← Chapters

ကြေးမုံလောက (တတိယပိုင်း)

Vol. 1 Ch. 16

ကြေးမုံလောက (တတိယပိုင်း)

Vol. 1 Ch. 16

“အိုး၊ ငါတို့ထပ်တွေ့ကြပြန်ပြီ။”

အချိန်အတော်ကြတဲ့အထိ ကျွန်မပန်းခြံထဲမှာ ပုန်းအောင်းနေခဲ့ပြီး ညနေစောင်းလို့ ဘယ်သူမှ မလာလောက်ဘူးလို့ ထင်ထားတဲ့အချိန်မှာပဲ သူပေါ်လာခဲ့တယ်။ အဲဲဒီလူက ခါတိုင်းလိုပဲ အနက်ရောင် ဂျာကင်ရှည်ကြီးကို ဝတ်ထားပြီး သူ့ရဲ့အပြာရောင် မျက်လုံးတွေက အရာရာကို ထွင်းဖောက်မြင်နိုင်တယ်လို့ ခံစားရတယ်။ သူဟာ ခြံဝင်းရဲ့ခြံစည်းရိုးအပေါ်မှာ ဆောင့်ကြောင့်ထိုင်နေပြီးတော့ ကျွန်မကိုအပေါ်ကနေ မိုးကြည့်နေခဲ့တယ်။ ခြံတံခါးက သော့ခတ်ထားဆဲ ဖြစ်တဲ့အတွက်ကြောင့် ခြံစည်းရိုးကို ခုန်တက်ပြီး ခြံဝင်းထဲဝင်ဖို့ သူဆုံးဖြတ်လိုက်တာပါ။

သာမန်အခြေအနေမှာဆိုရင် သူခိုးဆိုပြီး ရဲတိုင်ပြီးနေပြီ ဆိုပေမဲ့ ကျွန်မသူ့ကိုမြင်တာနဲ့ မျက်ရည်တွေဝိုင်းလာရော...

“နောက်ဆုံးတော့ ရှင်ရောက်လာပြီပေါ့...”

ဖြစ်ခဲ့သမျှ အရာအားလုံး သူ့ပြောပြလိုက်ပါတယ်။ သူက ကျွန်မပြောတာကို နားထောင်ပြီးတဲ့နောက် လေးနက်စွာ တွေးလိုက်ပြီးမှ အဖြေပေးပါတယ်။

“မှန်တွေကို ကမ္ဘာအရပ်ရပ်မှာ မတူညီတဲ့လောကနှစ်ခုရဲ့ ကူးလူးဆက်သွယ်ရေးတံတားတစ်ခုလို ယူဆတဲ့ဒဏ္ဍာရီတွေ အများကြီးရှိတယ်။ မှော်ပညာရှင် တော်တော်များများကလည်း မှန်ကိုအတော်စွဲလမ်းပြီး မှန်ကိုအသုံးပြုတဲ့ အစီအရင်နည်းစနစ်တွေ အများကြီးရှိတယ်။”

“တချို့ကတော့ သူတို့အနာဂတ်ကိုမြင်ဖို့အတွက် မှန်ကို ကြိုဟောဖန်လုံးအစား အသုံးပြုဖို့ကြိုးစားကြတယ်။ တချို့က ဝိညာဥ်လောကက မမြင်အပ်တဲ့အရာတွေနဲ့ ဆက်သွယ်စကားပြောဖို့ သုံးကြတယ်။ တချို့က ဘေးအန္တရာယ်တွေကို တန်ပြန်နိုင်တဲ့ အစီအရင်အဖြစ် သုံးကြတယ်။”

“မှန်နဲ့ပတ်သက်တဲ့အစီအရင်တွေက သိပ်ရိုးရှင်းတယ်။ စည်းမျဥ်းတွေကိုတော့ အတိအကျလိုက်နာဖို့လိုတယ်။ အနာဂတ်ကိုကြိုဟောဖို့ဆိုရင် အခန်းထဲက မီးတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ဖယောင်းတိုင်မီး အလင်းရောင်အားကိုးနဲ့ ခေါင်းကိုရှင်းရှင်းထား မှန်ကို စိုက်ကြည့်ရုံနဲ့ စနိုးဝိုက်ထဲက ဘုရင်မကြီးလို မှန်ကိုစေခိုင်းနိုင်ပြီ။ ဒါပေမဲ့ မြင်ရတဲ့နိမိတ်တွေက ကောင်းတာဖြစ်နိုင်သလို ဆိုးတာလည်းဖြစ်နိုင်လို့ မထိတ်လန့်ဖို့လိုတယ်။ ထိတ်လန့်တကြားဖြစ်သွားတာနဲ့ မင်းဝိညာဥ်ဟာဟာ ပိန်းပိန်းပေါက်မှောင်နေတဲ့ မှန်ရဲ့ဝါးမျိုခြင်းကို ခံရလိမ့်မယ်။”

“မှန်တွေကို မမြင်အပ်တဲ့အရာတွေနဲ့ စကားပြောဖို့လည်း သုံးနိုင်တယ်။ ဒီအတွက်အစီအရင်ကလည်း ဖယောင်းတိုင်တစ်တိုင်ပဲလိုတာ။ အရင်လိုပဲ မီးတွေကို ပိတ်ချလိုက်၊ ဖယောင်းတိုင်မီးရောင်နဲ့ မှန်ကိုစိုက်ကြည့်ပြီး ဝိညာဥ်ရဲ့နာမည်ကို သုံးခါခေါ်ရုံပဲ။ မင်းလည်းအင်တာနက်မှာ ကြားဖူးမှာပါ။ အို သွေးစွန်းမယ်ရီ...သွေးစွန်းမယ်ရီ...”

နက်ဆန်က တစ်ခုခုတကယ်ထွက်လာမှာ စိုးရိမ်သလိုနဲ့ နှစ်ကြိမ်မြောက်နာမည်ကိုခေါ်ပြီးတဲ့နောက် နာမည်ခေါ်တာကို ရပ်လိုက်တယ်။

“မင်းစမ်းမကြည့်ဖို့တော့ မျှော်လင့်ပါတယ်။ နာမည်တွေမှာ စွမ်းအားရှိတယ်လေ။”

“နောက်ဆုံးတစ်ခုက ဖုန်းရွှေပညာကလာတဲ့ ရိုးရှင်းတဲ့ တန်ပြန်အစီအရင်တစ်ခုပဲ။ မှန်ကန်တဲ့အစီအရင်နဲ့စီရင်ထားတဲ့ မှန်တစ်ချပ်ကို မင်းအိမ်တံခါးဝမှာ ချိတ်ထားလိုက်တာနဲ့ မကောင်းတဲ့အတိုက်အခိုက်တွေကို တန်ပြန်စေတယ်။ မှန်ကို ငွေသေတ္တာရှေ့မှာထားပြီး ဥစ္စာပစ္စည်းနှစ်ဆတိုးစေတာမျိုးလည်းရှိတာပဲ။ ဒါပေမဲ့ တခြားမှော်ပညာရပ်တွေလိုပဲ မှန်နဲ့ဆိုင်တဲ့မှော်ပညာရပ်တွေက ကောင်းတာအတွက်သုံးနိုင်သလို မကောင်းတာအတွက်လည်း သုံးနိုင်တာပဲ။ ဥပမာအနေနဲ့ မှန်ကိုသုံးမိသူတွေကို ဘေးအန္တရာယ်တွေကျအောင် ကျိန်စာတိုက်ထားတာမျိုးပေါ့။”

သူက ကျွန်မလို သဘာဝလွန်အရာတွေနဲ့ပတ်သက်ရင် သိပ်နားမလည်တဲ့လူပိန်းတစ်ယောက် သေချာနားလည်ဖို့ ကောင်းကောင်းကြီးရှင်းပြပေးလိုက်တာ။ ဒါပေမဲ့ သူ့ကြည့်ရတာ အခုချက်ချင်းလှုပ်ရှားဦးမယ့်ပုံမပေါ်ဘူး။ နေက ကောင်းကင်ကနေ နိမ့်ဆင်းလာပြီဖြစ်ပြီး တိမ်တွေ ပုစွန်ဆီရောင်သန်းလာပြီ။

“ညရောက်တဲ့အထိ စောင့်နေပြန်တာလား။ မှန်ထဲ ဆွဲခေါ်ခံရတဲ့သူတွေကို ကယ်ရဦးမယ်လေ။”

ကျွန်မက ပြောလိုက်တော့ သူက ခြံစည်းရိုးပေါ်ကနေ ဆင်းလာပြီး ကျွန်မဘေးမှာ ဝင်ထိုင်လိုက်တယ်။ ကျွန်မတို့နှစ်ယောက်ရဲ့နောက်မှာ ကျူးလစ်ပန်းမွှေ့ရာကြီးရှိနေပြီးတော့ အဲဲဒီကနေတစ်ဆင့် သူက အိမ်တံခါးဘက်ကို လှမ်းကြည့်လိုက်တယ်။

“အခုထိထွက်မလာကြသေးပုံထောက်တော့ မင်းပြောတဲ့ မူလမှန်နဲ့ဝေးဝေးကို သူတို့သွားလို့မရတဲ့ပုံပဲ။ မှန်ကို ကာကွယ်နေတာလား၊ ဒါမှမဟုတ် မှန်နဲ့ဝေးသွားရင် သူတို့ကို တစ်ခုခုဖြစ်စေလို့လားတော့မသိဘူး။”

ကျွန်မလည်း မပြောတတ်ဘူးလေ။ ကျွန်မက သူ့လိုမျိုး ညတိုင်းသရဲတွေကို အမဲလိုက်နေတဲ့သူမဟုတ်တာမလို့ သူ့ပုစ္ဆာတွေရဲ့အဖြေကို ဘယ်လိုလုပ်ပေးနိုင်မှာလဲ။

“ သူတို့က တခြားမှန်တွေထဲကနေလည်း ပေါ်လာနိုင်တာ ကျွန်မတွေ့တယ်။”

“မူလမှန်အပြင် အိမ်ထဲက မှန်မှန်သမျှကို သုံးနိုင်ပုံထောက်ရင် တစ်အိမ်လုံးက သူတို့ပိုင်နက်မြေ ဖြစ်သွားတဲ့ပုံပဲ။ အိမ်အပြင်မှာတော့ သူတို့ထွက်လာစရာ မှန်မရှိဘူးမဟုတ်လား။”

“အင်း၊ ကားက မှန်တွေကလွဲရင်ပေါ့။” ကျွန်မက ခြံဝင်းထဲမှာ ရပ်ထားတဲ့ကားကို လက်ညိုးထိုးပြပြီး ပြောလိုက်တယ်။ သူကတော့ ချက်ချင်းဆိုသလိုပဲ အင်္ကျီအောက်ကနေ ပုဆိန်တစ်လက်ကို ဆွဲထုတ်လိုက်တယ်။ ဒီပုဆိန်အင်္ကျီအောက်မှာရှိနေတာကို ကျွန်မအရင်က သတိမထားမိဘူး။ ရုတ်တရက်ပေါ်လာသလိုပဲ။

“မော်လီ၊ အဲဲဒီမှန်တွေကို ဖျက်ဆီးလိုက်။ အိမ်ထဲဝင်မယ့်အချိန် အလစ်တိုက်တော့မခံနိုင်ဘူး။”

သူက ပုဆိန်ကို ကားဆီချိန်ပြီးလှမ်းပစ်လိုက်တယ်။ ပုဆိန်က အသက်ရှိနေသလိုမျိုး ကွေ့ပတ်ပျံသန်းသွားပြီး ကားက နောက်ကြည့်မှန်တွေနဲ့ရှိသမျှမှန်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ မှန်ကွဲစတွေ မြေပေါ်ပြုတ်ကျပြီး အသံအကျယ်ကြီးထွက်လာတဲ့အထိ အတွင်းက မှန်သရဲသုံးကောင်က အပြင်ထွက်မလာဘူး။ အဲဒီအစား သူတို့က ခွေးတွေလိုမာန်ဖီပြီး ကျွန်မတို့ရှိရာကိုပဲ စိုက်ကြည့်နေတာ။

“မပူနဲ့၊ ဒီအိမ်က မိသားစုဝင်တွေပျောက်သွားတာ ၂၄ နာရီမကျော်သေးဘူးမဟုတ်လား။ ဘေးအန္တရာယ်နဲ့ ကြုံရကြုံရ ပထမ၄၈နာရီအတွင်းမှာ တုံ့ပြန်နိုင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် ငါတို့မှာအချိန်ရပါသေးတယ်။”

“ရှင့်လေသံက ငလျင်ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေး သတိပေးချက်ကြီးကျနေတာပဲ။”

ကျွန်မတို့ စကားပြောနေတဲ့အချိန်မှာပဲ ပုဆိန်က သူ့လက်ထဲကို ပြန်ရောက်လာတယ်။ ဒါပေမဲ့ မီးလောင်ထားသလိုမျိုး အခိုးအငွေ့တွေထွက်နေတယ်။

“ဒါကြောင့်၊ မနက်ပိုင်းဆိုရင် ငါမတိုက်ခိုက်ချင်တာ။” လို့ သူပြောလိုက်ပြီး ပုဆိန်ကို တယုတယပြန်သိမ်းထားလိုက်တယ်။

နောက်ဆုံးတော့ နေဝင်သွားပြီ။ နက်ဆန်နဲ့ကျွန်မ ပုန်းကွယ်နေရာကနေ ထွက်လာတယ်။ နေရောင်မရှိတော့တာမလို့ နက်ဆန်သူ့အစွမ်းကို စိတ်တိုင်းကျသုံးနိုင်ပါပြီ။

“ဒီတော့ အစီအစဥ်က ဘယ်လိုလဲ။” ကျွန်မ သူ့ကိုမေးကြည့်တော့ သူက ပခုံးတွန့်ပြလိုက်ပြီး...

“အိမ်ထဲကို ဒီအတိုင်းဝင်မယ်။ ပြီးရင် ရှိသမျှမှန်တွေကို ဖျက်ဆီးမယ်။ အဆုံးသတ်ကျရင် မူလမှန်ကိုရှာပြီး အထဲကလူတွေကို ကယ်ထုတ်ဖို့တစ်ခုခုကြံမယ်။”

ပြောရရင်တော့ သူ့အစီအစဥ်က တည့်တိုးကြီး။ ဒီလူက ကြွက်သားဦးနောက်များဖြစ်မလားလို့ တွေးမိပေမဲ့ တွေ့ဖူးတာ နှစ်ခါပဲရှိသေးပြီး အချိန်ကလည်း အတော်နည်းတယ်။ ဒီတော့ ရမ်းသမ်းပြီးကောက်ချက်ချဖို့ အားနာရသေး။

ကျွန်မတို့အိမ်တံခါးအဝနားရောက်လာတော့ ဇိုအီပုံနဲ့ မှန်သရဲက အရင်ဆုံးကျွန်မတို့ကို ရင်ဆိုင်လိုက်တယ်။

“အပေါင်းအဖော်တွေခေါ်လာတာလား ကောင်မလေး။ ညစာလေးဘာလေးစားသွားပါလား။”

ဇိုအီက သူ့လက်ထဲက သားခုတ်ဓားကြီးက နက်ဆန်ကို ခုတ်ပိုင်းလိုက်တယ်။ နက်ဆန်ကလည်း သူ့ဂျာကင်ထဲက ပုဆိန်ကိုဆွဲထုတ်ပြီး ခုခံလိုက်တယ်။ သတ္ထုချင်းထိခတ်သံထွက်ပေါ်လာပြီး နားကွဲလုမတတ်ပဲ။ မီးပွားတချို့တောင် ကျွန်မမျက်နှာကိုလာစင်တယ်။ ဒီအားနဲ့သာ လူကိုခုတ်မိရင် နှစ်ခြမ်းကွဲသွားမလားပဲ။

အဖိုးရောဘတ်တိုနဲ့လွီရိုက်ပုံစံယူထားတဲ့ သရဲနှစ်ကောင်ကလည်း အငြိမ်မနေဘူး။ သူတို့က နက်ဆန် ဇီုအီကိုရင်ဆိုင်ဖို့ အလုပ်များနေတာတွေ့တာနဲ့ ကျွန်မကိုတိုက်ခိုက်ဖို့ ပြေးဝင်လာကြတယ်။

“သရဲသတို့သားနဲ့သရဲသတို့သမီး...” နက်ဆန်ဆီကနေ အမိန့်သံကြားတာနဲ့ နက်ဆန်ရဲ့အရိပ်ထဲကနေ အနက်ရောင်မင်္ဂလာပွဲဝတ်စုံနဲ့စုံတွဲထွက်လာပြီး မှန်သရဲနှစ်ကောင်ကို ရင်ဆိုင်လိုက်ကြတယ်။

ရောဘတ်တိုသရဲက အလွန်မြန်ဆန်ပြီး မျက်နှာကျက်ပေါ်မှာ တွားသွားနေတယ်။ ဒါပေမဲ့ သရဲသတို့သမီးက သာမန်လူတွေအတွက်မဖြစ်နိုင်တဲ့ အမြင့်ကိုလှမ်းခုန်ပြီး ရောဘတ်တိုကို ဆွဲချလိုက်တယ်။ ပြီးတဲ့နောက် လက်သည်းတွေနဲ့ မျက်နှာကို အားရပါးရ ကုပ်ဖဲ့တော့တာပဲ။

သတို့သားနဲ့လွီရိုက်သရဲကတော့ တစ်ယောက်လက်ကို တစ်ယောက်ဖမ်းကိုင်ထားပြီး ဆူမိုနပန်းသမားတွေလို အားချင်းပြိုင်တွန်းနေကြတယ်။ နက်ဆန်ကတော့ အောင်အောင်မြင်မြင်နဲ့ ဇိုအီကို နောက်ကိုကန်ထုတ်လိုက်နိုင်ပြီး ပုဆိန်နဲ့ခုတ်ချလိုက်နိုင်တယ်။ ဒါပေမဲ့ ဇိုအီရဲ့ရင်ဘတ်က ဒဏ်ရာကြီးက ချက်ချင်းပြန်စေ့သွားပြီး အသံနက်နက်နဲ့ ပြောလိုက်ပါတယ်။

“ပုံရိပ်ယောင်တွေကို သတ်လို့မရဘူးလေ၊ အမှောင်မင်းသားလေး။”

နက်ဆန်ကတော့ အံ့ဩသွားရမယ့်အစား အကြံတစ်ခု ရသွားပုံနဲ့ ကျွန်မကိုလှမ်းအော်ပြောလိုက်တယ်။ “ သူတို့ဘယ်မှန်တွေကနေ ထွက်လာလဲ မှတ်မိလား။”

ကျွန်မလည်း ချက်ချင်းပဲ အဖြေပြန်ပေးလိုက်တယ်။ “လွီရိုက်... ဟို ခပ်ချောချောလူက ဟိုဘက်အခန်းထဲက မှန်ကနေထွက်လာတာ။ အဖိုးနဲ့အဒေါ်ကြီးက အပေါ်ထပ်က မူလမှန်ကနေ ထွက်လာတာ။”

“ငါသိပြီ....” နက်ဆန်က သူ့ပုဆိန်ကို လက်ထဲကနေ လွှတ်လိုက်တာနဲ့ ပုဆိန်က အိမ်စေဝတ်စုံနဲ့လူလတ်ပိုင်း မိန်းမတစ်ယောက်အဖြစ်ပြောင်းသွားတယ်။ သံချေးရောင်ဆံပင်နဲ့ ဒီအမျိုးသမီးကို ကျွန်မမှတ်မိနေပြီး မော်လီလို့ခေါ်ပါတယ်။ မော်လီရဲ့လက်ထဲမှာ သံကြိုးတပ်ထားတဲ့ အသေးစား တံစဥ်တစ်လက်ရှိနေပြီး သူက ချက်ချင်းဆိုသလိုပဲ နက်ဆန်အစား ဒေါ်ကြီးဇိုအီကို ဆက်တိုက်တယ်။ နက်ဆန်ကတော့ ကျွန်မညွန်ပြတဲ့ အခန်းထဲကို ပြေးဝင်သွားပြီး မကြာခင်မှာပဲ မှန်တစ်ချပ်ကွဲသွားတဲ့အသံ ထွက်လာတယ်။

“အား....” လွီရိုက်ဆီကနေ အော်သံကျယ်ကြီး ထွက်လာပြီးနောက် မှန်အမှုန်အစတွေအဖြစ် ပေါက်ကွဲပြီး ပျောက်ကွယ်သွားတယ်။ ရန်သူဘက်က လူအင်အားတစ်ယောက် လျော့သွားပြီးတဲ့နောက် မော်လီနောက်မှာ နက်ဆန်ကရပ်လိုက်ပြီး အားသွားတဲ့ သရဲသတို့သားက ဇိုအီကိုပြောင်းလဲတိုက်ခိုက်တယ်။

“ငါ့ကို မူလမှန်ရှိတဲ့နေရာဆီ ခေါ်သွားပေး။” နက်ဆန်က ကျွန်မကို လမ်းပြခိုင်းတယ်။ ကျွန်မလည်း လှေကားဆီ ရှေ့ကနေ ပြေးသွားလိုက်တယ်။ ဒါပေမဲ့ လှေကားနားကို ရောက်တော့ လှေကားရင်းက စတိုခန်းတံခါးပွင့်နေတာ တွေ့လိုက်ရပြီး အထဲမှာ ထောင့်အနည်းငယ်ထိခိုက်မိထားတဲ့ မှန်တစ်ချပ်ရှိလို့နေပါတယ်။ အဲဒီမှန်ထဲမှာ ကျွန်မပုံရိပ်က ထင်းနေပြီး ရုတ်တရက်မှန်မျက်နှာပြင်က ရေလိုလှုပ်ရှားလာတယ်။

“မကောင်းတော့ဘူး....” မှန်ထဲက ကျွန်မပုံရိပ်က လှုပ်ရှားလာပြီး အပြင်ထွက်လာဖို့ပြင်နေတာကို မြင်ရပြီးနောက် ကျွန်မကြက်သေသေသွားတယ်။ ဒါပေမဲ့ ကြိုးတပ်တံစဥ်က ကျွန်မဘေးကနေ ဖြတ်သန်းသွားပြီး အဲဲဒီမှန်ကို တစ်စစီရိုက်ခွဲပစ်လိုက်တယ်။

“ဆက်သွား၊ အချိန်မရှိဘူး။” နက်ဆန်က ဒေါ်လေးဇိုအီနဲ့ အဖိုးရောဘတ်တိုကြောင့် တဖြည်းဖြည်းရှုံးနိမ့်လာနေတဲ့ သရဲသတို့သားနဲ့သတို့သမီးကို ကြည့်လိုက်ရင်း ပြောပါတယ်။ သူတို့နှစ်ယောက်က အများကြီးပိုအားကောင်းပေမဲ့ မှန်သရဲတွေကို သတ်ဖို့မဖြစ်နိုင်တဲ့အတွက် ဖြည်းဖြည်းချင်းလွှမ်းမိုးခံလာရတာ။ ဒါကြောင့် ကျွန်မလည်း တုံ့ဆိုင်းမနေတော့ဘဲ သူ့ကိုအဖိုးရောဘတ်တိုရဲ့အခန်းဆီ လိုက်ပြပေးလိုက်တယ်။

“မင်းတို့မှန်နားမကပ်နဲ့။” သူက ကျွန်မနဲ့မော်လီကို သတိပေးလိုက်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ မှန်ရှေ့မှာ ရပ်လိုက်ပါတယ်။ ထူးဆန်းတာက မှန်ဟာ ကျွန်မကြုံဖူးသလိုပဲ ရေပြင်လိုလှုပ်ရှားလာခဲ့ပေမဲ့ နက်ဆန်ရဲ့ပုံရိပ်ကို ဖော်ပြနေခြင်းမရှိဘူး။ အဲဒီအစား ပိန်းပိန်းပိတ်မှောင်နေတဲ့ အရိပ်နက်ကြီးတစ်ခုပဲ မှန်မှာအရိပ်ထင်နေတယ်။

“ကြည့်ရတာ မင်းအနေနဲ့ ငါ့ကိုပုံတူပွားနိုင်စွမ်း မရှိဘူးပဲ။”

နက်ဆန်က ပြောလိုက်ပြီး သူ့လက်တစ်ဖက်ကို ရေပြင်လို လှုပ်ရှားနေတဲ့ မှန်ထဲထည့်လိုက်တယ်။ သူ့လက်က မှန်မျက်နှာပြင်ထဲကို နစ်မြုပ်သွားပြီးနောက်မှာ သူက မှန်ထဲကို ခြေတစ်လှမ်းလှမ်းလိုက်ရင်း ကျွန်မတို့ကို လှမ်းပြောလိုက်တယ်။

“ငါအထဲကိုဝင်ပြီး လူတွေကိုကယ်ထုတ်လိုက်မယ်။ မင်းကတော့ ဆယ်ဗီကို ကာကွယ်ပေးထားပါ။”

နောက်တော့ သူ့တစ်ကိုယ်လုံး မှန်ထဲရောက်သွားပြီ။ အရင်က သူ့ပုံရိပ်က မှန်မှာထင်မနေခဲ့ပေမဲ့ အခုတော့ သူရှိနေတာကို မှန်ထဲမှာ မြင်နေရတယ်။ အပြင်မှာ သူမရှိပေမဲ့ပေါ့။

ဘုန်း....

ကျွန်မတို့အခန်းအပြင်က နံရံကိုတစ်ခုခုလာမှန်တဲ့ အသံကြားလိုက်ရတယ်။ ကျွန်မအပြင်ကို ကြည့်လိုက်တော့ သရဲသတို့သားက နံရံနဲ့ကျောချင်းကပ်နေပြီး အပေါ်ထပ်ကြမ်းပြင်ပေါ် ပြုတ်ကျလာတယ်။ အဲဲဒီနောက်တော့ လက်ထပ်လက်စွပ် တစ်ကွင်းအဖြစ်ပြောင်းသွားတယ်။ အပေါ်ထပ်ဝရံတာကနေတစ်ဆင့် ဒေါ်လေးဇိုအီနဲ့အဖိုးရောဘတ်တိုတို့က တစ်ယောက်တည်းကျန်နေတဲ့ သရဲသတို့သမီးကို ဝိုင်းဖိအားပေးနေပြီး မကြာခင်မှာ သရဲသတို့သမီးလည်း နောက်ထပ်လက်စွပ်တစ်ကွင်းအဖြစ် ပြောင်းသွားတာကို ကျွန်မမြင်လိုက်ရတယ်။

“မှန်နားကိုမကပ်နဲ့၊ အခန်းထဲမှာပဲနေ။” မော်လီက အဲဒီမြင်ကွင်းကို အေးစက်စက်နဲ့ပြောလိုက်ပြီး သူ့လက်ထဲက ကြိုးတပ်တံစဥ်ငယ်ကို စတင်ဝေ့ယမ်းတယ်။ အဲဒီနောက် အခန်းထဲကနေ အောက်ထပ်ကို တိုက်ရိုက်ခုန်ချသွားပြီး အဲဒီသရဲနှစ်ယောက်နဲ့ စတင်ရင်ဆိုင်ပါတယ်။

သူက အားကောင်းတယ်။ တခြားသရဲနှစ်ကောင်နဲ့ယှဥ်ရင် မိုးနဲ့မြေလိုပါပဲ။ မှန်သရဲတွေက သူ့ကိုရင်ဆိုင်မိတာနဲ့ ချက်ချင်းဖိအားပေးခံလိုက်ရတယ်။ တံစဥ်ငယ်က အခန်းထဲမှာ မြန်မြန်ဆန်ဆန် လှုပ်ရှားနေပြီး ပျံသန်းနေတယ်လို့တောင်ထင်ရတယ်။

ခွမ်း...ခလွှမ်း...

ပန်းအိုးတွေ၊ တီဗွီတွေ၊ ဓာတ်ပုံမှန်ဘောင်တွေ အားလုံးနီးပါးဟာ တံစဥ်နဲ့တိုက်မိပြီး အကုန်ပြုတ်ကျလာတယ်။ သရဲနှစ်ကောင်ဟာလည်း တံစဥ်ကြောင့် အကြိမ်ကြိမ်တစ်စစီဖြစ်သွားပေမဲ့ မကြာခင်မှာပဲ ပြဒါးရည်တွေလိုမျိုးအရောင်လဲ့လာပြီး ပြန်ကောင်းလာကြတယ်။ ကြည့်ရတာ သူတို့ထွက်လာတဲ့ မှန်ကိုမဖျက်ဆီးရင် သတ်လို့မရတဲ့ပုံပဲ။

ဒါကြောင့် ကျွန်မမှန်ထဲကို ကြည့်လိုက်ပြီး နက်ဆန်ပြန်အလာကို မျှော်မိပေမဲ့ အထဲမှာနက်ဆန်ရဲ့ပုံရိပ်ကို မတွေ့ရသေးဘူး။ ဒါပေမဲ့ တိုက်ပွဲတစ်ခုဖြစ်နေဟန်နဲ့ အခန်းထဲက အိမ်ဟာလည်း တုန်ခါမြည်ဟီးနေပါတယ်။

ရုတ်တရက် လူငယ်တစ်ယောက် မှန်ထဲက အခန်းထဲကို ပြန်ဝင်လာတာ ကျွန်မတွေ့လိုက်ရတယ်။ သူ့ပခုံးပေါ်မှာ ဒေါ်လေးဇိုအီနဲ့အဖိုးရောဘတ်တိုကို ထမ်းထားပြီး သူက မှန်အပြင်ကို လှမ်းပစ်ပေးလိုက်တယ်။ ပြီးတော့ သူက ကျွန်မကို တစ်ခုခုလှမ်းပြောနေပုံပဲ။ အသံမထွက်ပေမဲ့ သူဘာဆိုလိုတယ်ဆိုတာကို ကျွန်မသိတာနဲ့ မှန်ထဲမှာ ကျွန်မပုံရိပ်မထင်အောင် ဂရုစိုက်ရင်း ဒေါ်လေးဇိုအီနဲ့ အဖိုးရောဘတ်တိုတို့ကိုလည်း မှန်ရဲ့စက်ကွင်းကနေ လွတ်အောင် ဘေးကို ဖြည်းဖြည်းချင်းဖယ်ပေးလိုက်တယ်။ နက်ဆန်ကတော့ မှန်ထဲက အခန်းထဲကနေ ထွက်သွားပြန်ပြီ။ ဒါပေမဲ့ မကြာခင်မှာပဲ မင်းသားလွီရိုက်ကို ထမ်းခေါ်လာပြီး အပြင်ကိုခုန်ထွက်လာတယ်။ နောက်တော့ မင်းသားကို ကြမ်းပြင်ပေါ် အသာလေးချလိုက်ပြီး မှန်ကိုလက်သီးနဲ့ ရိုက်ခွဲလိုက်တယ်။ သူ့လက်ကနေ သွေးတွေစီးကျလာခဲ့ပေမဲ့ မှန်လည်းကွဲသွားပြီး အပြင်က သရဲနှစ်ကောင်လည်း အော်ဟစ်ပျောက်ကွယ်သွားတယ်။

“သခင်၊ သရဲသတို့သားနဲ့သတို့သမီးတို့ အပြင်းအထန် ဒဏ်ရာရသွားပါတယ်။ ဒါပေမဲ့ ပျက်တော့မပျက်စီးသွားပါဘူး။”

အိမ်စေမော်လီက အခန်းထဲပြန်ဝင်လာပြီး နက်ဆန်ကို တရိုတသေနဲ့လက်စွပ်နှစ်ကွင်းကို ကမ်းပေးလိုက်တယ်။ ကျွန်မကတော့ သရဲတွေဖမ်းခေါ်သွားတာ ခံခဲ့ရတဲ့ လူသုံးယောက်လုံး အဆင်ပြေမပြေစစ်ဆေးကြည့်ပြီး အားလုံးအိပ်ပျော်နေရုံပဲ အိပ်ပျော်နေတယ်ဆိုတာကို အတည်ပြုလိုက်နိုင်ပြီးနောက် သက်ပြင်းချမိလိုက်တယ်။

ဒီတစ်ခါတော့ အသေအပျောက်မရှိဘူး။

“မင်းက တကယ့်ကိုထူးဆန်းတဲ့ မိန်းကလေးပဲ။ ဒီလို ပြဿနာမျိုးနဲ့ကြုံရတာတောင် တည်ငြိမ်နေနိုင်သေးတယ်။” သူက ချီးကျူးတာလားမသိ လှောင်ပြောင်တာလားမသိတဲ့ လေသံနဲ့ပြောလိုက်ပြီး လက်စွပ်ကို သူ့အင်္ကျီအိတ်ထဲ ထည့်ထားလိုက်တယ်။

ရင်ထဲမှာရှိနေတဲ့ အကြောက်တရားတွေ ပျောက်ကွယ်သွားပြီးတဲ့နောက် ကျွန်မစိတ်ထဲ အစားထိုးဝင်ရောက်လာတာက သိချင်စိတ်ပါ။ ဒါကြောင့် ကျွန်မသူ့ကို မေးဖြစ်ခဲ့တယ်။

“အထဲမှာ ဘာဖြစ်ခဲ့တာလဲ၊ ပြီးတော့ အဲဒီမှန်ကရော။”

နက်ဆန်က ကျွန်မရဲ့စူးစမ်းချင်စိတ်အပြည့်နဲ့မေးခွန်းကြောင့် ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ပါတယ်။ သူ့ကိုကြည့်ရတာ ပထမဆုံးအကြိမ် တွေ့ဖူးတုန်းကလို သိပ်ပြီးတိတ်ဆိတ်မနေတော့ဘဲ နည်းနည်းအသက်ဝင်လာသလိုပဲ။

“မင်းသိချင်ရင်... အထဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာရော ဒီမှန်ကြီးရဲ့ရာဇဝင်ကိုရော ပြောပြပေးပါ့မယ်။ နေမထွက်ခင်အထိ ငါတို့အတူရှိနေမှာပါ။”

သူက ဂျာကင်အောက်ကနေ တစ်စုံတစ်ခုကို ထုတ်လိုက်ပြန်တယ်။ ဖယောင်းချိပ်အစစ်နဲ့ချိပ်ပိတ်ထားခဲ့တယ်လို့ ယူဆရတဲ့ စာတစ်စောင်ဖြစ်ပြီးတော့ အခုတော့ပွင့်နေပါပြီ။ နက်ဆန်က အဲဒါကိုဖွင့်ဖတ်ပြီးပုံပဲ။

“ဒီဇာတ်လမ်းရဲ့အစက ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ဒီအိမ်ကို ပိုင်ဖူးတဲ့လူတွေကြောင့်လို့ ဆိုရမှာပဲ။”

All Chapters