← Chapters

မြင်းလှည်းတစ္ဆေ (A)

Vol. 1 Ch. 18

မြင်းလှည်းတစ္ဆေ (A)

Vol. 1 Ch. 18

“ကြည့်ရတာ ငါတို့တွေ တရားခံကိုတွေ့ပြီနဲ့တူတယ်။”

နက်ဆန်က တောင်ကိုဖြတ်သန်းပြီး တည်ဆောက်ထားတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုရှေ့မှာ ရပ်လိုက်တယ်။ ဒီနေရာက ဖွန်တီနာမြို့နဲ့ပြင်ပကမ္ဘာကို ဆက်သွယ်ပေးထားတဲ့ ဟိုက်ဝေးလမ်းမကြီးပေါ်မှာ ဖြစ်ပြီးတော့ သူဒီနေရာကို လာရတဲ့အကြောင်းအရင်းက ရိုးရှင်းပါတယ်။

“တစ္ဆေမီးအိမ်က ဒီနေရာကိုညွန်ပြနေတယ်။ ခြေရာတွေက လတ်လတ်ဆတ်ဆတ်ပဲမလို့ ဒီနေရာနဲ့ အနီးတစ်ဝိုက်မှာပဲ ရှိနေလိမ့်ဦးမယ်။”

အိမ်စေဝတ်စုံနဲ့မော်လီက လက်ထဲမှာ အပြာရောင် မီးတောက်တောက်လောင်နေတဲ့ မီးအိမ်ကိုကိုင်ပြီး နက်ဆန်ရဲ့ဘေးမှာရပ်လိုက်ပါတယ်။ နက်ဆန်က သူ့လက်နှစ်ဖက်ကိုဖြန့်လိုက်ပြီး သူ့ရဲ့လက်စွဲတော်တွေကို ဆင့်ခေါ်လိုက်တယ်။

“သရဲသတို့သားနဲ့သရဲသတို့သမီး... ငါ့ရဲ့လက်နက်တွေ ဖြစ်လာပေး။”

နက်ဆန်ရဲ့အရိပ်ထဲကနေ မင်္ဂလာဆောင်ဝတ်စုံနဲ့ စုံတွဲနှစ်ယောက်ထွက်လာပြီး မကြာခင်မှာပဲ နက်ဆန့်လက်ထဲ အရွယ်တူဓားမြှောင်နှစ်လက်အဖြစ်ကို ပြောင်းလဲရောက်ရှိသွားတယ်။

“မော်လီ၊ မင်းက အပြင်မှာစောင့်နေပြီး သူထွက်ပြေးဖို့ကြံတာနဲ့ တိုက်ဖို့ကြိုးစား။”

“ကောင်းပါပြီ၊ သခင်လေး။” မော်လီ့လက်ထဲမှာလည်း ကြိုးတပ်တံစဥ်ကို အသင့်ပြင်ထားလိုက်တယ်။ သူတို့ အားလုံးက ဒီပွဲမှာ သတိကြီးကြီးထားနေပုံပေါ်ပြီး နည်းနည်းလေးမှမပေါ့ဆရဲကြဘူး။

“ဒူလာဟမ်... မင်းဘယ်မှာလဲ....” အားလုံး အသင့်ဖြစ်ပြီးနောက်မှာတော့ နက်ဆန်က အေးစက်စက်နဲ့ပြောလိုက်ပြီး ဥမင်လိုဏ်ခေါင်းထဲကို ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်သွားတယ်။

ဥမင်လိုဏ်ခေါင်းဟာ ကားသွားကားလာအလွန်နည်းပြီး တိတ်ဆိတ်နေပါတယ်။ အလင်းရောင်ဆိုလို့ လိုဏ်ခေါင်း မျက်နှာကျက်မှာထွန်းထားတဲ့ မှိန်ပျပျအဝါရောင် မီးအလင်းရောင်ပဲရှိတယ်။

ဝင်သွားပြီးမကြာခင်မှာပဲ နက်ဆန်က အဝေးမှာ လင်းလတ်နေတဲ့ အစိမ်းရောင်တစ္ဆေမီးအလင်းကို မြင်လိုက်ရတယ်။ အဲဒီတစ္ဆေမီးလုံးက မြန်မြန်ဆန်ဆန် ရွေ့လျားနေပြီး နီးကပ်လာတာနဲ့အမျှ မီးလုံးအပြင်ကို တခြားသောအရာတွေကပါ ရုပ်လုံးပေါ်လာတယ်။

တစ္ဆေမီးစိမ်းဟာ ခေါင်းမရှိတဲ့ လူတစ်ယောက်ရဲ့ငုတ်တို လည်တိုင်ကနေ တောက်လောင်နေတာဖြစ်ပြီး အဲဒီလူက အနောက်တိုင်းမှီးရှည်ကုတ်ကို သန့်သန့်ပြန့်ပြန့်ဝတ်ထားပြီး မြင်းလှည်းတစ်ခုနဲ့မြင်းထိန်းခုံပေါ်မှာ ထိုင်နေတယ်။ လက်ထဲမှာတော့ မြင်းဇက်ကြိုးကိုကိုင်ထားပြီး မြင်းလှည်းရထားလုံးကို ဆွဲနေတာကတော့ အရိုးစုမြင်းနှစ်ကောင်ပါ။

“မင်းလို အမှောင်ထုကိုအကာအကွယ်ယူပြီး အမှောင်ညရဲ့ဂုဏ်သရေကို ပျက်ယွင်းစေအပြစ်သားကို ဒီအတိုင်းလွှတ်ထားလို့မရဘူး။”

နက်ဆန်က သူ့ဆီကို တည့်တည့်ပြေးဝင်လာနေတဲ့ မြင်းလှည်းဆီကို ဦးတည်ပြေးသွားလိုက်ပြီး လေထုထဲ ခုန်တက်လိုက်တယ်။ အဲဒီနောက် သူ့ခန္ဓာကိုယ်က လူတစ်ရပ်စာလောက်အထိ မြောက်တက်သွားပြီး မြင်းထိန်းခုံပေါ်မှာထိုင်နေတဲ့ ခေါင်းပြတ်တစ္ဆေရဲ့ အပေါ်မှာပြန်ပေါ်လာတယ်။ တိုက်ခိုက်ဖို့အတွက် လုံးဝကို အခွင့်ကောင်းတစ်ရပ်မလို့ နက်ဆန်က လက်လွှတ်မခံဘဲ ဓားမြှောင်နှစ်လက်နဲ့ တစ္ဆေကိုပိုင်းချလိုက်တယ်။

“ဟမ်....” သူ့ရဲ့ဓားမြှောင်တွေက တစ္ဆေကို ပိုင်းဖြတ်ပစ်နိုင်ရမယ့်အစား လေကိုပိုင်းဖြတ်မိသလိုမျိုး တစ္ဆေကို ဒီအတိုင်းဖောက်ဝင်သွားတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က တစ္ဆေနောက်မှာရှိနေတဲ့ မြင်းလှည်းဘောင်နဲ့ တိုက်မိသွားပြီ....

ဘုန်း...

နက်ဆန်ရဲ့ခန္ဓာကိုယ်က မြင်းလှည်းနဲ့တိုက်မိပြီး လေပေါ် မြောက်တက်သွားတယ်။ ပြီးတဲ့နောက် လမ်းမပေါ်ကို ကျွမ်းပြန်ကျသွားပြီး မလှုပ်ရှားနိုင်တော့ဘူး။ သူ့ခေါင်းကနေ သွေးတွေစိမ့်ထွက်နေပြီး သူ့တစ်ကိုယ်လုံး သွေးအိုင်ထဲနှစ်ပြီးသားဖြစ်သွားတယ်။

“သခင်....” မော်လီက စိုးရိမ်စွာနဲ့ ဥမင်လိုဏ်ခေါင်းထဲ ပြေးဝင်လာပြီး ခေါင်းပြတ်တစ္ဆေ လိုဏ်ခေါင်းထဲက မထွက်နိုင်ခင် ကြိုးတပ်တံစဥ်နဲ့တိုက်ခိုက်လိုက်ပေမဲ့ နက်ဆန်ကြုံခဲ့ရသလိုပဲ တံစဥ်က တစ္ဆေရဲ့ခန္ဓာကိုယ်ကို ဖြတ်ဝင်သွားပြီး လှည်းနဲ့ရိုက်ခတ်မိကာ ချွှင်ခနဲ ပြန်ကန်ထွက်လာတယ်။ တစ္ဆေလွတ်မြောက်သွားပြီးနောက် မော်လီက တခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ ကြမ်းပြင်ပေါ် လဲကျနေတဲ့ နက်ဆန်ကို လက်နှစ်ဖက်နဲ့ပင့်မပြီး သက်တောင့်သက်သာအနေအထားမျိုးဖြစ်အောင် သူ့လက်မောင်းပေါ်မှီထားပေးလိုက်တယ်။ ဒါပေမဲ့ နက်ဆန်ဆီကနေ တုံ့ပြန်မှုမရှိဘူး။ သတိလစ်သွားတယ်ဆိုတာ အသိသာကြီး။

“သခင်... ကျွန်မပေါ့ဆမိလို့ အခုလိုဖြစ်ရတာ။”

...

မင်္ဂလာနံနက်ခင်းပါ။

ကျွန်မနာမည်ကို လူတိုင်းမှတ်မိနေလောက်ပြီ ထင်ပါတယ်။ ဟုတ်ပါတယ်၊ ဆယ်ဗီပါရှင့်။

ကျိန်စာသင့်မှန်ကြီးကိစ္စပြီးတဲ့နောက် မင်းသားလွီရိုက်အိမ်မှာ တစ်လကျော်ကြာအောင် ဆက်ပြီးအလုပ်လုပ်ဖြစ်ခဲ့ပါတယ်။ ကြောက်စရာ ကိစ္စတွေပြီးတဲ့နောက်တော့ မင်းသားလွီရိုက်က သူ့အဖေကို ပိုပြီးဂရုစိုက်တတ်လာပါတယ်။ နေ့တိုင်း အိမ်ကိုစောစောပြန်လာပြီး ကျွန်မနဲ့အတူထိုင် အဖိုးရောဘတ်တိုကို စကားပြောပေးတယ်လေ။

အဖိုးရဲ့ကျန်းမာရေးလည်း တဖြည်းဖြည်းကောင်းလာတဲ့အပြင် သားဖြစ်သူကိုယ်တိုင်ပါ ဂရုစိုက်ပေးတာခံနေရတဲ့ အဖိုးရောဘတ်တိုရဲ့စိတ်အခြေအနေက လျင်မြန်စွာ ပြန်ကောင်းလာတယ်။ မနက်တိုင်း ဟင်းချေးများတာ မရှိတော့တဲ့အတွက် ဒေါ်ကြီးဇိုအီလည်း တပြုံးပြုံးပေါ့။ မကြာသေးခင်ကပဲ အဖိုးက လမ်းပြန် လျှောက်နိုင်ဖို့အတွက် လေ့ကျင့်ခန်းပြန်လုပ်ခဲ့ပြီး တိုးတက်လာနေပြီ။ အခုဆိုချိုင်းထောက်နဲ့ လမ်းလျှောက်နိုင်နေပါပြီ။

ကျွန်မဂရုစိုက်ပေးနေရတဲ့လူနာတစ်ယောက် နာလန်ထလာတဲ့အတွက် ဝမ်းသာရပေမဲ့ နှုတ်ဆက်ခွဲခွာရမယ့်အချိန်ရောက်လာပြီဆိုရင်လည်း အမှန်ပါ။

“ဒီကာလအတွင်း ငါ့အဖေကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်အခက်အခဲတစ်ခုခုကြုံခဲ့ရင် ငါတို့ကိုဆက်သွယ်ဖို့ မမေ့ပါနဲ့။ ငါလွီရိုက်က ကျေးဇူးမသိတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။”

နောက်ဆုံးတော့ ကျွန်မရဲ့အလုပ်ခန့်စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ။ လွီရိုက်က နောက်ဆုံးလစာကို ပေးချေပြီးနောက် ကျေးဇူးတင်စကားပြောလာတယ်။ နောက်တော့ ကျွန်မလည်း လအတော်ကြာနေခဲ့တဲ့ စံအိမ်ကြီးကနေ ထွက်လာခဲ့တာပေါ့။

“ဟုတ်ပြီ၊ ပထမဆုံးအလုပ်ကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့ပြီ။ အလုပ်သစ်ရှာဖို့ပဲ လိုတော့တယ်။”

ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မပဲ အထင်ကြီးခဲ့မိတယ် ပြောရမလား။ ပြင်သစ်ပြည်ရဲ့အလုပ်အကိုင်ရှာဖွေရေး စျေးကွက်ကိုပဲ အထင်သေးခဲ့မိတယ်ဆိုရမလား။ နွေဦးကာလကုန်လို့ နွေခေါင်ခေါင်ကြီးရောက်တဲ့အထိ ဘာအလုပ်သစ်ကိုမှ မရတော့တာရယ်။ ကျွန်မလည်း များစွာသော သူနာပြုအေးဂျင့်တွေဆီကို ဆက်သွယ်ပါရဲ့။ ဒါပေမဲ့ သူတို့ဆီမှာရှိတဲ့ အလုပ်အများစုက သာမန်လက်မှတ်ရ သူနာပြုတွေနဲ့ မသင့်တော်ဘူး။ ရာထူးပိုမြင့်တဲ့ ကျွမ်းကျင်လက်မှတ်ရတို့ဘာတို့ကို လိုအပ်တဲ့ အလုပ်မျိုးတွေ။ ကျွန်မနေတာက ဖွန်တီနာဖြစ်ပြီး အနီးအနားမြို့တွေနဲ့ဝေးတဲ့နေရာမှာ အလုပ်မလုပ်နိုင်ဘူး ဆိုတာလည်းကြားရော အေဂျင်စီအများစုက အဆက်အသွယ်ဖြတ်သွားကြရော။

“နယ်မြို့လေးတွေမှာပဲ အလုပ်ပတ်ရှာခိုင်းနေလို့ ရမလားဟဲ့။ နင်တို့တောကလူတွေက သူနာပြုငှားနိုင်တာမှမဟုတ်တာ။” အေဂျင်စီတစ်ခုဆိုရင် ခုလိုတောင် ဟောက်လိုက်သေး။

“ဟင်း... နည်းလမ်းဟောင်းကြီးဆိုပေမဲ့ သတင်းစာထဲ အလုပ်ကြော်ငြာလေးဘာလေးရှိမရှိ ကြည့်ကြည့်ဦးမှ။”

မင်းသားလွီရိုက်ပေးလိုက်တဲ့ လစာနဲ့ဘောနပ်စ်တွေ ကုန်လုနီးပါးရှိလာပြီ။ ကြံရာမရတဲ့အဆုံး ဘက်စ်ကားမှတ်တိုင်မှာ ကားစောင့်နေရင်းနဲ့ ဖွန်တီနာနံနက်ခင်းသတင်းစာစောင်ကို လမ်းဘေးဆိုင်လေးတစ်ခုကနေဝယ် ဟိုရှာဒီရှာ လိုက်လှန်ဖတ်မိတယ်။

ကံကောင်းတယ်လို့ပဲဆိုရမလား။ အဲဒီမှာ နေစားငြိမ်း သူနာပြုအလုပ်တစ်ခုကို ရှာတွေ့တော့တာပဲ။ လုပ်သက် သိပ်မလိုတဲ့အပြင် လစာလည်းကောင်းပြီး ရေရှည်ပါ ခန့်ဖို့အစီအစဥ်ရှိသတဲ့။ လိပ်စာအရလည်း ဖွန်တီနာမြို့ လိပ်စာဖြစ်နေတာနဲ့ ကျွန်မပြုံးလိုက်မိတယ်။

“အလုပ်ရှင်လောင်းကြီးကို ဘုရားသခင်စောင့်ရှောက်ပါစေရှင်။ ကျန်းမာချမ်းသာပါစေ။”

ဒီလိုနဲ့အလုပ်သစ်အတွက် လူတွေ့အင်တာဗျူးဖို့ ဖြစ်လာတော့တာပဲ။ အဲဒီအိမ်ကအပ်ထားတဲ့ သူနာပြု အေးဂျင်စီကို ကျွန်မဆက်သွယ်ပြီးတဲ့နောက် အေဂျင်စီက အလုပ်ရှင်နဲ့လူတွေ့အင်တာဗျူးနိုင်ဖို့ ရက်တစ်ရက်စီစဥ်ပေးပါတယ်။ အလုပ်ရှင်က အိမ်ကို ကိုယ်တိုင်လာစေချင်တာနဲ့ တနင်္လါနေ့မနက်ပိုင်းမှာ ဘက်စ်ကားစီးပြီး သတင်းစာထဲက အိမ်လိုက်စာအတိုင်း အလုပ်ရှင်အိမ်ကို လိုက်ရှာဖြစ်တယ်။

လိပ်စာထဲရေးထားတဲ့ ကမ်းခြေပတ်လမ်းကို ရောက်လာပေမဲ့ အိမ်အမှတ် (၁၁)ကို တော်ရုံနဲ့ရှာမရ။ ရှာရင်းရှာရင်းနဲ့ မှောင်ရီဖျိုးဖျလာပြီ။ နောက်ဆုံး လမ်းသွားလမ်းလာတွေကိုမေးကြည့်ဖြစ်တယ်။ ဒါပေမဲ့ သူတို့အကုန်လုံးက ကျွန်မအိမ်အမှတ် (၁၁)ကို ရှာနေတယ် ဆိုတာလည်းကြားရော အားလုံးက လန့်ဖြန့်ကုန်တော့တာ။

“ကောင်မလေး၊ အဲဒီအိမ်နံပါတ်က ကမ်းခြေကျောက်ဆောင်ပေါ်က အိမ်ကြီးနဲ့နံပါတ်မဟုတ်လား။ မနောက်စမ်းပါနဲ့။ အဲဒီအိမ်က သရဲအိမ်ကြီးဟ၊ လူနေတာမဟုတ်ဘူး။”

သူတို့က အဲဒီအိမ်ကို အတော်လေးကြောက်ကြပုံပဲ။ ဒါပေမဲ့ သူတို့ကိုတောင်းတောင်းပန်ပန်နဲ့ အလုပ်ကိစ္စရှိကြောင်းပြောတော့ လမ်းညွန်ပေးကြပါတယ်။ ဒီလိုနဲ့ နေမင်းကြီး မိုးကောင်းကင်ပေါ်ကနေ လုံးဝဆင်းသက်သွားချိန်မှာ ဖွန်တီနာကမ်းခြေက တောင်ကုန်းပေါ်မှာရှိနေတဲ့ ရှေးပုံစံသစ်သားစံအိမ်ကြီးဆီ ကျွန်မရောက်လာတော့တာပဲ။

သစ်သားစံအိမ်ကြီးက နှစ်ထပ်ဖြစ်ပြီး အဖိုးတန် ဝက်သစ်ခြသားနဲ့ဆောက်ထားတာ။ သစ်သားတွေ ပိုးမစားအောင် နက်မှောင်နေတဲ့ ရေနံချေးသုတ်ထားပြီး အိမ်ကအိုဟောင်းနေပေမဲ့ သေချာထိန်းသိမ်းထားခဲ့ပုံပါပဲ။

ဒေါက်... ဒေါက်... ဒေါက်...

“အိမ်ရှင်တို့...” ကျွန်မလည်း လောကဝတ်အရ တံခါးကို အသာခေါက်လိုက်တယ်။ အစပိုင်း ဘာသံမှမကြားရလို့ ဘယ်သူမှမရှိဘူးထင်နေတာ။ နောက်တော့ တံခါးက ‘ ချောက်’ခနဲ တံခါးချက်ဖွင့်သံနဲ့အတူပွင့်သွားပြီ။

“ဗင်းဆင့်အိမ်တော်ကနေ ကြိုဆိုပါတယ်။ ဘာကိစ္စရှိလို့ပါလဲ။”

အိမ်စေဝတ်စုံဝတ်ထားတဲ့ သံချေးရောင်ဆံပင်နဲ့ သတ်လတ်ပိုင်းမိန်းမတစ်ယောက်က ကျွန်မကို စီးကြိုနေပြီး မေးလိုက်တယ်။ တံခါးနားကို သူလျှောက်လာတဲ့ ခြေသံကို မကြားရပုံထောက်တော့ ဒီအတိုင်းတံခါးရှေ့မှာ ပေါ်လာတယ်လို့တောင် ထင်ချင်စရာ။

“နေပါဦး... ရှင်က.... မော်လီမဟုတ်လား။” ကျွန်မ ဒီအမျိုးသမီးကို သေချာပေါက်မှတ်မိတာပေါ့။ တစ်ခါ မဟုတ်ဘဲ နှစ်ခါတောင်မြင်ဖူးတာလေ။ ပြီးတော့ အဲဒီနှစ််ခါလုံးက ကျွန်မဘဝတစ်လျှောက်လုံးမှာ ကြုံခဲ့ဖူးတဲ့ အထူးဆန်းဆုံးကိစ္စရပ်တွေဖြစ်ခဲ့တဲ့အချိန်မှာ။

“ဘာကောင်းကျိုးမှမပေးတဲ့ ကောင်မလေးပဲ။ ဒီကို ဘာလာလုပ်တာလဲ။”

“အလုပ်လာလျှောက်တာလေ။ သတင်းစာထဲ ကြော်ငြာထည့်ထားတာ ရှင်တို့ပဲမဟုတ်ဘူးလား။”

ကျွန်မနဲ့ ဒီအိမ်စေနဲ့က နည်းနည်းလေးမှ အဆင်မပြေ။ ကျွန်မက ဘာမှမလုပ်ပေမဲ့ သူက ကျွန်မကို အတော်မုန်းနေပုံပဲ။ မော်လီက မျက်မှောင်ကြုတ်လိုက်ပြီး

“ကောင်းပြီ၊ အင်တာဗျူးအတွက်ဆိုရင်တော့ ဧည့်ခန်းထဲဝင်ထိုင်ပြီး စောင့်နေလိုက်ပါ။ သခင့်ကို သွားနှိုးလိုက်ဦးမယ်။”

သူက ကျွန်မကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပြီး ဧည့်ခန်းထဲ ခေါ်လာတယ်။ ပြီးတဲ့နောက် ကျွန်မကိုထိုင်ခိုင်းပြီး အိမ်အပေါ်ထပ်ကို တက်သွားတယ်။

ဧည့်ခန်းထဲက ပရိဘောဂတွေကလည်း ဂန္တဝင်လက်ရာတွေဖြစ်ပြီး နံရံတွေမှာ ခေတ်အဆက်ဆက်က ပန်းချီလက်ရာတွေလို့ ယူဆရတဲ့ပုံတွေရှိပြီး ပုံထဲကလူတွေတိုင်းက ရုပ်ချင်းဆင်တူကြတယ်။ အနက်ရောင်မျက်လုံးနဲ့ အနက်ရောင်ဆံပင်ပါးပါးရှိကြသူတွေ။ တစ်ချက်ကြည့်ရုံနဲ့တင် ဟိုလူထူးဆန်းရဲ့ဘိုးဘေးတွေမှန်း ပြောနိုင်ပါတယ်။ တစ်နေရာရောက်တော့ အနက်ရောင်ဆံပင်ကောက်နဲ့ အပြာရောင်မျက်လုံးရှိတဲ့လူတစ်ယောက်ရဲ့ပန်းချီကို ကျွန်မတွေ့လိုက်မိရော။

“သူ့ပုံများလား...” ဆွေကြီးမျိုးကြီးတွေက မျိုးနွယ်စုရဲ့ ခေါင်းဆောင်ပုံတွေကို ခုလိုမျိုးချိတ်ဆွဲထားတတ်မှန်း ကျွန်မသိပေမဲ့ အဲဒီလူက ဒီလိုချိတ်ဆွဲထားနိုင်တဲ့လူတွေထဲက တစ်ယောက်ဖြစ်မယ်လို့တော့ မျှော်လင့်မထားခဲ့မိဘူး။

“ဒီတော့ သူက လူချမ်းသာတွေထဲကတစ်ယောက်ပေါ့။ ညတိုင်းညမအိပ်ဘဲ သရဲလိုက်ဖမ်းနေနိုင်တာ အံ့ဩစရာ မဟုတ်ဘူးပဲ။”

“ သူများအိမ်ထဲဝင်ပြီး အိမ်ရှင့်အတင်းပြောတာ ယဥ်ကျေးတဲ့အပြုအမူလို့ ကျွန်မမထင်ဘူး၊ မစ်ဆယ်ဗီ။”

ဘယ်ချိန်ထဲကမသိ အနားရောက်နေတဲ့ မော်လီဆီက ပြစ်တင်သံထွက်လာတယ်။ နက်ဆန်လည်း သူနဲ့အတူ ပါလာပြီးတော့ ဘုရားရေ၊ ဒီလူဘာဖြစ်ထားတာလဲ။ သူ့လက်ကို ပက်တီးနဲ့သိုင်းချည်ထားရပြီး ကျိုးထားတာ အသိသာကြီး။ နဖူးမှာလည်းပက်တီးအပြည့်နဲ့မလို့ ကွဲထားတာမှန်းသိနိုင်တယ်။

“ရှင်ဘယ်လိုလုပ်ပြီး ဒီလောက်ဒဏ်ရာတွေ ရထားတာလဲ။ ကားတိုက်ခံရတာလား။”

“သရဲတစ်ကောင်ကြောင့်ပါ...” နက်ဆန်က ကျွန်မကို လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။ သူက ခေါင်းကိုငုံထားပြီး ဒီကိစ္စကို ပြောဖို့အတွက် တော်တော်အားယူနေရတဲ့ပုံ။ မုဆိုးက သားကောင်ဖြစ်သွားတယ်ဆိုတော့ သူလည်း ရှက်နေပုံပဲ။ ဒီလိုတွေးမိတော့ ကျွန်မလည်းသွားပေါ်အောင်ပြုံးလိုက်မိပြီး တခိခိနဲ့ရယ်တော့တာ။

“သခင်... အင်တာဗျူးကို ကျတယ်လို့သတ်မှတ်လိုရတော့မလား။”

“နေပါစေ၊ သူက ငါတို့အကြောင်းတွေ သိပြီးသားလူပဲ။ လူသစ်တစ်ယောက်ကိုခေါ်တာထက်စာရင် ငါတို့ကို နားလည်ပြီးသားလူကို ခေါ်ထားလိုက်တာ ပိုမကောင်းဘူးလား။”

ဒီလိုနဲ့ ကျွန်မမသိလိုက်ခင်မှာပဲ နက်ဆန်နဲ့သူ့ရဲ့သဘာဝလွန် အရှုပ်တော်ပုံတွေကြားထဲ ဝင်ပါမိဖို့ဖြစ်လာတော့တာပါပဲ။

All Chapters