုန့်ယန်ကို စိန်ခေါ်သော သတင်းကြောင့် လူတိုင်း အံ့အားသင့်နေသော အချိန်တွင် ကျန်းချန်သည် သူ၏ နေအိမ်သို့ ပြန်လာခဲ့ပြီး ဓားဆန္ဒနှင့် ပေါင်းစပ်ထားသော ဆေးလုံးကို လေ့လာနေခဲ့သည်။

"ချင်းရွှယ်.. ဒီဆေးလုံးရဲ့ ပါဝင်ပစ္စည်းတွေကို ဘယ်လိုစစ်ဆေးရမလဲ မင်းသိလား"

ခဏလောက် လေ့လာခဲ့သော်လည်း ကျန်းချန်သည် ဘာမှနားမလည်သောကြောင့် မုန့်ချင်းရွှယ်ကို မေးလိုက်သည်။

"ငါလည်း မသိဘူး.. ဒီဆေးလုံးကို ဘယ်လို ဖွင့်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှေးဟောင်း စာအုပ်တွေမှာလည်း မှတ်တမ်းမရှိဘူး"

မုန့်ချင်းရွှယ်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။

သူမက တွန့်ဆုတ်စွာဖြင့် အကြံပေးလိုက်သည်။

"ဒီဆေးလုံးက ဓားဆန္ဒနဲ့ ပေါင်းစပ်ထားတာ ဆိုတော့ ဓားဆန္ဒနဲ့ စမ်းကြည့်ရင် မကောင်းဘူးလား"

"ဓားဆန္ဒကို အသုံးပြုရမှာလား"

ကျန်းချန်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွား၏။

သူက ဓားဆန္ဒကို ချက်ချင်း အသုံးပြုကာ ဆေးလုံးကို ဖိနှိပ်လိုက်သည်။

သို့ရာတွင် သူ၏ ဓားဆန္ဒကို ဆေးလုံးပေါ်မှ ဓားဆန္ဒသည် လုံးဝ ပိတ်ဆို့ထားခဲ့၏။

ထိုခဏတွင် ကျန်းချန်က မျက်မှောင်ကြုတ်သွားပြီး ဓားဆန္ဒ ဒုတိယအဆင့်ကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် ဆေးလုံးပေါ်မှ ဓားဆန္ဒသည် အပိုင်းပိုင်း ကျိုးပဲ့သွားပြီး ထူးဆန်းသော သတင်းစကားတစ်ခုသည် ကျန်းချန်၏ အာရုံထဲတွင် ပေါ်လာသည်။

"အဆင့်လေး၊ အဆင့်မြင့် ဉာဏ်အလင်းရ နတ်ဆေးလုံး"

"ဒါ... ဒါက ဓားဆန္ဒကို ပျိုးထောင်ဖို့ အထောက်အကူပြုတဲ့ ဆေးလုံးပဲ"

ဆေးလုံးနှင့် ပတ်သက်၍ ပေါ်လာသော သတင်းအချက်အလက်ကို ကြည့်ပြီး အမြဲတစေ တည်ငြိမ်သော ကျန်းချန်ပင် အံ့အားသင့်စွာ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။

အခန်း (၂၅၆) ပြီး၏

All Chapters