← Chapters

အခန်း (၂၆၆)

Vol. 18 Ch. 266

အခန်း (၂၆၆)

Vol. 18 Ch. 266

လေထုထဲတွင် မမြင်ရသော ဖိအားတစ်ခုသည် တဖြည်းဖြည်း တိုးလာသည်။

လူအုပ်ကြီးသည် ကျန်းချန်ဆီသို့ စူးစိုက်၍ ကြည့်နေကြသည်။

သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု၊ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ရောယှက်နေ၏။

ကျန်းချန်၏ အရှိန်အဝါသည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။

သူ၏ ပုံရိပ်သည် လူအုပ်ကြားတွင် ပျောက်ကွယ်သွားပြီးနောက် မုန့်မိသားစု၏ ကျင့်ကြံသူ ဘေးတွင် တစ္ဆေ တစ်ကောင်ကဲ့သို့ ပြန်လည် ပေါ်ထွက်လာခဲ့သည်။

သူ့လက်ထဲတွင် အနီရောင် တောက်ပနေသည့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။

ဓားရှည်သည် လေထဲတွင် ဝှစ်ခနဲ မြည်သံနှင့်အတူ မုန့်မိသားစု သိုင်းပညာရှင်၏ လည်ပင်းကို ဖြတ်တောက်သွားခဲ့သည်။

အချိန်က ရပ်တန့်သွားသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထို့နောက် နီရဲသောသွေးများက လည်ပင်းမှ ပန်းထွက်လာပြီး မုန့်မိသားစု သိုင်းပညာရှင်သည် မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားသည်။

လူအုပ်ကြီးသည် အသက်ရှူပင် မှားသွားကြသည်။

သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။

"လခွမ်း.. ဒီကောင်က စီရင်စုကိုးခု သိုင်းပြိုင်ပွဲရဲ့ ပထမဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်လိုက်တာ.. မူလဘူတအဆင့် ကျင့်ကြံသူကိုတောင် ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ခဲ့တယ်"

လူအုပ်ကြီးထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"သူက ဘယ်လောက်ပဲ ပါရမီရှိပါစေ.. မုန့်မိသားစုရဲ့ တံခါးဝမှာ မုန့်မိသားစုရဲ့ လူတွေကို သတ်ဖို့ အတင့်ရဲရင် သူ့သေလမ်း သူရှာနေတာနဲ့ အတူတူပဲ"

နောက်ထပ် အသံတစ်သံက ပြန်ပြောလိုက်သည်။

"ဟူးး.. ပါရမီရှင်တစ်ယောက် အတွက်တော့ စိတ်မကောင်းစရာပဲ.. ဒီနေ့မှာ သူက ဒီမှာ သေဆုံးဖို့ သေချာသလောက်ပဲ"

တတိယအသံတစ်သံက ဝမ်းနည်းစွာ ရေရွတ်လိုက်၏။

မုန့်မိသားစု။

မဟာရှား နိုင်ငံတော်၏ ထိပ်တန်း သိုင်းမိသားစု။

ဤ မဟာရှားနိုင်ငံတွင် မုန့်မိသားစုကို မျက်နှာသာ မပေးရဲသူ မရှိသလောက်ပင်။

သို့သော် ကျန်းချန်သည် မုန့်မိသားစု၏ တံခါးဝသို့ ပြဿနာရှာရန် ရောက်လာခဲ့ပြီး ယခုအခါတွင် မုန့်မိသားစု၏ မူလဘူတ အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပါ သတ်ပစ်ခဲ့သည်။

ဤကဲ့သို့ ရူးသွပ်သော အပြုအမူသည် သေခြင်းတရားကို ဖိတ်ခေါ်နေသည်နှင့် မခြားနားပေ။

"ဘယ်သူက ငါတို့ မုန့်အိမ်မှာ ရမ်းကားရဲတာလဲ"

ကျန်းချန်၏ ရန်လိုသော အပြုအမူကြောင့် လူအုပ်ကြီး တုန်လှုပ်နေစဉ်မှာပင် အေးစက်သော အော်ဟစ်သံ တစ်သံသည် မုန့်အိမ်တော် တံခါးဝကနေ ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ရာ လက်တစ်ဖက်တည်းသာ ရှိသော လူငယ်တစ်ယောက်နှင့် အနက်ရောင် ဝတ်ရုံဝတ် အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

လက်တစ်ဖက်တည်းရှိသော လူငယ်က ကျန်းချန် ဆီသို့ စူးစိုက်၍ ကြည့်နေခဲ့၏။

သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။

"ကျန်းချန်.. မင်း ဒီကို ဘာလာလုပ်တာလဲ"

သူက အေးစက်စွာ မေးလိုက်သည်။

ကျန်းချန်သည် မုန့်မိသားစု အိမ်တံခါးဝမှ ထွက်လာသော လက်တစ်ဖက်တည်းရှိသည့် လူငယ်ကို မစိမ်းပေ။

ထိုလူငယ်က လင်ယွင်ကျောင်းတော်တွင် ကျန်းချန်ကြောင့် လက်ဖြတ်ခံခဲ့ရသည့် မုန့်ရှင်းယွီ ဖြစ်သည်။

"မုန့်ရှင်းယွီ.. မင်း အချိန်ကိုက် ရောက်လာတာပဲ"

ကျန်းချန်က မုန့်ရှင်းယွီကို ကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

"မင်းတို့ မုန့်မိသားစုက ငါ့ရဲ့ အစေခံ မုန့်ချင်းရွှယ်ကို ဖမ်းထားတယ်.. သူ့ကို အမြန်ဆုံး ငါ့ဆီ ပြန်လွှဲပေးပါ"

"ကျန်းချန်.. မင်းနဲ့ စာရင်းရှင်းဖို့ မင်းကို ရှာချင်နေတာ.. ဒါပေမဲ့ မင်းက အိမ်တော်တံခါးဝထိ ကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားမိဘူး"

မုန့်ရှင်းယွီက ဒေါသတကြီး ပြောလိုက်သည်။

"မင်းက လင်ယွင်ကျောင်းတော်မှာ ငါ့လက်ကို ဖျက်ဆီးခဲ့တယ်.. ဒီနေ့တော့ မင်းကို ဆယ်ဆ ပြန်ပေးဆပ်စေမယ်"

မုန့်ရှင်းယွီ၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လူသတ်ငွေ့များ ပြည့်နှက်နေခဲ့၏။

"အကြီးအကဲလော်.. ဒီကောင့်ကို ကျွန်တော့် အတွက် ဖမ်းပေးပါ"

မုန့်ရှင်းယွီက သူ့ဘေးတွင် ရပ်နေသော အနက်ရောင် ဝတ်ရုံဝတ် အဘိုးကြီးကို အမိန့်ပေးလိုက်သည်။

အနက်ရောင် ဝတ်ရုံဝတ် အဘိုးကြီးက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ရှေ့သို့ လှမ်းထွက်လာသည်။

သူ့ခန္ဓာကိုယ်မှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ၏ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။

သူက ကျန်းချန်ကို မထီမဲ့မြင်ပြုသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး.. သဘာဝစွမ်းအားဖွင့်ခြင်း အဆင့် ကျင့်ကြံသူး ရှေ့မှာ မင်းအတွက် ခုခံဖို့ အခွင့်အရေး လုံးဝ မရှိဘူး.. အ​ခြေအနေကိုနားလည်ရင် လိမ်လိမ်မာမာ အဖမ်းခံလိုက်ပါ"

"ဟမ့်..သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူက ဘာမို့လို့လဲ"

ကျန်းချန်က လက်ထဲတွင် ယန်လုံဓားကို ကိုင်ထား၏။

သူ၏ လွှမ်းမိုးသော အသံသည် လူအုပ်ကြီး၏ နှလုံးသားများကို တုန်လှုပ်သွားစေသည်။

"ငါ ဒီနေ့ မုန့်အိမ်တော်ကို ငါ့ရဲ့ အစေခံ မုန့်ချင်းရွှယ်ကို ပြန်ခေါ်ဖို့အတွက် လာခဲ့တယ်"

ငါ့ကို ဘယ်သူအတင့်ရဲပြီး ဟန့်တားရဲလဲ.. သဘာဝစွမ်းအားဖွင့်ခြင်း အဆင့် သိုင်းပညာရှင် ဖြစ်ရင်တောင် ဓားချက်တစ်ချက်တည်းနဲ့ သတ်ပစ်မယ်"

အခန်း(၂၆၆) ပြီး၏

All Chapters