အခန်း (၂၆၇)
Vol. 18 Ch. 267
"ဒီကောင် မောက်မာလှချည်လား"
"မူလဘူတ နယ်ပယ်အဆင့် သိုင်းသမားတစ်ယောက်က သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်က သိုင်းသမားကို ဓားချက်တစ်ချက်တည်းနဲ့ သုတ်သင်မယ်တဲ့လား.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
"ဒီကောင် ဦးနှောက်ပျက်သွားပြီလို့ ငါထင်တယ်"
ကျန်းချန်၏ မောက်မာသော စကားများကြောင့် ပရိသတ်များ အံ့အားသင့်သွားကြသည်။
သူတို့သည် ကျန်းချန်အား ရှားပါးသော သိုင်းပညာပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုကြသော်လည်း ဤကမ္ဘာ၌ အတောက်ပဆုံးသော ပါရမီရှင်ပင်လျှင် အဆင့်တူ၌ အစွမ်းထက်သော ပြိုင်ဘက်ကို အနိုင်ယူရန် ခက်ခဲသည်။
ဆိုရလျှင် နယ်ပယ်အဆင့်ကြီး တစ်ခုကို ကျော်ဖြတ်၍ ရန်သူကို သုတ်သင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
အထူးသဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်နှင့် မူလဘူတအဆင့် နယ်ပယ်ကြား၌ ကျော်လွှား၍မရသော ကွာဟချက်ကြီးတစ်ခု ရှိသည်။
သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်သည် မူလဘူတ နယ်ပယ်အဆင့် နှင့် လုံးဝကွဲပြားခြားနားသော သိုင်းပညာအဆင့် တစ်ခု ဖြစ်သည်။
ကျင့်ကြံသူစ တစ်ဦးသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်သို့ ရောက်သောအခါတွင် ၎င်း၏ ခန္ဓာကိုယ်ထဲမှ စစ်မှန်သောချီသည် သက်ရှိစွမ်းအင် အဖြစ်သို့ လုံးဝပြောင်းလဲသွားမည် ဖြစ်၏။
ယင်းမှာ မူလဘူတ အဆင့် စစ်မှန်သောချီကို လုံးဝ လွှမ်းမိုးနိုင်သော စွမ်းအားတစ်ရပ်ပင်။
သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်မှ သိုင်းသမားတစ်ဦး၏ ရှေ့၌ မူလဘူတ နယ်ပယ်အဆင့်မှ သိုင်းသမားတစ်ဦးသည် ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ အားနည်းလှပေသည်။
ထို့ကြောင့် ကျန်းချန်သည် မည်မျှပင် ထူးချွန်စေကာမူ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်မှ ကျင့်ကြံသူကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။
"ဒီကောင် မောက်မာလှချည်လား"
"ဒီနေ့ မင်း အသက်ရှင်လျက် ထွက်သွားနိုင်ရင် ငါ့အမည် လော်မင်ဟိုင်ကို ပြောင်းပြန်ရေးလိမ့်မယ်"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ ခမ်းနားထည်ဝါသော သက်ရှိစွမ်းအင်သည် ချက်ချင်းပင် အနက်ရောင် ဧရာမလက်သည်း အဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ကို ကုတ်ဆွဲရန် ဟန်တပြင်ပြင် ဖြစ်နေခဲ့၏။
ကျန်းချန်က ဧရာမလက်သည်းကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
ထိုအခိုက်တွင် စစ်မှန်သောအဓိပ္ပာယ်ချိုင့်ဝှမ်း၌ မြင်ခဲ့ရသော ပုံရိပ်သည် သူ၏ စိတ်ထဲ၌ တဖြည်းဖြည်း ပေါ်လာသည်။
ချင်းယွင် ဓားသခင် ကူချင်းယွင်က ဆဋ္ဌမအဆင့် သားရဲကို ဓားချက်တစ်ချက်တည်းဖြင့် သုတ်သင်ခဲ့သော ပုံရိပ်သည် ကျန်းချန်၏ စိတ်ထဲ၌ ပို၍ပင် ရှင်းလင်းလာခဲ့သည်။
ကျန်းချန်သည် ကူချင်းယွင်၏ ကျင့်ကြံခြင်း အဆင့်ကို မရောက်သေးသော်လည်း ဓားဆန္ဒတွင် ဒုတိယအဆင့်သို့ ရောက်ရှိနေသော လူတစ်ဦး အနေဖြင့် ကူချင်းယွင်၏ ဓားဆန္ဒထဲမှ အနှစ်သာရကို နားလည်ခဲ့သည်။
ကျန်းချန်က မျက်လုံးများကို မှိတ်လိုက်ပြီး အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ ဧရာမလက်သည်းများကို အရေးမထားသကဲ့သို့ ကြည့်နေခဲ့၏။
အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ သက်ရှိစွမ်းအားဖြင့် ဖန်တီးထားသော ဧရာမလက်သည်းသည် သူ၏ ဦးခေါင်းထက်၌ ပေါ်လာသောအခါတွင် ကျန်းချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးသည် ဓားအိမ်ထဲမှ ဆွဲထုတ်ထားသော ဓားတစ်လက်ကဲ့သို့ အလွန်ပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
မကြာမီမှာပင် သူက ဓားရှည်ကို ပင့်မြှောက်လိုက်ပြီး သူ၏ ဦးခေါင်းထက်မှ ဧရာမလက်သည်းဆီသို့ ဓားချက်တစ်ချက်ကို ညင်သာစွာ ထုတ်ဖော်လိုက်၏။
ကျန်းချန်က ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်မှ ဓားကိုင်ဆောင်သော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပေါ်မှ ဓားများသည် အဆက်မပြတ် တုန်ခါနေခဲ့သည်။
ကြည်လင်သော ဓားခတ်သံများသည် လေထဲ၌ အဆုံးမရှိ ထွက်ပေါ်လာခဲ့၏။
"ဝိုး.. ဒါက ဘယ်လို အခြေအနေလဲ.. ငါ့ရဲ့ဓားက ထိန်းချုပ်မှု လွတ်လုနီးပါး ဖြစ်နေပြီဟ"
"ဒါ.. ဒါက ဒဏ္ဍာရီလာ ဓားဆန္ဒလား"
"အားကောင်းလိုက်တဲ့ ဓားဆန္ဒပါလား.. အချင်းဝက် မီတာတစ်ရာအတွင်းက ဓားအားလုံးကိုတောင် လှုံ့ဆော်နိုင်တယ်"
ပရိသတ်များက ကျန်းချန်၏ ဓားကြောင့် တုန်လှုပ်နေစဉ်မှာပင် ကျန်းချန်၏ ယန်လုံဓားပေါ်၌ ဒုတိယအဆင့် ဓားဆန္ဒနှင့် ရောနှောထားသော ဓားချီသည် သက်ရှိစွမ်းအားဖြင့် ဖန်တီးထားသည့် ဧရာမလက်သည်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
ကျန်းချန်၏ ဓားချက်က ဧရာမလက်သည်းပေါ်သို့ ကျရောက်သွားသော်လည်း ပရိသတ်များသည် အရမ်းကြီး မျှော်လင့်မထားခဲ့ပေ။
ထိုခဏတွင် ထူးဆန်းသော ဓားစွမ်းအင်သည် သက်ရှိစွမ်းအားကနေ ဖန်တီးထားသည့် အနက်ရောင် ဧရာမလက်သည်းကို ဓားချက် တစ်ချက်တည်းဖြင့် တိုက်ရိုက် နှစ်ပိုင်း ဖြတ်တောက်လိုက်သည်။
ဧရာမလက်သည်းများကို ဖြတ်တောက်ပြီးသည့်နောက်တွင် ဓားချီ၏ အရှိန်အဟုန်သည် အနည်းငယ်မျှပင် မလျော့ကျသွားဘဲ လေထုကို ဖြတ်သန်းကာ အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ နဖူးဆီသို့ ဦးတည်သွားခဲ့၏။
"မင်း.. မင်းက ဓားဆန္ဒကို ဘယ်လိုလုပ် ဒီအဆင့်ထိ နားလည်နိုင်တာလဲ.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး"
သူ၏ နဖူးပေါ်သို့ ရုတ်တရက် ကျရောက်လာသော ဓားချီကို မြင်သောအခါ အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။
ထို့နောက်တွင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ ကူကယ်ရာမဲ့သော အော်ဟစ်သံသည် ထွက်ပေါ်လာခဲ့သည်။
ဓားချီက အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ နဖူးကို တိုက်ရိုက် ထိုးဖောက်သွားပြီးနောက် အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ နဖူး၌ အနီရောင် သွေးပေါက်ရာ တစ်ခု ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီး၏ အသံက ရုတ်တရက် ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွား၏။
အခန်း(၂၆၇) ပြီး၏