← Chapters

မြင်းလှည်းတစ္ဆေ (ဇာတ်သိမ်း)

Vol. 1 Ch. 22

မြင်းလှည်းတစ္ဆေ (ဇာတ်သိမ်း)

Vol. 1 Ch. 22

ဆိုးဆိုးဝါးဝါးတစ်ခုခု ဖြစ်လာတော့မယ်လို့ ထင်ထားတဲ့ အချိန်မှာပဲ နက်ဆန်က ကျွန်မကို တွန်းဖယ်လိုက်တယ်။ ဒူလာဟမ်ရဲ့ဓားသွားက သူ့ပခုံးပေါ်ကို ကျဆင်းသွားပြီး သွေးတွေပန်းထွက်လာတယ်။ သူဟာ နဂိုကတည်းကမှ လက်တစ်ဖက်ကျိုးနေလို့ အားအပြည့်နဲ့တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ သူရှိမနေဘူး။ အခုတော့ ပခုံးပါထိသွားလို့ ပိုအားနည်းသွားပြီ။

ဒူလာဟမ်က ဓားကိုထပ်မြှောက်လိုက်ပေမဲ့ နက်ဆန်ကလည်း သူ့လက်ထဲမှာရှိနေတဲ့ သရဲစုံတွဲဓားနဲ့ ပြန်ပြီးခုခံတယ်။ ဒူလာဟမ်က ကျွန်မကိုသတ်ဖို့အတွက် နက်ဆန်ကို ထိုးဖောက်ဖို့ကြိုးစားနေပြီး နက်ဆန်ကတော့ ကျွန်မကိုကာကွယ်ပေးဖို့ အကောင်းဆုံးကြိုးစားနေတယ်။

“သခင်...” မော်လီကလည်း သူ့လက်ထဲက ကြိုးတပ် တံစဥ်ကိုဝေ့ယမ်းလိုက်ပြီး ဒူလာဟမ်ရဲ့ခန္ဓာကိုယ်ဆီ လှမ်းပစ်တယ်။ သံကြိုးက ဒူလာဟမ်ကို ရစ်ပတ်မိသွားပြီး ရှေ့ဆက်သွားမရအောင် တားလိုက်တယ်။ သူတို့ရဲ့တိုက်ခိုက်မှုတွေက ဒူလာဟမ်ကို ထိခိုက်အောင်လုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် အတတ်နိုင်ဆုံး တားဖို့လုပ်နေကြတာ။

“ဆယ်ဗီ၊ ဒီကနေထွက်သွား....” နက်ဆန်က လှမ်းအော်တယ်။ ကျွန်မက ဒီနေရာမှာ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ တစ်ယောက်တည်းသောသူပါ။ ပြီးတော့ ဒူလာဟမ်ရဲ့ပစ်မှတ်လည်းဖြစ်တယ်။ ကျွန်မရှိနေတာက သူတို့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေတာ။ ဒါပေမဲ့... ကျွန်မကြောင့်ဒဏ်ရာရသွားတဲ့ လူတစ်ယောက်ကို ဒီအတိုင်းထားပြီးထွက်ပြေးဖို့ ကျွန်မခေါင်းထဲမှာ ရှိမနေဘူး။

အဲဒီအစား နက်ဆန်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်မပြန်ပြီး ကြားယောင်လာတယ်။ “ခေါင်းကို ဖျက်ဆီးရမယ်။”

အဲဒီနောက်တော့ ကျွန်မခန္ဓာကိုယ်က အလိုလိုပဲ ဒူလာဟမ်ရဲ့ခေါင်းရှိနေတဲ့ ခေါင်းတလားငယ်ဆီကို ပြေးသွားလိုက်မိတယ်။ နောက်တော့ နက်ဆန် ကျွန်မကိုပေးထားတဲ့ ရွှေမြင်းခွာကိုထုတ်ပြီး ခေါင်းတလားကို ထုတော့တာပဲ။

ဟီးဟီးဟီး...

ခေါင်းတလားအထုခံရတာနဲ့ ဒူလာဟမ်က ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်းလှုပ်ရှားလာတယ်။ သူ့အသက်က အဲဒီခေါင်းတလားအပေါ် မူတည်နေတာမဟုတ်လား။ မော်လီတို့လည်း အတတ်နိုင်ဆုံးဆက်ပြီး ထိန်းချုပ်နေပေမဲ့ နောက်ဆုံးတော့ ဒူလာဟမ်ကို အလျှော့ပေးလိုက်ရတယ်။ အခုဓားကိုင်ထားတဲ့ ခေါင်းမဲ့ မြင်းစီးစစ်သည်က ကျွန်မဆီကို အရောက်လာနေပြီ။ ကျွန်မလည်း အကြောက်လွန်ပြီး မြင်းခွာနဲ့ ဒူလာဟမ်ကို ပစ်ပေါက်လိုက်တယ်။

ဝူး...

မြင်းခွာကိုမြင်တာနဲ့ မြင်းက ရုတ်တရက်ကြီးထခုန်တယ်။ ဒူလာဟမ်ကလည်း မြင်းကိုထိန်းဖို့ကြိုးစားပေမဲ့ အရိုးစုမြင်းက ကြမ်းတမ်းလွန်းတာကြောင့် မြင်းပေါ်ကနေ ပြုတ်ကျမလိုဖြစ်သွားတယ်။ ကျွန်မလည်း ရတဲ့အချိန်ကို တန်ဖိုးထားပြီး ခေါင်းတလားကိုလက်ထဲပိုက် အသုဘအိမ်ထဲကနေ ပြေးထွက်လိုက်တယ်။

ကျွန်မ အသုဘအိမ်ထဲကိုမဝင်ခင် ရေရှိတဲ့နေရာတစ်ခု မြင်ခဲ့ရသေးတယ်။ နက်ဆန်ပြောခဲ့သလောက် ဒီဒူလာဟမ်က ရေကိုလည်းကြောက်တယ်။ ဘယ်လို အလုပ်လုပ်လဲတော့ သေချာမသိပေမဲ့ပေါ့။ အပြင်ရောက်ပြီးမကြာခင်မှာပဲ အဲဒီရေအရင်းအမြစ်ကို ကျွန်မရှာတွေ့သွားပြီ။ အသုဘအိမ်အတွက် သီးသန့် လုပ်ပေးထားတဲ့ စည်ပင်ရေမြောင်း။

နောက်ကိုပြန်လှည့်ကြည့်တော့ ဒူလာဟမ်က မြင်းပေါ် ပြန်ရောက်နေပြီဖြစ်ပြီး မော်လီနဲ့နက်ဆန်က သူ့ကို ဆက်တားဖို့လုပ်နေတယ်။ အချိန်လင့်နေပြီဖြစ်တာနဲ့ ကျွန်မလည်း မိန်းကလေးသိက္ခာဘာညာဂရုမစိုက်နေတော့ဘဲ လေးဖက်ထောက်ပြီး သတ္တုမြောင်းဖုံးလက်ကိုင်ကိုဆွဲမ မြောင်းဖုံးကိုဖွင့်ဖို့ကြိုးစားရတော့တာပဲ။

ကြောက်ကြောက်နဲ့မလို့လားတော့မသိ၊ မြောင်းဖုံးအလေးကြီးကို ကျွန်မအလွယ်တကူ မလိုက်နိုင်ပြီး ဘေးကို ဘုန်းဆိုပြီးပစ်ချလိုက်နိုင်တယ်။ နောက်တော့ ခေါင်းတလားကို ရေမြောင်းထဲ ပစ်ချလိုက်ရော။

ပလုံ...

ဟီးဟီးဟီး...

ရေနဲ့ခေါင်းတလား ထိမိတဲ့အသံနဲ့အတူ မြင်းဟီသံ ထွက်လာတယ်။ နောက်တစ်ခါ အသုဘအိမ်ထဲကို ကြည့်လိုက်တော့ ဒူလာဟမ်ရဲ့လည်ပင်းကနေ အစိမ်းရောင် မီးတောက်တွေထွက်မနေတော့ဘူး။ အရိုးစုမြင်းကြီးကလည်း အရိုးပုံကြီးအဖြစ်ကို ပြောင်းလဲပြီး ကြမ်းပြင်ပေါ်ပြိုလဲကျသွားသလို ဒူလာဟမ်ကလည်း အမှုန်တွေအဖြစ်ကို ပြောင်းလဲ ပျောက်ကွယ်သွားတော့တယ်။ ခေါင်းတလားကတော့လား၊ ရေနဲ့အတူမျောပါသွားပြီ။

မကြာခင်မှာပဲ နက်ဆန်က ကျွန်မအနားကို ရောက်လာတယ်။ ပခုံးကနေ သွေးတွေထွက်နေသေးပေမဲ့ သူက တစ်နည်းနည်းနဲ့ မတ်တပ်ရပ်နေနိုင်တုန်းပဲ။ သူ့ဆီကနေ ‘တော်တယ်၊ ဆယ်ဗီ’ဆိုပြီးပြောတာ ကြားချင်ခဲ့ပေမဲ့ ဘာသံမှထွက်မလာ။ မော်လီကတော့ ချောင်းဟန့်လိုက်ပြီး...

“သခင့်ဒဏ်ရာတွေကို သွေးတိတ်အောင် ကူညီပေးလိုက်ပါ။”

ကံမကောင်းတာက ရှေးဦးသူနာပြုစုရေးကိရိယာတွေ တစ်ခုမှ ကျွန်မတို့နဲ့အတူမပါလာတာပဲ။ နောက်တစ်ခါ စွန့်စားခရီးထွက်ရင် သေချာပေါက်သယ်လာရမယ်လို့ ကျွန်မဆုံးဖြတ်လိုက်ပြီးနောက် နက်ဆန်ရဲ့ဒဏ်ရာကို အသုဘအိမ်ထဲက ဘုံဘိုင်ပိုက်ရေနဲ့ဆေးပြီး မော်လီရဲ့ အိမ်စေဝတ်စုံအနားသားကိုဖြဲ ပက်တီးစည်းပေးလိုက်တယ်။

ကျွန်မတို့အိမ်အပြန်လမ်းမှာတော့ အရှေ့ဘက် ကောင်းကင်ကနေ ရောင်နီနေချည်တန်းတန်းလေးကို စမြင်နေရပြီ။ လရောင်လည်းရှိနေဆဲဖြစ်ပြီး လမ်းမကြီးကို လမ်းပြပေးနေတယ်။

လရောင်က နက်ဆန်ရဲ့ပါးပြင်ပေါ်ကို ကျဆင်းနေပြီး သူ့အမူအရာက ခါတိုင်းထက် လေးနက်နေပါတယ်။

“အခုတော့ အားလုံးပြီးသွားပြီပေါ့။” ညစ်ပေနေတဲ့ ကျွန်မရဲ့ယူနီဖောင်းပေါ်က သဲတွေဖုန်တွေကို ဖယ်ရှားရင်း ပြောလိုက်မိတယ်။ ဒါပေမဲ့ နက်ဆန်က တည်ငြိမ်လွန်းပြီး ကြောက်ဖို့ကောင်းနေသလိုပဲ။ သူက..

“အပြီးသတ်တော့ မဟုတ်သေးဘူး။”လို့ပဲ ပြန်ဖြေပါတယ်။

မော်လီကတော့ ပညာရှိကြီးရဲ့အရိပ်အမြွက်ကို အဓိပ္ပါယ်ဖွင့်ဖို့ရှိနေတဲ့လူတစ်ယောက်လိုမျိုးပဲ အနောက်ကနေလိုက်လာရင်း ပြောလိုက်ပါတယ်။

“သခင်ဆိုလိုတာက ဒူလာဟမ် မသေသေးလို့ ပြဿနာက တကယ်အဆုံးသတ်သွားတာ မဟုတ်ဘူးလို့ပြောတာ။ ဒူလာဟမ်က ရေထဲကျသွားလို့ အကောင်အထည် ဖန်ဆင်းနိုင်စွမ်း မရှိတော့ရုံပဲ။ နောက်ပိုင်း တစ်နေရာရာမှာ ကမ်းတင်ခဲ့ရင် သေချာပေါက် မစ်ဆယ်ဗီကို လိုက်ရှာလိမ့်မယ်။ သူ့ကျိန်စာကလည်း ရှိနေတုန်းပဲ။ အကောင်အထည်ဖြစ်မလာတော့လို့ သက်ရောက်မှုမရှိဘဲ အိပ်နေတဲ့ အခြေအနေမှာရှိနေရုံလေးပဲ။”

တစ်နည်းအားဖြင့် ဒူလာဟမ်ပြန်လာတာနဲ့ ကျွန်မ ကံဆိုးမိုးမှောင် ကျပြီးသေရမှာပေါ့။ ဒါဖြင့်ရင် ကျွန်မကျိန်စာကိုဖြေဖို့အတွက် ကျွန်မဘေးက ရွှေပေါင်ကြီးကို မြဲမြဲဖက်ထားရမှာပဲ။

“ဒါနဲ့... ကိုနက်ဆန်ရေ... ကျွန်မကျိန်စာကို ဖြေလို့ရမယ့် နည်းလမ်းများသိသလား...”

ကျွန်မသူ့ကို လေသံလေးနည်းနည်းပြောင်းပြီး မေးလိုက်တော့...

“မသိဘူး...” သူက တစ်ခွန်းတည်း ပြန်ဖြေလိုက်တယ်။ မော်လီကလည်း...

“သိရင် ဒူလာဟမ့်ခေါင်းကိုဖျက်ဆီးဖို့ ဘယ်လုပ်မလဲ။ တစ်ခါတည်း နင့်ကျိန်စာကိုဖြေပေးမှာပေါ့။ ခုတော့ ဒူလာဟမ်ခေါင်းလည်း ဘယ်မျောလို့မျောသွားမှန်း မသိရတော့ဘူး။”

“ဒါဖြင့်ရင် ကျွန်မတစ်ဘဝလုံး ဒီကျိန်စာကြီးနဲ့ နေရတော့မှာပေါ့။”

ကျွန်မအော်ဟစ်လုနီးပါးလေသံနဲ့ ပြောလိုက်တော့ နက်ဆန်က ရှေ့ကလျှောက်နေတာကိုရပ်ပြီး ကျွန်မကို လှည့်ကြည့်လိုက်တယ်။

“မာဂါရီတာတော့ သိရင်သိမှာပါ။”

“အဲဒါက ဘယ်သူလဲ။” ကျွန်မ မနာလိုစိတ်နဲ့ မေးလိုက်မိတယ်။ နာမည်ကို ကြားကတည်းက အထက်တန်းကျကျ အမျိုးသမီးတစ်ယောက်ရဲ့ နာမည်မှန်းသိနိုင်တယ်။ နက်ဆန်လို လူချမ်းသာ သခင်လေးက တခြားအထက်တန်းစား သခင်မလေး တစ်ယောက်ရဲ့နာမည်ကိုထုတ်ပြီးပြောလာတယ်ဆိုတော့.....

“လေဒီ မာဂါရီတာက လက်ရှိမီးလျှံကျောင်းတော်ရဲ့ အယ်ဒါပါ။ ကျောင်းခြောက်ကျောင်းမှာ ပညာအရှိဆုံး လူတစ်ယောက်အဖြစ်ကျော်ကြားပြီး သူနဲ့တွေ့ခွင့်ရဖို့ သိပ်ကိုခက်ခဲလွန်းတယ်။ သခင်က အမှောင်ကျောင်းရဲ့ ဆက်ခံသူဖြစ်နေရင်တောင်မှ တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်။ သူ့ဆီကနေ အကူအညီရဖို့က ပိုလို့တောင်မဖြစ်နိုင်ဘူး။”

ကျွန်မ ကိုယ့်ခြေထောက်ကိုယ် ငုံကြည့်လိုက်မိတယ်။ တစ်နည်းအားဖြင့် မထင်မှတ်ဘဲ ကျွန်မလုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နက်ဆန်က အခက်အခဲတွေ အများကြီးနဲ့ရင်ဆိုင်နေရပြီပေါ့။ ပြောခါမှ သူကျွန်မကို ကာကွယ်ပေးဖို့အတွက် ဒူလာဟမ်ရဲ့ဓားချက်ကိုတောင် ခံယူခဲ့သေးတာပဲ။

ပြီးတော့ အဲဒါက တစ်ကြိမ်တည်းမဟုတ်ဘူး။ အဖိုးရောဘတ်တိုအိမ်မှာလည်း မှန်ကိုလက်သီးနဲ့ ထိုးခွဲပြီး ကျွန်မတို့ကို ကယ်တင်ခဲ့သေးတယ်။

ကျွန်မ သူ့ရဲ့နောက်ကျောကို ကြည့်နေရင်းကနေ တစ်မျိုးတစ်မည်ခံစားလာရပြီး မျက်နှာပူလာတယ်။ သူ့ရဲ့ကာကွယ်ပေးလိုတဲ့ဆန္ဒက ကျွန်မတစ်ယောက် အတွက်ပဲမဟုတ်ဘဲ လူတိုင်းအတွက်ဆိုတာကို သိနေခဲ့ပေမဲ့ အကာအကွယ်ပေးခံရတဲ့ ခံစားချက်ဆိုတာ ဒါမျိုးလားလို့ တွေးမိရုံပါ။

...

အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားပြီး ဦးထုပ်ဝိုင်းကို ဆောင်းထားသည့် သက်လတ်ပိုင်း လူကြီးတစ်ဦးက မှောင်ရိပ်ကိုခို၍ လူငယ်သုံးယောက် လမ်းမပေါ်တွင် လျှောက်သွားနေသည့် မြင်ကွင်းကို စောင့်ကြည့်နေပါသည်။ သူ့လက်ထဲတွင်တော့ မျက်လုံးပုံနှင့် လဆန်းရက်လဆုတ်ရက်များတွင် မြင်တွေ့ရသည့် လ၏ပုံသဏ္ဍာန်အမျိုးမျိုး သင်္ကေတများပါသော တုတ်ကောက်တစ်ချောင်းကို ဆုပ်ကိုင်ထား၏။

ထိုလူက ရှေ့ဆုံးမှသွားနေသည့် နက်ဆန်ကို ကြည့်လိုက်ပြီး “ငါတို့ရဲ့သခင်လေးတောင် ဒီအရွယ်အထိ ကြီးပြင်းလာခဲ့ပြီပဲ။ ဒီနှစ်ပိုင်းအတွင်း မော်လီက သူ့အလုပ်ကိုသူ ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒါပေမဲ့ သူ့စွမ်းအားက အားနည်းနေသေးတယ်။ နောက်မကြာခင် ဖြစ်လာတော့မယ့် ကပ်ဘေးကြီးမှာ ရှင်သန်နိုင်ဖို့ဆိုရင် သူ့ရဲ့စွမ်းအားတွေ မြန်မြန်ကြီးထွားလာအောင် ကူညီပေးမှရမယ်။”

ထို့နောက် ထိုလူကြီး၏အကြည့်များက ဆယ်ဗီ့ဆီ ရောက်သွားပြီး...

“နက်ပြာရောင်ဆံပင်... မဖြစ်နိုင်တာ ဒီကလေးမက...”

All Chapters