← Chapters

ကြေးမုံလောက (D)

Vol. 1 Ch. 17

ကြေးမုံလောက (D)

Vol. 1 Ch. 17

နက်ဆန် ကြေးမုံမှန်ထဲကို ဝင်ပြီးသွားတာနဲ့ ပထမဆုံး သတိထားမိတာက တစ်ဖက်မှာလည်း အပြင်ကအိမ်နဲ့ အသေးစိတ်ကျနစွာတူညီတဲ့ အိမ်ကြီးရှိနေတယ်ဆိုတာပါ။ ပန်းအိုးပေါ်မှာတင်နေတဲ့ ဖုန်မှုန့်အနည်းငယ်ကအစ နေရာအတိအကျတူနေတာ။

ကွဲပြားခြားနားချက်ကို ပြပါဆိုရင် အရာအားလုံးက ပြောင်းပြန်ဖြစ်နေတယ်လို့ ဆိုရမှာပါပဲ။ အဖိုးရော့ဘတ်တိုအခန်းထဲက နံရံကပ်နာရီပေါ်က စာလုံးတွေသာ မှန်စာနဲ့ရေးထားသလို ပြောင်းပြန်ဖြစ်နေပြီး ဒီအတွက်တော့ နက်ဆန် မအံ့ဩမိပါဘူး။

“မှန်ဆိုတာ အတည့်အတိုင်းပဲ ပေါ်တယ်လေ။”လို့ သူပြောလိုက်တယ်။ နောက်ထပ် ထူးခြားချက်တစ်ခုက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရင် ညဖက် မိုးကောင်းကင်နဲ့ အပြင်ဘက်က ဥယျာဥ်တွေကို မြင့်ရမယ့်အစား မထင်မရှားဝိုးတဝါးပုံရိပ်တွေကိုသာ မြင်ရပါတယ်။ ကျိန်စာသင့်မှန်ဟာ သက်ရောက်နိုင်တဲ့ အကွာအဝေးပြင်ပက အရာတွေကို ပုံဖော်နိုင်စွမ်း မရှိတဲ့ပုံပါပဲ။

သူက သူဝင်လာတဲ့ဝင်ပေါက်ကို ပြန်ကြည့်လိုက်တော့ ဗီရိုဟာ အပြင်ဘက်ကလိုမျိုး ဟောင်းနွမ်းမနေခဲ့ဘဲ သစ်လွင်တောက်ပနေခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ်ထဲမှာ သိချင်စိတ်ဖြစ်လာပြီး ဗီရိုကိုဖွင့်ကြည့်ဖြစ်ခဲ့တယ်။ ဒီလိုကနေတစ်ဆင့် အဲဒီချိပ်ပိတ်ထားတဲ့စာကို သူရလာခဲ့တာ။ အဲဲဒီစာက လူတွေတမင်သက်သက် ရှာတွေ့စေဖို့အတွက် တွေ့ရလွယ်တဲ့ အံ့ဆွဲထဲမှာ သေချာထည့်ထားခဲ့တာ။ ဖွင့်ဖတ်ကြည့်လိုက်တော့ မှန်စာအတိုင်းဖြစ်နေတာနဲ့ နက်ဆန်က သူ့ဂျာကင်ထဲ စာကိုထည့်ဝှက်ပြီး အဖမ်းခံရတဲ့သူတွေကို ကယ်ဖို့သာ ဆက်လုပ်ပါတယ်။

အခန်းအပြင်ကိုထွက်ပြီး ပထမထပ် အိမ်တွင်းဝရံတာကို ရောက်တယ်ဆိုတာနဲ့ သူဟာ ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ရတယ်။

အရပ်ဆယ်ပေလောက်ရှည်တဲ့ အပြာရောင်ဂါဝန်ဝတ် မိန်းမကြီးတစ်ယောက်က မြေညီထပ်မှာ ခေါင်းကို ငိုက်စိုက်ချ ကြမ်းပြင်ကိုငုံ့ကြည့်နေပြီး မလှုပ်ရှားဘဲ ရပ်နေပါတယ်။ ခေါင်းက ရွှေရောင်ဆံပင်တွေက သူ့မျက်နှာကို ဖုံးနေတဲ့အတွက် သေချာမမြင်ရဘူး။ ခန္ဓာကိုယ်က ကြီးမားလွန်းတဲ့ အရွယ်အစားကလွဲရင် ပိန်သွယ်လွန်းပြီး အချိန်မရွေးလဲကျတော့မလို ထင်ရတယ်။ အသားအရေက လူမနာလိုဖျော့တော့တော့။ အဲဲဒီမိန်းမကြီးနားမှာ ဝန်းရံနေတဲ့ ပြဒါးရည်လို အရည်တွေနဲ့တည်ဆောက်ထားတဲ့ လူပုံရိပ်တွေရှိနေပြီး မှန်သရဲတွေရဲ့စစ်မှန်တဲ့ ပုံသဏ္ဍာန်ဆိုတာကို နက်ဆန် ပြောနိုင်ပါတယ်။

ဧရာမမိန်းမကြီးရဲ့ရှေ့မှာတော့ အဖမ်းခံထားရတဲ့ လူသုံးယောက်ရှိနေပြီး သူတို့အားလုံးက ကြမ်းပြင်မှာ လဲကျနေကာ သတိမေ့နေဟန်ပါပဲ။

နက်ဆန်က ဧရာမမိန်းမကြီးကို ကြည့်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်မိပါတယ်။ အဲဒီအရာကြီးက ပစ္စည်းတစ်ခုထဲမှာ ပိတ်မိနေတဲ့ နှစ်ချို့အငြိုးကြီးတစ္ဆေမှန်း သူပြောနိုင်ပါတယ်။ အနည်းဆုံး နှစ်ခြောက်ဆယ်လောက် သက်တမ်းရှိနေပြီ။ တော်ရုံအငြိုးကြီးတစ္ဆေမဟုတ်ဘဲ မသေခင် အငြိုးအတေးများစွာနဲ့ တစ်ယောက်ယောက်ကို ကျိန်စာတိုက်ခဲ့ပုံပေါ်ပြီး အဲဒီကျိန်စာက ပြဒါးရည်လို သတ္တဝါတွေကို ဖြစ်တည်လာစေခဲ့တာပါ။

နက်ဆန်က သူ့လက်တွေကို ပြန်ငုံ့ကြည့်လိုက်ပါတယ်။ လောလောဆယ် သူ့ကိုကူညီပေးမယ့်သူမရှိပါဘူး။ သရဲသတို့သားနဲ့သတို့သမီးက အပြင်မှာ မှန်သရဲတချို့ကို ရင်ဆိုင်ဖို့ကျန်ရစ်ခဲ့ပြီး မော်လီကတော့ ဆယ်ဗီကို ကာကွယ်ပေးဖို့ ကျန်နေရစ်တယ်။ အမြဲတမ်းလိုလို သူ့အစေခံသုံးယောက်က သူ့ရဲ့လက်နက်တွေအဖြစ်နဲ့ ကူညီပေးခဲ့တဲ့အတွက် သူကိုယ်တိုင်မတိုက်ခိုက်ရတာ အတော်ကြာပါပြီ။ ဒါပေမဲ့ ကိုယ်တိုင်တိုက်ခိုက်ရာမှာ သူညံ့တယ်လို့တော့ ဆိုလိုတာမဟုတ်။

“.....” နက်ဆန်က တိတ်တဆိတ်ဘဲ ဝရံတာလက်ရန်းကို လက်နဲ့ထောက်ခုန်ကျော်ကာ ဧရာမအမျိုးသမီးကြီးရဲ့ ခေါင်းကိုတည့်တည့်ချိန်ပြီး ခြေထောက်နဲ့ ကန်လိုက်တယ်။

ဘုတ်...

အမျိုးသမီးကြီးက ပိန်ပါးပုံရပေမဲ့ နက်ဆန့်ကန်ချက်ကြောင့် နည်းနည်းသာနောက်ဆုတ်လိုက်ရပြီး သူ့ကိုမျက်ထောက်နီကြီးတွေနဲ့ လှည့်ကြည့်လိုက်တယ်။ နက်ဆန်ကတော့ မြေပေါ်ကို ကြောင်ဆင်းဆင်းလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ပြဒါးလိုအရာတွေက သူ့ကိုဝိုင်းထားပြီး သူ့ပုံရိပ်ကို ကူးယူဖို့ ကြိုးစားနေကြပေမဲ့ မကြာခင်မှာပဲ သူတို့ခန္ဓာကိုယ်တွေ ဆူပွက်လာပြီး အလိုလိုထပေါက်ကွဲကုန်တယ်။

“လက်လျှော့ပြီး ဖမ်းထားတဲ့လူတွေကို ပေးလိုက်တော့။ ဒီလိုကျိန်စာမျိုးနဲ့ ငါ့စွမ်းအားကို ပုံတူမပွားနိုင်ဘူး။”

နက်ဆန်က အေးစက်စက်ပြောလိုက်ပြီး သူ့လက်ကို မြှောက်လိုက်တယ်။ ရုတ်တရက် သူ့အရိပ်ကြီးက ကြီးထွားလာပြီး လူက အိမ်အလယ်ဗဟိုမှာရပ်နေပေမဲ့ အရိပ်ကြီးက အိမ်တံခါးရှိတဲ့နံရံတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားတယ်။ အရိပ်နက်ကြီးက အိမ်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အရိပ်ရဲ့ကျောနောက်ကနေ အတောင်ပံ တစ်စုံပွင့်လာတယ်။

အရိပ်ကိုက ပေလေးဆယ်လောက်မြင့်နေပြီဖြစ်ပြီး နက်ဆန့်ရှေ့မှာရှိနေတဲ့ သရဲမကြီးထက် ပိုကြောက်စရာ ကောင်းနေပါပြီ။ ဒါပေမဲ့ သရဲမကြီးက အလျှော့ပေးမယ့် ပုံမပေါ်ဘဲ လက်တွေကိုဝေ့ယမ်းကာ နက်ဆန်ကို စတင် တိုက်ခိုက်ပါတော့တယ်။

“အို... လိုက်ရပ်(မှန်နတ်သမီး)ရဲ့ကျေးကျွန်။ ငါ့ကို တကယ်ပဲ ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား။”

နက်ဆန်က ခပ်တည်တည်နဲ့ လက်ခုပ်တီးလိုက်တယ်။ အရိပ်နက်ကြီးရဲ့လက်တွေကလည်း သူ့အတိုင်းပဲ လိုက်လံလှုပ်ရှားပြီး ဧရာမသရဲမကြီးကို လက်နှစ်ဖက်နဲ့ ခြင်ရိုက်သလိုရိုက်ချလိုက်တယ်။

ဖြောင်း...

အငြိုးကြီးတစ္ဆေရဲ့ခန္ဓာကိုယ်က ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ပြန်ကောင်းလာပြီး နက်ဆန်ကို ဆက်တိုက်ခိုက်ပြန်တယ်။ နက်ဆန်ကလည်း သူ့အရိပ်ကိုသုံးပြီး ပြန်လည်တိုက်ခိုက်နေပေမဲ့ မကြာခင်မှာပဲ သူ့ခေါင်းကိုသူ ဆုပ်ကိုင်လိုက်မိတယ်။ သူ့နဖူးကနေ ချွေးစေးတွေစီးကျလာနေပြီး အသက်ရှုလည်း ပိုမြန်လာခဲ့ပါပြီ။

“ကြည့်ရတာ မှန်ကိုဖျက်ဆီးပစ်ရုံကလွဲလို့ တခြားနည်း မရှိဘူးပဲ။”

နက်ဆန်က သူ့လက်ကိုဆန့်ထုတ်ပြီး တစ်ခုခုကို ဆုပ်ကိုင်ဟန် လုပ်လိုက်တယ်။ အရိပ်နက်ကြီးက သရဲအမျိုးသမီးကို ဖမ်းဆုပ်ကိုင်လိုက်ပြီး နံရံနဲ့ဖိကပ်လိုက်တယ်။ အငြိုးကြီးဝိညာဥ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ရုန်းထွက်ဖို့ကြိုးစားနေတယ်။ နက်ဆန်က အချိန်ရတုန်းလေးမှာပဲ ကြမ်းပြင်ပေါ် လဲကျနေတဲ့ လူသုံးယောက်ထဲက နှစ်ယောက်ကို ထမ်းပြီးအပေါ်ထပ်ကို ပြေးတက်သွားတယ်။ အငြိုးကြီးတစ္ဆေက ပြန်လွတ်မြောက်လာပြီး သူ့နောက်ကို လိုက်လာခဲ့ပေမဲ့ ကံကောင်းစွာနဲ့ လူနှစ်ယောက်ကို အပြင်ပစ်ထုတ်လိုက်နိုင်ပြီ။

နောက်ထပ် အငြိုးကြီးတစ္ဆေနဲ့အနည်းငယ် တိုက်ခိုက်ပြီး နောက်မှာတော့ နောက်ဆုံးကျန်နေတဲ့ အဖိုးရောဘတ်တိုကို ခေါ်ထုတ်ပြီး ကိုယ်တိုင်ထွက်လာနိုင်ခဲ့တယ်။

...

ကျွန်မ သူပြောပြတဲ့ ကြေးမုံလောကထဲက စွန့်စားခန်း အကြောင်းကိုနားထောင်ရင်း အံ့ဩမိတယ်။ ဒီလူက တကယ်ပဲ ဖျက်ဆီးလို့မရတဲ့ အငြိုးကြီးဝိညာဥ်ကို တစ်ကိုယ်တည်းရင်ဆိုင်ခဲ့တာလား။

သရဲသတို့သားနဲ့သတို့သမီး ဒဏ်ရာရသွားတာကို ထောက်ရရင် ဒီမှန်သရဲတွေက အတော်အားကောင်းမှန်း ကျွန်မပြောနိုင်တယ်။ ကျွန်မ သူ့လက်က ဒဏ်ရာကို သွေးတိတ်အောင် ပက်တီးစည်းပေးနေရင်းကနေ စိတ်ဝင်တစားနဲ့ မေးလိုက်မိတယ်။

“ကျွန်မ ရှင့်လူတွေ ရှင့်အရိပ်ထဲကနေ ထွက်လာတာ ခဏခဏမြင်ဖူးတယ်။ ဒါပေမဲ့ အဲဒီအရိပ်ကိုလည်း တိုက်ခိုက်ဖို့သုံးနိုင်တာလား။ ကျွန်မကို နည်းနည်း ပြလို့ရမလား။”

“ရိုင်းလိုက်တာ... သခင်လေးရဲ့နတ်ဘုရားပုံစံကို ရာရာစစ သာမန်လူတစ်ယောက်က ကြည့်ခွင့်ရှိမယ် ထင်နေတာလား။” မော်လီက အော်ငေါက်လိုက်တယ်။

“နတ်ဘုရားပုံစံ....” ကျွန်မ နားမလည်နိုင်စွာနဲ့ နက်ဆန်ကို စောင်းငဲ့ပြီးကြည့်လိုက်တယ်။

“ငါ့အနေနဲ့ ပြဆိုရင်ပြပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းလန့်သွားမှာကိုပဲ စိုးရိမ်မိတာ။”

နက်ဆန်က ပြောလိုက်တယ်။ သူ့အရိပ်က နှစ်ဆကျော် ရှည်ထွက်လာပြီး မီးဖွင့်ထားတဲ့ အဖိုးရောဘတ်တိုရဲ့ အခန်းတစ်ခုလုံးအမှောင်ကျသွားတယ်။ နောက်တော့ အဲဒီအရိပ်ရဲ့နောက်ကနေ တောင်ပံပွင့်လာတယ်။

“အံ့ဩစရာကောင်းလိုက်တာ...” ကျွန်မ မှင်သက်မိပြီး ချီးကျူးလိုက်မိတော့ နက်ဆန်က အံ့ဩသွားတဲ့ပုံပဲ။ သူက တုန်တုန်ယင်ယင်နဲ့ပါးစပ်ကိုဟပြီး တစ်ခုခုကို ပြောလိုက်ချင်ပေမဲ့ ပါးစပ်ကို တင်းတင်းစေ့ပြီး ပြန်ပိတ်လိုက်တယ်။

“ကျွန်မ ရှင်နဲ့ပတ်သက်ပြီး အမြဲတမ်းသိချင်နေတာ တစ်ခုရှိတယ်။ ရှင်က တကယ်ပဲ ဘယ်လိုလူစားမျိုးလဲ။ ရှင့်ကြည့်ရတာ ရုပ်ရှင်တွေထဲကလိုမျိုး သာမန်တစ္ဆေလိုက်သမားတစ်ယောက်နဲ့မတူဘူး။”

“သခင်က အမှောင်မင်းသား။ ညနတ်သမီးရဲ့ကောင်းချီးပေးခြင်းကို ခံရတဲ့သူ။ ကြီးမြတ်တဲ့ လူတစ်ပိုင်းနတ်တစ်ပိုင်းတစ်ယောက်ပဲ။ တစ်နည်းအားဖြင့် နင့်လိုသာမန်လူနဲ့ယှဥ်ရင် မိုးနဲ့မြေလိုပဲ။”

အဲဒီအိမ်စေက ကျွန်မကို မလိုမုန်းထားဟန်နဲ့ ကြည့်လိုက်ပြန်ပြီ။ သူဘာကြောင့် ကျွန်မကို ရန်လိုနေမှန်းမသိပေမဲ့ ကျွန်မနဲ့ပတ်သက်မိရင် အဲဒီကောင်နက်ဆန်က ချက်ချင်းသေတော့မယ့် အတိုင်းပါပဲ။

“ဟုတ်ပါပြီ၊ အဲဒီမှန်ကြီးရာဇဝင်ကိုလည်း ရှင်းပြဦးလေ။”

ဒီတော့မှ နက်ဆန်က သူ့လက်ထဲက စာကိုဖွင့်လိုက်ပြီး ဓာတ်ပုံရိုက်လိုက်တယ်။ နောက်တော့ ဓာတ်ပုံပြုပြင်တဲ့ အက်ပလီကေးရှင်းတစ်ခုကိုသုံးပြီး စာတွေကို အတည့်ပြန်ပေါ်အောင် လုပ်လိုက်ပါတယ်။ စာထဲမှာ ရေးထားတာက

“၆နှစ်လုံးလုံး ပေါင်းခဲ့တဲ့ယောက်ျားက ဒီလောက် မိစ္ဆာဆန်တဲ့လူဖြစ်လိမ့်မယ်လို့ ကျွန်မထင်မထားခဲ့ဘူး။ ကျွန်မလှနေတုန်းကတော့ ဖူးဖူးမှုတ်ထားခဲ့ပြီး ရောဂါကြောင့် အိပ်ရာထဲလဲ အလှတွေအားလုံး ပျောက်သွားတော့ အိမ်ပေါ်ကို တခြားမိန်းမတစ်ယောက် ခေါ်လာတယ်။ အသက်ရှင်နေသေးတဲ့ကျွန်မကို ရှိတယ်လို့ကိုမထင်ဘူး။ ဒီလိုယောက်ျားမျိုး သေတာပဲ အေးတယ်။ ကျွန်မကိုယ်ကျွန်မအဆုံးစီရင်ပြီး သရဲဘဝနဲ့ အဲဒီကောင်နဲ့အဲဒီဟာမကို ကုပ်ချိုးသတ်ပစ်မယ်။ ဂျူလီယာ။ ၁၉၆၃”တဲ့။

နက်ဆန်က စာကိုဖတ်ပြပြီးတဲ့နောက် စာကိုစားပွဲပေါ် ပစ်တင်လိုက်ပြီး သူမှတ်မိသလောက် မှန်တစ္ဆေမရဲ့ရုပ်သွင်ကို ပြန်ပြောပြပါတယ်။

“အဲဒီမိန်းမက အပြာရောင်ပွဲတက်ဝတ်စုံကို ဝတ်ထားပြီး လည်ပင်းမှာ ပြတ်ရှဒဏ်ရာတစ်ခုရှိတယ်။ ဖြစ်နိုင်တာက သူ့ယောက်ျားကို မုန်းတီးလွန်းလို့ မသေခင်မှာ အလှဆုံး ပြင်ဆင်ပြီး မှန်ရှေ့မှာထိုင် သူ့လည်ပင်းကိုသူ ပိုင်းပြီး အဆုံးသတ်ခဲ့ပုံပဲ။ အစီအရင်တစ်ခုခုကိုသုံးပြီး ကျိန်စာ တိုက်ခဲ့ပုံလည်းရတယ်။

အရင်နှစ်ခြောက်ဆယ်လောက်က ဖြစ်ခဲ့တာဆိုတော့ ဘာအစီအရင်လည်းတော့ ငါမပြောတတ်တော့ဘူး။ သီအိုရီအရတော့ ဒီမိန်းမက သူ့ဝိညာဥ်ကိုသူ မှန်ထဲတမင် ပိတ်လှောင်ခဲ့ပြီး အိမ်သားတွေကို ဒုက္ခပေးနေတာ။ ဒါပေမဲ့ ရလဒ်ကတော့ ငါတို့ကြုံခဲ့ရတဲ့အတိုင်းပဲ။ ဗီရိုကြီးကို အိမ်ထပ်ခိုးပေါ်မှာ ဝှက်ထားခဲ့ပုံထောက်ရရင် အဲဒီတုန်းကအိမ်ရှင်တွေလည်း အတော်လေး ခြောက်လန့်ခံခဲ့ရပုံပဲ။ ဒါပေမဲ့ သရဲတွေက နှစ်ကြာလေ ပိုစွမ်းအားကြီးလေဆိုတော့ ငါတို့ကြုံခဲ့ရတာလောက် ပြင်းထန်ချင်မှလည်းပြင်းထန်မယ်။ ဂျူလီယာရဲ့ယောက်ျားနဲ့နောက်မိန်းမ ဘာဖြစ်သွားလဲဆိုတာတော့ ဘုရားမှသိလိမ့်မယ်။ ဒါပေမဲ့ ဇာတ်သိမ်းကောင်းမယ့်ပုံတော့မပေါ်ဘူး။” ဒီလောက်ကြောက်ဖို့ကောင်းတဲ့ကျိန်စာမိထားတာဆိုတော့ နက်ဆန်ပြောသလိုပဲ အဆုံးသတ်လှလှလေးနဲ့ ကြုံရမှာမဟုတ်ဘူး။ ကျွန်မတို့ စကားပြောနေတုန်းမှာပဲ ရောင်နီသန်းလာပြီ။ ဟိုမိသားစုဝင် သုံးယောက်က အိပ်မောကျနေတုန်းပဲ။ မော်လီကတော့ နေရောင် ထွက်လာတာနဲ့ နက်ဆန်ရဲ့အရိပ်ထဲကို ပြန်ဝင်သွားတယ်။

“ငါပြန်ဖို့ အချိန်ကျလာပြီနဲ့တူတယ်။ သူတို့သုံးယောက်ကို သူတို့အိပ်ရာတွေမှာ ပြန်တင်ထားပေးလိုက်မယ်။ ဒါတွေ အားလုံးက အိပ်မက်လို့ထင်သွားရင် အကောင်းဆုံးပဲ။”

သူက ပြောလိုက်ပြီးနောက် ကိစ္စရပ်တွေကို ဖုံးဖိဖို့ ကျွန်မကို ကူညီပေးခဲ့ပါတယ်။

...

“သခင်... ဘာကြောင့်အဲဒီမိန်းကလေးကို သခင့်ရဲ့အရိပ်ကို ပြခဲ့တာလဲ။ နောက်ဆုံးတစ်ခါ သခင့်အရိပ်ကို တခြားတစ်ယောက်မြင်သွားတုန်းက ဘယ်လိုဖြစ်ခဲ့လည်း မှတ်မိသေးရဲ့လား။”

နေရောင်စတင်ပေါ်ထွက်လာပြီဖြစ်တဲ့ ကောင်းကင်ကြီးရဲ့အောက်မှာ လူငယ်လေးတစ်ယောက် လမ်းလျှောက်နေတယ်။ သူ့အရိပ်က ပုံမှန်ထက်နက်မှောင်နေပြီး အရိပ်ထဲကနေ မော်လီက လှမ်းစကားပြောနေတယ်။

“ငါမှတ်မိပါတယ်။ ငါ့စွမ်းအားကို မြင်ခဲ့တဲ့လူအများစုက ကြောက်လန့်ကြတယ်။ မကြောက်လန့်ရင်တောင်မှ ငါ့စွမ်းအားကိုမြင်ပြီးရင် ချဥ်းကပ်ဖို့ မဝံ့ရဲကြဘူး။”

“ဒါကိုတောင်မှ ဘာလို့သခင်က ဒီလိုမျိုးစွန့်စားရတာလဲ။”

“ဆယ်ဗီက တခြားသူတွေနဲ့မတူဘူးလို့ ငါခံစားရတယ် မော်လီ။ သူ့အနားရောက်သွားတိုင်း ငါ့စိတ်တွေငြိမ်သွားတယ်။ ဘယ်လိုပြောရမှန်းမသိပေမဲ့ အရင်ကတည်းက ရင်းနှီးနေသူတစ်ယောက်နဲ့ ပြန်တွေ့ရသလိုပဲ။ ငါ့စွမ်းအားတွေကို ဒီလောက်မြင်ပြီးတာတောင် သူက ကြောက်လန့်သွားရမယ့်အစား ငါ့ကို ပိုပြီးစိတ်ဝင်စားလာသလိုပဲ။”

“အဲဒီကောင်မလေးက မြင်ရသလောက် မရိုးရှင်းဘူးလို့ ကျွန်မထင်တယ်။ ဒါပေမဲ့ သခင် သူ့ကိုယုံကြည်တယ်ဆိုရင် ပြီးတာပါပဲ။”

All Chapters