အခန်း (၂၆၅)
Vol. 18 Ch. 265
တတိယမင်းသား၏ နေအိမ်မှ ထွက်လာပြီးနောက် ကျန်းချန်သည် မြို့၏ အရှေ့ဘက်တွင် တည်ရှိသည့် ခမ်းနားသော အိမ်တော်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုအိမ်တော်၏ တံခါးဝအထက်ရှိ ဧရာမ ကျောက်ပြားတစ်ခုပေါ်တွင် နဂါးနှင့် ဖီးနစ် ရုပ်ပုံများကြား၌ "မုန့်အိမ်တော်"ဟု ရေးထွင်းထားသည့် စာတန်းတစ်ခု ရှိနေ၏။
မဟာရှားနိုင်ငံ၏ ထိပ်တန်း မိသားစုအနေဖြင့် မုန့်မိသားစုသည် ကိုယ်ခံပညာနှင့် ပတ်သက်လျှင် နာမည် အလွန်ကျော်ကြားသော အိမ်တော်ဖြစ်သည်။
ယနေ့တွင် မုန့်မိသားစု အိမ်တော် တံခါးဝတွင် အဆုံးမရှိသော လူတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
သွေးသစ်များကို စုဆောင်းရန်အတွက် မုန့်မိသားစုသည် အချိန်အတော်ကြာတိုင်းတွင် ပြင်ပ ကျင့်ကြံသူများကို စုဆောင်းလေ့ရှိသည်။
မည်သူမဆို မုန့်မိသားစုမှ စစ်ဆေးမည့် စာမေးပွဲကို အောင်မြင်လျှင် မုန့်မိသားစု၏ တပည့်တစ်ယောက် ဖြစ်လာနိုင်မည် ဖြစ်၏။
မုန့်မိသားစု၏ အပြင်စည်း တပည့်တစ်ယောက် ဖြစ်လာခြင်းသည် မဟာရှားနိုင်ငံ၏ အရပ်သား ကျင့်ကြံသူ အများအပြား အိပ်မက်မက်သည့် အရာတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထို့ကြောင့် မုန့်မိသားစုက ပြင်ပမှ တပည့်များကို စုဆောင်းသည့် အခါတိုင်းတွင် မရေမတွက်နိုင်သော အရပ်သား ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့၏။
ယနေ့သည် မုန့်မိသားစုက သိုင်းပညာရှင်များကို စုဆောင်းသည့်နေ့ ဖြစ်သည်။
ထို့ကြောင့် မုန့်မိသားစု၏ တံခါးဝသည် ထုံးစံအတိုင်း အလွန် စည်ကားလျက်ရှိသည်။
ကျန်းချန်က တစ်ချက် အကဲခတ်လိုက်ရာ မုန့်မိသားစု၏ တံခါးဝတွင် သိုင်းပညာရှင် ရာပေါင်းများစွာက တန်းစီပြီး စာရင်းသွင်းနေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့က မုန့်မိသားစု၏ အပြင်စည်း တပည့် အကဲဖြတ်မှုကိ ခံယူရန် အတွက် စာရင်းသွင်းရန် အသင့်ဖြစ်နေကြ၏။
ကျန်းချန်သည် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် မုန့်မိသားစု၏ တံခါးဝဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
"ကောင်လေး.. မင်း ဘာလုပ်နေတာလဲ"
"ငါတို့ မုန့်မိသားစုရဲ့ အပြင်စည်း တပည့် အကဲဖြတ်မှုမှာ ပါဝင်ချင်ရင် အလှည့်မကျော်ဘဲ စနစ်တကျ တန်းသွားစီပေးပါ"
မုန့်မိသားစု၏ တံခါးဝတွင် မုန့်မိသားစု ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်ယောက်သည် အိမ်တော်ဆီသို့ တိုက်ရိုက် လျှောက်လာသော ကျန်းချန်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။
"မင်းတို့ မုန့်မိသားစုရဲ့ အပြင်စည်း တပည့် အကဲဖြတ်မှုကို ငါ စိတ်မဝင်စားဘူး"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါက လူတစ်ယောက် ရှာဖို့အတွက် မုန့်မိသားစုကို လာခဲ့တာပဲ"
ကျန်းချန်၏ စကားသည် ပတ်ဝန်းကျင်ကို ရုတ်တရက် ဆူညံသံများ ဖြစ်ပေါ်စေခဲ့သည်။
အပြင်စည်း တပည့် အကဲဖြတ်မှုတွင် ပါဝင်ရန် မုန့်မိသားစုကို ရောက်လာခဲ့သော ကျင့်ကြံသူ အားလုံးသည် တုန်လှုပ်သော မျက်လုံးများဖြင့် ကျန်းချန်ကို ကြည့်နေခဲ့ကြ၏။
"ဒီကောင်က ဘယ်သူလဲ.. လူတစ်ယောက်ရှာဖို့ အတွက် မုန့်အိမ်တော်ဆီတောင် ရောက်လာရဲတယ်"
"သူက ဒီနှစ်ရဲ့ စီရင်စုကိုးခု သိုင်းပြိုင်ပွဲမှာ ပထမရရှိတဲ့ ကျန်းချန်ပဲ"
"ချီး.. စီရင်စု ကိုးခု သိုင်းပြိုင်ပွဲရဲ့ ဗိုလ်စွဲသူ တစ်ယောက်က မုန့်အိမ်ကို လာပြီး ပြဿနာရှာရဲတယ်.. ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်လား"
လူတိုင်းက ထိုအကြောင်း ပြောနေကြစဉ် မုန့်မိသားစုမှ ကျင့်ကြံသူသည် မထီမဲ့မြင်ပြုကာ ရယ်မောလိုက်သည်။
"ကောင်လေး.. မင်းက စီရင်စုကိုးခု သိုင်းပြိုင်ပွဲရဲ့ ဗိုလ်စွဲသူ ကျန်းချန် ဖြစ်နေတာကိုး...ဒါပေမဲ့ ငါတို့ မုန့်မိသားစုက မင်း ရိုင်းစိုင်းလို့ရတဲ့ နေရာ မဟုတ်ဘူး...ဒီကနေ ချက်ချင်း ထွက်သွားပေးပါ"
ကျန်းချန်သည် မုန့်မိသားစု သိုင်းပညာရှင်၏ မထီမဲ့မြင်ပြုသော လေသံက လျစ်လျူရှုခဲ့သည်။
သူ၏ မျက်လုံးများက အေးစက်နေ၏။
သူ၏ စိတ်မရှည်သော အသံသည် ချက်ချင်းပင် လူတိုင်း၏ နားထဲကို ဝင်ရောက်လာခဲ့၏။
"ငါ နောက်ဆုံးအကြိမ် ထပ်ပြောမယ်.. ငါက ငါ့ရဲ့ အစေခံ မုန့်ချင်းရွှယ်ကို လာခေါ်တာပဲ.. မင်းကို ငါးမိနစ် အချိန်ပေးမယ်.. ချက်ချင်း မုန့်မိသားစုကို အကြောင်းကြားပြီး သူ့ကို ငါ့ဆီ လွှဲပေးလိုက်ပါ.. မဟုတ်ရင် ငါ ကိုယ်တိုင် ဝင်ရှာရလိမ့်မယ်"
ကျန်းချန် ထိုစကားကို ပြောလိုက်သည့် အခါတွင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
မုန့်ချင်းရွှယ်။
သူမသည် မုန့်မိသားစု၏ တိုက်ရိုက် တပည့်တစ်ယောက် ဖြစ်ပြီး မုန့်မိသားစု၏ ရေခဲနတ်ဘုရားမလေး ဖြစ်သည်။
ထိုကောင်လေးသည် မုန့်ချင်းရွှယ်ကို သူ့၏ အစေခံဟု အခိုင်အမာ ပြောနေခဲ့ပြီး မုန့်မိသားစုတွင် လာခေါ်နေခဲ့၏။
"မိုက်မဲလိုက်တာ"
"ဒီကောင် တော်တော်လေး မိုက်မဲတာပဲ"
"ဟားဟား.. နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးတစ်ယောက်ကများ ဒီလို စကားမျိုး ပြောရဲတယ်"
"မင်းမှာ သတ္တိရှိရင် မုန့်အိမ်တော်ကို စမ်းကြည့်လိုက်လေ"
"ဒီနေ့က နောက်နှစ်ကျရင် မင်းရဲ့ သေဆုံးတဲ့နေ့ ဖြစ်စေရမယ်လို့ ငါ အာမခံတယ်"
မုန့်မိသားစု ကျင့်ကြံသူသည် မထီမဲ့မြင်ပြုကာ ရယ်မောခဲ့သည်။
"မင်းခြိမ်းခြောက်တာနဲ့ ကြောက်သွားမယ် ထင်နေလား.. ဒါက မုန့်အိမ်တော် ဖြစ်တော့ရော ဘာလုပ်ပေးရမလဲ.. ဒီကမ္ဘာမှာ ငါ မဝင်ရဲတဲ့ နေရာ တစ်နေရာမှ မရှိဘူး"
သူ၏ အေးစက်သော အသံသည် လေထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားပြီးနောက် ကျန်းချန်၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၂၆၅) ပြီး၏