မသေခြင်းကျိန်စာ (ဇာတ်သိမ်း)
Vol. 1 Ch. 27
“ဒီလိုဆိုရင်တောင်မှ ရှင့်ကိုသတ်ပေးဖို့ တခြားလူတွေကို တောင်းဆိုတာ မများလွန်းဘူးလား။ ဒါမဖြစ်နိုင်တာပဲ။ ကျွန်မ ဒီလိုအရာမျိုးကို ဖြစ်ခွင့်ပြုမှာမဟုတ်ဘူး။”
ကျွန်မ နက်ဆန်အစား မာဂါရီတာကို ရန်တွေ့လိုက်တယ်။ သူ့ဘဝကို အဆုံးသတ်ပေးရမယ်။ ပေါက်ကရတွေ။ ဒီအတွက်နဲ့တော့ ကျွန်မ နက်ဆန်ကို လူသတ်တရားခံ ဖြစ်ခွင့်မပေးနိုင်ဘူး။
“တစ်ခုကိုလိုချင်ရင် တစ်ခုကိုပေးဆပ်ရမှာပဲ။ နင်တို့တွေ ငါ့တောင်းဆိုချက်ကို လက်မခံဘဲ ထွက်သွားလို့ရတယ်။ ဒါပေမဲ့ ကျိန်စာကိုဖြေမယ့်နည်း ရတော့မှာမဟုတ်ဘူး။”
ကျွန်မ မာဂါရီတာရဲ့မျက်လုံးတွေထဲကို သေသေချာချာ စူးစိုက်ကြည့်လိုက်တယ်။ ဒီအမျိုးသမီးက အတည်ပြောနေတာဖြစ်ပြီး နည်းနည်းလေးမှ နောက်ကို ဆုတ်မယ့်ပုံမပေါ်ပါဘူး။
“ရှင်က ရှင့်မြေးမလေးကို ဂရုစိုက်တယ်မဟုတ်လား။ ဒါကြောင့်မလို့ သူ့အတွက်စိုးရိမ်ပြီး ခုလိုဆုံးဖြတ်လိုက်တာ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့...”
“ရှင်ရုတ်တရက်ကြီး ထွက်သွားမယ်ဆိုရင် သူစိတ်မကောင်းဖြစ်မှာပဲမဟုတ်လား။ ရှင်ခံစားရတဲ့အတိုင်း သူလည်းခံစားရမှာပဲလေ။”
လေဒီမာဂါရီတာက ဟန်မဆောင်နိုင်တော့ဘဲ သူ့ရင်ဝကို တင်းတင်းပြန်ဆုပ်ကိုင်ထားလိုက်တယ်။ သူ့မျက်နှာက ဒေါသကြောင့် နီမြန်းနေပြီး အသားတွေတဆတ်ဆတ် တုန်ရင်လာနေပါတယ်။ ကြည့်ရတာ ဒေါသထွက်သွားပုံပဲ။
“ငါသိတယ်... သူခံစားရမယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဒါက အကောင်းဆုံးနည်းလမ်းပဲလေ။ ငါသူ့ကို ထပ်ပြီး နာကျင်အောင်မလုပ်မိခင် ထွက်သွားမှဖြစ်မယ်။ ဒါကို မင်းလိုသာမန်လူတစ်ယောက်က နားလည်မှာမဟုတ်ဘူး။”
“ဒီလိုဆိုရင်တောင်မှ ကျွန်မနက်ဆန်ကို ဒီလိုကိစ္စမျိုး လုပ်ခွင့်မပေးနိုင်ဘူး။ ရှင်ရူးနေတာလား၊ သေချင်လို့ တခြားသူတစ်ယောက်ကို အကူအညီတောင်းတဲ့လူဆိုလို့ ခုမှကြားဖူးတော့တယ်။”
ကျွန်မ ပြောပြောဆိုဆိုနဲ့ နက်ဆန်ရဲ့လက်မောင်းကို ဖမ်းဆွဲလိုက်တယ်။ အဲဒီနောက်တော့ ကျွန်မပါးစပ်က ခုလိုလွှတ်ခနဲ ပြောမိသွားရော။
“ဒီအရူးမပြောနေတာတွေကို နားမထောင်ဘဲ ပြန်ကြရအောင်။”
“ဒါပေမဲ့ မင်းရဲ့ကျိန်စာက...”
နက်ဆန်ရဲ့မျက်နှာပေါ်က စိုးရိမ်တဲ့အကြည့်ကိုမြင်တော့ ကျွန်မအလိုလိုပြုံးပြမိလိုက်တယ်။ ဒီလူက သူ့ကိုယ်သူ ဂရုစိုက်ဖို့တောင်မေ့နေပြီး ဘာမှမဟုတ်တဲ့ကျွန်မကိုပဲ ကယ်တင်ဖို့စဥ်းစားနေတာ။ ကျွန်မကိုယ်ကျွန်မ ဝန်ထုပ်ဝန်ပိုးအဖြစ်မခံနိုင်ဘူး။
“ကျွန်မ အဆင်ပြေသွားမှာပါ။ ဒါကြောင့် ပြန်ကြရအောင်။” အချိန်မရွေးအသက်ဝင်လာနိုင်ပြီး သေစေနိုင်တဲ့ကျိန်စာ ရှိနေတဲ့အတွက် ကျွန်မ ကြောက်မိပေမဲ့ တခြားလူတွေကို ဆွဲမထည့်ချင်တော့ဘူး။ အထူးသဖြင့် ကျွန်မရှေ့က ဒီလူကိုပေါ့။ သူကျွန်မကို ကာကွယ်ပေးခဲ့ပေါင်းများပြီ။ သူ့ကိုယ်သူထိခိုက်စေမယ့်လုပ်ရပ်မျိုး ကွန်မခွင့်မပြုနိုင်ဘူး။
“ကိုယ့်ဘာသာကိုယ်အဆုံးသတ်ဖို့ ငါမကြိုးစားကြည့်ခဲ့ဘူးလို့ထင်လား။”
မာဂါရီတာက ကြားဖြတ်ပြောလိုက်တယ်။ သူ့အင်္ကျီလက်ကို ပင့်တင်လိုက်တော့ လက်ကောက်ဝတ်မှာ ပြတ်ရှရာအသွင် အမာရွတ်တချို့ရှိနေပေမဲ့ ပျောက်ကင်းလုနီးပါးဖြစ်နေပြီ။
“ဗစ်စတာက ငါ့ကို ငါ့ရန်သူတွေနဲ့ကိုယ်တိုင်ကြောင့် ဖြစ်လာတဲ့ အန္တရာယ်တွေက ကာကွယ်ပေးထားတယ်။ တစ်ခုတည်းသောမျှော်လင့်ချက်က ရန်သူမဟုတ်တဲ့ လူတစ်ယောက်ဆီကနေ အဆုံးသတ်ပေးတာကို ခံဖို့ပဲ။”
နက်ဆန်က သူ့အတွက်ရန်သူမဟုတ်ဘူး။ ဒါပေမဲ့ ခုလို တောင်းဆိုချက်မျိုးကိုလုပ်တာ သိပ်ကိုဝမ်းနည်းစရာ ကောင်းတယ်လို့ကျွန်မခံစားရတယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ နက်ဆန်က လူသတ်တရားခံ ဖြစ်လာမှာဖြစ်ပြီး ဟိုအပြစ်ကင်းစင်တဲ့ ကလေးမ ရိုစယ်လီယာလည်း ဝမ်းနည်းနေလိမ့်မယ်။ ပြီးတော့ မာဂါရီတာအတွက်ကရော... သူချစ်တဲ့သူတွေကို ကာကွယ်ပေးဖို့လုပ်တာဆိုပေမဲ့ သူကိုယ်တိုင်လည်း ဝမ်းနည်းနေခဲ့မှာပဲ။
“တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား။” ကျွန်မ မေးလိုက်တော့ သူက ခေါင်းခါပြလိုက်တယ်။
“အများကြီးကြိုးစားကြည့်ပြီးပြီ။ ပြောင်းလဲလာတဲ့ ငါ့နှလုံးသားကို တားဆီးနိုင်တဲ့နည်းလမ်း မရှိတော့ဘူး။”
သူက သက်ပြင်းရှည်ကြီးချလိုက်ပြီး ထိုင်နေရာကနေ ထလိုက်တယ်။ နံရံမှာချိတ်ထားတဲ့ အနီရောင်တယောကို ဖြုတ်ယူပြီးနောက် ကြိုးကိုသေချာပြန်ညှိတယ်။
“မကောင်းဆိုးဝါးမျိုးနွယ်တွေလည်း အသက်ရှည်ပေမဲ့ သူတို့တွေက အသက်ရှည်တဲ့အသိုင်းအဝိုင်းထဲမှာ မွေးဖွားလာတာမလို့ အခုလိုကိစ္စမျိုးကို စိတ်ပူစရာ မလိုအပ်ဘူး။ နဂိုကတည်းက ဆိုးဝါးကြသူတွေဖြစ်လို့ အသက်ရှည်လွန်းလို့ရူးသွပ်သွားလည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါကတော့ လူသားတစ်ယောက်လေ။ ပုံမှန်ထက် အသက်ရှည်နေတဲ့လူတစ်ယောက်အတွက် လူ့တိုင်းပြည်မှာ နေရာမရှိဘူး။ အလားတူပဲ မကောင်းဆိုးဝါးတွေရဲ့လောကမှာလည်း နေထိုင်ဖို့ မဖြစ်နိုင်ပြန်ဘူး။”
လေဒီမာဂါရီတာက သူ့ကိုယ်သူနှစ်လောကလုံးနဲ့ မသက်ဆိုင်သူ သင်းကွဲတစ်ယောက်အဖြစ် ယူဆထားပုံပဲ။ ဒါပေမဲ့ ကျွန်မလက်မခံနိုင်သေးဘူး။ သူ့ကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ။
“ရှင်ကိုမုန်းတဲ့သူတွေရှိပေမဲ့ ရှင့်ကိုချစ်တဲ့သူတွေရှိသလို ရှင်ကလည်း သူတို့ကိုအသက်နဲ့ရင်းပြီး ဂရုစိုက်နေတာပဲ မဟုတ်လား။ ဘာကြောင့်များ ကိုယ့်နှလုံးသားကိုကိုယ် ထပ်ပြီးမယုံကြည်ပေးချင်တော့တာလဲ။”
“ထပ်ပြောနေရင်လည်းအပိုပဲ။ အနုနည်းနဲ့ပြောလို့မရရင် ဖိအားပေးရုံပဲရှိမယ်။”
လေဒီမာဂါရီတာက တယောထိုးတံနဲ့ကြိုးတွေကို စပြီးညင်သာစွာတီးခတ်လိုက်တယ်။ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ တေးဂီတသံက အခန်းထဲမှာ ပြန့်နှံလာပြီး ကျွန်မစိတ်ထင်လို့လားမသိပေမဲ့ အခန်းအပူချိန်က ရုတ်တရက် မြင့်တက်လာသလိုပဲ။
“သတိထား....” နက်ဆန်က ကျွန်မပခုံးကိုဆုပ်ကိုင်ပြီး ကြမ်းပြင်ပေါ် လှဲချလိုက်တယ်။ ကျွန်မလည်း သူ့အားကြောင့် ကြမ်းပြင်ပေါ်ကို လိုက်ပါပြုတ်ကျသွားတော့တာပေါ့။
ဝုန်း...
ဒါပေမဲ့ ကျွန်မမော့ကြည့်လိုက်တော့ နက်ဆန်နဲ့ကျွန်မ ထိုင်နေခဲ့တဲ့ထိုင်ခုံတွေက လေထဲမြောက်တက်သွားပြီး မမြင်ရတဲ့အပူလှိုင်းတချို့ကြောင့် ချက်ချင်းမီးစွဲသွားပြီး စက္ကန့်ပိုင်းအတွင်း ပြာကျသွားတော့တယ်။
တဖြည်းဖြည်းနဲ့အခန်းအပူချိန်က သည်းမခံနိုင်အောင် ပူပြင်းလာတယ်။ အခန်းထဲမှာ လေပြင်းတွေတိုက်နေပြီး ဂီတအတိုင်း စည်းချက်ညီညာစွာလှုပ်ရှားနေတဲ့ အပူလှိုင်းတွေကို ကျွန်မစပြီးမြင်လာရတယ်။ ပြီးတော့ အပူလှိုင်းတွေတိုင်းက ကျွန်မဆီကိုဦးတည်ပြီး လာနေတာ။
“မင်းငါ့ကိုမသတ်ရင် မင်းကာကွယ်ပေးနေတဲ့ ကလေးမကို ငါသတ်ရလိမ့်မယ်။” လေဒီမာဂါရီတာက အေးစက်စွာပြောလိုက်တယ်။ နက်ဆန်ကလည်း တစ္ဆေစုံတွဲဓားနှစ်လက်ကို ထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်တယ်။
“ကောင်းပြီလေ။”
ကျွန်မသူ့ကိုတားချင်ပေမဲ့ သူက သိပ်မြန်လွန်းတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လေဒီမာဂါရီတာရဲ့ရှေ့ကို ရောက်သွားပြီး ဓားတစ်လက်က သူ(မ)ရဲ့ဝမ်းဗိုက်ထဲ ထိုးဖောက်သွားတယ်။ သွေးတွေက ညစာစားခန်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲကုန်တယ်။
“ ကျေးဇူးတင်ပါတယ်...” မာဂါရီတာက ပြောလိုက်ပြီး တိုက်ခိုက်နေတာကိုရပ်လိုက်တယ်။ အဲဒီနောက်တော့ သူက ကျွန်မကိုလှည့်ကြည့်လိုက်ပြီး
“ဒီကလေးမရဲ့ကျိန်စာကိုဖြေနိုင်တာက ကွန်စတန်တီ နိုပယ် ရိုမြူလက်ချက်ကျောင်းဌာနချုပ်မှာရှိနေတဲ့ နတ်ရေစင်ပဲရှိတယ်။ အဲဒီရေစင်နဲ့... ရေချိုးသန့်စင်ရလိမ့်မယ်။”
မာဂါရီတာက ကျိန်စာကိုဖြေနိုင်မယ့်နည်းကိုပြောပြီး မောဟိုက်သွားဟန်နဲ့ အသက်ကိုလုရှုလိုက်တယ်။ အဲဒီနောက်တော့ စားပွဲဝိုင်းထိပ်က သူ့ရဲ့ခုံဆီကို ပြန်လျှောက်သွားလိုက်တယ်။ သူ့ခြေလှမ်းတွေက ယိမ်းယိုင်နေပြီး အချိန်မရွေးလဲကျသွားတော့မလိုပဲ။ ကုသမှုမခံယူရင် သူသေတော့မယ်ဆိုတာ ကျွန်မသိနေတယ်။ ဒါပေမဲ့ ဒီခေါင်းမာတဲ့ အမျိုးသမီးက ဒီလမ်းကို ကိုယ်တိုင်ရွေးချယ်ခဲ့တာ။
လေဒီမာဂါရီတာက သူခုံမှာသူပြန်ထိုင်လိုက်ပြီးနောက် ပြုံးလိုက်တယ်။ အဲဒီနောက် တယောကိုဆက်တီးပါတယ်။ ပြတင်းပေါက်ခန်းစည်းလိုက်ကာတွေက တိုက်လေနဲ့ မျောလွင့်နေပြီး သွေးစွန်းနေတဲ့မိန်းမပျိုကတော့ ဒဏ်ရာတွေကို ဂရုမစိုက်ဘဲ တေးသွားကိုသာ မချွတ်မချော်အောင် ဂရုတစိုက်နဲ့တီးခတ်လို့။
“ဒီတေးသွားအသစ်ကို ရိုစယ်လီယာသဘောကျမှာပါ။” သူက ပြောလိုက်တယ်။ ဒီမြင်ကွင်းက ဝမ်းနည်းစရာ ကောင်းသလို ကြီးကျယ်ခမ်းနားလွန်းတယ်။ ကျွန်မ သူ့ကိုကြောင်ကြည့်မိနေချိန်မှာပဲ နက်ဆန်က ကျွန်မ လက်ကိုတင်းတင်းဆွဲကိုင်ပြီး ခန်းမထဲကနေ ပြေးထွက်သွားတယ်။
“သူမသေခင် ငါတို့ဒီကနေထွက်ရမယ်။ မီးလျှံကျောင်းက အစောင့်အရှောက်တွေသိသွားတဲ့အချိန်ဆိုရင် ထွက်ပြေးဖို့ နောက်ကျသွားလိမ့်မယ်။”
...
“ဝါး... နောက်ဆုံးတော့ ဒီပန်းလေးတွေ ပွင့်လာပြီပဲ။”
ရိုစယ်လီယာက ခြံဝင်းထဲက ပန်းဥယျာဥ်မှာရှိနေပြီး ပန်းခင်းထဲက ပွင့်လန်းခါစ ခရမ်းရောင်ကျူးလစ်ပန်းတွေကို ကြည့်ရှုနေလေ့ရဲ့။
“အဖွားသာဆိုရင် ဒီပန်းတွေကို သဘောကျမှာပဲ။”
ရိုစယ်လီယာက ပန်းကိုခူးယူမယ့်အစား ဥယျာဥ်သုံး ဂေါ်ပြားနဲ့ အမြစ်ပါအပါတူးဖော်လိုက်ပြီး ပန်းအိုးလေး တစ်အိုးထဲပြောင်းစိုက်လိုက်တယ်။ အဲဒီနောက် ပန်းအိုးလေးကိုသယ်ပြီး စံအိမ်ဘက်ကို ပြန်လာခဲ့ပါတယ်။ လမ်းတစ်ဝက်မှာတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့ တယောတေးသံကို ကြားလိုက်ရပြီး သူ့မျက်လုံးတွေကိုမှိတ်ကာ နားဆင်လိုက်တယ်။
“ သီချင်းအသစ်လား... နားထောင်ဖို့ကောင်းသလို အထီးကျန်ဆန်လွန်းတယ်လို့ ခံစားရတယ်။ ဒါပေမဲ သီချင်းကောင်းလေးတစ်ပုဒ်ပဲ။”
ရိုစယ်လီယာက လေဒီမာဂါရီတာရဲ့တေးသံသစ်ကို နားဆင်ပြီးနောက် ပိုမိုတက်ကြွတဲ့ခြေလှမ်းတွေနဲ့ ခန်းမဆီကို ချီတက်လာခဲ့တယ်။
“ဒီတေးသွားရဲ့နာမည်ကို အဖွားဆီကနေ မေးရမယ်။”
ဒါပေမဲ့ သူစင်္ကြန်လမ်းပေါ် လျှောက်နေတုန်းမှာပဲ တေးသွားက တုန်းခေါ်သွားပြီး ထူးဆန်းတဲ့ဆွဲသံ တစ်ချက်နဲ့အတူ ရပ်တန့်သွားတယ်။ ရိုစယ်လီယာက စိတ်ထဲ ထူးဆန်းတယ်လို့ခံစားမိလိုက်ပေမဲ့ ဘာရယ်လို့ မသိရသေးတာကြောင့် ညစာစားခန်းတံခါးရှေ့မှာရပ်ပြီး တံခါးကိုဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ပါတယ်။
ဘုတ်...
မြေသားပန်းအိုးက ကောဇောခင်းထားတဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။ အိုးမကွဲသွားပေမဲ့ မြေကြီးတွေ ပြန့်ကျဲကုန်တာပေါ့။ ဒါပေမဲ့ ရိုစယ်လီယာက အဲဒါကို ဂရုမစိုက်အားဘဲ တဆတ်ဆတ်တုန်ယင်နေတဲ့လေသံနဲ့ ပြောလိုက်ပြီး အခန်းထဲကို ဖြည်းညှင်းစွာ လျှောက်ဝင် သွားလိုက်တယ်။
“အဖွား....”
ရိုစယ်လီယာက ခုံပေါ်မှာရှိနေတဲ့ လေဒီမာဂါရီတာကို နီရဲနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ လေဒီမာဂါရီတာက ခုံပေါ်မှာ ခပ်စောင်းစောင်းကိုယ်နေဟန်ထားနဲ့ရှိနေပြီး လက်ထဲမှာ တယောနဲ့ထိုးတံကို ကိုင်ထားတုန်းဆိုပေမဲ့ လက်နှစ်ဖက်လုံးက အားအင်ကင်းမဲ့စွာနဲ့ ကြမ်းပေါ်ကို ပြုတ်ကျနေတယ်။ သူ့မျက်လုံးတွေက ပွင့်နေဆဲဖြစ်ပြီး ရိုစယ်လီယာရှိရာအရပ်ကို စိုက်ကြည့်လို့။ ပန်းဖူးလို နှုတ်ခမ်းတွေကတော့ ပြုံးယောင်သန်းလျက်။
“....” ရိုစယ်လီယာရဲ့အသက်ရှုသံတွေက ပြင်းလာတယ်။ တစ်ခုခုပြောဖို့ကြိုးစားပေမဲ့ ဘာသံမှထွက်မလာခဲ့ဘူး။ အဲဒီအစား မျက်ရည်တွေသာစီးကျလာပြီး သူ့ပါးစပ်ကိုသူ လက်ဝါးနဲ့အုပ်ထားခဲ့တယ်။ အဲဒီနောက် အဖွားဖြစ်သူကို ခုံပေါ်ကနေချပြီး ကြမ်းပေါ်မှာ သက်သောင့်သက်သာဖြစ်အောင် လှဲပေးပြီးနောက် မျက်လုံးတွေကို ပိတ်ပေးလိုက်တယ်။ တယောကိုင်ထားတဲ့ လက်တွေကိုဖြုတ်ဖို့ကြိုးစားပေမဲ့ မရတာကြောင့် ဒီအတိုင်းပဲ တယောကိုဆုပ်ကိုင်ထားဟန် နေရာချပေးလိုက်တယ်။
စိတ်ငြိမ်သွားပြီးတဲ့နောက်တော့ ရိုစယ်လီယာက မျက်ရည်တွေကို သုတ်လိုက်တယ်။ သူ့မျက်လုံးထဲက ဝမ်းနည်းမှုတွေက ဒေါသအဖြစ်ပြောင်းလဲသွားပြီ။ သူက ပွင့်နေတဲ့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး...
“နက်ဆန် ဗင်းဆင့်... ဒီနေ့ကစပြီး ငါနင့်ကို ရေဆုံးမြေဆုံး လိုက်ရှာပြီးသတ်မယ်။”