အခန်း (၂၅၇)
Vol. 18 Ch. 257
"ဓားဆန္ဒကို ပျိုးထောင်ဖို့ ထောက်ပံ့ပေးတဲ့ ဆေးလုံး"
ဤစကားသံကို ကြားသည်နှင့် မုန့်ချင်းရွှယ်၏ လှပသော မျက်လုံးများတွင် မယုံကြည်နိုင်လောက်သည့် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ချက်ချင်း ပေါ်ပေါက်လာသည်။
သူမသည် ထိတ်လန့်မှုကနေ ပြန်လည်သက်သာရန် အချိန်အတော်ကြာယူခဲ့ရ၏။
သူမက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"မထင်မှတ်ဘဲ ရှေးဟောင်းကျမ်းစာတွေရဲ့ မှတ်တမ်းတွေက အမှန်ဖြစ်နေတာကိုး.. ကျန့်ဝမ်တျန်းက ဓားဆန္ဒကို ပျိုးထောင်ဖို့ အထောက်အပံ့ ပေးနိုင်တဲ့ ဆေးလုံးကို အမှန်တကယ် ဖန်တီးနိုင်ခဲ့တာပဲ"
သိုင်း၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်ခြင်းသည် ပြောမပြနိုင်လောက်အောင် ခဲယဉ်း၏။
သိုင်းသမားအများစုသည် နားလည်ရန် အလွန်ခက်ခဲသည်ဟု သိရှိထားကြသည်။
ဓားဆန္ဒသည် သိုင်း၏ စစ်မှန်သော အဓိပ္ပါယ်များထဲမှ တစ်ခုဖြစ်သည်။
ထို့အပြင် ဓားဆန္ဒ ဉာဏ်အလင်းရစေရန် အထောက်အပံ့ ပေးနိုင်သော ဤဆေးလုံးသည် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများ၏ အိပ်မက်ထဲမှ ရတနာ ဖြစ်သည်။
"ဒီဆေးလုံးသတင်းသာ ပျံ့နှံ့သွားရင် မဟာရှား နိုင်ငံ တစ်ခုလုံးမှာ သွေးထွက်သံယို မုန်တိုင်းတွေ ဖြစ်ပေါ်လာမှာကို ငါစိုးရိမ်မိတယ်"
"ဒီတစ်ကြိမ် လဲ့ဟောင်ခုံးနဲ့ ကုန်သွယ်တာကနေ တကယ်ကို အမြတ်အစွန်း များများ ရရှိခဲ့တာပဲ"
ကျန်းချန်သည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
သူက ဓားဆန္ဒနှင့် ပေါင်းစည်းထားသော ဤဆေးလုံးကို အနည်းငယ် စိတ်ဝင်စားခဲ့သည်။
ထို့ကြောင့် လေ့လာကြည့်ရန် စီစဉ်ခဲ့၏။
ဤဆေးလုံးထဲတွင် အံ့အားသင့်စရာ လျှို့ဝှက်ချက်တစ်ခုခု ဝှက်မထားလောက်ဟု မည်သူမှ တပ်အပ်မပြောနိုင်ပေ။
သူ့တွင် ကောင်းကင်ကိုပင် အံတုနိုင်သော အဆတစ်ရာ စနစ်ရှိသည်။
သူက ဤဉာဏ်အလင်းရ နတ်ဆေးလုံးကို သန့်စင်နိုင်သရွေ့ ဆေးလုံးများကို သောက်သုံးကာ ဓားဆန္ဒ အတွေ့အကြုံ ရမှတ်များကို ရူးသွပ်စွာ ရယူနိုင်မည် မဟုတ်ပါလော။
ဉာဏ်အလင်းရ နတ်ဆေးလုံးကို သန့်စင်ရန် လိုအပ်သည့် ပစ္စည်းများ လုံလောက်နေသ၍ သူ့၏ ဓားဆန္ဒသည် မည်သည့်ပြဿနာမျှ မရှိဘဲ တတိယအဆင့်သို့ တစ်ခါတည်း တိုးမြှင့်သွားပေလိမ့်မည်။
"ချင်းရွှယ်.. မင်းက ဆေးဘက်ဝင်ပစ္စည်း နှစ်မျိုးဖြစ်တဲ့ နက်နဲမှု နှလုံးသား သန့်ရှင်းသစ်ခွနဲ့ နတ်ဆိုးဓားဝိညာဥ်မြက်ကို ဝယ်ယူဖို့ ကူညီပေးနိုင်မလား.. များများဝယ်လေ ကောင်းလေပဲ"
ကျန်းချန်၏ မျက်လုံးများတွင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး မုန့်ချင်းရွှယ်ကို တိုက်ရိုက် ပြောဆိုလိုက်သည်။
ဉာဏ်အလင်းရ နတ်ဆေးလုံးကို သန့်စင်ရာတွင် အရေးကြီးဆုံးမှာ ရှားပါးသော ပစ္စည်းနှစ်မျိုးဖြစ်သည့် နက်နဲမှုနှလုံးသား သန့်ရှင်းသစ်ခွနဲ့ နတ်ဆိုးဓားဝိညာဥ်မြက်တို့ ဖြစ်သည်။
ဤပစ္စည်း နှစ်မျိုး အလုံအလောက်ရှိသ၍ သူသည် ဉာဏ်အလင်းရ နတ်ဆေးလုံး အမြောက်အမြားကို သန့်စင်နိုင်မည်ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူ၏ ဓားဆန္ဒက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ ရောက်သွားမည်ကိုပင် ကျန်းချန် မတွေးဝံ့တော့ပေ။
မုန့်ချင်းရွှယ်က နက်နဲမှုနှလုံးသား သန့်ရှင်းသစ်ခွနှင့် နတ်ဆိုးဓားဝိညာဥ်မြက်တို့ကို ရှာဖွေရန် ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် စိတ်အာရုံ စူးစိုက်ကာ ကျင့်ကြံခြင်းကို စတင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ လဝက်အတွင်း သူသည် နဂါးစာရင်းတွင် အဆင့်၉ နေရာ၌ ရှိသော မုန့်ယန်ကို စိန်ခေါ်ရမည် ဖြစ်၏။
သူ၏ လက်ရှိ ခွန်အားဖြင့် အကောင်းဆုံး ကြိုးစားလျှင်ပင် မုန့်ယန်ကို အနိုင်ယူရန် အလွန်ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် သူက ဤလဝက်အတွင်း သူ့၏ ခွန်အားကို ပိုမို မြှင့်တင်ရမည် မဟုတ်ပါလား။
ကျန်းချန်က ခြံဝင်းထဲတွင် ဝိညာဉ် စွမ်းအား စုစည်းခြင်း အစီအရင်ကို တည်ဆောက်ကာ စနစ်၏ အဆတစ်ရာ အတွေ့အကြုံ ရမှတ်များကို အားကိုးပြီး အတွေ့အကြုံ ရမှတ်များကို ရယူခဲ့သည်။
တစ်ဖက်တွင်လည်း ကျန်းချန်သည် ဆေးဘက်ဝင် ပစ္စည်းများ ဝယ်ယူရန် အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး တစ်သန်း သုံးစွဲကာ တတိယအဆင့် နှင့် ထိုထက် မြင့်သော အဆင့်မြင့် ဆေးလုံး အမြောက်အမြားကို သန့်စင်ကာ စားသုံးခဲ့သည်။
ဤကဲ့သို့ နည်းလမ်းနှစ်မျိုး ချဉ်းကပ်မှုဖြင့် ကျန်းချန်၏ ခွန်အားသည် ရက်ပိုင်းအတွင်း အလျင်အမြန် တိုးတက်လာခဲ့သည်။
လဝက်အတွင်းမှာပင် ကျန်းချန်၏ ကျင့်ကြံခြင်းသည် မူလဘူတနယ်ပယ် အဆင့်၅မှ မူလဘူတနယ်ပယ် အဆင့်၇ အထိ အဆင့်သေး နှစ်ခုကို ဆက်တိုက် ထိုးဖောက်နိုင်ခဲ့သည်။
ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည့်အပြင် ကျန်းချန်သည် မုန့်မိသားစု၏ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကိုပါ နားလည်ခဲ့သည်။
"မနက်ဖြန်က မုန့်ယန်ကို စိန်ခေါ်ရမဲ့နေ့ပဲ...ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆို သူ့ကို အနိုင်ယူဖို့ လုံလောက်ပါပြီ"
"ဒီကောင်က လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ထားတယ်လို့ ကြားတယ်.. ဒါကြောင့် ငါလည်း လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ဖို့အတွက် စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းကို သွားရမယ်.. ဒါမှ မနက်ဖြန်ကျရင် သူ့ကို ကောင်းကောင်း ကစားနိုင်မယ်"
ကျန်းချန်က ဆုံးဖြတ်ချက် ချပြီးသည်နှင့် ထရပ်ကာ အခန်းထဲကနေ ထွက်ခွာလာခဲ့သည်။
အခန်းထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် မုန့်ချင်းရွှယ်က ခြံဝင်းထဲတွင် ရှိမနေသည်ကို တွေ့လိုက်ရသည်။
မုန့်ချင်းရွှယ်က အဘယ်ကြောင့် လဝက်လောက် ကြာနေသည်ကို ကျန်းချန် အံ့အားသင့်ခဲ့သော်လည်း အရေးမထားခဲ့ပေ။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်သည် စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းသို့ ရောက်ရှိလာခဲ့၏။
"ကောင်လေး.. မင်း ဒီနေ့ ကံမကောင်းဘူး.. စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းမှာ ဓားဆန္ဒကို လေ့လာနေတဲ့သူရှိတယ်.. မနက်ဖြန်မှပဲ ဒီကို ထပ်လာခဲ့ပါ"
အနက်ရောင်ဝတ် အဘိုးအိုက စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းကို ရောက်လာသော ကျန်းချန်ကို ကြည့်ကာ ပြောလိုက်၏။
"အကြီးအကဲ.. ကျွန်တော်က ဓားဆန္ဒကို လေ့လာချင်လို့ လာတာ မဟုတ်ပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက့သည်။
"ကျွန်တော်က လေရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို လေ့လာဖို့အတွက် လာတာပါ"
အခန်း(၂၅၇) ပြီး၏