မသေခြင်းကျိန်စာ (ပထမပိုင်း)
Vol. 1 Ch. 23
ကျွန်မဘဝမှာ အရေးအကြီးဆုံးလူကို ပြောပြပါဆိုရင် ကျွန်မအဖွားလို့ ဖြေရမှာပါပဲ။
ငယ်ငယ်လေးကတည်းက မိဘတွေမရှိတော့လို့ အဖွားကပဲ ကျွန်မကို ပြုစုစောင့်ရှောက်ပေးခဲ့တာ။ ကျွန်မ လူမှန်းသိတတ်စအရွယ်ကတည်းက အဖွားရဲ့ရုပ်သွင်က တစ်မျိုးတည်းပဲ။ ကြည်လင်တဲ့ ရွှေဝါရောင်မျက်လုံးတွေ ပိုင်ဆိုင်ထားတဲ့အပြင် သူ့ရဲ့ဆံပင်တွေက ရွှေအိုရောင် ဖြစ်တယ်။ ဆံပင်ရဲ့အနားစမှာတော့ မီးတောက်လိုမျိုး နီရဲတဲ့အရောင်ကို ပိုင်ဆိုင်ထားတယ်။
အဖွားက သိပ်ကိုလှတယ်။ အသက်နှစ်ဆယ်အရွယ် မိန်းမငယ်လေးတွေတောင် ယှဥ်ပြိုင်လို့မရတဲ့အထိ နုပျိုလွန်းခဲ့တယ်။ ပြီးတော့... အဖွားမှာ နောက်ထပ် ထူးခြားတာတစ်ခုရှိခဲ့သေးတယ်။
အဲဒါကတော့... အနုပညာမှာ ထူးချွန်တာပါပဲ။
“ရိုဆယ်လီရေ... မငိုနဲ့တော့... အိပ်ချိန်ရောက်ပြီလေ။”
ကျွန်မငယ်ငယ်တုန်းက တစ်ခါသည်းသည်းမည်းမည်း ငိုခဲ့ဖူးတယ်။ ငိုရတဲ့အကြောင်းအရင်းကိုတော့ ကျွန်မ မသိတော့ဘူး။ ဒါပေမဲ့ အဖွားက ကျွန်မကိုချော့ဖို့ အိပ်ရာပေါ်တင်ပေးပြီးတဲ့နောက် တယောတစ်လက်ကို ကိုင်ပြီး ရပ်နေခဲ့တယ်။
တယောကြိုးနဲ့သူ(မ)လက်ထဲက တယောတံထိတွေ့မိတာနဲ့ သာယာနာပျော်ဖွယ်ကောင်းတဲ့ ဝါ့ဇ်ဂီတတေးသွားတစ်ခု ပေါ်ထွက်လာတယ်။ အဲဒီတေးသွားကို နားထောင်နေရင်း ကျွန်မကိုယ်ကျွန်မ ကြယ်တွေစုံတဲ့ကောင်းကင်ကြီးအောက်က မြက်ခင်းပြင်မှာ လဲလျောင်းနေမိသလိုမျိုး ခံစားရတယ်။ အဖွားကတော့ ညကောင်းကင်ကြီးအလား ကျွန်မကို ငုံကြည့်လို့ပေါ့။ မကြာခင်မှာပဲ ကျွန်မအိပ်ပျော်သွားတယ်။
အဲဒီနေ့ကစလို့ အဖွားရဲ့တယောလက်တံကို ကျွန်မ နေ့တိုင်းလိုလို နားထောင်ဖြစ်လာခဲ့တယ်။ အဖွားကလည်း သူမအားရင်တောင်မှ ကျွန်မအတွက် သီးသန့်အချိန်ဖယ်ပေးပြီး တူညီတဲ့တေးသွားကိုပဲ နေ့စဥ်တီးခတ်လေ့ရှိပါတယ်။
“ရိုဆယ်လီ... ကျောင်းမှာစာကြိုးစားနော်။” ကျွန်မရဲ့ ကလေးဘဝက တဖြည်းဖြည်းကုန်လွန်လာခဲ့ပြီး အထက်တန်းကျောင်းသူဘဝ ရောက်လာတဲ့အချိန်မှာတောင် အဖွားက သိပ်လှနေတုန်းပဲ။ အိုမင်းခြင်းဆိုတာ သူ့အတွက် မရှိသလိုမျိုး။
အဖွားရဲ့ထာဝရအလှကို သတိထားမိသူက ကျွန်မ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကျွန်မရဲ့မိသားစုဝင် အားလုံးနီးပါးသိကြတယ်။ ဒါပေမဲ့ သူတို့က ဒါကို ကြောက်စရာကောင်းတဲ့ အရာတစ်ခုအဖြစ်မြင်ကြပြီး အဖွားနဲ့ခပ်ခွာခွာသာ နေကြပါတယ်။
နောက်ကွယ်မှာ ‘မသေနိုင်တဲ့စုန်းမ’ ‘ဟစ်စတီယာ့ရဲ့ မငြိမ်းနိုင်တဲ့မီးတောက်’ စသည်ဖြင့်ညွန်းဆိုကြပြီး အဖွားရဲ့နာမည်ကိုတော့ ဘယ်သူမှတိုက်ရိုက်မခေါ်ကြပါဘူး။ အဲဒီအကြောင်း မေးလိုက်တိုင်းလည်း ‘နာမည်တွေမှာ စွမ်းအားရှိတယ်။’ ဆိုတာကလွဲပြီး ဘာမှမပြောကြဘူး။
မိသားစုထဲက လူအိုတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးကုန်ပြီး လူငယ်တွေလူအို ဖြစ်လာကြပေမဲ့ အဖွားက အိုမင်းမလာတာကြောင့် မိသားစုတွင်းမှာ မနာလိုမှုတွေကြီးထွားလာပြီး မုန်းတီးမှုတွေ မွေးဖွားလာတာလေ။ တစ်နည်းအားဖြင့် မုန်းတီးခံနေရတဲ့ အဖွားမှာအပြစ်မရှိပါဘူး။
“အဖွား၊ သမီးအိမ်ပြန်ရောက်ပါပြီ။” ဒါပေမဲ့ ကျွန်မအဖို့ အဖွားရဲ့တခြားနာမည်တွေက အရေးမပါလှပါဘူး။ ကျွန်မအတွက်အဖွားက အရမ်းကိုလှပပြီး ကာကွယ်ပေးတတ်တဲ့ ကိုယ်စောင့်နတ်သမီးတစ်ပါးပါပဲ။
“ရိုဆယ်လီ၊ ညနေလက်ဖက်ရည်သောက်ချိန် အမီပြန်ရောက်လာတာပဲ။ လာဝင်ထိုင်လေ။”
အိမ်ရဲ့လသာဆောင်မှာ စားပွဲဝိုင်းခင်းပြီး လက်ဖက်ရည် သောက်နေတဲ့ အဖွားက သူ့ရဲ့အထီးကျန်ဖို့ကောင်းတဲ့ တစ်ကိုယ်တော်လက်ဖက်ရည်ပါတီမှာ ဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်တယ်။
ကျွန်မလည်း သူ့ကိုခပ်နောက်နောက်ပုံစံနဲ့ပြုံးပြပြီး ခုံတစ်ခုံမှာဝင်ထိုင် မုယောစပါးဘီစကစ်တစ်ခုကို ကောက်ယူကာ ပါးစပ်ထဲပစ်ထည့်လိုက်ပေမဲ့ အဖွားက ကျွန်မရဲ့မယဥ်ကျေးတဲ့အပြုအမူအတွက် စိတ်ဆိုးပုံ မပေါ်ပါဘူး။ အဲဒီအစား သူက ကျွန်မကိုပြုံးပြလိုက်ပြီး ဝရံတာအပြင်ဘက်က အလ်ပက်တောင်တန်းတွေကို ပြန်ငေးကြည့်နေလိုက်တယ်။ တစ်ခုခုကို လွမ်းမောနေသလိုပဲ။
“ဒီအချိန်ဆိုရင် မင်းရဲ့အဖိုးလည်း ငါနဲ့အတူ လက်ဖက်ရည်သောက်နေကျလေ။” အဖွားက ဟိုးအရင်တုန်းက ကိစ္စတွေကို ပြန်သတိရနေပြီး ကျွန်မကို ပြောပြနေတာ။ အဖွားအတွက်တော့ လောကကြီးတစ်ခုလုံးရဲ့လည်ပတ်ပုံက သိပ်ကို မြန်ဆန်လွန်းပါတယ်။ သူ့အနားကလူတွေ တဖြည်းဖြည်း ထွက်သွားပေမဲ့ သူကတော့ မပြောင်းလဲဘဲ ရှိနေဆဲပဲ။ သူတို့သူ(မ)အတွက် ချန်ရစ်ခဲ့တာတွေကတော့ အခုလို လွမ်းဆွေးစရာအချိန်တွေပါ။
“အဖိုးက ဘယ်လိုလူမျိုးလဲဟင်။” ကျွန်မမိဘတွေထက်အရင် ဆုံးပါးသွားတဲ့အဖိုးကို ကျွန်မမတွေ့ဖူးပါဘူး။ အဖွားရဲ့နှုတ်ခမ်းက ပြုံးယောင်သန်းလာပြီး အခန်းထောင့်မှာ သေသပ်စွာ ခင်းကျင်းထားတဲ့ ရှေးစန္တယားကြီးကို ကြည့််လိုက်ပါတော့တယ်။
“အနုပညာမှာ တကယ့်ကိုပါရမီပါခဲ့တဲ့ ငါ့ရဲ့အတော်ဆုံး ကျောင်းသားတစ်ယောက် ဖြစ်ခဲ့တာပေါ့။”
အဖွားက အဖိုးထက်လည်း အများကြီးအသက်ကြီးတယ်။ သူ့အသက်အစစ်အမှန်ကို ကျွန်မမသိပေမဲ့ အဲဒီအကြောင်းမတွေးတာပဲ ကောင်းမယ်လို့ ကျွန်မယူဆထားတယ်။ ဘာလို့ဆိုရင် အဖွားက ကျွန်မမရှိခင် လူ့သက်တမ်းများစွာကို ဖြတ်ကျော်ပြီးသူဖြစ်လို့။ ပြီးတော့ အဖွားက ကျွန်မ အိုမင်းသေဆုံးသွားသည့်တိုင် ဆက်လက်ပြီး တည်ရှိနေမယ့်သူဖြစ်လို့။ ဒီလူတည်ရှိမှုမျိုးနဲ့သူကို ကျွန်မမေးခွန်းတွေအများကြီး မမေးသင့်ဘူး။ ကျွန်မဘဝထဲမှာ သူတည်ရှိနေရုံနဲ့တင် လုံလောက်ပါပြီ။
...
“မနက်ဖက်အိပ်တဲ့ကောင်တွေက တော်တော်မုန်းဖို့ ကောင်းတာပဲ။”
ရှေ့ကခုံမှာကျောမှီပြီး မျက်လုံးကိုမှိတ် အိပ်နေတဲ့ နက်ဆန်ကို ကျွန်မကြည့်လိုက်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်မိတယ်။ အဲဒီကောင်က မနေ့က တစ်ညလုံး မအိပ်ဘဲစာဖတ်နေပြီး မနက်ကျွန်မနိုးလာတော့မှ အိပ်ပျော်သွားတာ။
“နှစ်ယောက်တည်းခရီးသွားနေတဲ့ဥစ္စာကို စကားပြောဖော်တောင်မရဘူး။” ကျွန်မ စိတ်ကောက်ကောက်နဲ့ မနက်စာပန်းကန်ကို ဘေးဖယ်လိုက်ပြီး ရထားပြတင်းပေါက်ရဲ့အပြင်ကို ကြည့်လိုက်ပါတယ်။
အဝေးမှာ အယ်ပက်တောင်တန်းကြီးတွေရှိနေပြီး နှင်းဖုံးနေတဲ့ တောင်ထိပ်တွေကို ကျွန်မမြင်နေရပြီ။ ရထားလမ်းဘေးမြို့လေးတွေကတော့ နောက်မှာ လျင်လျင်မြန်မြန်ပဲ ကျန်နေရစ်တယ်။
ပြင်သစ်ပြည်ကြီးရဲ့နိုင်ငံဖြတ်ကျော်ရထားစနစ်က ကောင်းမွန်တဲ့အတွက် ကျွန်မဝမ်းသာမိတယ်။ ဒီလို မြင်ကွင်းမျိုးတွေက လေယာဥ်နဲ့ခရီးသွားနေရင် မြင်ရမှာ မဟုတ်တဲ့မြင်ကွင်းတွေလေ။ ညသရဲကောင်ကို မကျေနပ်တာလေးတစ်ခုပဲ။
“တစ်ခုခု အဆင်မပြေတာရှိလို့လား၊ သခင်မလေးရှင့်။”
ကျွန်မအတွေးတွေ အဝေးရောက်နေတုန်း ရထားမယ် ကောင်မလေးက အနားရောက်လာပြီး မေးပါတယ်။ သူက အတတ်နိုင်ဆုံးပြုံးနေပေမဲ့ ကျွန်မတို့ ပြဿနာရှာမှာ ကြောက်နေပုံပါပဲ။ ဒီတော့မှ ကျွန်မလည်း သတိပြန်ဝင်လာတယ်။
အဲဒီနေ့ညက အရူးကောင်နက်ဆန်က ကျွန်မတို့ခရီးသွားဖို့အတွက် ရထားရဲ့အထူးတန်းမှာ လေးယောက်စာခုံလက်မှတ် ဖြတ်ခဲ့တာ။ နှစ်ယောက်တည်းသွားမှာမဟုတ်ဘူးလားလို့ ကျွန်မမေးပေမဲ့ သူက ‘ငါတို့က ငါးယောက်ခရီးသွားမှာလေ။’ဆိုပြီး သူက အတည်ပြန်ဖြေတယ်။ ကျွန်မနဲ့နက်ဆန်အပြင် မော်လီနဲ့ သရဲစုံတွဲကိုပါထည့်တွက်ရင်တော့ ငါးယောက်ပေါ့။ ဒါပေမဲ့ သရဲတွေအတွက် ခုံဝယ်စရာမှမလိုတာ။ သူ့အရိပ်ထဲ ကပ်ပါလာရုံနဲ့လုံလောက်တယ်လေ။
“သခင်လေးက ခရီးသွားတိုင်း သူ့စွမ်းအားကြောင့် တခြားလူတွေရဲ့စီးပွားရေး ထိခိုက်မှာစိုးရိမ်တဲ့အတွက် ကျွန်မတို့အတွက်ပါ လက်မှတ်ဖြတ်ပေးလေ့ရှိပါတယ်။” မော်လီက နက်ဆန်အစား ကြောင်တောင်တောင်နိုင်တဲ့ ဆင်ခြေကိုပြောခဲ့တယ်ဆိုပေမဲ့ ခုတော့...
“သခင်မလေးသာ အလိုရှိမယ်ဆိုရင် နောက်ထပ် စပါဂါတီခေါက်ဆွဲပွဲ ချက်ချင်းအသစ်လုပ်ပေးပါ့မယ်။ ဒီမကောင်းတဲ့တစ်ခုအတွက် စိတ်မရှိပါနဲ့။”
နဖူးကနေ ဇောချွေးတွေထွက်နေတဲ့ ရထားမယ်လေးက ကျွန်မခေါက်ဆွဲပွဲကို သိမ်းသွားဖို့လုပ်ပေမဲ့ ကျွန်မ တားလိုက်တယ်။ အထူးတန်းက တွဲလျက်ခုံလေးခုံလုံးကို လက်မှတ်ဖြတ်ပြီး နှစ်ယောက်တည်းထိုင်နေတဲ့ ကျွန်မတို့ပုံစံက တကယ့်ဟိုက်ပါသူဌေးတွေပုံပေါက်နေတယ်။ ပြီးတော့ ခရီးသွားနေတာမလို့ ကျွန်မကိုယ်တိုင်လည်း သူနာပြု ဝတ်စုံဝတ်မထားဘူး။ အဲဒီအစား သာမန်အဝတ်တွေပဲ ဝတ်ထားတာမလို့ အယ်ပက်တောင်တန်းတွေဆီ ဟန်းနီးမွန်းထွက်လာတဲ့ စုံတွဲတွေလို့ ထင်ချင်စရာဖြစ်နေတာလေ။ ဒီလိုနဲ့ရထားမယ်လေးက ကျွန်မတို့ကို အရေးကြီး ဗီအိုင်ပီတွေလို ဆက်ဆံနေတာ။ ဒါတော့ ဘယ်တတ်နိုင်ပါ့မလဲ။
“ညီမလေး၊ ရတယ်။ အစ်မက စားစရာကြောင့် ဒေါသထွက်နေတာမဟုတ်ဘူး။ အဲဒီကောင်ကြောင့်...”
ကျွန်မက နက်ဆန်ကို မေးငေါ့ပြလိုက်တော့ ရထားမယ်က ပါးစပ်ကိုလက်ဝါးနဲ့အုပ်ရယ်ရင်း နောက်ပြန်ဆုတ်သွားတယ်။
“ သူများအိပ်ချိန် တိတ်တိတ်နေလို့မရဘူးလား။” ခဏနေတော့ အိပ်လို့မပျော်တော့တဲ့ နက်ဆန်က မျက်လုံးကို တစ်ဖက်ဖွင့်ကြည့်လိုက်ပြီး မကျေမနပ် ပြောလိုက်တယ်။ ကျွန်မလည်း သူ့ကို လက်ပိုက်ကြည့်ပြီး ပြောလိုက်တယ်။
“မနက်ပိုင်းအိပ်တာနဲ့ညပိုင်းအိပ်တာ မတူဘူးနော်။ ရှင့်ကျန်းမာရေးမထိခိုက်ခင် အိပ်ချိန်ကိုပြင်တာ ကောင်းလိမ့်မယ်။” သူ့ရဲ့သူနာပြုအနေနဲ့ ကျွန်မမှာသူ့ကို ကျန်းမာရေးအကြံပေးဖို့ တာဝန်ရှိတယ်လေ။
“အပိုတွေ...” သူက တီးတိုးပြောလိုက်ပြီး ပြန်အိပ်ဖို့ လုပ်တယ်။ ကျွန်မလည်း ရုတ်တရက် ဒေါသထွက်လာပြီး သူ့ဆံပင်တွေကို ဆောင့်ဆွဲမိတော့တာ...
“ဟေ့... ဟေ့မင်းဘာလုပ်တာလဲ...”
“ရှင်အိပ်ရဲဆက်အိပ်ကြည့် ရှင့်ကို ဒရိန်းဂျွန်ဆင် ဖြစ်အောင်လုပ်ပစ်မယ်။”
အဲဒီနောက်တော့ နက်ဆန်လည်း ဆက်မအိပ်နိုင်တော့ဘူး။ သူ့မျက်လုံးတွေကတော့ နီရဲလို့။ တစ်ယောက်တည်း ရထားပေါ်မှာထိုင်နေရမှာ ပျင်းတာနဲ့ သူ့ကိုဒုက္ခပေးမိတယ်ဆိုပေမဲ့ အားတော့ နာရသား။ ဒီခရီးက နဂိုက အစီအစဥ်မရှိဘဲ ကျွန်မကြောင့် ဖြစ်လာတာပါ။
“ရှင်ပြောသလိုဆိုရင် မီးလျှံကျောင်းတော်က အမှောင်ကျောင်းတော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့ဖူးတယ်ပေါ့။”
ကျွန်မက နက်ဆန်ရဲ့အရိပ်ထဲမှာ ပုန်းနေတဲ့ မော်လီကို တီးတိုးပြောလိုက်တယ်။ မော်လီကတော့ ကျွန်မကို စိတ်ချင်းတိုက်ရိုက်ဆက်သွယ်ပြီးတော့ ပြောတယ်။
“ဟုတ်... လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းက သခင့်ရဲ့ဖခင် အမှောင်ကျောင်းတော်ရဲ့သခင်လေး လောဟန်ဂျူနီယာနဲ့ မီးလျှံကျောင်းတော်ရဲ့သခင်လေး နီကိုတို့က အချစ်ဆုံးသူငယ်ချင်းတွေပါ။ မီးလျှံကျောင်းက ရိုမြူလက်ချက်ကျောင်းနဲ့စစ်ပွဲမှာ တိုက်ရိုက်မပါခဲ့ပေမဲ့ သခင်လေးနီကိုက အများကြီး ထောက်ပံပေးခဲ့တာ။ ဒါပေမဲ့အဲဒီအကျိုးဆက်ကြောင့် သခင်လေးနီကိုနဲ့ဇနီးလည်းလုပ်ကြံခံရပြီး သေဆုံးသွားတယ်။”
“တစ်နည်းအားဖြင့် အမှောင်ကျောင်းတော်က မီးလျှံကျောင်းတော်ဆီမှာ ကျေးဇူးကြွေးတင်နေတာပေါ့။” အခုကျွန်မတို့တွေက မီးလျှံကျောင်းတော်ကို အကူအညီတောင်းဖို့အတွက် သွားကြမှာ။ ကျွန်မရဲ့ဒူလာဟမ်ကျိန်စာက အချိန်မရွေး ပြန်အသက်ဝင်လာနိုင်တယ်လေ။
“အခုတော့ဘာမဟုတ်တဲ့လူတစ်ယောက်ကြောင့် ထပ်ပြီးကျေးဇူးကြွေးတင်ရတော့မယ်။ အရင်အကြွေးတစ်ခုကိုတောင် မဆပ်ရသေးဘဲ တခြားကိစ္စတစ်ခုကို သူတို့က အလကားကူညီပေးမယ်လို့ မထင်ဘူး။”
မော်လီက နည်းနည်းအပြစ်တင်သံပါတဲ့ လေသံမျိုးနဲ့ ကျွန်မကိုပြောလိုက်တယ်။ “ဒါကြောင့် ကြီးကြီးမားမားတန်ကြေးတစ်ခု ပြန်ပေးဆပ်ရမယ်လို့ ပြောတာကိုး။” ကျွန်မစိတ်မကောင်း ဖြစ်မိသွားတယ်။
“ဒါနဲ့ရှင်တို့ပြောတဲ့ လေဒီ မာဂါရီတာကရော။ သူက မီးလျှံကျောင်းတော်ရဲ့အဲလ်ဒါတစ်ယောက်ဆိုပေမဲ့ သခင်လေးနက်ဆန်က အမှောင်ကျောင်းတော်ရဲ့ဆက်ဆံသူဆိုတော့ အဆင့်ချင်း အတူတူပဲမဟုတ်လား။”
အဆင့်တူအချင်းချင်းတောင်းဆိုတာဆိုရင် လိုက်လျောကောင်း လိုက်လျောနိုင်တယ်လို့ ကျွန်မတွေးမိပေမဲ့ မော်လီဆီကနေ စိတ်ပျက်ပျက် စကားသံသာထွက်လာတယ်။
“သခင်လေးက အမှောင်ကျောင်းတော်ရဲ့အဲယ်ဒါ အစစ်မဖြစ်သေးဘူး။ လက်ရှိမှာအမှောင်ကျောင်းတော်က တစ်စစီပြိုကွဲနေပြီး တပည့်တွေက နေရာအနှံမှာ စည်းမရှိကမ်းမရှိ ပြုမူနေတယ်။ သူတို့ကိုယ်သူတို့ အမှောင်အဲလ်ဒါဆိုပြီး တစ်ဖက်သတ်ကြေညာထားတဲ့သူတွေလည်းမနည်းဘူး။”
ဒီရက်အနည်းငယ်အတွင်းမှာ ကျွန်မသိလာရတာက နက်ဆန်ရဲ့အမှောင်ကျောင်းတော်ဟာ အခြေအနေ မကောင်းဘူး။ ဒါပေမဲ့ သာမန်လောကကနေ လာတဲ့ ကျွန်မအတွက် မှော်ကျောင်းခြောက်ကျောင်းနဲ့ဆိုင်တဲ့ ကိစ္စတွေကို နားမလည်သေးတာတော့အမှန်ပါ။
“ဒါဆို အဲလ်ဒါအစစ်ဖြစ်လာဖို့ ဘာတွေလိုအပ်လဲ။” ကျွန်မ စိတ်ဝင်စားသွားပြီး မေးလိုက်တယ်။
“ကျောင်းတော်တစ်ခုရဲ့အဲလ်ဒါအစစ်ဖြစ်ဖို့ဆိုရင် အချက်သုံးချက်ကို ဆုပ်ကိုင်ထားနိုင်ဖို့လိုတယ်။ ပထမဆုံးတစ်ချက်က အဲယ်ဒါလောင်းလျာဟာ ကိုးကွယ်ခံ နတ်ဘုရားတွေဆီကနေ ဆင်းသက်လာတဲ့ တော်ဝင်မိသားစုဝင်ဖြစ်ရမယ်။ သခင်လေးနက်ဆန်ရဲ့ ဗင်းဆင့်မိသားစုက ညနတ်ဘုရားမဆီကဆင်းသက်တဲ့ တော်ဝင်မျိုးအစစ်အမှန်ဖြစ်တယ်။”
တစ်နည်းအားဖြင့် နက်ဆန်က ပထမအချက်နဲ့ကိုက်ညီပြီးတဲ့သူပေါ့။ မော်လီကတော့ ဆက်ရှင်းပြတယ်။
“ဒုတိယအချက်က သက်ဆိုင်ရာကျောင်းရဲ့ဆီးနိတ်က မဲပေးရွေးချယ်တာ ခံရတဲ့သူဖြစ်ရမယ်။ မှော်ကျောင်းတွေမှာ အဲလ်ဒါပြီးရင် အရေးအကြီးဆုံးနဲ့ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးလူတွေက ဆီးနိတ်တာတွေပဲ။ သူတို့တွေက အဖွဲ့ခွဲအသီးသီးကိုဦးဆောင်ပြီး ကျောင်းတော်ရဲ့ကိစ္စအဝဝကိုဆုံးဖြတ်ဖို့ မဲပေးပိုင်ခွင့် ရှိကြတဲ့သူတွေ။ ဒါပေမဲ့ လက်ရှိအချိန်မှာ အမှောင်ကျောင်းက ပြိုကွဲနေတော့ ဆီးနိတ်တာတွေ တစ်စုတစ်စည်းတည်းဖြစ်မနေလို့ ညီလာခံခေါ်လို့ မရသေးဘူး။”
မော်လီရှင်းပြတဲ့အတိုင်းဆိုရင် မှော်ကျောင်းတွေရဲ့အုပ်ချုပ်ရေးပုံစံက ရောမသမ္မတနိုင်ငံရဲ့အုပ်ချုပ်ရေးပုံစံနဲ့ သွားဆင်နေပြန်တယ်။ ရောမသမ္မတနိုင်ငံခေတ်မှာ ဆီးနိတ်လွှတ်တော်ရှိပြီး ဆီးနိတ်တာတွေက မဲပေးပြီး တစ်နှစ်သက်တမ်းရှိတဲ့ ကောင်စစ်ဝန်နှစ်ယောက်ကို ပူးတွဲတင်မြှောက်တယ်။ မှော်ကျောင်းတွေအတွက်တော့ အဲလ်ဒါက တစ်ယောက်တည်းဖြစ်ပြီး သက်တမ်းက တစ်သက်လုံးစာအတွက်ဆိုပေမဲ့ပေါ့။
“တတိယတစ်ချက်ကရော...”
“တတိယအချက်ကတော့ တခြားမှော်ကျောင်းတွေရဲ့အဲယ်ဒါတွေဆီကနေ တန်းတူညီတူဖြစ်ကြောင်း အသိအမှတ်ပြုခံရဖို့ပဲ။ တခြားကျောင်းတွေနဲ့ဆက်ဆံရေးကောင်းကောင်း မတည်ဆောက်နိုင်ရင် ဘယ်လောက်တော်တော် ဒီလိုအသိအမှတ်ပြုမှုမျိုးရမှာမဟုတ်ဘူး။ သခင်လေးက ရှင့်အတွက် အရှက်ကွဲခံရုံတင်မက အနာဂတ်အဲလ်ဒါ ရာထူးကိုပါရင်းပြီး ကြိုးစားပေးနေတယ်ဆိုတာ မမေ့လိုက်ပါနဲ့။”
ကျွန်မ ပိုပြီးစိတ်မကောင်းဖြစ်သွားပြီ။ ဒီလူက ဘာမဟုတ်တဲ့ ကျွန်မကိုကယ်ဖို့အတွက် တအားကြိုးစားနေသလိုပဲ။ ဒါပေမဲ့ သူဒီလောက်ထိ ကြိုးစားပေးနေရအောင် ကျွန်မက သူ့အတွက် ဘာများထူးခြားနေလို့လဲ။
“သူငယ်ချင်းတစ်ယောက်ကို ကူညီဖို့အတွက် ဒီလောက်ဒုက္ခခံရတာ ထိုက်တန်တဲ့အရာတစ်ခုပါ မော်လီ။”
အကြာကြီးတိတ်ဆိတ်နေခဲ့တဲ့ နက်ဆန်က ဝင်ပြောတယ်။ မော်လီက အဲဒီအကြောင်းကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်တယ်။
“မာဂါရီတာကိစ္စကို ဆက်ရမယ်ဆိုရင်တော့ သူက အသက်နှစ်ဆယ်အရွယ်မှာတင် အဲဒီသုံးခုလုံးနဲ့ ပြည့်စုံပြီး အဲလ်ဒါဖြစ်လာတဲ့သူပဲ။ အဲလ်ဒါဖြစ်လာတာကလည်း ရာစုနှစ်နှစ်ခုစာလောက်ရှိပြီဆိုတော့ သူ့ရဲ့ဆုံးဖြတ်ချက်တွေက မီးလျှံကျောင်းအတွက်တင်မကဘဲ တခြားကျောင်းတွေကိုပါ သက်ရောက်တဲ့အထိ ဩဇာကြီးမားတယ်။”
“နေ... နေပါဦး၊ ရာစုနှစ်နှစ်ခုစာ။ သူ့အသက်က ဘယ်လောက်ရှိနေပြီလဲ။”
“အဲဒါတော့ ဘယ်သူမှမသိကြတော့ဘူး။ သူ့ရဲ့ဂုဏ်ပုဒ်တွေကိုပဲကြည့်လေ။ ‘မသေနိုင်တဲ့ စုန်းမ။’ ‘ဟစ်စတီယာရဲ့မငြိမ်းသောမီးတောက်။’”
မှော်ကျောင်းတော်တွေရဲ့လောကမှာ ကောင်းတဲ့နာမည်တစ်ခုနဲ့မကောင်းတဲ့နာမည်တစ်ခုကို ဂုဏ်ပုဒ်အဖြစ်တွဲပေးတာ ပုံမှန်ပဲလားလို့ ကျွန်မတွေးမိလိုက်ရင်း နက်ဆန်ကို ဖြတ်ခနဲခိုးကြည့်လိုက်တယ်။ ဒီကိုယ်တော်ချောမှာလည်း ဂုဏ်ပုဒ်နှစ်ခုရှိနေပြီး ‘ အမှောင်ထုရဲ့သားတော်’နဲ့ ‘နတ်ဆိုးဝင်စားသူ’ ဖြစ်နေတယ်မဟုတ်လား။