← Chapters

အခန်း (၂၆၉)

Vol. 18 Ch. 269

အခန်း (၂၆၉)

Vol. 18 Ch. 269

ပတ်ဝန်းကျင်မှ ဆွေးနွေးမှု အသံများ ထွက်ပေါ်လာသော်လည်း ကျန်းချန်သည် လုံးဝ လျစ်လျူရှုထားခဲ့သည်။

သူက မုန့်ထျန်းဟန်ကို ခပ်ထေ့ထေ့ ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။

"မင်းက ဘာကောင်မို့ ငါကဓားကို ချပြီး ဒူးထောက် တောင်းပန်ရမှာလဲ.. မင်းမှာ အဲဒီလို အရည်အချင်း ရှိလို့လား"

"ငါ နောက်ဆုံးအကြိမ် ပြောမယ်.. မင်းတို့ မုန့်မိသားစု အနေနဲ့ ဒီထက်ပိုပြီး မသေချင်ရင် ငါ့ရဲ့ အစေခံ မုန့်ချင်းရွှယ်ကို လိမ်လိမ်မာမာ လွှဲပေးလိုက်"

"မဟုတ်ရင် မင်းတို့ လွှဲပေးဖို့ ဆန္ဒရှိတဲ့အထိ မင်းတို့ မုန့်အိမ်တော်က လူတွေကို သတ်ပစ်မယ်"

မုန့်ထျန်းဟန်၏ မျက်လုံးများ အေးစက်သွားပြီး သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် လူသတ်ငွေ့များ ပြည့်နှက်သွားသည်။

"သတ္တိရှိရင် မင်း ငါတို့ မုန့်မိသားစုကို စမ်းကြည့်လိုက်လေ"

ကျန်းချန်က မုန့်ထျန်းဟန်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူက မုန့်ရှင်းယွီ၏ လည်ပင်းထက်၌ ရှိသော သူ၏ ယန်လုံဓားကို သေသပ်စွာ ပွတ်ဆွဲလိုက်ရာ မုန့်ရှင်းယွီ၏ လည်ပင်းထက်၌ အနီရောင် သွေးစီးကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။

နောက်ထပိ တစ်ခဏတွင် မုန့်ရှင်းယွီ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ တအိအိ ပြိုလဲသွားပြီး နှလုံးခုန်သံ မရှိတော့ပေ။

ကျန်းချန်က သူ၏ ရှေ့၌ မုန့်ရှင်းယွီကို ဓားချက်တစ်ချက်တည်းဖြင့် အမှန်တကယ် သတ်ပစ်လိုက်သည်ကို မြင်လျှင် မုန့်ထျန်းဟန်၏ အကြည့်သည် ချက်ချင်းပင် တင်းမာသွားခဲ့၏။

သူ၏ အေးစက်သော အသံသည် လေထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။

"အကြီးအကဲယွမ်ကျီ.. သူ့ကို ရှင်းပစ်လိုက်ပါ"

မုန့်ထျန်းဟန်၏ စကားအဆုံးတွင် သူ၏ နောက်မှ အဖြူရောင် ဝတ်ရုံဝတ် အဘိုးကြီးတစ်ယောက်သည် ရုတ်တရက် လှမ်းထွက်လာခဲ့သည်။

ဤအဖြူရောင် ဝတ်ရုံဝတ် အဘိုးကြီးသည် မုန့်မိသားစု၏ တတိယအကြီးအကဲ မုန့်ယွမ်ကျီ ဖြစ်ပြီး သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်၇သို့ပင် ရောက်ရှိနေသော အတုမဲ့ ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်၏။

"ကောင်လေး.. မင်းက အတော်လေး လူပါးဝလွန်းတယ်.. ဒီနေ့ မင်းကို သင်ခန်းစာ မပေးရင် ငါတို့ မုန့်မိသားစု အနေနဲ့ မဟာရှားနိုင်ငံမှာ ရှေ့လျောက် ဘယ်လို ရပ်တည်နိုင်တော့မှာလဲ"

ကျန်းချန်ကို ကြည့်ရင်း မုန့်ယွမ်ကျီသည် ပြင်းထန်သော လူသတ် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

"ဟက်...မုန့်မိသားစုရဲ့ သခင်လေးကို သူရဲကောင်း တစ်ယောက်လို့ ငါထင်ခဲ့တာ.. အခုတော့ မင်းက အကြီးအကဲတွေကို အားကိုးပြီး တခြားသူတွေကို ဖိနှိပ်တတ်တဲ့ အမှိုက်ပဲဆိုတာ သိလိုက်ရပြီ"

ကျန်းချန်က သူ့ရှေ့မှ အဖြူရောင် ဝတ်ရုံဝတ် အဘိုးကြီးကို ကြည့်ရင်း မုန့်ထျန်းဟန်ကို မသရော်ဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန်၏ စကားများကို ကြားလျှင် မုန့်ထျန်းဟန်၏ မျက်နှာသည် ရုတ်တရက် အနည်းငယ် အကျည်းတန်သွားခဲ့၏။

သူက အိမ်တော်ကနေ ထွက်လာကတည်းကပင် လော်မင်ဟိုင်၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို မြင်ခဲ့ရသည်။

ယင်းမှာ ကျန်းချန်တွင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်မှ ကျင့်ကြံသူများကို သုတ်သင်နိုင်သော ခွန်အားရှိသည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။

သူ၏ ကျင့်ကြံခြင်းအဆင့်က မူလဘူတနယ်ပယ် အဆင့်၉သို့ ရောက်ရှိနေသော်လည်း သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ယှဉ်နိုင်ရန် အလှမ်းဝေးနေပါသေးသည်။

သို့ဖြစ်ရာ သူက ကျန်းချန်နှင့် တိုက်ခိုက်ရန် အဘယ်ကဲ့သို့သတ္တိရှိနိုင်ပါအံ့နည်း။

"ကျန်းချန်.. မုန့်မိသားစုရဲ့ သခင်လေး အနေနဲ့ ငါက ငါ့ရဲ့ အဆင့်အတန်းနဲ့ တခြားသူတွေကို အမိန့်ပေးနိုင်တယ်"

မုန့်ထျန်းဟန်က ရယ်မော၍ ပြောလိုက်သည်။

"ဟက်.. ငါ့မှာ နောက်ခံရှိတော့ ဘာမဆိုလုပ်နိုင်တယ်လေ.. မင်းလို လင်ယွင်စီရင်စုက လာတဲ့ကောင်က ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

"ဟားဟား.. ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်း နောက်ခံ ရှိတယ်လို့ ထင်နေလား"

"ငါ့မှာလည်း နောက်ခံရှိတယ်"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ အနောက်မှ နေရာတစ်ခုကို ကြည့်ကာ ပြောလိုက်သည်။

"အကိုယွဲ့ ဘယ်အချိန်ထိ ဆက်ကြည့်ဖို့ စီစဉ်နေတာလဲ"

"ဟားဟား.. ညီလေး ကျန်းချန်က ဓားဆန္ဒ ဒုတိယအဆင့်ကို နားလည်သူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ငါရောက်နေမှန်း မင်းရိပ်မိနေမယ်လို့ မထင်ထားမိဘူး"

ကျန်းချန်၏ စကားသံဆုံးသည်နှင့် ရွှင်လန်းသော ရယ်မောသံက ချက်ချင်းပင် ပရိသတ်များ၏ နားထဲသို့ ဝင်ရောက်လာ၏။

မကြာမီမှာပင် လူလယ်ပိုင်းအရွယ် လူတစ်ယောက်သည် မုန့်အိမ်တော်၏ တံခါးဝဆီသို့ လျှောက်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။

ထိုလူက အလင်းတန်း သဖွယ် မြန်ဆန်သော အရှိန်ဖြင့် ကျန်းချန်၏ ဘေး၌ ပေါ်လာခဲ့သည်။

"ယွဲ့ယန်ကျိုးပါလား"

ရုတ်တရက် ပေါ်လာသော လူလတ်ပိုင်းအရွယ် လူကို မြင်လျှင် မုန့်မိသားစု၏ တတိယအကြီးအကဲ မုန့်ယွမ်ကျီသည် မျက်မှောင်ကြုတ်သွားခဲ့၏။

ယွဲ့ယန်ကျိုးက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မုန့်ယွမ်ကျီ.. မင်းက မုန့်မိသားစုရဲ့ တတိယအကြီးအကဲ ဖြစ်ပြီး လူငယ်တစ်ယောက်ကို အနိုင်ကျင့်တာ အတော်လေး ရှက်စရာ ကောင်းတယ်လို့ မထင်ဘူးလား"

"ယွဲ့ယန်ကျိုး.. ဒါက ငါတို့ မုန့်မိသားစုနဲ့ ဒီကောင်လေးကြားက ကိစ္စပဲ.. မင်း မစွက်ဖက်တာ အကောင်းဆုံးပဲ"

မုန့်ယွမ်ကျီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက ဒီနေ့ ရှေ့ထွက်လာရင်တောင် သူ့ကို မကာကွယ်နိုင်မှာ ငါစိုးရိမ်မိတယ်"

"ဒါဆိုလည်း ငါ့ကိုပါ ထည့်တွက်လိုက်"

မုန့်ယွမ်ကျီ၏ စကားသံ ဆုံးသည်နှင့် ဝေးကွာသော နေရာကနေ အိုမင်းသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၆၉) ပြီး၏

All Chapters