← Chapters

မသေခြင်းကျိန်စာ (တတိယပိုင်း)

Vol. 1 Ch. 25

မသေခြင်းကျိန်စာ (တတိယပိုင်း)

Vol. 1 Ch. 25

ကုန်လွန်ခဲ့ပြီဖြစ်တဲ့ နှစ်များစွာတုန်းက ကျွန်မဟာ ဘာကိုမှ မသိတတ်သေးတဲ့ အတွေ့အကြုံနည်းပါးတဲ့ အထက်တန်းလွှာမိန်းကလေးတစ်ယောက် ဖြစ်ခဲ့တာပေါ့။ ကာလအားဖြင့်ကတော့ ရှေးထုံး အယူဟောင်းတွေကိုပယ်ဖျက်ပြီး အသစ်အသစ်သော နည်းပညာတွေစတင်ပေါ်ထွန်းလာတဲ့ကာလ။ ဥရောပ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ရထားလမ်းတွေ စတင်ပြန့်နှံလာနေပြီဖြစ်တဲ့ ကာလပေါ့။

ကျွန်မဟာ အဲဲဒီခေတ်က ချမ်းသာတဲ့လူငယ်တွေလိုပဲ ဥရောပအနှံကို ခရီးထွက်ဖို့အတွက် စိတ်ကူးရခဲ့တယ်။ ကျွန်မအရွယ်လူငယ်လူရွယ်တွေအားလုံးက အသစ် ပေါ်ထွန်းလာတဲ့ ရေနွေးငွေ့ရထားလမ်းတွေကို အသုံးပြုပြီး ဟိုးအရင်အချိန်က ရောက်ဖို့မဖြစ်နိုင်တဲ့ ဥရောပတစ်ခွင်လှည့်ပတ်ရေးခရီးကို လိုက်စားရင်း ဗဟုသုတရှာမှီးချင်ကြတာ။

ကျွန်မက မိန်းကလေးတစ်ယောက်ဆိုပေမဲ့ ရှေးကလို ကိုယ့်အိမ်လေးမှာပဲနေပြီး အကြံတုံးဉာဏ်တုံး ဖြစ်နေရမယ့်ကာလက ကုန်သွားပြီလို့မြင်တယ်။ ပါရီမြို့ကြီးကို ကျွန်မမြင်ဖူးချင်တယ်၊ ဖလောရင့်က ပန်းချီလက်ရာတွေကို ကြည့်ချင်တယ်၊ ရောမမြို့ကြီးက ဖေဗီယန် တိုက်ပွဲခန်းမကြီး (ကိုလိုဆီယံဟု အများက ခေါ်ပေမဲ့ ဖေဗီယန် အမ်ပီသီရေတာကမှ နာမည်အမှန်ပါ။)အပေါ် တက်ပြီးလေ့လာချင်တယ်။ အို၊ ဖြစ်နိုင်ရင်လေ ခရိုင်းမီးယားမှာ တာ့ခ်တွေနဲ့ရုရှားတွေ စစ်ဖြစ်နေတာကို သွားတောင်ကြည့်ချင်သေးတာ။ အဲဒီမှာ ပြင်သစ်အင်ပါယာကလည်း ဝင်ပါနေတယ်လေ။

ပထမဆုံးအနေနဲ့တော့ ခမည်းတော်ဆီကနေ ခွင့်ပြုချက် ရဖို့အတော်ကြိုးစားယူရတယ်။ ကျွန်မရဲ့ခမည်းတော်က အစပိုင်းတော့ခွင့်မပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ အခြွေအရံ တချို့ထည့်ပေးဖို့ဆုံးဖြတ်လိုက်ရုံနဲ့တင် အဆင်ပြေသွားတယ်။

အဲဒီနောက်တော့ ဖလောရင့်ကိုသွားမယ့်ရထားပေါ် ကျွန်မနဲ့အခြွေအရံကောင်မလေးတစ်ယောက် အတူတူ တက်ပြီးသားဖြစ်သွားတော့တာပဲ။ အက်ပက်တောင်ကြီး တွေကို ကျွန်မတို့ရဲ့ရေနွေးငွေ့ရထားက တဂျိန်းဂျိန်းနဲ့ ပတ်ပြီးသွားရတယ်။ ရှုခင်းတွေကိုကြည့်ရင်းနဲ့ အိမ်ဖော်မလေးနဲ့စကားပြောလိုက် ဟိုဟိုဒီဒီအကြောင်းတွေ စဥ်းစားလိုက်နဲ့ပေါ့။

“တောင်တန်းကြီးတွေကိုကြည့်ရင်းကြည့်ရင်းနဲ့ ရှုမဝနိုင်ဖြစ်လွန်းလို့ ပန်းချီဆွဲတတ်ချင်လိုက်တာ။”

ကျွန်မနဲ့အတူပါလာတဲ့ အိမ်စေကောင်မလေးက ပြောလိုက်တယ်။ ကျွန်မလည်း သူ့စကားကြောင့် ပြုံးမိလိုက်ပြီး

“အရူးမလေး၊ ဓာတ်ပုံရိုက်ယူလိုက်တာက ပိုမကောင်းဘူးလား။ အချိန်လည်းသိပ်မကုန်ဘူး၊ ပုံရိပ်ကို တိတိကျကျလည်းရိုက်ယူထားနိုင်တယ်။”

“ဒါပေမဲ့ အဖြူအမည်းပဲထွက်လာမှာလေ မမလေးရဲ့။ ပြီးတော့ သွားနေတဲ့ရထားပေါ်မှာ ဘယ်လိုလုပ်ပြီး ဓာတ်ပုံရိုက်လို့ရပါ့မလဲ။”

ကျွန်မလည်း ဒီတော့မှ အခုတလောခေတ်စားနေတဲ့ ဓာတ်ပုံနည်းပညာရဲ့အားနည်းချက်တွေကို ပြန်တွေးမိ သွားပါတော့တယ်။

“ဒါပေမဲ့ ပန်းချီဆွဲတတ်ဖို့ဆိုတာက အတော်ခက်သား။”

“အင်း၊ မမလေးကို သခင်ကြီးက အကသင်တာတစ်ခုပဲ သင်ခိုင်းခဲ့တာကိုး။”

“လီယာလေး၊ ငါဆုံးဖြတ်လိုက်ပြီ။ ဖလောရင့်ကိုရောက်ရင် ဆရာတစ်ယောက်ရှာပြီး အနုပညာတစ်ခုခုသင်မယ်။”

ကျွန်မ ဆုံးဖြတ်ချက်ချထားပြီးတဲ့လေသံနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ ဘယ်အနုပညာကို သင်ရမလဲဆိုတာတော့ ကျွန်မ မဆုံးဖြတ်ရသေးဘူး။ နောက်တစ်မြို့ရောက်လို့ ရထားရပ်တဲ့အထိ မေ့မေ့ပျောက်ပျောက်ပဲ။

အဲဒီမြို့က သိပ်မကြီးဘူး။ ရထားပေါ်ကို တက်လာတဲ့ ခရီးသည်ကလည်း သိပ်မများပါဘူး။ သေတ္တာကြီး နှစ်လုံးကို မနိုင်မနင်းသယ်လာတဲ့ လူငယ်တစ်ယောက်ရယ်နဲ့ ဗြိတိသျှလူကြီးလူကောင်း တစ်ယောက်ရယ်ကတော့ အထင်ပေါ်ဆုံးပေါ့။

“ဂျင်းရေ၊ ကမ္ဘာကို ရက်ရှစ်ဆယ်အတွင်းပတ်ဖို့က အတော်လေးခက်သား။ နောက်ငါးမိနစ်လောက်သာ နောက်ကျရင် ဒီရထားကို မီမှာမဟုတ်ဘူးကွ။”

“ကံသီပေလို့ပဲ ဆာဖော့ချ်ရေ။”

ကြည့်ရတာ ဒီနှစ်ယောက်ကလည်း သူတို့ဇာတ်လမ်းနဲ့ သူတို့ရှိကြပုံပဲ။ ကျွန်မက ဥရောပကိုတစ်ပတ်ပတ်ချင်ရုံ ဆိုပေမဲ့ လောကကြီးပြီး တစ်ကမ္ဘာလုံးကို ရက်အနည်းငယ်နဲ့ ပတ်ချင်သူတွေလည်း ရှိနေတာ မြင်ရတော့ အံ့ဩမိတယ်။

တတိယလူကတော့ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ သူ့နားထင်က ဆံပင်တွေ ဖြူနေပြီဖြစ်ပြီး ကျောမှာ အနက်ရောင်သားရေအိတ်ကြီးကို လွယ်ထားတယ်။ မျက်မှန်အနက်ကိုလည်း ဝတ်ဆင်ထားပြီး ပြတင်းပေါက် အပြင်က တောင်တန်းကြီးတွေကိုသာ ငေးမောကြည့်လို့။

ပူး... ပူး...

ရထားဥဩဆွဲပြီးစထွက်တာနဲ့ အဲဒီလူက သားရေအိတ်ကို ဖွင့်လိုက်ပြီး အထဲက ပြောင်လက်နေတဲ့ အနက်ရောင်တယောကို ဆွဲထုတ်လိုက်တယ်။ နောက်တော့ ကြိုးတွေကို တစ်ချောင်းချင်းစီညှိပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ ဝစ်ဇ်တီးလုံးတစ်ခုကို စတီးတော့တာပါပဲ။

တေးသွားကိုနားထောင်နေရင်း နွေဦးပန်းတွေကို မြင်ယောင်လာမိတယ်။ အဲဒီနောက်တော့ ကျွန်မရဲ့ ခြေထောက်တွေက အလိုလိုလှုပ်ရှားလာပြီး အဲဒီ လူကြီးရဲ့ရှေ့မှာရပ်ကာ တေးသံဆုံးသွားတဲ့အထိ ရပ်နေခဲ့မိတယ်။ နောက်တော့ ကျွန်မသူ့ကိုပြောခဲ့တယ်။

“မွန်ဆီယာ... ကျေးဇူးပြပြီး ကျွန်မကို တယောတီးနည်း သင်ပေးနိုင်မလား။”

သူက ခေါင်းကိုအသာညိတ်လိုက်ပေမဲ့ ပညာသင်တပည့်အဖြစ် လက်မခံခင် ကျွန်မဆီကနေ တစ်ခုခုပြန်တောင်းဆိုခဲ့ပါတယ်။ ဒီလူကြီးက ကျွန်မကို ချမ်းသာတဲ့သခင်မလေးမှန်းသိနေခဲ့ပြီး သူလိုချင်တာ ငွေမဟုတ်တဲ့အကြောင်း၊ ပညာလိုသူကိုသာ သင်ပေးမှာ ဖြစ်တဲ့အကြောင်းရှင်းပြပါတယ်။

ကျွန်မလည်း ဘယ်လိုအခြေအနေမျိုးကိုမဆို လက်ခံမယ်လို့ပြောလိုက်တော့ သူက ကျွန်မကို ဖလောရင့်မြို့မှာ သုံးနှစ်တိတိ သူဂီတဖျော်ဖြေပွဲလုပ်တိုင်း လိုက်ပါကူညီဖို့ ပြောခဲ့တယ်။

အစကတော့ ဒီလူကြီးကို ချိုပင်တို့လို နာမည်ကျော် ဂီတဆရာကြီးလို့ထင်ခဲ့ပေမဲ့ ဖလောရင့်မြို့ကို ရောက်ချိန်မှာတော့ သူဟာ လမ်းဘေးမှာ ဂီတဖျော်ဖြေတဲ့သူ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်က ဆုံးဖြတ်ပြီးပြီဖြစ်တာက တစ်ကြောင်း၊ ဒီလူကြီးဟာ လူဆင်းရဲပေမဲ့ ပညာမခေတာက တစ်ကြောင်း သည်းခံနေဖို့ ဖြစ်လာခဲ့တယ်။

....

“မင်းက ငါ့မှာရှိဖူးသမျှ တပည့်တွေထဲမှာ ပါရမီ အရှိဆုံးနဲ့ အနုပညာကိုတန်ဖိုးအထားတတ်ဆုံး ကလေးမပဲ။”

သုံးနှစ်ပြည့်တဲ့နောက်တော့ ဆရာကြီးက ကျွန်မကို ချီးကျူးပါတယ်။ ကျွန်မ အခုဆိုရင် တယောကို သူ့လောက်နီးနီး တီးတတ်နေပြီ။ ဖလောရင့်မြို့ထဲက ဂီတပြဇာတ်ရုံတွေက ကျွန်မတို့နှစ်ယောက်ကို ငှားဖို့ လာရောက်စကားစကြပေမဲ့ နှစ်ယောက်လုံးက ပြိုင်တူပဲ ငြင်းဖြစ်ကြတယ်။ ဒီလူ့ဆင်းရဲတယောဆရာကြီးက ဂီတကို ချစ်မြတ်နိုးတဲ့စိတ်သက်သက်နဲ့တာ တီးခတ်တာ ဖြစ်ပြီးတော့ ငွေကြေးက သူ့အတွက် အသက်ဆက်နိုင်ရုံ နဲ့တင်လုံလောက်တယ်လို့ ယူဆထားတဲ့သူပေါ့။

“ ပညာစုံပြီဆိုတော့ ခွဲခွာရမယ့်အချိန်ရောက်လာပြီ။”

“ဆရာ့လို ကျွန်မက လူတိုင်းအတွက် ဂီတဖျော်ဖြေပွဲတွေ လုပ်ဖြစ်မှာမဟုတ်လောက်ပေမဲ့ နေ့တိုင်းတယောတီးမှာပါ။”

“မင်းဂီတက လူတိုင်းအတွက်မဖြစ်နိုင်တော့ရော ဘာအရေးလဲကွ။ မင်းချစ်တဲ့သူတွေအတွက် ကောင်းမွန်တဲ့ဂီတ ဖြစ်နေရင်ပြီးတာပဲ။ နောက်ဆုံးတော့ ပမာဏနည်းနည်းများများ အနုပညာက အနုပညာပါပဲ။”

သူက ကျွန်မအတွက် အနီရောင်ပေါလစ်တင်ထားတဲ့ လက်လုပ်တယောလေးကို ခွဲခွာခြင်းလက်ဆောင်အဖြစ် ပေးခဲ့ပြီး နောက်တစ်မြို့ဆီ ခရီးဆက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ သူ့နောက်ကို လိုက်စရာ မလိုတော့ပါဘူး။

...

ဖလောရင့်မြို့ကနေ ရောမကို ခရီးဆက်ဖို့အတွက် ကျွန်မ ပြင်ဆင်နေတဲ့အချိန်မှာပဲ လီယာက ကြေးနန်းတစ်စောင် ကိုင်ပြီးရောက်လာတယ်။

“မမလေးရေ၊ မမလေးရေ။ မကောင်းတော့ဘူး။ ချန်ဘယ်ရီကနေ ကြေးနန်းရောက်လာတယ်။ ဧကရာဇ်က ဆာဗွေနယ်စားနယ်မြေကို ဖျက်သိမ်းလိုက်ပြီတဲ့။”

ကျွန်မလက်ထဲမှာကိုင်ထားတဲ့ အဝတ်အစားတွေ ပြုတ်ကျသွားတယ်။ ကျွန်မတို့ဆာဗွေနယ်စားနယ်မြေလေးရဲ့အခြေအနေက သိပ်ပြီးမတည်ငြိမ်လှပါဘူး။ ကျွန်မတို့ကို သာသနာစောင့် ရောမအင်ပါယာကနေခွဲထုတ်ပြီး ပြင်သစ်တွေသိမ်းယူခဲ့ကတည်းက သူကောင်းမျိုးစနစ်ကို မျက်စောင်းထိုးနေတဲ့ ပြင်သစ်လွှတ်တော်အမတ််တွေဟာ ဆာဗွေ နယ်စားစနစ်ကိုဖယ်ရှားဖို့ အစဥ်တစ်စိုက် ကြိုးစားနေခဲ့တာပါ။ အခုတော့ အောင်မြင်သွားတဲ့ပုံပါပဲ။

“သခင်ကြီးလည်း အဲဒီစိတ်နဲ့အိပ်ရာထဲ လဲနေပြီတဲ့။”

...

ကျွန်မအိမ်ပြန်လာခဲ့တယ်။

ပြင်သစ်ဧကရာဇ်ရဲ့တပ်သားတွေရောက်လာပြီး နယ်စားအဆောင်အယောင်နဲ့တံဆိပ်တုံးတွေကို သိမ်းယူသွားပြီးပြီ။ နယ်စားစံအိမ်မှာ ကျွန်မတို့ မိသားစုကို ဆက်နေခွင့်ပေးပြီး ဆာဗွေအိမ်တော်ရဲ့နာမည်ကို ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့ပေမဲ့ ဆာဗွေနယ်အပေါ် ဩဇာမရှိတော့ပါဘူး။ ကျွန်မပြန်ရောက်တော့ အဖေ့ရဲ့အခြေအနေက တော်တော်ဆိုးနေခဲ့ပါပြီ။

“မာဂါရီတာ... သမီးလေး... ဘဝဆိုတာ ဒီလိုပါပဲ။ နှစ်ထောင်ချီတည်တန့်ခဲ့တဲ့ အဖေတို့နယ်စားနယ်မြေက အဖေ့လက်ထက်မှာ အဆုံးသတ်သွားခဲ့ပြီ။”

ရက်အနည်းငယ်အကြာမှာပဲ အဖေဆုံးသွားခဲ့တယ်။ အဖေ့မှာ သမီးတစ်ယောက်တည်းရှိတဲ့အတွက်ကြောင့် ကျွန်မဟာ ဆာဗွေအိမ်တော်ရဲ့ခေါင်းဆောင်ရော မီးလျှံ ကျောင်းတော်ရဲ့အဲလ်ဒါပါ တစ်ပြိုင်နက်တည်း ဖြစ်လာခဲ့တယ်။

အဲလ်ဒါသံလွင်ခတ်ကို စဆောင်းစဥ်က ရခဲ့တဲ့ဘွဲ့က ’ဟစ်စတီယာရဲ့မငြိမ်းသောမီး’ ပါ။ နဂိုကတော့ နာမည်ကောင်းတစ်ခုလို့ထင်ခဲ့ပေမဲ့ ရှေးဟောင်းဟောကိန်းတစ်ခုနဲ့ သက်ဆိုင်နေမယ်လို့ ကျွန်မ မထင်ခဲ့မိဘူး။

ကျွန်မအဖေဆုံးပါးသွားပြီးနောက်မှာ ကျွန်မဟာ အနုပညာလုပ်ငန်းတွေမှာပဲ အာရုံစိုက်ထားခဲ့တယ်။ တယောတေးသီချင်းတွေကို ကိုယ်တိုင်ရေးဖွဲ့ပြီး နေ့တိုင်းလိုလို ကိုယ်တိုင်တီးခတ်ဖြစ်တယ်။

အခုအချိန်အထိအပျိုဖြစ်နေသေးတဲ့အပြင် ဆာဗွေအိမ်တော်က အထက်တန်းလွှာတွေထဲ အတော်ချမ်းသာတဲ့မိသားစုမလို့ နေရာအနှံကနေ လက်ထပ်ခွင့်တောင်းခံလွှာတွေ ရောက်လာတတ်တယ်။ ဥရောပနိုင်ငံတွေဆီကနေတင်မကဘဲ ဘရာဇီးလို ဝေးလံခေါင်ဖျားလှတဲ့ တောင်အမေရိကနိုင်ငံတွေဆီကပါ လက်ဆက်စာတွေ ရောက်လာတာမျိုး။

ဒါပေမဲ့ ကျွန်မက အိမ်ထောင်ပြုဖို့အတွက် စိတ်မဝင်စား တော့တဲ့အတွက်ကြောင့် ဘာအကြောင်းမှမပြန်ခဲ့ဘူး။ အဲဒီအစား ဥရောပတစ်ခွင်ခရီးသွားလာရေးအစီအစဥ်ကို ရှေ့ဆက်ဖို့အတွက် ကျွန်မဆုံးဖြတ်လိုက်တယ်။ ပထမဆုံး မြူးနစ်ကိုသွားတယ်၊ အဲဒီနောက် ဘာလင်၊ လန်ဒန်ကိုလည်းရောက်ခဲ့သေးတယ်။

အချိန်အတော်ကြာ ခရီးတွေထွက်လာပြီးတဲ့နောက် ကျွန်မအသက် သုံးဆယ်ကျော်လာတယ်။ ဒါပေမဲ့ ဖလောရင့်မြို့ကို စရောက်ခဲ့တဲ့အတိုင်း လှပမြဲ လှပနေဆဲပဲ။ တစ်ဖက်မှာတော့ လီဆာက ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ကြီးပြင်းလာနေပြီ။ အထက်တန်းလွှာတွေကတော့ ကျွန်မကို အရွယ်တင် နုပျိုလိုက်တာဆိုပြီး ချီးကျူးကြတာပေါ့။

လေးဆယ်ကျော်လာတဲ့အရွယ်ထိလည်း အလားတူပါပဲ။ ဒါပေမဲ့...

...

၁၈၉၉ ခုနစ်။ ဂျွန်လ။

ပြင်သစ်ပြည်မှာ ဝန်ကြီးချုပ်နဲ့ကပ်ဘိနက်လွှတ်တော် အမတ်တွေအကုန်လုံး တစ်ပြိုင်နက်တည်း နှုတ်ထွက်ကုန်လို့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တဲ့အချိန်ပေါ့။

ကျွန်မအသက်က ငါးဆယ့်ငါးနှစ်ရှိပြီ။ ဒါပေမဲ့ အရေးအကြောင်းတစ်ခုမှ မျက်နှာမှာရှိမနေသလို၊ ဆံပင်တွေလည်းဖြူမနေဘူး။ အဲဒီအစား ဆံပင်ရဲ့အဖျားနားလေးတွေ နီလာတာပဲရှိတယ်။ တစ်ဖက်မှာတော့ လီဆာက မျက်လုံးကောင်းကောင်း မမြင်ရတော့ဘဲ မျက်မှန်တပ်ထားရပြီး အဖွားအိုကြီးရုပ် ပေါက်နေပါပြီ။

ကမ်းလှမ်းစာတွေ မလာတာလည်းကြာပြီ။ နောက်ဆုံး လာခဲ့တုန်းက ကျွန်မအသက် လေးဆယ့်နှစ်နှစ်က။ အဲဒီလူက နှစ်တိုင်းပို့နေကျလူမှန်းသိလို့ လစ်လျူရှုထားလိုက်ပေမဲ့ စာတွေမလာတော့တာက သူတို့လက်လျှော့သွားတာကြောင့်မဟုတ်ဘဲ ကျွန်မ အကြောင်း ကောလာဟလတွေထွက်လာလို့ပါ။

‘ဆာဗွေအိမ်တော်သခင်မက နုပျိုအောင် ကလေးတွေကို ဖမ်းပြီး ကလေးသွေးတွေနဲ့နေ့တိုင်းရေချိုးနေတာတဲ့။’

‘ဒီအရွယ်ထိနုပျိုနေတာ လူမဟုတ်တဲ့ စုန်းမပဲနေမယ်။’

ဒီလိုစိတ်ပျက်စရာကောင်းတဲ့အရာတွေ သတင်းထွက်လာပြီးတဲ့နောက် ကျွန်မသက်ပြင်းချလိုက်တယ်။

“လီဆာရေ၊ အပြင်လောကကို ငါသေပြီလို့ သတင်းဖြန့်လိုက်တော့။ ငါရှိနေတာကို မှော်လောကက လူတွေပဲသိပါစေ။”

ကျွန်မက လီဆာကို အမိန့်ပေးလိုက်ရင်း လက်ထဲက ရှေးဟောင်းစာအုပ်ကို ဆက်ဖတ်နေလိုက်တယ်။ မီးလျှံ ကျောင်းတော်ကလူတစ်ယောက်အနေနဲ့ ဒီနုပျိုမှုက သာမန်မဟုတ်မှန်း ကျွန်မသိနေတာပေါ့။ အဲဒါက...

ဟစ်စတီယာရဲ့ကောင်းချီး။ ကောင်းချီးဆိုတာထက် ထာဝရစွဲကပ်နေတော့မယ့် ကျိန်စာလို့ဆိုရမလား။

မီးလျှံကျောင်းတော်ရဲ့အပျိုစင်နတ်ဘုရားမ ဟစ်စတီယာဟာ ဂရိပြည်ကအစပြုတဲ့ မီးနတ်ဘုရားမ ဖြစ်ပြီး ရောမအမည်ကတော့ ဗက်စတာပါ။ သူ့ကိုကိုးကွယ်ဖို့အတွက် ရောမမြို့သားတွေက အပျိုစင်နှစ်ယောက်ကိုရွေးထုတ်ပြီး အထွတ်အမြတ် မီးပုံကို မသေအောင်စောင့်ရှောက်ကြရပါတယ်။ တစ်နည်းအားဖြင့် ထာဝရမီးတောက်ပေါ့။

တခြားမှော်ကျောင်းတော်တွေရဲ့နတ်ဘုရားတွေလိုပဲ ရှားပါးတဲ့ဖြစ်စဥ်တွေမှာ ဟစ်စတီယာက သူ့နောက်လိုက် တော်ဝင်မျိုးတွေထဲက တစ်ယောက်ကို ကောင်းချီးပေးလေ့ရှိပြီး ထာဝရမီးပုံလိုမျိုး အစဥ်အမြဲ မသေဆုံးနိုင်တဲ့သက်တမ်းကို ရရှိစေနိုင်ပါတယ်။

“ဒီလိုလား... ဒါပေမဲ့ဘာကြောင့် ငါ့ကိုထာဝရမီးလျှံရဲ့ ပိုင်ရှင်အဖြစ်ရွေးခဲ့တာလဲ။” ဒါကိုတော့ ကျွန်မစဥ်းစားမရ။ အဖြေရှာဖို့က အတော်ကြာဦးမယ့်ပုံပေါ်တယ်။

...

၁၉၂၄ ခုနစ်။ ပထမကမ္ဘာစစ်ပြီးတာ ခြောက်နှစ်ရှိပါပြီ။ တယ်လီဖုန်းလိုင်းတွေက ကြေးနန်းစနစ်ကို လျင်လျင်မြန်မြန်နဲ့အစားထိုးလာနေပြီ။

ကျွန်မအသက် ရှစ်ဆယ်ရှိပါပြီ။ လီဆာက အရင်နှစ်ကပဲ ဆုံးပါးသွားခဲ့ပြီ။ အိမ်တော်မှာနေရတဲ့ နေ့ရက်တွေက ကျွန်မအတွက် သိပ်ကိုအထီးကျန်စရာ ကောင်းလာခဲ့တယ်။ မျိုးဆက်ဟောင်းတွေက တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားပြီး မျက်နှာသစ်တွေ အစားဝင်လာခဲ့ပေမဲ့ အဲဒီမျက်နှာသစ်တွေက ကျွန်မအတွက် စိမ်းသက်လွန်းနေပါတယ်။

တစ်နေ့တော့ ကျွန်မစင်္ကြန်လမ်းပေါ်မှာ လမ်းလျှောက်နေရင်း အခန်းတစ်ခန်းထဲကနေ ဘုန်းခနဲ ပစ္စည်းပြုတ်ကျသံကြားလို့ ရပ်လိုက်တယ်။

“တောက်... ဘာလို့အဲဒီအဖွားကြီးက သက်ဆိုးရှည်နေရတာလဲ။ ဒီအတိုင်းဆိုရင် ငါဘယ်တော့မှ အဲလ်ဒါဖြစ်လာတော့မှာမဟုတ်ဘူး။”

ကျွန်မအဲဒီလူရဲ့အသံကို ရင်းနှီးတာပေါ့။ မီးလျှံကျောင်းတော် ဆီးနိတ်အဖွဲ့ဝင်ဖြစ်ပြီး ကျွန်မအဖေရဲ့ညီဘက်က သွေးဝေးတဲ့မိသားစုဝင်ပါ။ မှော်ပညာပါရမီပါပြီး အသက်ငါးဆယ်ရှိပါပြီ။ ဒါပေမဲ့ ကျွန်မရှိနေသမျှ သူအယ်ဒါမဖြစ်နိုင်တော့ဘူး။

အဲဒီမပြည့်စုံနိုင်တဲ့ဆန္ဒကနေပြီး မနာလိုမှုနဲ့မုန်းတီးစိတ်တွေကို ဖြစ်ပေါ်လာစေတာ။

“ငါဆုံးဖြတ်လိုက်ပြီ... ဒီကနေ ထွက်သွားတော့မယ်။”

အိမ်တော်မှာ သံယောဇဥ်တွယ်စရာလူ မရှိတော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်မတယောလေးကိုကိုင်ပြီး ဆာဗွေနယ်စားအိမ်တော်ကနေ တိတ်တဆိတ်ဆင်းပြေးဖို့ ဖြစ်လာခဲ့ပါတယ်။ ဦးတည်ရာကတော့ မရှိဘူးပေါ့။

All Chapters