အခန်း (၂၆၃)
Vol. 18 Ch. 263
"ကျန်းထောင်.. မင်းရှုံးသွားပြီ.. ကတိအတိုင်း မင်းရဲ့ ပိုင်လင် သန့်ရှင်း စမ်းရေ ပုလင်း ငါ့ကို ပေးပါ"
ကျန်းထောင် နောင်တရနေစဉ်မှာပင် လဲ့ဟောင်ခုံး၏ တိုးညှင်းသော အသံသည် သူ့နားထဲသို့ စိမ့်ဝင်လာသည်။
ယန်ဟွမ်ကျောင်းတော်၏ နာမည်ကျော် သိုင်းရူးနှင့် ရင်ဆိုင်ရသောအခါ ကျန်းထောင်သည် မည်သို့မျှ မငြင်းဆန်ရဲပေ။
သူက ရှေးဟောင်း ကျောက်စိမ်း ပုလင်း တစ်လုံးကို ထုတ်ယူကာ လဲ့ဟောင်ခုံး ဆီသို့ ပစ်ပေးလိုက်သည်။
ထိုအချိန်တွင် ကျန်းထောင်၏ နှလုံးသားထဲ၌ ကျန်းချန်ကို မုန်းတီးနေမိသည်။
ကျန်းချန်သာ ဤမျှအစွမ်းထက်နေမှန်း သိလျှင် သူက ရရှိရန် အလွန်ခက်ခဲသော ပိုင်လင် သန့်ရှင်း စမ်းရေပုလင်းကို လဲ့ဟောင်ခုံးထံ၌ အဘယ်ကြောင့် ဆုံးရှုံးရပါမည်နည်း။
ကျန်းချန်က မုန့်ယန်ကို အနိုင်ယူပြီးနောက်တွင် ပြိုင်ပွဲ ကြီးကြပ်သူ ဖြစ်သည့် အကြီးအကဲလန်က စင်ပေါ်သို့ ပြန်လည် ရောက်ရှိလာပြီး စိန်ခေါ်မှု၏ ရလဒ်ကို ကြေညာခဲ့သည်။
သံသယဖြစ်ဖွယ်ရာ မရှိလောက်အောင်ပင် ကျန်းချန်သည် မုန့်ယန်ကို အဆင့်၉ နေရာမှ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့သည်။
သူက ယန်ဟွမ်ကျောင်းတော် တည်ထောင်ခဲ့သည့် အချိန်မှ ရေတွက်လျှင် တစ်လအတွင်း နဂါးစာရင်း၏ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ကို အနိုင်ယူခဲ့သည့် ပထမဆုံး ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာသည်။
စိန်ခေါ်မှု ပြီးဆုံးသွားချေပြီ။
ကျန်းချန်သည် ပြိုင်ပွဲစင်မြင့်ထက်တွင် အချိန်အကြာကြီး မနေခဲ့ပေ။
သူသည် စင်မြင့်ပေါ်မှ တိုက်ရိုက် ခုန်ဆင်းကာ မရေမတွက်နိုင်သော လူများ၏ ချီးကျူးသံများအောက်တွင် လျှောက်လာခဲ့သည်။
"ကျန်းချန်"
ကျန်းချန်က ရင်ပြင်အစွန်းသို့ လျှောက်သွားစဉ် အသံတစ်သံက ရုတ်တရက် သူ့ကို တားဆီးလိုက်သည်။
သူက နားမလည်နိုင်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သောအခါ လဲ့ဟောင်ခုံးက သူ့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရသည်။
ကျန်းချန် အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"ညီနောင်လဲ့.. မင်း ငါ့ကို တစ်ခုခု ပြောစရာရှိလို့လား"
"ကျန်းချန်.. မင်း မုန့်ယန်ကို အနိုင်ယူပြီး နဂါးစာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲကို ဝင်ရောက်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်.. ဒီပိုင်လင် သန့်ရှင်း စမ်းရေပုလင်းက ငါကျန်းထောင်နဲ့ လောင်းကြေးထပ်ပြီး နိုင်ခဲ့တာပဲ.. မင်းကို လက်ဆောင်ပေးမယ်"
လဲ့ဟောင်ခုံးက စကားဆုံးသည်နှင့် ကျန်းထောင်ထံမှ နိုင်ခဲ့သော ပိုင်လင် သန့်ရှင်း စမ်းရေ ပုလင်းကို ကျန်းချန်ထံ ပစ်ပေးလိုက်သည်။
ကျန်းချန်သည် သူ့လက်ထဲမှ ကျောက်စိမ်းပုလင်းကို ကြည့်ကာ နှလုံးသားထဲတွင် တုန်လှုပ်သွားခဲ့၏။
"ပိုင်လင် သန့်ရှင်း စမ်းရေပါလား"
၎င်းက ထျန်းဝူတိုက်ကြီး၏ ဒဏ္ဍာရီလာ နတ်စမ်းရေ သုံးခုထဲမှ တစ်ခုဖြစ်ပြီး သေဆုံးသွားသူများကိုပင် ပြန်လည်ရှင်သန်စေကာ ပြန်လည်မွေးဖွားစေနိုင်သော မှော်စွမ်းအင်များ ပါဝင်သည်ဟု ဆိုကြသည်။
ပိုင်လင် သန့်ရှင်းစမ်းရေကို ရရှိရန် အခြေအနေသည် အလွန် ခက်ခဲသည်။
အနည်းဆုံး နှစ်တစ်ထောင် သက်တမ်းရှိသော ဆေးဖက်ဝင်အပင် ရာပေါင်းများစွာ၏ အဆီအနှစ်များဖြင့် ဖွဲ့စည်းထား၍ ဆန္ဒရှိလျှင်ပင် ရရှိရန် ခက်ခဲသောအရာ ဖြစ်သည်။
ကျန်းချန်သည် လဲ့ဟောင်ခုံးက သူ့ကို ထိုမျှ တန်ဖိုးရှိသော အရာတစ်ခု လက်ဆောင် ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းချန်က အားတုံ့အားနာ အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။
"ညီနောင်လဲ့.. ဒီ ပိုင်လင် သန့်ရှင်းစမ်းရေက အရမ်း တန်ဖိုးကြီးတယ်"
"မင်းကို ငါ ပေးပြီးပြီဆိုတော့ ဒါက မင်းရဲ့ ပစ္စည်းပဲ..ငါ လဲ့ဟောင်ခုံးက ပေးပြီးသား ပစ္စည်းကို ဘယ်တော့မှ ပြန်မယူတတ်ဘူး...ဒါနဲ့ မနေ့က ငါ မြို့တော်မှာ တတိယမင်းသား ရှားရွှယ်နဲ့ တွေ့ခဲ့တယ်...သူက မင်းကို စကားတစ်ခွန်း ပါးခိုင်းလိုက်တယ်.. မင်းလိုချင်တဲ့ နက်နဲမှု နှလုံးသား သန့်ရှင်း သစ်ခွနဲ့ နတ်ဆိုးဓား ဝိညာဉ်မြက်နဲ့ ပတ်သက်ပြီး သတင်းထူးရှိတယ်တဲ့.. မင်း မြို့တော်ကို အမြန်ဆုံး သွားသင့်တယ်"
လဲ့ဟောင်ခုံးက ပေါ့ပါးစွာ ပြောပြီးနောက် ကျန်းချန်ကို ပြန်ပြောရန်ပင် အခွင့်အရေး မပေးဘဲ လှည့်ထွက်သွားခဲ့သည်။
လဲ့ဟောင်ခုံး၏ စကားများကို ကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွား၏။
သူလိုအပ်သော နက်နဲမှု နှလုံးသား သန့်ရှင်း သစ်ခွနှင့် နတ်ဆိုးဓား ဝိညာဉ်မြက်အကြောင်းကို မုန့်ချင်းရွှယ်သာ သိသည်။
မုန့်ချင်းရွှယ်သည် ထိုဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးအကြောင်း သတင်းရရှိပါက သူမ ကိုယ်တိုင် မယူနိုင်လျှင်ပင် သူ့ကို ရှာရန် ယန်ဟွမ်ကျောင်းတော်သို့ ပြန်လာသင့်၏။
ယခုတော့ မုန့်ချင်းရွှယ်သည် ပြန်မလာသေးပေ။
ကြည့်ရသည်မှာ မုန့်ချင်းရွှယ် တစ်စုံတစ်ရာ ပြဿနာ ဖြစ်နေ၍ တတိယမင်းသား ရှားရွှယ်သည် လဲ့ဟောင်ခုံးမှ တဆင့် သူ့ဆီ သတင်းပို့ခဲ့ခြင်း ဖြစ်နိုင်၏။
ဤတစ်ကြိမ်တွင် မုန့်ချင်းရွှယ်သည် နက်နဲမှု နှလုံးသား သန့်ရှင်း သစ်ခွနှင့် နတ်ဆိုးဓား ဝိညာဉ်မြက်ကို ရှာဖွေရန် မြို့တော်သို့ သွားခဲ့ပုံရသည်။
ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွား၏။
သူက မဆိုင်းမတွပင် ယန်ဟွမ်ကျောင်းတော်မှ ထွက်ခွာခွင့် လျှောက်ထားရန်အတွက် အတွင်းစည်းနန်းတော်သို့ တိုက်ရိုက် သွားခဲ့သည်။
ယန်ဟွမ်ကျောင်းတော်မှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် လေ၏ အဓိပ္ပါယ်ကို အသုံးပြုကာ မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်သို့ လျင်မြန်စွာ ရွေ့လျားခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်သည် မြို့တော်သို့ အလျင်အမြန် ပြန်လည် ရောက်ရှိလာခဲ့ပြီး တတိယမင်းသား၏ နေအိမ် တံခါးဝတွင် ရပ်တန့်လိုက်သည်။
သူသည် တံခါးစောင့်နှစ်ယောက်ကို ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"မင်းတို့ နှစ်ယောက်...ရှားရွှယ်ကို အမြန်ဆုံး ထွက်လာခိုင်းပြီး ငါ့ကို လာတွေ့ဖို့ပြောလိုက်"
အခန်း(၂၆၃) ပြီး၏