← Chapters

ပင်လယ်မိစ္ဆာ (A)

Vol. 1 Ch. 28

ပင်လယ်မိစ္ဆာ (A)

Vol. 1 Ch. 28

မာဂါရီတာသေဆုံးပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေ ချန်ဘယ်ရီမြို့ကနေ တိတ်တဆိတ်ထွက်ခွာလာခဲ့တယ်။ တစ်ဖက်လူက ဘယ်လိုပဲ သူ့ကိုအဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ပါစေ ဒီလိုလုပ်ရပ်မျိုးက ဥပဒေနဲ့မညီသလို လုပ်သင့်တဲ့အရာတစ်ခုလည်း ဟုတ်မနေပါဘူး။

“ဆယ်ဗီ၊ ငါတို့နောက်ကို မီးလျှံကျောင်းကလူတွေ လိုက်နေပြီ။ ဖြစ်နိုင်သမျှမြန်မြန် သူတို့နယ်ထဲကနေ ထွက်ရမယ်။”

နက်ဆန်က ကျွန်မလက်ကိုဆွဲပြီး အတော်ဝေးဝေးကို ရောက်တဲ့အထိ ပြေးခဲ့တယ်။ နောက်ဆုံး အဝေးပြေး လမ်းမကြီးပေါ်ကိုရောက်မှ ရပ်လိုက်တာ။ ကျွန်မ တစ်ကိုယ်လုံး ချွေးတွေနဲ့ရွဲနေပြီ။ နက်ဆန်ကတော့ မောဟိုက်နေပုံမရ။ အဲဒီအစား သူက လူသူရှင်းနေတဲ့ အဝေးပြေးလမ်းမကြီးပေါ်က ကားတွေကိုကြည့်နေပြီး ကားတားမယ့်အမူအရာ လုပ်ပြလိုက်တယ်။

“ဟမ်... ကျွန်မတို့တွေ ကွန်စတန်တီနိုဘယ်ကို ဆက်သွားရမှာဆိုပေမဲ့ ရထားနဲ့သွားလို့ရတယ် မဟုတ်လား။ ဘာလို့ကားကြုံစီးမှာလဲ။”

ကျွန်မ နားမလည်နိုင်စွာနဲ့မေးလိုက်တော့ မော်လီက စိတ်မရှည်စွာပဲ အဖြေပေးလိုက်တယ်။ “ငါတို့က အဓိက ကျောင်းတော်တစ်ခုလက်ထဲကနေ ပြေးနေတာနော်။ ရထားလက်မှတ်ဝယ်တာလိုမျိုး ခြေရာခံရလွယ်တဲ့ အရာတစ်ခုကိုလုပ်လိုက်ရင် သူတို့တွေချက်ချင်း သိသွားလိမ့်မယ်။ ကျပန်းကားတစ်စီးပေါ်တက်ပြီး နောက်နိုင်ငံတစ်ခုကိုဆက်သွားမယ်ဆိုရင်တော့ ခြေရာခံရ နည်းနည်းပိုခက်သွားလိမ့်မယ်။”

တစ်နည်းအားဖြင့် ကျွန်မတို့ဘယ်သွားတယ်ဆိုတဲ့ ခြေရာလက်ရာမကျန်အောင် ကားကြုံစီးရမှာပေါ့။ ရထားလက်မှတ်ဝယ်မယ်ဆိုရင် ကျွန်မတို့ရဲ့ဘဏ်ကတ် သက်သေခံကတ်တွေကို ထုတ်သုံးရမှာဖြစ်ပြီးတော့ စာရင်းကျန်ခဲ့လိမ့်မယ်။ မီးလျှံကျောင်းတော်ရဲ့လူတွေ အဲဒီစာရင်းတွေကိုရယူပြီး နောက်ကလိုက်လာနိုင်ခြေ မြင့်တယ်။

မိနစ်အနည်းငယ်လောက်ကြာတော့ အနီရောင် ဘက်စ်ကားတစ်စီးထိုးရပ်လာပြီး ကျွန်မတို့အတွက် တံခါးဖွင့်ပေးပါတယ်။ ကားဆရာကြီးက ကျွန်မတို့ နှစ်ယောက်ကိုကြည့်လိုက်ပြီး သဘောပါပါပြုံးပြတယ်။

“ကလေးတို့စုံတွဲ ဘယ်သွားမလို့လဲ။”

“နိုက်စ်မြို့...”

“ကောင်းပြီလေ။ ပျော်ရွှင်စရာ ဟမ်းနီးမွန်းခရီးလေး ဖြစ်ပါစေ။”

ဘာကြောင့်မှန်းမသိ၊ ဦးလေးကြီးက ကျွန်မတို့ကို ခိုးပြေးလာတဲ့ စုံတွဲတွေလို့ထင်နေတဲ့ပုံပဲ။ ဒါပေမဲ့ တခြားဘာမှ စဥ်းစားလို့မရတော့တဲ့အတွက် ကားပေါ်တက်လိုက်တယ်။ ကားခကိုတော့ နက်ဆန်က ငွေသားနဲ့ရှင်းတာပေါ့။

ကားက လူ နှစ်ဆယ့်ကိုးယောက် ဝင်ဆန့်တဲ့ ဘက်စ်ကားအသေး ဖြစ်ပြီးတော့ ကမ်းခြေမြို့လေးနိုက်စ်ကို ဦးတည်သွားမယ့်ပုံပါပဲ။ ကားပေါ်မှာ လူတစ်ဝက်လောက်ပဲရှိနေပြီး အများစုက လူငယ်တွေပါ။

“ဟေ့လူကြီး၊ စိတ်ပျက်စရာကောင်းလိုက်တာ။ ဘာလို့ ဘယ်သူမှန်းမသိတဲ့သူတွေကို လမ်းကြုံတင်နေမှာလဲ။ ကမ်းခြေရောက်ဖို့ နောက်ကျလို့ကတော့ ခင်ဗျားကို တိုင်စာပို့မယ်။”

လည်ပင်းမှာ ပင့်ကူပုံတက်တူးထိုးထားတဲ့ လူငယ်က ကားဆရာကို လှမ်းရန်တွေ့တယ်။ အဲဒီလူငယ်နဲ့အတူ တခြားကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ရှိနေသေးပြီးတော့ ခရီးအတူတူသွားနေတဲ့ စုံတွဲနှစ်တွဲဖြစ်ပုံပါပဲ။ ကျွန်မတို့နဲ့ရွယ်တူလောက်ပဲ ရှိပါဦးမယ်။

“စိတ်ချ၊ နောက်မကျစေရဘူး ဆရာသမားရေ။” ကားသမားက ပြန်ပြောလိုက်ပြီးနောက် ဂီတာထိုးပြီး ဘက်စ်ကားကို မိုင်ကုန်စမောင်းတော့တာပဲ။

...

တဖြည်းဖြည်းညနေကစောင်းလာပြီး နေဝင်တော့မယ်။ ချန်ဘယ်ရီနဲ့နိုက်စ်မြို့က အတော်လေးဝေးတယ်လို့ ပြောရမယ်။ နိုက်စ်မြို့က ပြင်သစ်တောင်ပိုင်းကမ်းခြေမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ကမ်းခြေကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အပန်းဖြေမြို့ပါ။ ဖွန်တီနာနဲ့ဆင်ပေမဲ့ လူဦးရေတစ်သန်းလောက်ရှိတယ်။ ချန်ဘယ်ရီကနေ ဘက်စ်ကားနဲ့သွားမယ်ဆိုရင် တစ်နေ့နဲ့တစ်ညလောက် ကြာတယ်။ ဒါကြောင့်အများစုက သက်သောင့်သက်သာ ဖြစ်စေဖို့ ရထားနဲ့ခရီးသွားကြပေမဲ့ ပိုက်ဆံအများကြီး မတက်နိုင်တဲ့သူတွေကတော့ ဘက်စ်ကားနဲ့သွားတယ်။

“ကောင်းပြီိကိုယ့်လူတို့၊ ခဏနားကြမယ်ဟေ့။”

ကားဆရာက အချိန်အတော်လင့်နေပြီဖြစ်တာကို သတိထားမိတဲ့အတွက် ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ရပ်ပေးလိုက်တယ်။ ဆီလည်းဖြည့်ရင်း၊ ခရီးသည်တွေကိုလည်း အနားပေးရင်းပေါ့။ ကျွန်မလည်း ဗိုက်က အတော်ဆာနေပြီ။ ဒါကြောင့် ဓာတ်ဆီဆိုင်က စတိုးမှာ တစ်ခုခုဝယ်ဖို့ စဥ်းစားမိလိုက်ပြီး နက်ဆန်ကိုအဖော်စပ်ပေမဲ့

“ငါ မဆင်းတော့ဘူး။” လို့ပြောပြီး ခုံမှာဆက်မှိန်း နေလိုက်တယ်။ ဒီနေ့ တစ်မနက်လုံးမအိပ်ဘဲ ဆာဗွေအိမ်မှာ အလုပ်များနေတဲ့အတွက် အခုအိပ်တော့မယ့်ပုံပဲ။ ဒီအတိုင်းဆိုရင် သူ့အိပ်ချိန်လည်း ပြန်မှန်သွားမလားမသိ။

ကျွန်မအောက်ကိုဆင်းတော့ ဟိုလူငယ်အုပ်စုလည်း ပါလာတယ်။ သူတို့တွေကလည်း ကျွန်မနဲ့အကြံတူ စတိုးဆိုင်ကိုဝင်ပြီး ဘီယာပုလင်းတချို့နဲ့မုန့်တချို့ ဝယ်ပါတယ်။ ကျွန်မကတော့ အသင့်စားဘာဂါ နှစ်ခုကို ကောက်ယူကာ ပိုက်ဆံရှင်းလိုက်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာမဟုတ်ပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။

ကားဆီကိုကျွန်မပြန်လာတော့ လူငယ်အုပ်စုက ကားနဲ့ ခပ်လှမ်းလှမ်းက လမ်းမဘေးတစ်နေရာမှာရှိနေပြီး ဝိုင်းဖွဲ့စားသောက်နေပါတယ်။ သီချင်းတွေအော်ဆိုလိုက် တစ်ယောက်ကိုတစ်ယောက် ဆဲလိုက်ဆိုလိုက်နဲ့ပေါ့။ ပင့်ကူတက်တူးနဲ့လူငယ်က သူတို့ထဲမှာ ခေါင်းဆောင်လို ပြုမူနေတယ်။

“ငါအပေါ့သွားဦးမယ်ကွာ။” သူတို့အုပ်စုထဲက မျက်နှာပြားကြီးကြီးနဲ့လူငယ်က ပြောလိုက်ပြီး လမ်းမဘေးက ခြုံတွေနောက်ကို တိုးဝင်သွားတယ်။ ကျွန်မလည်း ကျွန်မကိစ္စမဟုတ်တာကြောင့် သူတို့တွေကို ဆက်ဂရုစိုက်မနေတော့ဘဲ ကားပေါ်ပြန်တက်ခဲ့တယ်။ ကားပေါ်ရောက်တော့ နက်ဆန်က အိပ်နေပြီ။

ကျွန်မလည်း သူ့ကိုနှောင့်ယှက်မနေတော့ဘဲ ဘာဂါအပိုကို သူ့ခုံဘေးတင်ပေးလိုက်ပြီး ကျွန်မ ဘာဂါကို စစားတယ်။

ကျွီ...

ရုတ်တရက် ကားပေါ်ကို အလေးတစ်ခုခုတင်လိုက်သလို အိကျသွားတဲ့အတွက် ကားတံခါးဝကိုကြည့်လိုက်တော့ လူငယ်လေးယောက် ကားပေါ်တက်နေတာ မြင်လိုက်ရတယ်။

“ သူတို့လေးယောက် ကားပေါ်ကိုတစ်ပြိုင်နက်တည်း တက်လာရင်တောင် ကားက ဒီလိုမျိုး အိကျသွားစရာ မရှိဘူးမဟုတ်လား။” ဒီလိုမျိုးတွေးလိုက်မိပေမဲ့ အရေးမကြီးတဲ့ကိစ္စမလို့ ကျွန်မ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ်။

“လူစုံပြီလား... ကိုယ့်ဘေးကလူကိုယ်ပြန်စစ်နော်။ လူစုံရင် ခရီးဆက်မယ်ဟေ့။”

ကားသမားကြီးက ပြောလိုက်တယ်။ ကျွန်မကတော့ ကားပေါ်မှာ အအေးပိုလာသလိုခံစားရတဲ့အတွက် လွယ်အိတ်ထဲက အနွေးထည်ကိုထုတ်ဝတ်လိုက်တယ်။ လူစုံမစုံစစ်ပြီးနောက်တော့ ကားဆရာက စက်နှိုးပြီး ခရီးဆက်ပါတယ်။

ကားစထွက်ပြီးတဲ့နောက် ကျွန်မပြတင်းပေါက် အပြင်ဘက်က ရှုခင်းတွေကိုကြည့်ရင်း တကယ့်ကို စိတ်လှုပ်ရှားမိတယ်။ တောင်တန်းကြီးတွေက လအလင်းရောင် ခပ်မှိန်မှိန်အောက်မှာတောင် မြင်နေရဆဲဖြစ်ပြီးတော့ တောင်ခြေမြို့တွေဆီက မီးအလင်းရောင်က မီးစုန်းတွေလိုမျိုးထင်ရတယ်။ သစ်တောသစ်ပင်တွေကလည်း ညအမှောင်ထုရဲ့ အကာအကွယ်အောက်မှာ ငြိမ်သက်နေကြပြီး တကယ့်ကို မှင်သက်စရာကောင်းတဲ့ မြင်ကွင်းပါပဲ။

ကျွန်မအဲဒီရှုခင်းတွေကို ကြည့်နေရင်းကနေပြီး တဖြည်းဖြည်းငိုက်မျဥ်းလာတယ်။ မျက်ခွံတွေလေးလံ၊ ခေါင်းကလည်း တဖြည်းဖြည်းအောက်ကို စိုက်လာတယ်။

“ဟမ်....” ရုတ်တရက် ကျွန်မတို့ကားနဲ့အတူယှဥ်ပြီး ပျံသန်းနေတဲ့အရာတစ်ခုကို မြင်လိုက်ရတယ်လို့ ခံစားမိ လိုက်တဲ့အတွက် ကျွန်မမျက်လုံးတွေ ပြန်ပွင့်လာရော။ အမျိုးသမီးတစ်ယောက်လို့ထင်ပေမဲ့ မျက်နှာတော့ မမြင်ရ။ ဖြတ်ခနဲမြင်မိသလို ခံစားမိပေမဲ့ သေချာ လိုက်ရှာကြည့်တော့ ဘာမှမတွေ့ရတော့ဘူး။

“အိပ်ချင်မူးတူးနဲ့မလို့ တကယ်မရှိတာတွေကို မြင်နေတာလား။” ကျွန်မ ရေရွတ်လိုက်ရင်း နာရီကို ကြည့်လိုက်တယ်။ ညကိုးနာရီခွဲနေပြီ။ နောက်မကျပေမဲ့ အိပ်ဖို့အချိန်တန်ပါပြီ။

ဒီလိုတွေးမိလိုက်ပြီးတဲ့နောက်တော့ မျက်လုံးကိုမှိတ် ထိုင်ခုံကိုမှီပြီး အိပ်ပျော်အောင်ကြိုးစားတယ်။ မကြာခင်မှာပဲ ကျွန်မအသိစိတ်တွေ ထုံထိုင်းလာပြီး အိပ်ပျော်သွားခဲ့တယ်ဆိုပေမဲ့...

‘လာ... လာ... လာ...’ မိန်းမတစ်ယောက်ရဲ့တေးညည်းသံလိုမျိုး ကြားရတဲ့အတွက် အိပ်ပျော်နေရာကနေ ပြန်နိုးလာပါတယ်။ နာရီကိုကြည့်လိုက်တော့ ဆယ်နာရီထိုးပြီ။ ကားပေါ်မှာ ဘယ်သူသီချင်းဆိုနေတာလဲဆိုပြီး တရားခံလိုက်ရှာပေမဲ့ မတွေ့ရပြန်ဘူး။

အိပ်ချင်စိတ်လည်း ပျောက်သွားတာနဲ့ ဖုန်းကိုထုတ်ပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ဖြစ်တယ်။ ခဏနေတော့ ကျွန်မတို့ခုံရဲ့ရှေ့ဘက် ဘယ်ဘက်ခြမ်းကနေပြီး ဆူဆူညံ့ညံ့စကားသံတွေ ထွက်လာတာကြောင့် ကျွန်မ လှမ်းကြည့်လိုက်တော့ ပင့်ကူတက်တူးနဲ့လူငယ်အဖွဲ့ ဆူညံ့ဆူညံ့နဲ့ စကားပြောနေတာဖြစ်မှန်း သိလိုက်ရတယ်။

“တကယ်ကြီး ကားဘေးနားကနေ ဖြတ်ပျံနေတာရှင့်။” သူတို့ထဲက ပြတင်းပေါက်ကပ်လျက်မှာ ထိုင်နေတဲ့ မိန်းကလေး ပြောလိုက်တယ်။ ဒါပေမဲ့ တခြားသူတွေကတော့ ယုံပုံမပေါ်ပါဘူး။

“ဘာမှမရှိပါဘူးဟ... ဟန်နီ၊ နင်ဘီယာသောက်တာ များသွားပြီး မြင်ချင်ရာလျှောက်မြင်နေတာနေမယ်။”

“မဟုတ်ဘူးနော် လူဝီ၊ အဲဲဒီသရဲမက နင်ရိုက်ချိုးလိုက်တဲ့အရုပ်နဲ့ တစ်ထေရာတည်းပဲ။”

‘သဘာဝလွန်ကိစ္စရပ်တစ်ခုခု ဖြစ်နေတာလား။’ ကျွန်မ စိတ်ထဲတွေးမိလိုက်တယ်။ ကိုယ်တိုင်လည်း ကားနဲ့ ကပ်ပါလာတယ်ထင်ရတဲ့အရာတစ်ခုကို မြင်မိသလိုရှိလို့ စိတ်ဝင်စားမိသွားပေမဲ့ သူတို့ကိုကျွန်မမသိသလို ကိုယ့်ကိစ္စလည်းမဟုတ်တာမလို့ ဝင်ပါလို့ အကောင်းမြင်ခံရချင်မှ အမြင်ခံရမှာ။

နောက်တော့ သရဲမြင်လိုက်ရတဲ့မိန်းကလေးကို တခြားသူတွေက ဝိုင်းနှစ်သိမ့်တာနဲ့ ငြိမ်ကျသွားပြီး ဆူညံ့သံတွေလည်း အဆုံးသတ်သွားတယ်။ ကျွန်မလည်း ပြန်အိပ်တော့တာပေါ့။

ဒုန်း...

သိပ်မကြာခင်မှာပဲ ကားက ရုတ်တရက်တုန်ခါသွားပြီး အရှိန်ဖြည်းဖြည်းချင်းစီလျော့သွားတယ်။ ကျွန်မလည်း လန့်နိုးလာတာပေါ့။ အချိန်ကတော့ ဆယ့်တစ်နာရီ။ ကားသမားဦးလေးကြီးက အန္တရာယ်မဖြစ်အောင် ကားကိုလမ်းဘေးချရပ်လိုက်တယ်။ ကားအင်ဂျင်စက်သံက မူမမှန်ဘူး။

“ကားစက်ပျက်သွားတာလား...” ကျွန်မတွေးမိလိုက်တယ်။ ဦးလေးကြီးကတော့ ကားပေါ်က လူတချို့ဆက်အိပ်နေသေးတာကိုတွေ့တာနဲ့ ဘာမှမပြောဘဲ ငါးမိနစ်လောက်စောင့် ကားပေါ်ကနေသာ တိတ်တဆိတ်ဆင်းသွားပြီး စက်ဖုံးကိုသွားဖွင့်တယ်။ ခဏနေတော့ အပေါ်ပြန်တက်လာရော...

“ဦးလေးကြီး၊ ဘာဖြစ်တာလဲ။” ကျွန်မလည်း အခွင့်ရတုန်း မေးလိုက်တာပေါ့။

“အင်ဂျင်မော်တာကြိုးပြတ်သွားတာ ကလေးမရေ။ အရင်လကမှလဲထားတာကို ဘယ်လိုပြတ်သွားတယ် မသိဘူး။ တစ်ယောက်ယောက်က ဓားနဲ့လှီးထားသလိုပဲ။ အနီးဆုံးမှာရှိတဲ့ ကားပြင်ဆိုင်ကိုဖုန်းဆက်ပြီး စက်ပြင် လွှတ်ပေးဖို့ပြောရမှာပဲ။”

ဒီတော့ ကားပြင်ဆရာမရောက်မချင်း ကျွန်မတို့တွေက ကားလမ်းဘေးမှာပဲ စောင့်နေရမှာပေါ့။ ကျွန်မတို့နောက် လိုက်နေတဲ့ မီးလျှံကျောင်းကလူတွေ လိုက်မီလာရင် ဘယ်လိုလုပ်မလဲ။ ကျွန်မစိုးရိမ်စိတ်တွေ ပိုကဲလာတုန်းမှာပဲ ပင့်ကူတက်တူးနဲ့လူငယ်အုပ်စုထဲက မျက်နှာပြားကြီးကြီးနဲ့ကောင်လေးက ထိုင်ခုံကနေ ထလိုက်တယ်။

“ကမ်းခြေရောက်ဖို့ နောက်ကျမယ့်အတူတူတော့ ငါအောက်ဆင်းပြီးကစ်တော့မယ်ကွာ။” သူက လက်ထဲမှာ ဘီယာပုလင်းကိုကိုင်ထားပြီး ကားပေါ်ကနေ ဆင်းတယ်။

“ရာဖဲလ် ဟေ့ကောင်၊ သောက်လဲသောက် မလွန်စေနဲ့။ တော်ကြာ ကားပေါ်ပြန်မတက်နိုင်ဖြစ်နေဦးမယ်။”

“မင်းကတော့ ကြွက်တွင်းဆိုတော့ ပြောအားရှိတာပေါ့ လူဝီရာ။”

လူငယ်က ကားပေါ်ကနေဆင်းသွားပြီး ကားလမ်းဘေး တစ်နေရာမှာ ဆောင့်ကြောင့်ထိုင်ချကာ ဘီယာပုလင်းကို ဖွင့်လိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မြင်လိုက်ရတဲ့ မြင်ကွင်းကိုကျွန်မ မယုံနိုင်ဖြစ်သွားတယ်။

အဲဒီကောင်လေးနောက်မှာ လေထုထဲမျောလွင့်နေတဲ့ အမျိုးသမီးပုံရိပ်ရှိနေပြီး အဲဒီတစ္ဆေလိုလိုအရာက ရာဖဲလ်ရဲ့နားနားကိုကပ်ပြီး ပါးစပ်ကိုဟလိုက်တယ်။

သာယာနာပျော်ဖွယ်ကောင်းတဲ့ သီချင်းသံကိုစပြီး ကျွန်မကြားရပေမဲ့ တခြားသူတွေကတော့ သတိထားမိပုံ မပေါ်ပါဘူး။ ရာဖဲလ်ကလွဲလို့ပေါ့...

“အား...” ရာဖဲလ်ဆီကနေ ငယ်သံပါအောင်အော်သံ ထွက်လာပြီး သူ့နားကိုသူ လက်တွေနဲ့ဆုပ်ကိုင်ကာ လမ်းပေါ်လဲကျသွားတယ်။ နောက်တော့ ကြမ်းပြင်မှာ လူးလွန့်နေတော့တာပဲ။ တခြားသူ့သူငယ်ချင်းတွေ ပုံမှန်မဟုတ်မှန်းသတိထားမိသွားပြီး ကားပေါ်က ဆင်းကြည့်တော့ တစ္ဆေလိုအရိပ်က ပျောက်သွားပြီ။

ကျွန်မလည်း ရပ်ကြည့်မနေနိုင်တာနဲ့ ဆင်းလိုက်ရတာပေါ့။

“ရာဖဲလ်... ရာဖဲလ်... မင်းဘာဖြစ်တာလဲ။” လူဝီက လမ်းပေါ်မှာ လူးလွန့်နေတဲ့ ရာဖဲလ်ကို လှုပ်နှိုးရင်း မေးပေမဲ့ ရာဖဲလ်က ကြားပုံမရဘူး။ ကျွန်မရောက်သွားတော့ သူ့နားနှစ်ဖက်ကနေ သွေးတွေစီးကျနေတာ မြင်လိုက်ရတယ်။

“ကျွန်မ သူနာပြုပါ။ တစ်ချက်လောက် ကြည့်လို့ရမလား။” ကျွန်မလည်း လက်ထဲ အလိုလို သိစိတ်နဲ့အိတ်ထဲကထားတဲ့ ဓာတ်မီးအသေးလေးကို ထုတ်လိုက်ပြီး သူတို့ကိုပြောလိုက်တယ်။ လူဝီက သိပ်ပြီး သဘောကျပုံမပေါ်ပေမဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ သူ့နားတစ်ဖက်ထဲ ဓာတ်မီးနဲ့ ထိုးကြည့်ပြီးတဲ့နောက် အကြောင်းအရင်းကို အတည်ပြုလိုက်နိုင်တယ်။

“နားစည်ကွဲထွက်သွားတာ။ လောလောဆယ်တော့ ဒဏ်ရာကို သန့်ရှင်းအောင်လုပ်ပြီး ပိုးမဝင်အောင် ဂရုစိုက်ရမယ်။ ကျွန်မမှာပိုးသတ်ဆေးပါလာတယ်။ အနီးစပ်ဆုံးဆေးရုံကိုသွားတာ အကောင်းဆုံးဖြစ်မယ်။”

ကျွန်မပြောလိုက်တော့ သူတို့ထဲက သရဲခြောက်ခံရတဲ့ ကောင်မလေးက ငိုသံပါပါနဲ့မေးတော့တာပဲ။ “သူ... သူနားကန်းသွားပြီလားဟင်။”

“နားစည်ပေါက်တိုင်းတော့ နားမကန်းပါဘူး။ ပိုးမဝင်အောင် ဆေးသောက်ပြီး ရက်နည်းနည်းလောက်ကြာရင် နားစည်က သူ့ဘာသာ ပြန်ကောင်းလာတတ်ပါတယ်။ အဲဒါမှမသက်သာသေးရင် ဆရာဝန်ပြပြီး ခွဲစိတ်ဖို့ လိုမလိုဆုံးဖြတ်ရမယ်။ အဲဒါကလည်း အသေးစား ခွဲစိတ်မှုလေးမလို့ စိုးရိမ်စရာမရှိပါဘူး။”

နောက်တော့ ကျွန်မတို့တွေ လူနာအသစ်ဆက်ဆက် ရာဖဲလ်ကို ကားပေါ်ပြန်ခေါ်လာကြတယ်။ လူဝီက ကျွန်မနောက်ကနေ ခပ်ခွာခွာလိုက်လာရင်းနဲ့ မေးလိုက်တယ်...

“ဆရာမ၊ သူ့နားစည်က ဘယ်လိုလုပ်ကွဲသွားတာလဲ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာပဲမဟုတ်လား။”

“နားစည်ကွဲတာက နားပိုးဝင်နေတာကို သတိမထားမိရင်လည်း ဖြစ်တတ်ပါတယ်။” ကျွန်မက တခြားဖြစ်နိုင်ခြေတစ်ခုကို ပြောလိုက်ပေမဲ့ ဟိုတစ္ဆေလို အမျိုးသမီးကို သတိရပြီးတဲ့နောက် အဲဒီလိုမဟုတ်မှန်း အလိုလိုသိနေတယ်။

လူနာကို ကူညီပေးပြီးတဲ့နောက်တော့ ကျွန်မကိုယ့်ခုံကိုယ်ပြန်ပြီး ထိုင်ချလိုက်တယ်။ နိုးနေပြီဖြစ်တဲ့နက်ဆန်က ကျွန်မကိုကြည့်နေပြီး သူလည်း အဖြစ်အပျက်အစုံကို သိပြီးပုံပါပဲ။

“ဒီတော့ ရှင်လည်းအဲဒါကြီးကို မြင်လိုက်တယ်ပေါ့။”

“အဲဒါက ပင်လယ်မိစ္ဆာဆိုင်ယန်တစ်ကောင်သေပြီး ဖြစ်လာတဲ့ ဆိုင်ယန်တစ္ဆေဖြစ်နိုင်တယ်။ ပြီးတော့ တော်တော် ဒေါသူပုန်ထနေတဲ့ပုံပဲ။ ငါတို့ကူညီချင်ရင်တောင် အဲဒီလူတွေဘာလုပ်ခဲ့လဲ သိရမှဖြစ်မယ်။ ဆိုင်ယန်လို ဒဏ္ဍာရီလာသတ္တဝါမျိုးကို ဒေါသထွက်အောင် သူတို့ ဘာလုပ်ခဲ့လဲဆိုတာ မသိရဘဲနဲ့တော့ မကူညီပေးနိုင်ဘူး။”

All Chapters