← Chapters

မြင်းလှည်းတစ္ဆေ (D)

Vol. 1 Ch. 21

မြင်းလှည်းတစ္ဆေ (D)

Vol. 1 Ch. 21

ကျွန်မတို့ အသုဘအိမ်ကိုရောက်လာကြပြီ။ ဖွန်တီနာမြို့က သိပ်မကြီးတာမလို့ မြူနီစပယ်အသုဘ အိမ်ကလည်း ခပ်သေးသေးပါပဲ။ အသုဘရှုဖို့ ခန်းမ တစ်ခုပဲရှိပြီး လောလောဆယ် မြို့ထဲမှာ အသုဘမရှိတာကြောင့် ဘယ်လိုအခမ်းအနားအပြင်အဆင်မျိုးကိုမှ မတွေ့ရပါဘူး။ အတွင်းခန်းမဆောင်တစ်ခုလုံး ပြောင်ရှင်းနေတာပဲ။

“ဒူလာဟမ်တွေ ဘယ်လိုတစ္ဆေဖြစ်လာလဲ မင်းသိလား။”

နက်ဆန်က ရုတ်တရက် ကျွန်မကိုမေးလိုက်တော့ ကျွန်မလည်း ခေါင်းခါပြလိုက်တယ်။ အင်တာနက် ပုံပြင်တွေအရ ဒူလာဟမ်က မြင်းစီးရင်စီး မစီးရင် ရထားလုံးကြီးကိုမောင်းပြီး သေတော့မယ့်သူတွေရှေ့မှာ ပေါ်လာတတ်တယ်ဆိုတာ ကြားဖူးပေမဲ့ ဒူလာဟမ်တစ်ကောင်ရဲ့ဇာတ်ကြောင်းကိုတော့ ကျွန်မ နားမလည်ပါဘူး။

“ သူတို့တွေက မတရားမှုကြောင့် အရှက်ကွဲစရာပုံစံမျိုးနဲ့ သေခဲ့ရတဲ့ ဝိညာဥ်တွေပဲ။” သူက လေသံအေးအေးနဲ့ ရှင်းပြလိုက်ပြီး မော်လီကို လက်နဲ့အချက်ပြလိုက်တယ်။ မော်လီကတော့ အပြာရောင်မီးတောက် တစ္ဆေမီးအိမ်ကို ထုတ်ယူလာပြီး အခန်းထဲမှာ စတင်ပြီးတစ်ခုခုကို ရှာဖွေပါတယ်။

“သခင်... တွေ့ပါပြီ။” မော်လီက အခန်းထောင့်မှာ ရပ်လိုက်တယ်။ နဂိုက ဘာဆိုဘာမှရှိမနေခဲ့တဲ့ ခန်းမရဲ့ ထောင့်နေရာကို တစ္ဆေမီးအိမ်ရဲ့မီးအလင်းရောင် ရောက်သွားတာနဲ့ ရှေးပုံစံသေတ္တာလေးတစ်လုံး ပေါ်လာတယ်။ သေတ္တာက ခပ်သေးသေးဖြစ်ပြီး တစ်ပေပတ်လည်လောက်ပဲ အရွယ်အစားရှိတယ်။

“ဒီသတ်ေတာက...”

“ခေါင်းပြတ်တွေကို သိမ်းဆည်းဖို့သုံးတဲ့ ခေါင်းတလားလေ။”

မော်လီက ကျွန်မစကားကို အဆုံးထိနားထောင်မနေဘဲ ဖြတ်ပြောတယ်။ နက်ဆန်ကတော့ ခေါင်းတလားဆီ တဖြည်းဖြည်းချင်းလျှောက်သွားပြီး စူးစမ်းကြည့်တယ်။ သူက ခေါင်းတလားကို ဖွင့်ဖို့လုပ်ပေမဲ့ အလွယ်တကူ ဖွင့်လို့မရဖြစ်နေတာကို တွေ့ရပါတယ်။

“ဒီခေါင်းတလားကို ဖွင့်လို့မရအောင် အစီအရင်တစ်ခုခုနဲ့ စီရင်ထားတာပဲဖြစ်ရမယ်။ အဲဒီအစီအရင်ကို မသိရမချင်း ငါတို့ဒါကိုဖွင့်လို့ရမှာမဟုတ်ဘူး။”

နက်ဆန်က ပြောပြောဆိုဆိုနဲ့ သူ့အဖိုးရဲ့စာအုပ်ကို ဖွင့်ပြီးတော့ သေတ္တာကိုဆက်လက် စူးစမ်းပါတယ်။ မော်လီကတော့ တစ္ဆေမီးအိမ်ကိုကိုင်ပြီး သေတ္တာကို စူးစမ်းဖို့ အကူအညီပေးနေတယ်။

ညက နက်သည်ထက်နက်လာပြီ။ အပြင်မှာ ရာသီဥတုက အေးနေပြီး အသုဘအိမ်ထဲမှာမလို့ လေအေးတွေနဲ့ ထိတွေ့စရာမလိုပေမဲ့ ချမ်းလွန်းလို့ ကျွန်မကိုယ်ကျွန်မ ပြန်ဖက်ထားမိတဲ့အထိပဲ။

ကျွီ...

ရုတ်တရက် အသုဘခန်းမတံခါးက ပွင့်လာတယ်။ ကျွန်မ တံခါးဘက်ကို ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမည်မသိလူနှစ်ယောက် ဝင်လာတာ မြင်လိုက်ရတယ်။ တစ်ယောက်က ယောက်ျားဖြစ်ပြီး၊ တခြားတစ်ယောက်ကတော့ မိန်းမတစ်ယောက်ပါ။ နှစ်ယောက်လုံးက ကျွန်မတို့နဲ့ရွယ်တူတွေဖြစ်ပြီး ယောက်ျားရဲ့ခါးမှာ စမတ်ဖုန်းအရွယ် သားရေအိတ်ကို ခါးပတ်နဲ့တွဲချည်ထားတယ်။

မိန်းကလေးကတော့ လက်ထဲမှာ ပုဆိန်တစ်လက်ကို ကိုင်ထားပြီး လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံရမှာ မကြောက်တဲ့အလားပါပဲ။ အဲဒီမိန်းကလေးရဲ့အသားအရောင်က ညလိုနက်မှောင်နေပြီး မျက်လုံးတွေက အဝါရောင်ပါ။ ဆံပင်ကတော့ နီညိုရောင်ဖြစ်တယ်။ ခန္ဓာကိုယ်တည်ဆောက်ပုံက ကျစ်လစ်ပြီး ဗလတချို့ရှိနေတာတောင်မြင်ရတယ်။

“ဒီနေရာက အမှောင်ကျောင်းတော်ရဲ့နယ်မြေပဲ။ တခြားမဆိုင်တဲ့သူတွေ ထွက်သွားပေးပါ။”

မော်လီက ချက်ချင်းဆိုသလိုပဲ အဲဒီနှစ်ယောက်ဘက်ကို လှည့်လိုက်ပြီး လေသံမာမာနဲ့ပြောလိုက်တယ်။ သူတို့က သာမန်လူတွေမဟုတ်တာ ဖြစ်နိုင်လား။ တကယ်လို့ သာမန်လူတွေမဟုတ်ရင် ရန်သူလား၊ မိတ်ဆွေလား။

“ဖွန်တီနာနယ်မြေမှာ သဘာဝလွန်ဖြစ်ရပ်တွေ ပိုအဖြစ်များနေတယ်ကြားလို့ လာစုံစမ်းတာ။ မင်းတို့ ဒိဠိဂိုဏ်းတွေ ခြေရှုပ်နေတာမြင်ရလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။”

ယောက်ျားလုပ်တဲ့လူက ပြောလိုက်တယ်။ မော်လီရဲ့လက်ထဲမှာတော့ ကြိုးတပ်တံစဥ်ရောက်နေပြီး တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ထားတယ်။ သူက နောက်ဆုံး သတိပေးတဲ့အနေနဲ့ အော်ဟစ်လိုက်တယ်။

“ဘုရားကျောင်းက ရဲတင်းလိုက်တာ။”

ကြည့်ရတာ မိတ်ဆွေတွေတော့ မဟုတ်တဲ့ပုံပဲ။ နက်ဆန်က သေတ္တာကိုစမ်းစစ်နေရင်းကနေ အာရုံပျက်သွားတဲ့အတွက် အဲဒီနှစ်ယောက်ကို လှည့်ကြည့်ပြီးပြောလိုက်တယ်။

“ဒီသေတ္တာကို ငါအမြန်ဆုံးအဖြေရှာမှရမယ်။ မင်းတို့ မနှောင့်ယှက်ရင်ကောင်းမယ်။” နက်ဆန်က ကျွန်မရှေ့မှာ ရပ်လိုက်ပြီး ကျွန်မကို နောက်ဆုတ်ခိုင်းလိုက်တယ်။ သေချာတာကတော့ ကျွန်မဝင်ပါလို့မရတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ့်ပုံပါပဲ။

“မင်းတို့တွေ အဲဒီကျိန်စာသင့်ပစ္စည်းနဲ့ လူတွေကို ဘယ်လိုဒုက္ခပေးဖို့ကြံနေမှန်းမှမသိတာ။ ငါတို့ မင်းကို ဒီအတိုင်းလွှတ်မပေးထားနိုင်ဘူး။”

ဝတ်စုံဖြူနဲ့လူငယ်ကလည်း ရှေ့တက်လာတယ်။ ဒီတော့မှ ကျွန်မလည်း သူ့ရင်ဘတ်မှာ တံဆိပ်တစ်ခု ရှိနေတာကို ပြတင်းပေါက်က လအလင်းရောင်နဲ့ မြင်ရတော့တာ။ ပုံမှန်နဲ့မတူဘဲ ထူးဆန်းတဲ့ လက်ဝါးကပ်တိုင် သင်္ကေတတစ်ခုရှိနေတယ်။ အမျိုးသမီးကလည်း ရိုမန်ကက်သလစ်သီလရှင်တွေဝတ်တဲ့ ခေါင်းခြုံပုဝါမျိုး ဝတ်ထားပေမဲ့ ဂါဝန်ကတော့ အရှည်ကြီးမဟုတ်ဘဲ ပေါင်တစ်ဝက်အထိပဲဖုံးတဲ့ပုံစံမျိုးကို ဝတ်ဆင်ထားတာ။

‘ဘာသာရေးအသင်းကလူတွေလား၊ ဒါပေမဲ့ ဘာလို့ လက်နက်တွေနဲ့လဲ။’ ထပ်ပြီး နားမလည်နိုင်တော့ပြန်ဘူး။

“ဖာသာ ဒင်း၊ သူတို့ဘယ်သူတွေလဲ ကျွန်မတို့မသိဘူးလေ။”

ဘေးမှာရှိနေတဲ့ အမျိုးသမီးက သတိပေးလိုက်တယ်။ အမျိုးသားကတော့ ဂရုမစိုက်ဟန်နဲ့ “ငါက ရိုမြူလက် ဘုရားကျောင်းရဲ့လက်ရွေးစင် စိန့်စစ်သည် ဒင်း ဗန် ဟဲလ်ဆင်းပဲ။ ဘာမဟုတ်တဲ့ အမှောင်ဂိုဏ်းအကြွင်းအကျန်တစ်ယောက်ကို ကြောက်စရာလား။”

သူက မာန်သွင်းလိုက်ပြီး ခါးက သားရေအိတ်ကို ဖွင့်လိုက်တယ်။ သားရေအိတ်ထဲကနေ ဖဲချပ် ၂၂ ချပ် မှော်ဆန်ဆန်ပျံသန်းလာပြီး သူ့ပါးစပ်က ဂါထာတစ်ခုကို ရေရွတ်နေတယ်။

“Qui fatum scit, fatum regere non potest.” [He who knows fate cannot control fate.]

နောက်တော့ ကတ်၂၁ခုက အိတ်ထဲပြန်ဝင်သွားပြီး ကတ်တစ်ခုပဲ ကျန်နေရစ်တယ်။ သူက အဲဒီကတ်ကို ကြည့်လိုက်ပြီး

“ မှော်ဆရာကတ်ပဲ... ဒီနေ့ မင်းတော့နာပြီ။” ကတ်က လေထဲမှာတင် မှော်နှင်တံတစ်ခုအသွင်ပြောင်းသွားပြီး သူက အဲဒီမှော်နှင်တံကို ဆုပ်ကိုင်လိုက်တယ်။ နောက်တော့ သူက နက်ဆန်ကို အဲဒီမှော်နှင်တံနဲ့ညွန်ပြလိုက်တယ်။ မှော်နှင်တံထိပ်ကနေ နှင်းဆီပန်းခြံနွယ်တွေကြီးထွားလာပြီး နက်ဆန်ကို ချုပ်နှောင်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ မော်လီက ကြိုးတပ် တံစဥ်ကိုသုံးပြီး နှင်းဆီနွယ်တွေကို ပိုင်းဖြတ်ပစ်တယ်။

“ဗင်နီဆာ၊ ရပ်ကြည့်မနေနဲ့။” ဒင်းဆိုတဲ့လူက ပြောတာနဲ့ ပုဆိန်နဲ့မိန်းကလေးက မော်လီကို ဝင်ပြီး တိုက်ခိုက်ပါတယ်။ မော်လီက အင်အားကြီးပေမဲ့ ဗင်နီဆာကလည်း အလားတူအင်အားကြီးနေပြီး နှစ်ယောက်သရေကျသွားတယ်။ မှော်နှင်တံနဲ့ဒင်းကတော့ နက်ဆန်ဆီပြေးလာပြီး နွယ်ပင်တွေနဲ့သူ့ကို ချုပ်ကိုင်ဖို့ ကြိုးစားတယ်။ နက်ဆန့်လက်ထဲမှာ တစ္ဆေစုံတွဲရဲ့ဓားတွေ ပေါ်လာပြီး နွယ်ပင်အားလုံးကို အလွယ်တကူပိုင်းဖြတ်ပစ်ပါတယ်။ နောက်တော့ သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားပြီး ဒင်းက ပြောလိုက်တယ်။

“ငါက ငါ့နာမည်ကိုကြေညာပြီးမှ မင်းကိုစိန်ခေါ်ခဲ့တာ။ မင်းကရော... မင်းရဲ့ပြိုင်ဖက်ဖြစ်တဲ့ငါက မင်းနာမည်ကို မသိရသေးဘဲ မင်းကိုမသတ်ချင်ဘူး။”

“နက်ဆန်... ဗင်းဆင့်...” နက်ဆန်ရဲ့နာမည်ကို ကြားတာနဲ့ ဒင်းမျက်နှာပျက်သွားတယ်။ ဒင်းအာရုံလွင့်နေတုန်း နက်ဆန်က သူ့ခြေကိုမြှောက်ပြီး ဒင်းရင်ဘတ်ကိုကန်လိုက်တယ်။ ဒင်းခန္ဓာကိုယ်က လေထုထဲမြှောက်တက်သွားပြီး နံရံနဲ့ရိုက်မိကာ ပြန်ပြုတ်ကျလာတယ်။ ဒါပေမဲ့ သူက သူ့လက်မောင်းသူ ဆုပ်ကိုင်ပြီး ကုန်းရုန်းပြန်ထလာတယ်။ တစ်ချိန်တည်းမှာပဲ အံ့ဩတုန်လှုပ်နေတဲ့ပုံစံ ပျောက်သွားပြီး အဲဒီအစားစိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေတဲ့ လေသံနဲ့ပြောလိုက်တယ်။

“အဲဒီတော့ မင်းက နက်ဆန်လား... ဘုရားကျောင်းက လူတိုင်းပြောနေကြတဲ့ အမှောင်ထုရဲ့မင်းသား... ဆာတန်ရဲ့လူဝင်စား...”

ဆာတန်ဝင်စားတဲ့သူ.. နက်ဆန်ရဲ့ဒီနာမည်ပြောင်ကို ကျွန်မ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ အမှောင်မသား ဆိုတာတစ်ခုပဲသိတာဖြစ်ပြီး ဒါကိုသူကိုယ်တိုင်ပြောလို့ သိခဲ့ရတာ။ တကယ်တမ်းစဥ်းစားကြည့်ရင်လည်း ကျွန်မက နက်ဆန်ကိုသာသိတာဖြစ်ပြီး တခြားသူတွေက သူ့ကိုဘယ်လိုမြင်ကြလဲဆိုတာတော့ မသိကြဘူး။

“.....” နက်ဆန်က ဒင်းကို စိုက်ကြည့်နေတယ်။ အဲဒီ နာမည်ပြောင်ကို သူကြိုက်ပုံမရဘူး။ ဒါပေမဲ့ ဒင်းက ရယ်မောနေဆဲဖြစ်ပြီး သားရေအိတ်ကို ထပ်ထိလိုက်ပြန်တယ်။

“ငါသာမင်းကိုအနိုင်ယူနိုင်ခဲ့ရင် တခြားသူတွေကို ကျော်တက်ပြီး နောက်တက်မယ့်ရဟန်းမင်းဖြစ်နိုင်ပြီ။”

ကတ်၂၂ကတ်က သူ့ရှေ့မှာထပ်ပေါ်လာပြန်ပြီး မတူညီတဲ့ ဂါထာတစ်ခုကိုထပ်ရွတ်တယ်။ ဒီတစ်ခါတော့ ကတ်သုံးကတ်က သူ့ရှေ့မှာကျန်နေရစ်တယ်။

“Fatum regere, fatum effugere non potest” [To control fate, one cannot escape fate]

“မိုးကြိုးမျှော်စင်၊ ခွန်အားနဲ့ သူရူး။”

ရုတ်တရက်ကြီး ဒင်းရပ်နေတဲ့မြေပြင်က အက်ကွဲသွားတယ်။ သူ့ခန္ဓာကိုယ်က နှစ်ဆလောက် ကြီးသွားပြီး လက်မှာမိုးကြိုးလျှပ်စီးတွေပေါ်လာတယ်။ အဲဒီနောက်တော့ နက်ဆန်ကို စတင်ပြီးတိုက်ခိုက်တော့တာပဲ။ နက်ဆန်က ဓားနှစ်လက်နဲ့ခုခံနေပေမဲ့ ဒင်းက အရူးတစ်ယောက်ရဲ့ခြေလှမ်းတွေနဲ့ အန္တရာယ်ကို လွယ်လွယ်ကူကူနဲ့ရှောင်ရှားနိုင်နေတယ်။

“သခင်....” မော်လီက နက်ဆန်အန္တရာယ်ကျရောက်နေမှန်း သတိထားမိတဲ့အတွက် ဗင်နီဆာကို အမြန်ပွဲသိမ်းဖို့ ကြိုးစားပေမဲ့ ဗင်နီဆာက ကြိုးတပ်တံစဥ်ကို လက်နဲ့ဖမ်းလိုက်ပြီး ဆောင့်ဆွဲလိုက်တယ်။ ကြီးမားတဲ့အားကြောင့် မော်လီကိုယ်တိုင် ဆွဲယူခံလိုက်ရပြီး ဗင်နီဆာက မော်လီရဲ့နားနားကိုကပ် ပြောလိုက်တယ်။

“ရှင်က တိုက်ပွဲမှာအာရုံပြန့်လောက်တဲ့အထိ စွမ်းအားမကြီးသေးဘူး၊ ဖုတ်ကောင်ဘုရင်မ။”

မော်လီက အချိန်မီပဲ ဒီအခြေအနေကနေ ပြန်ရုန်းပြီး ထွက်လိုက်နိုင်ပေမဲ့ နက်ဆန်ကို သွားကူဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အဲဒီအချိန်မှာပဲ ကျွန်မလည်း ဘာမှ မတွေးနိုင်တော့ဘဲ အနီးအနားက သစ်သားချောင်း တစ်ချောင်းကို ဆွဲယူပြီး ဒင်းဆိုတဲ့ငနှဲဆီကို နောက်က ပြေးဝင်သွားမိတော့တာ။

ဘုတ်...

ကျွန်မသိလိုက်ခင်မှာပဲ ကျွန်မလက်က အလိုလိုလှုပ်ရှား ပြီးသားဖြစ်နေပြီ။ သစ်သားချောင်းက ဒင်းရဲ့ပခုံးကို တည့်တည့်ကြီးထိသွားပြီး ထက်ပိုင်းကျိုးသွားတယ်။ ဒင်းရဲ့ကိုယ်ကတော့ ကြမ်းပြင်ပေါ်ကို ဒူးတစ်ဖက် ထောက်ကျသွားပြီး ပခုံးအဆစ်က နေရာလွဲနေပြီ။ ဒင်းက ကျွန်မကို ဒေါသတကြီးလှည့်ကြည့်လိုက်ပြီး “မင်း... ဒါဘာလုပ်တာလဲ။”

ဒါပေမဲ့ သူ့စကားမဆုံးခင်မှာပဲ နက်ဆန်က လက်သီးနဲ့ သူ့မေးရိုးကို ထိုးချလိုက်တယ်။

ခွက်...

စက္ကန့်ပိုင်းအကြာမှာပဲ ဒင်း ဗန် ဟဲလ်ဆင်းဆိုတဲ့ ကိုယ်လေကျယ်ရဲ့ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်မှာ မှောက်လျက်လဲနေပြီ။ သေတော့မသေပါဘူး။ ဒါပေမဲ့ သတိမေ့သွားပြီဖြစ်ပြီး လအတော်ကြာအောင် အိပ်ရာထဲ လဲနေတော့မှာ။

“ဖာသာဒင်း....” ဗင်နီဆာလည်း အလန့်တကြားအော်ဟစ်ပြီး ဒင်းအနားကို ရောက်လာတယ်။ မော်လီနဲ့နက်ဆန်တို့က တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး သူတို့နှစ်ယောက်ရှေ့မှာ ရပ်လိုက်တယ်။ ဗင်နီဆာက ဒင်းကိုကျောပေါ်ထမ်းတင်ပြီး အသုဘအိမ်ထဲကနေ ထွက်ပြေးသွားပေမဲ့ နက်ဆန်က လက်ကာပြပြီး မော်လီကို ဆက်မလိုက်ဖို့ပြောလိုက်တယ်။

“သူပြောတဲ့အတိုင်းဆိုရင် သူက စိန့်စစ်သည်ဆိုလားဘာလား။ ကျွန်မနားမလည်ပေမဲ့ သူ့အဖွဲ့မှာသူက ရာထူးမြင့်ပုံပဲနော်။ ဒါပေမဲ့ အားနည်းသလိုပဲ။”

“သူအသုံးပြုနေတဲ့ပညာရပ်က တဲရော့ပဲ။ တဲရော့က ဟောကိန်းတွေအတွက်ကောင်းပေမဲ့ တိုက်ခိုက်ရေးမှာ သိပ်အသုံးမဝင်ဘူး။ ကျပန်းကတ်တစ်ခုက တိုက်ပွဲမှာ ဘယ်လိုလုပ်အားကိုးရတဲ့ လက်နက်ကောင်းတစ်ခု ဖြစ်မှာလဲ။ သခင့်ကို သုံးကတ်ဟောနည်းသုံးပြီး ဖိအားပေးနေတုန်း ခွန်အားကတ်လိုကတ်မျိုးရခဲ့ပေမဲ့ သူရူးကတ်နဲ့မိုးကြိုးထိမျှော်စင်ကတ်တွေက သူ့ကို အလေးမသာဖြစ်စေတယ်။”

မော်လီက ရှင်းပြလိုက်တယ်။ ပြီးတော့ နောက်ဆက်တွဲအနေနဲ့ “လက်ရွေးစင်အဆင့် စိန့်စစ်သည်ဆိုတာက ရိုမြူလက်ချက်ကျောင်းမှာ သိပ်ရာထူးမမြင့်သေးဘူး။ ပြောရရင် အနိမ့်တန်းအရာရှိတွေထဲ နည်းနည်းမြင့်ရုံပဲ။”

အဲဲဒီနောက်တော့ ကျွန်မတို့စကားစပျက်သွားတယ်။ အပြင်ဘက်ကနေ မြင်းဟီသံကို ကြားလိုက်ရလို့ပါ။ ပြတင်းပေါက်အပြင်ဘက်ကို ကျွန်မကြည့်လိုက်တော့ ပြတင်းပေါက်အပြင်ဘက်မှာ ခေါင်းပြတ်လူကြီးတစ်ယောက် မြင်းစီးလျက်သား အနေအထားနဲ့ရှိနေပြီး ကျွန်မကိုစိုက်ကြည့်နေတယ်လို့ ခံစားရတယ်။ လက်ထဲမှာတော့ သံချေးကိုက်နေတဲ့ ဓားတစ်လက်ကိုကိုင်ထားတယ်။

မြင်းရထားလုံးကိုမောင်းမနေတော့ပေမဲ့ သေချာပေါက် အဲဒီဒူလာဟမ်ပါပဲ။ မော်လီက ကျွန်မရှေ့မှာ ဝင်ရပ်ပြီး

“ဒူလာဟမ်က သူ့ခေါင်းကို ငါတို့ရှာတွေ့ထားလို့ ဒေါသထွက်နေပြီ။ သူက သူ့ရဲ့နောက်ဆုံးပစ်မှတ်ကို ကိုယ်တိုင်သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။”

ဆိုလိုတာက ဒူလာဟမ်က ကျွန်မကိုသတ်တော့မှာပေါ့။ ကျွန်မစဥ်းစားခန်းဝင်နေတဲ့အချိန်မှာပဲ ဒူလာဟမ်က မြင်းဇက်ကျိုးကို ဖြောင်းခနဲမြည်အောင်ရိုက်လိုက်ပြီး ပြတင်းပေါက်ကို မြင်းနဲ့အတူခုန်ကျော်လာတယ်။

ခလွှမ်း...

ပြတင်းပေါက်မှန်တွေ ကွဲအက်သွားပြီး မြင်းစီးနေတဲ့ ဒူလာဟမ်ရဲ့လက်ထဲကဓားက ကျွန်မအပေါ်ကို မိုးကျလာတော့တယ်။

All Chapters