← Chapters

မြင်းလှည်းတစ္ဆေ (B)

Vol. 1 Ch. 19

မြင်းလှည်းတစ္ဆေ (B)

Vol. 1 Ch. 19

“ငါတို့လိုက်နေတဲ့ သဘာဝလွန်တည်ရှိမှုက ဒူလာဟမ် တစ်ကောင်ပဲ။ ဒါပေမဲ့ ထူးထူးခြားခြား မြင်းမစီးဘဲ မြင်းလှည်းမောင်းနေတဲ့ ဒူလာဟမ်။”

အဲဒီနေ့က တစ်ညလုံးနီးပါး ကျွန်မသူ့ကို မေးခွန်းတွေနဲ့ ဒုက္ခပေးခဲ့တာ။ သူက တချို့မေးခွန်းတွေကို ဖြေပေးပေမဲ့ စကားများများပြောရတာကို သိပ်ပြီးအလေ့အကျင့် မဖြစ်သေးဟန်နဲ့ သူတစ်ယောက်တည်း နားလည်နိုင်တဲ့ စကားမျိုးတွေနဲ့ ရှင်းပြတာမျိုး တွေ့ရလေ့ရှိတယ်။

“ဒူလာဟမ်ဆိုတာက ခေါင်းမရှိတဲ့ မြင်းစီးစစ်သည်ကို ပြောတာ။ သေခြင်းတရားရဲ့ရှေ့ပြေးနိမိတ်ပဲ။ အရင်လက ငါအဲဒီကောင်ကို မြို့ပြင်လမ်းတွေပေါ်မှာ စပြီးရှာတွေ့ခဲ့တာ။ သွားခဲ့တဲ့နေရာတိုင်းမှာ ယာဥ်တိုက်မှု ကြီးကြီးမားမားဖြစ်ခဲ့တာတွေချည်းပဲ။ အရင်တစ်ခါ သူ့ကိုချောင်းပြီးတိုက်ခဲ့ပေမဲ့ ငါ့လက်နက်တွေက သူ့ကို မထိနိုင်ဘူးဖြစ်နေတယ်။”

ကျွန်မ ဒူလာဟမ်ကို မမြင်ဖူးပေမဲ့ အင်တာနက်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ ကြောက်စရာပုံပြင်တွေကို ဖတ်ဖူးလို့ အနည်းအပါးတော့ ရင်းနှီးပါတယ်။ လူတွေ အသုံးပြုတဲ့ လက်နက်အများစုက သဘာဝလွန်အရာတွေအပေါ်မှာ သက်ရောက်မှုမရှိတာ ကျွန်မသိပေမဲ့ နက်ဆန်သုံးနေတဲ့ လက်နက်တွေက...

“ရှင်သုံးတဲ့လက်နက်တွေက သဘာဝလွန်အရာတွေကို တိုက်ခိုက်ဖို့အထူးလုပ်ထားတာမဟုတ်လား။”

သူက ခေါင်းညိတ်ပြလိုက်ပြီး အရိပ်ထဲကနေ လက်စွပ်နှစ်ကွင်းကို ထုတ်ဖော်လိုက်တယ်။ ကျွန်မသိသလောက် ဒီလက်စွပ်တွေက သရဲသတို့သားနဲ့ သရဲသတို့သမီးပါ။

“ဒီအိမ်ကို ဆက်ခံရရှိပြီးနောက် သခင်လေးအမွေရခဲ့တဲ့ ကျိန်စာသင့်လက်နက်ပါ။ အရင်သခင်ကြီးက ဒီပစ္စည်းရဲ့ မူလပိုင်ရှင်ပါ။” အိမ်စေမော်လီက ဖြည့်ပြောလိုက်တယ်။

“ ကျိန်စာသင့်လက်နက်ဆိုတာက...”

“ လူသားတွေကိုခိုက်စေတဲ့ ဝိညာဥ်စွဲကပ်နေတဲ့ ဘယ်လိုပစ္စည်းမျိုးကိုမဆို ကျိန်စာသင့်ပစ္စည်းလို့ခေါ်တယ်။ အဲဒီကျိန်စာသင့် ပစ္စည်းတွေကို အထူးပြုပြင်မွန်းမံပြီးနောက် ကျွမ်းကျင်သူတစ်ဦးက လက်နက်အဖြစ်သုံးနိုင်ရင် ကျိန်စာသင့်လက်နက်လို့ ခေါ်တယ်။”

မော်လီက ကျွန်မကို ဒါလေးတောင်မသိဘူးလားဆိုတဲ့ လေသံနဲ့ပြောလိုက်တယ်။ ဒီတော့မှာ ကျွန်မလည်း သူအရင်က တိုက်ပွဲမှာသုံးခဲ့တဲ့လက်နက်တွေကို ပြန်တွေးလိုက်ပြီး...

“ဒီလက်စွပ်တွေအပြင် ရှင့်မှာ တစ္ဆေမီးအိမ်နဲ့...” ကျွန်မအကြည့်က မော်လီဆီရောက်သွားတယ်။

“မော်လီက ကျိန်စာသင့်လက်နက်မဟုတ်ဘူး။ သူကိုယ်သူ ငါ့ရဲ့လက်နက်အဖြစ် ပြောင်းလဲနိုင်တဲ့ မှော်ဂါထာတစ်ခုကို သင်ယူခဲ့တာ။” ဒီတော့ သူက တခြားနှစ်ခုနဲ့ မတူကွဲပြားတယ်ပေါ့။

“ဒီနေ့အတွက်တော့ လူသားတွေရဲ့အိပ်ချိန်ရောက်နေပြီ။ သခင်လည်း ဒဏ်ရာတွေကြောင့် ဒီညအပြင်မထွက်နိုင်ဘူးဆိုတော့ စောအိပ်ကြရအောင်။”

မော်လီက ပြောလိုက်ပြီး ကျွန်မနေရမယ့် အခန်းဆီကို ခေါ်သွားပေးတယ်။ ဗင်းဆင့်စံအိမ်ကြီးက လျှပ်စစ် ဖန်မီးဆိုင်းတွေအားလုံးကို ထွန်းထားပေမဲ့ အရိပ်မှောင် တစ်ခုရှိနေသလိုမျိုး အိမ်ကြီးကမှောင်မိုက်နေတယ်။

မော်လီက ရှေ့ကနေ ညင်ညင်သာသာလျှောက်နေရင်း ကျွန်မကို သတိပေးလိုက်တယ်။

“ဒီအိမ်မှာနေမယ်ဆိုရင် ညဖက်တွေ အပြင်မထွက်ဘဲ အခန်းတံခါးကို သေချာသော့ခတ်နေပါ။ ဒီနှစ်ရာကျော် သက်တမ်းရှိတဲ့စံအိမ်ကြီးမှာ သဘာဝလွန်အရာတွေ အများကြီးရှိနေပြီး ငါတို့က နင့်ကိုအမြဲတမ်း ကာကွယ်ပေးမနေနိုင်ဘူး။”

မော်လီရဲ့စကားကြောင့် ကျွန်မကျောချမ်းသွားတယ်။ ဒါကြောင့် ဒီမှောင်မိုက်တဲ့ခံစားချက်ကို ရင်းနှီးနေတာ။ ဖွန်တီနာဆေးရုံမှာ ဂလူတိုနီတွေသောင်းကျန်းတုန်းက ခံစားချက်နဲ့အတူတူပဲ။ တစ်နည်းအားဖြင့် ဒီအိမ်ကြီးက ဖွန်တီနာဆေးရုံနဲ့တူညီတဲ့အန္တရာယ် ဒါမှမဟုတ် ပိုဆိုးတဲ့ အန္တရာယ်အဆင့်မျိုးကို ပိုင်ဆိုင်ထားတယ်။

“ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒုတိယထပ်က သော့ခတ်ထားတဲ့ အခန်းထဲကို မဝင်ပါနဲ့။”

သူက ကျွန်မကို ကျွန်မနေရမယ့်အခန်းထဲ လိုက်ပို့ပြီး ပြန်မထွက်ခင် ဒီလိုပြောလိုက်တယ်။ ပြီးတဲ့နောက် တံခါးကို ဂျိန်းခနဲပိတ်ပြီး ထွက်သွားတယ်။

...

ဟီးဟီးဟီး...

အိမ်အပြင်ဘက်နေ ကြားနေရတဲ့ မြင်းဟီသံတွေကြောင့် ကျွန်မမျက်လုံးကို အလိုလိုဖွင့်လိုက်မိတယ်။ ဖုန်းက နာရီကို ကြည့်လိုက်တော့ မနက်သုံးနာရီ။ နေက မထွက်သေးဘူး။ နဂိုကတော့ ဒူလာဟမ်ကိစ္စကို နားထောင်ပြီး စိတ်ထင်တာလို့တွေးမိပေမဲ့ ဒုတိယအကြိမ် မြင်းဟီသံကို ကြားရတဲ့အတွက် ကျွန်မအခန်းတံခါးကိုဖွင့် စင်္ကြန်လမ်းပေါ်ကို ထွက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်မိပါတယ်။

“ဒါက... သူတို့ပြောနေတဲ့ ဒူလာဟမ်လား။”

လရောင်အောက်က လမ်းပေါ်မှာ အနက်ရောင်မြင်းရထားလုံးကြီး တစ်ခုရပ်နေပြီးတော့ ရထားလုံးမောင်းသမားခုံပေါ်မှာ ခေါင်းမရှိတဲ့ အနောက်တိုင်းဝတ်စုံနဲ့လူ ထိုင်နေပါတယ်။ သူ့ရဲ့လည်တိုင်ကနေ အစိမ်းရောင်မီးတောက်လို အခိုးအငွေ့တွေထွက်နေပြီး ကျက်သီးထစရာ မြင်ကွင်းပါ။ ခေါင်းမရှိပေမဲ့ ဒူလာဟမ်က ကျွန်မကို ကြည့်နေတယ်လို့ ခံစားရတယ်။

ချွမ်း...

နောက်တော့ ကြိုးတပ်တံစဥ်ရှည်ကြီးတစ်ခု အပေါ်ထပ် ပြတင်းပေါက်ကနေ ပျံထွက်လာပြီး ရထားလုံးပေါ်က ဒူလာဟမ်ကို တိုက်ခိုက်လိုက်တယ်။ ဒူလာဟမ်ရဲ့ပုံရိပ်က လှုပ်ခါသွားပေမဲ့ ဘာမှထိခိုက်ပုံမရဘူး။ နောက်စက္ကန့် အနည်းငယ်ကြာတော့ ရထားလုံးရောဒူလာဟမ်ပါ အခိုးအငွေ့တွေအဖြစ်ကို ပြောင်းလဲပျောက်ကွယ်သွားတော့တယ်။

“သွားပြီလား...” ကျွန်မ သဘာဝလွန်အရာတစ်ခုကို နောက်ထပ် မြင်တွေ့ခွင့်ရတဲ့အတွက် အံ့ဩမိပေမဲ့ တခြားဘာမှလုပ်စရာမရှိတော့တာကြောင့် အခန်းထဲ ပြန်ဝင်ပြီး ဆက်အိပ်ဖြစ်တယ်။ နောက်တစ်နေ့ စောစောထရဦးမယ်မဟုတ်လား။

....

ရေမိုးချိုး အဝတ်လဲပြီး မနက်ခုနစ်နာရီထိုးတော့ ကျွန်မ နက်ဆန်ဆီကိုသွား သူ့ပက်တီးတွေကိုအသစ်လဲ၊ ဆေးရုံက ပေးလိုက်တဲ့ဆေးတွေကို ထုတ်တိုက်ဖြစ်တယ်။ သူက အိပ်ရာထဲလဲနေပြီး မလှုပ်ရှားနိုင်တဲ့လူနာမျိုးမဟုတ်လို့ သူ့ကို စောင့်ရှောက်ပေးနေရတာ အလုပ်လုပ်စရာမလိုဘဲ လခအချောင်ယူနေသလိုခံစားမိပေမဲ့ မော်လီကတော့ ကျွန်မဘာတွေးနေလဲ သိဟန်နဲ့...

“အများကြီးလျှောက်တွေးမနေနဲ့။ ငါတို့နင့်ကိုငှားတာ နောင်မှာ သခင်လေးသဘာဝလွန်အရာတွေနဲ့ တိုက်ရင်း ဒဏ်ရာကြီးကြီးမားမားရလာတဲ့အခါ စောင့်ရှောက်ပေးဖို့ ကျွမ်းကျင်သူတစ်ယောက်လိုချင်ရုံပါ။ ငါက အဲဒီလို ကူညီပေးဖို့ သင့်တော်တဲ့သူမဟုတ်ဘူးလေ။”

မော်လီက သူ့လက်တွေခြေတွေကို ပြန်ငုံကြည့်လိုက်ပြီး ပြောတယ်။ သူ့လက်သည်းတွေက ရှည်လွန်းပြီး ညှပ်ဖို့ မဖြစ်နိုင်လောက်အောင် ထူထဲတယ်။ ပြီးတော့ သူက သဘာဝလွန်အရာတစ်ခုဆိုပေမဲ့ ဟိုတစ္ဆေစုံတွဲနဲ့မတူဘဲ ဒြပ်ထုရှိသလိုပဲ။

“ရှင်က ဟိုနှစ်ယောက်နဲ့ သိပ်မတူဘူးနော်။ ကျွန်မတို့နဲ့ တူညီတဲ့ခန္ဓာကိုယ်မျိုးရှိသလိုပဲ။”

“ငါက ဖုတ်ကောင်လေ။ အဲဒီလိုဖြစ်နေတာကြောင့်ပဲ သခင့်ရဲ့ဒဏ်ရာတွေကို ကူညီပေးဖို့ မသင့်တော်တာ။ ဖုတ်ကောင်တွေရဲ့ခန္ဓာကိုယ်မှာ အလောင်းဆိပ်ရှိတယ်။ သခင်က နတ်တစ်ပိုင်းဖြစ်တာကြောင့် နတ်တွေကို ထိခိုက်စေတဲ့အရာတွေကြောင့် ထိခိုက်နိုင်သလို သာမန်လူတွေကို သေစေနိုင်တဲ့အရာတွေကြောင့်လည်း ထိခိုက်နိုင်တယ်။” ပြောရရင်တော့ နက်ဆန်က အားနည်းချက်နှစ်ဆရှိတဲ့ လူဖြစ်တယ်။

“ပြီးပြီ။ မနက်စာစားလို့ရပါပြီ၊ သခင်လေးရေ။”

ကျွန်မလည်း ပက်တီးကို အပြီးသတ်စည်းပေးပြီးနောက် မော်လီကိုနောက်တဲ့အနေနဲ့ နက်ဆန်ကို သခင်လေးကို ခေါ်လိုက်တယ်။ သူကတော့ ကျွန်မကို စိတ်ရှုပ်နေဟန်နဲ့ ကြည့်လိုက်တယ်။ ကျွန်မလည်း သူ့ကိုပြန်ပြုံးပြလိုက်ပြီး

“ဒါမှမဟုတ်လည်း လူနာရှင့်လို့ ပြောင်းခေါ်ရမလား။”

“ လူနာလို့ခေါ်ရလောက်အောင် ဒဏ်ရာက မကြီးပါဘူး။”

သူက တီးတိုးပြောလိုက်ပြီး ထိုင်နေရာကနေထ အောက် ဆင်းသွားတယ်။

....

“သခင်မှာ သာမန်လူတွေနဲ့မတူညီတဲ့ အလုပ်လုပ်ချိန်ရှိတယ်။ အခုမနက်စာစားပြီးတာနဲ့ သူ့အိပ်ချိန်ရောက်ပြီ။ မနေ့ညက ဒဏ်ရာတွေကြောင့် အပြင်မထွက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ ပုံမှန်ဆိုရင် ညစာစားပြီးတာနဲ့ သူ့အလုပ်ချိန်ပဲ။ ညလယ်စာက အပြင်မှာစားဖြစ်တာများတယ်။”

သူပြောတဲ့အလုပ်ဆိုတာက နေရာတကာလိုက်ပတ်ပြီး သရဲတွေကို တံစဥ်ကြီးနဲ့လိုက်ခုတ်တာမှန်း ကျွန်မသိတယ်။ မော်လီက ကျွန်မကိုကြည့်လိုက်ပြီး

“ဒီနေ့တော့ သခင်က အပြင်ပြန်ထွက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် သခင့်အိပ်ချိန် နောက်မကျအောင် စကားအများကြီးမပြောပါနဲ့။”

မော်လီက ကျွန်မတို့ထမင်းစားဝိုင်းမှာရှိနေတုန်း ကျွန်မကို သိသင့်တဲ့ကိစ္စတွေ ရှင်းပြပေးပါတယ်။ နက်ဆန်ကတော့ ထမင်းစားဝိုင်းမှာ စကားမများရဘူးလို့ သွန်သင်ခံထားရဟန်နဲ့ သူ့ဟင်းပန်းကန်ထဲက ဆလပ်ရွက်သုပ်ကိုသာ ဂရုစိုက်နေရှာတယ်။

ကျွန်မလည်း နားထောင်ရုံသာနားထောင်နေတာမလို့ စကားမများဘူးလို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ စကားများနေတဲ့သူဆိုလို့ မော်လီတစ်ယောက်ပဲရှိတာ။ ဒါပေမဲ့ ဒီညနက်ဆန်အပြင်ထွက်မယ်ဆိုတာကြားတော့..

“သူအပြင်ထွက်ဦးမယ်... ဒဏ်ရာတွေက မများပေမဲ့ သူ့လက်က လက်ဖျံကနေ ကျိုးထားတာနော်။ သေချာ ပြန်မကောင်းခင် တစ်လလောက်အနားယူသင့်တယ်။”

ကျွန်မက စိုးရိမ်တကြီးနဲ့တားလိုက်ပေမဲ့ မော်လီက “သခင့်မှာ မဖြစ်မနေလုပ်ရမယ့် တာဝန်တစ်ခုရှိနေတယ်။”

ကျွန်မ ပြောမရတဲ့မဆုံး နက်ဆန်ကိုကြည့်လိုက်တယ်။ နက်ဆန်က ခေါင်းညိတ်ပြလိုက်တဲ့အတွက် ကျွန်မလည်း ကူရာမဲ့စွာနဲ့ပြောလိုက်မိပါတယ်။

“မနေ့ညက ဒူလာဟမ်ရောက်လာလို့ ရှင်ထွက်တိုက်ဖို့ ဆုံးဖြတ်လိုက်တာလား။ အဲဒါက ရှင့်ကိုရန်စရုံသက်သက် ရောက်လာတာပဲနေမှာ။ ထောင်ချောက်ထဲ ဝင်တိုးမယ့်အစား ဒဏ်ရာကောင်းတဲ့အထိ စောင့်ပြီးမှ သွားတာမကောင်းဘူးလား။”

ကလန်...

ကျွန်မစကားဆုံးဆုံးချင်းမှာပဲ နက်ဆန့်လက်ထဲက ဇွန်းပြုတ်ကျသွားပြီး သူက ကျွန်မကို လေးနက်စွာ ကြည့်လိုက်တယ်။

“မင်းမနေ့ညက ဒူလာဟမ်ကို မြင်ခဲ့တာလား။”

သူ့လေသံက အတက်အကျမရှိဘူး။ တကယ့်ကို ကျောချမ်းစရာကောင်းတယ်။ ကျွန်မလည်း ခေါင်းညိတ်ပြီး

“မနေ့ညက မြင်းဟီသံကြားတာနဲ့ ထကြည့်ဖြစ်တာလေ။ ရှင်တို့ သူ့ကိုမောင်းထုတ်လိုက်တယ်မဟုတ်လား။”

နက်ဆန်က ကျွန်မပြောတာကို လစ်လျူရှုထားပြီး ခုံကနေထ ကျွန်မလက်ကို ဖမ်းကိုင်လိုက်ပါတယ်။ “မနေ့ညက သူမင်းကို ကြည့်နေတယ်လို့ ခံစားရလား။”

သူက ကျွန်မကို အတည်လေသံနဲ့မေးနေတာမလို့ အလိုလို ခေါင်းညိတ်လိုက်မိတယ်။ သူကျွန်မလက်ကို တင်းတင်းကိုင်ထားတာမလို့ လက်ကသွေးမလျှောက်တော့ဘဲ နာလွန်းလို့ ရုန်းဖို့ကြိုးစားပေမဲ့ သူက ကျွန်မအင်္ကျီလက်မောင်းကို ဆွဲတင်ပြီး ကျွန်မညာပခုံးနားကို ကြည့်လိုက်တယ်။

“အဲဒီကောင်က ငါ့ကိုရန်စဖို့လာတယ်ဆိုရင်တော့ အောင်မြင်သွားပြီလို့ပြောရမှာပဲ။”

ကျွန်မလည်း သူ့စကားကြောင့် ကျွန်မပခုံးနဲ့လက်မောင်းကြားကို ကြည့်လိုက်တော့ မြင်းခွာပုံသဏ္ဍာန် အညိုအမည်းတစ်ခုရှိနေပြီး ဘေးနားက အသားအရေက စိမ်းပြာရောင်သန်းနေတယ်။

“ရှင့်ကို ဒီအိမ်မှာနေရင် ညဖက်အပြင်မထွက်ဖို့ ပြောထားခဲ့တယ်မဟုတ်လား။ အခုတော့ ရှင့်မှာ ဒူလာဟမ်ရဲ့ကျိန်စာသင့်နေပြီ။ သခင်က အပြင်မထွက်ချင်ရင်တောင် ရှင့်ကိုကယ်ဖို့ ထွက်ကိုထွက်ရတော့မယ်။”

သူတို့ပြောနေတာတွေကို ကျွန်မနားမလည်နိုင်ဘူး။ ဒါပေမဲ့ နက်ဆန်က ကျွန်မကို စိတ်မကောင်းဟန်နဲ့ ပြောလိုက်တယ်။

“အဲဒီကျိန်စာကို ငါတို့ ၄၈ နာရီအတွင်းမဖြေနိုင်ရင် မတော်တဆမှုတစ်ခုခုနဲ့ မင်းသေလိမ့်မယ်။”

နောက်ပိုင်းတော့ မော်လီက ကျွန်မကို ကျိန်စာကိစ္စ ပိုပြီးရှင်းပြတယ်။ ဒူလာဟမ်မြို့ထဲမှာ ပေါ်လာပြီးတည်းက ယာဥ်တိုက်မှုတွေနဲ့တခြားမတော်တဆမှုတွေ အဖြစ်များလာပြီး သေဆုံးသူအများစုရဲ့လက်မောင်းမှာ မြင်းခွာရာအမှတ်တစ်ခုရှိနေပါတယ်။ မသေခင် သူတို့တော်တော်များများက ဒူလာဟမ်ကို ကိုယ်တွေ့ မြင်ဖူးကြသူတွေဖြစ်ပြီး ခေါင်းမရှိတဲ့ ဒူလာဟမ်က သူတို့ကို ကြည့်နေတယ်လို့ ခံစားရသတဲ့။

တစ်နည်းအားဖြင့် ကျွန်မက ဒူလာဟမ်ကြောင့်သေမယ့် နောက်ထပ်နစ်နာသူတစ်ယောက် ဖြစ်လာတော့တာပဲ။

“ပြဿနာက ငါ့လက်နက်တွေအလုပ်မဖြစ်တာပဲ။ သူ့ကို ဘယ်လိုနှိမ်နင်းရမလဲ ငါမသိဘူး။ အဖိုးမှတ်စုထဲမှာလဲ ဒူလာဟမ်တွေက သိပ်ကိုရှားပြီး ဒဏ္ဍာရီလိုဖြစ်နေလို့ အသုံးဝင်တဲ့အချက်အလက်များများစားစား မသိရဘူးလို့ပဲ ရေးထားတာ။ ရေကိုဖြတ်ပြီးမသွားနိုင်ဘူး၊ ရွှေမြင်းခွာကို ကြောက်တယ်၊ ခေါင်းကို ဖျက်ဆီးပစ်ရမယ်တို့ပေါ့။ ဒါပေမဲ့ သူ့ခေါင်းက ဘယ်မှာမှန်းမှ ငါတို့မသိတာ။”

ကျွန်မမနေ့ညက မြင်ခဲ့ရတဲ့အတိုင်းဆိုရင် အဲဒီဒူလာဟမ်က ပုံပြင်ထဲကလို ခေါင်းကို လက်ထဲ ပိုက်မထားဘူး။ ဒီတော့ ဘယ်လိုလိုက်ရှာကြမလဲ။ ဒါပေမဲ့ အဖြေမရှာနိုင်ရင် ကျွန်မသေမယ်ဆိုတာ သိရတော့...

“ကဲ၊ လူနာရေ။ ကျွန်မလည်း ကျိန်စာသင့်ပြီးပြီဆိုတော့ မထူးတော့ဘူး။ ဒီနေ့ည ရှင်ဒူလာဟမ်နောက်ကိုလိုက်ရင် ကျွန်မကိုပါ လိုက်ခွင့်ပေးနိုင်မလား။”

All Chapters