← Chapters

အခန်း (၂၆၄)

Vol. 18 Ch. 264

အခန်း (၂၆၄)

Vol. 18 Ch. 264

"ခဏလေးစောင့်ပါ ဆရာကျန်း.. တတိယမင်းသားကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်"

အစောင့်နှစ်ယောက်သည် တတိယမင်းသား၏ အိမ်တံခါးဝတွင် ပြဿနာရှာခဲ့ဖူးသော ကျန်းချန်ကို မစိမ်းတော့ပေ။

သူတို့က သူတို့ရှေ့မှ ဂုဏ်သရေရှိ ဧည့်သည်သည် တတိယမင်းသား၏ အထူး ဧည့်သည် ဖြစ်ကြောင်းကို သိရှိကြသဖြင့် လျစ်လျူရှုရန် မဝံ့ရဲကြပေ။

အစောင့်တစ်ယောက်က ကျန်းချန်ကို ပြောပြီးသည်နှင့် အိမ်တော်ထဲသို့ အလျင်အမြန် ပြေးဝင်သွားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် တတိယမင်းသား ရှားရွှယ်သည် အိမ်တော်ထဲမှ လှမ်းထွက်လာခဲ့၏။

"ညီနောင် ကျန်းချန်.. မင်း မြို့တော်ကို ပြန်ရောက်လာပြီလား"

ရှားရွှယ်က တံခါးဝတွင် ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။

သူသည် ကျန်းချန်ကို တောင်းပန်စကား ဆိုလိုက်သည်။

"နောက်ဆုံးအကြိမ်က စီရင်စုကိုးခု သိုင်းပြိုင်ပွဲမှာ ကိစ္စတချို့ကြောင့် မြို့တော်ကနေ ထွက်သွားခဲ့ရတယ်... ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ညီနောင်ကျန်းချန်ကိုတောင် ဂုဏ်ပြုဖို့ အချိန်မရခဲ့ဘူး.. ညီနောင် ကျန်းချန်က စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်။"

"ရပါတယ်"

ကျန်းချန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"တတိယမင်းသား... ချင်းရွှယ် အရင်က မင်းဆီကို လာခဲ့သေးတယ် မဟုတ်လား.. သူအခု ဘယ်မှာလဲ"

"သူက ငါ့ဆီကို လာတာ မဟုတ်ဘူး.. ငါက သူ့ကို သွားတွေ့ခဲ့တာ"

ရှားရွှယ်သည် လုံးဝ မဆိုင်းမတွဘဲ သူသိထားသမျှ အရာအားလုံးကို ကျန်းချန်အား ဖောက်သည်ချလိုက်သည်။

လွန်ခဲ့သော လဝက်က မုန့်ချင်းရွှယ်သည် မြို့တော်ကို ပြန်ရောက်လာပြီး ကျန်းချန် အတွက် နက်နဲမှု နှလုံးသား သန့်ရှင်းသစ်ခွနှင့် နတ်ဆိုးဓား ဝိညာဉ်မြက်ကို ရှာဖွေခဲ့သည်။

ရှားရွှယ်သည် လွန်ခဲ့သောနှစ်ရက်ခန့်က တော်ဝင်မိသားစု၏ ဘဏ္ဍာတိုက်ထဲတွင် နက်နဲမှုနှလုံးသား သန့်ရှင်း သစ်ခွနှင့် နတ်ဆိုးဓား ဝိညာဉ်မြက် အများအပြား သိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့၍ ကျန်းချန်ကို လက်ဆောင်ပေးချင်ခဲ့သည်။

ထိုကြောင့် ရှားရွှယ်သည် မုန့်ချင်းရွှယ်ကို ရှာ၍ သတင်းပေးခဲ့၏။

မုန့်ချင်းရွှယ်က ထိုသတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်ကို အကြောင်းကြားရန် အတွက် ယန်ဟွမ် သိုင်းကျောင်းတော်သို့ ပြန်ရန် စီစဉ်ခဲ့သည်။

သို့သော် ထိုအချိန်မှာပင် မုန့်မိသားစုသည် ရုတ်တရက် ပေါ်လာပြီး မုန့်ချင်းရွှယ်ကို အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သည်။

ရှားရွှယ်က ကျန်းချန်ကို မည်ကဲ့သို့ အကြောင်းကြားရမလဲ တွေးတောနေစဉ် ယန်ဟွမ်ကျောင်းတော်မှ လဲ့ဟောင်ခုံးနှင့် တိုက်ဆိုင်စွာ တွေ့ဆုံခဲ့၍ လဲ့ဟောင်ခုံးမှတဆင့် ကျန်းချန်ကို သတင်းပို့ခဲ့ခြင်းပင်။

ကိစ္စ၏ အကြောင်းရင်းနှင့် အကျိုးဆက်ကို သိရှိသောအခါတွင် ကျန်းချန်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။

"မုန့်မိသားစုက မုန့်ချင်းရွှယ်ကို ဘာလို့ အတင်းအကျပ် ပြန်ခေါ်သွားတာလဲ မင်းသား သိလား"

"အခြေအနေ အတိအကျကိုတော့ ငါ မသိဘူး.. ဒါပေမဲ့... မုန့်မိသားစုကို မကြာသေးခင်က ဂုဏ်သရေရှိ ဧည့်သည်တော် နှစ်ယောက် လာရောက် လည်ပတ်ခဲ့တယ်လို့ သတင်းကြားခဲ့တယ်.. သူတို့က ဂိုဏ်းကြီး သုံးဂိုဏ်းထဲက ဖြစ်နိုင်တယ်"

ရှားရွှယ်က လေးနက်စွာ ပြောလိုက်သည်။

"ဒါက ဒီကိစ္စနဲ့ ဆက်စပ်နေတယ်လို့ ငါ သံသယရှိတယ်"

"ဂိုဏ်းကြီး သုံးဂိုဏ်းလား"

ရှားရွှယ်၏ စကားများကို ကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်သွား၏။

"ထိုက်ရှဂိုဏ်းက လူတွေလား"

ထျန်းဝူတိုက်ကြီးသည် ကျယ်ပြောပြီး အဆုံးအစမဲ့သည်။

မဟာရှားနိုင်ငံသည် ထျန်းဝူတိုက်ကြီး၏ အတော်လေး လူသူကင်းမဲ့ပြီး အလှမ်းဝေးသည့် မြောက်ပိုင်းတောရိုင်း ဒေသတွင် တည်ရှိသည်။

မြောက်ပိုင်းတောရိုင်း၏ ထိုဒေသတွင် မဟာရှားနိုင်ငံ အပါအဝင် အဆင့်တူ နီးပါးရှိသည့် နိုင်ငံကိုးနိုင်ငံ ရှိပြီး ၎င်းတို့ကို မြောက်ပိုင်းတောရိုင်း ကိုးနိုင်ငံဟု ခေါ်ကြသည်။

သို့သော် မြောက်ပိုင်းတောရိုင်း ကိုးနိုင်ငံသည် အပေါ်ယံတွင် မြောက်ပိုင်းတောရိုင်း ဒေသ တစ်ခုလုံးကို ထိန်းချုပ်ထားပုံရသော်လည်း တကယ်တမ်းတွင် မြောက်ပိုင်းတောရိုင်း ဒေသ၏ ကံကြမ္မာသည် နိုင်ငံကိုးနိုင်ငံ၏ လက်ထဲတွင် မရှိပေ။

မြောက်ပိုင်းတောရိုင်း၏ ကံကြမ္မာကို တကယ် လွှမ်းမိုးသူများမှာ နိုင်ငံကိုးနိုင်ငံ၏ အထက်တွင်ရှိသော ဂိုဏ်းကြီး သုံးဂိုဏ်းသာ ဖြစ်သည်။

ထျန်းယွဲ့ဂိုဏ်း၊ ရှန်းကျန့်ဂိုဏ်း၊ ထိုက်ရှဂိုဏ်း။

ဤဂိုဏ်းကြီးသုံးဂိုဏ်းသည် နိုင်ငံသုံးနိုင်ငံစီ၏ အာဏာကို ထိန်းချုပ်ထားသည်။

ဆိုရလျှင် မဟာရှားနိုင်ငံသည် ထိုက်ရှဂိုဏ်း၏ စီရင်ပိုင်ခွင့်အတွင်းရှိသော နိုင်ငံသုံးနိုင်ငံ ထဲမှ တစ်နိုင်ငံ ဖြစ်သည်။

"အ​​သေအချာတော့ မသိဘူး"

ရှားရွှယ်က ခေါင်းကို ခါယမ်း၍ ပြောလိုက်သည်။

"ငါတို့ တော်ဝင်မိသားစုက ထိုက်ရှဂိုဏ်းကိုတော့ လွန်ဆန်လို့မရဘူး.. တကယ်ပဲ ထိုက်ရှဂိုဏ်းကဆိုရင် ငါ့အနေနဲ့ မုန့်မိသားစုဆီ သွားဖို့ မဖြစ်နိုင်ဘူး"

"တတိယမင်းသား... သတင်း​ပေးတဲ့အတွက် မင်းကို အရမ်း ကျေးဇူးတင်ပါတယ်.. ငါ့ကိုယ်စား ယွဲ့ယန်ကျိုးနဲ့ ယန်ချင်းရွှယ်ကို ငါ မုန့်အိမ်တော်မှာ သူတို့ကို စောင့်နေမယ်လို့ ပြောပေးပါ"

ကျန်းချန်က စကားဆုံးသည်နှင့် လှည့်ထွက်လိုက်၏။

ရှားရွှယ်က အံ့အားသင့်စွာ လှမ်းမေးလိုက်သည်။

"ညီနောင် ကျန်းချန်.. မင်း ဘာလုပ်ချင်တာလဲ"

"ဘာမှ မလုပ်ပါဘူး.. လူတစ်ယောက် အကြောင်းကို မေးဖို့ မုန့်အိမ်တော်ကို သွားရုံပါပဲ"

ကျန်းချန်၏ အေးစက်သော အသံသည် လေထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွား၏။

သူ၏ ပုံရိပ်သည် ချက်ချင်းပင် လေအဖြစ် ပြောင်းလဲသွားကာ အစအန ပျောက်သွား​သည်။

အခန်း(၂၆၄) ပြီး၏

All Chapters