ပင်လယ်မိစ္ဆာ (B)
Vol. 1 Ch. 29
ဆိုင်ယန်တွေဆိုတာက ငှက်တစ်ပိုင်းလူတစ်ပိုင်း ဒဏ္ဍာရီလာသတ္တဝါတွေပါ။ ဂရိတွေက ဒီသတ္တဝါတွေ အကြောင်းကို အရင်ဆုံးသိခဲ့ကြသူတွေဖြစ်ပြီး မြေထဲပင်လယ်အတွင်း ရွက်လွှင့်သွားလာနေတဲ့ သင်္ဘောသားတွေကို တေးသံနဲ့ညို့ယူပြီး ဖမ်းစီးစားသောက်တဲ့ သတ္တဝါတွေအဖြစ် သိရှိကြပါတယ်။
ဒဏ္ဍာရီတချို့ရဲ့အဆိုအရတော့ နဂိုက သူတို့တွေဟာ နွေဦးနတ်ဘုရားမပါဆက်ဖုန်းရဲ့အခြွေအရံ ဖြစ်ခဲ့ဖူးသူတွေပါ။ မြေအောက်ကမ္ဘာနတ်ဘုရား ဟေးဒီးစ်က ပါဆက်ဖုန်းကို အလိုမတူဘဲ ခိုးပြေးသွားပြီးတဲ့နောက်တော့ မိခင်ဖြစ်သူ စိုက်ပျိုးရေး နတ်ဘုရားမ ဒီမီတာက သူတို့ကိုအပြစ်ပေးတဲ့အနေနဲ့ ငှက်တစ်ပိုင်းလူတစ်ပိုင်းဖြစ်အောင် ဖန်ဆင်းလိုက်သတဲ့။
ဆိုင်ယန်တွေရဲ့ရုပ်ရည်ကိုပြောရမယ်ဆိုရင်တော့ ခြေတွေလက်တွေက ငှက်မွှေးငှက်တောင်တွေ အတိုင်းဖြစ်နေပြီး မျက်နှာတစ်ခုပဲ လူသားမျက်နှာ ရှိတာပါ။ သူတို့ရဲ့တေးသံက ညို့ယူဖမ်းစားနိုင်စွမ်း ရှိနေပြီး သင်္ဘောသားတွေကို မိန်းမောသွားစေနိုင်တယ်။
ဒါပေါ့၊ ဒီအကြောင်းတွေကို ကျွန်မဘာသာ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ခါတိုင်းလိုပဲ နက်ဆန်ရဲ့အရိပ်ထဲမှာ ပုန်းနေတဲ့ အိမ်စေအစ်မကြီးက ရှင်းပြနေတာ။
“ဒီတော့ အဲဒီလိုသတ္တဝါတစ်ကောင်က သေပြီး သရဲဖြစ်နေတာပေါ့။ သူ့ကိုထင်ထင်ရှားရှား မမြင်ရလို့ ငှက်တစ်ပိုင်းလူတစ်ပိုင်းဖြစ်နေမှန်း သတိမထားမိလိုက်ဘူး။”
ကျွန်မ နှုတ်ခမ်းပေါ်ကို လက်ညိုးတစ်ချောင်းတင်ပြီး ပြန်စဥ်းစားလိုက်တယ်။ နက်ဆန်ကတော့ လည်ချောင်း ရှင်းလိုက်ပြီး...
“ လူတိုင်းသိတဲ့ ဒဏ္ဍာရီတွေနဲ့မတူတာက ဆိုင်ယန်တွေတိုင်း ဆိုးသွမ်းနေတာတော့မဟုတ်ဘူး။ သူတို့လည်း ငါတို့လူသားတွေလိုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် လှုပ်ရှားသွားလာနေတဲ့ သတ္တဝါတွေလေ။ များသောအားဖြင့် ငါးဖမ်းစားသောက်ကြပြီး သွေးစုပ်ဖုတ်ကောင်တွေနဲ့အသားစာဖုတ်တွေလို လူ့အသွေးအသားကို မဖြစ်မနေစားသောက်ဖို့ လိုအပ်တာမျိုးမဟုတ်ဘူး။ တချို့ဆိုင်ယန်တွေက လူ့အသားကိုခုံမင်ပြီး တေးသီသံနဲ့ဖြားယောင်းပေမဲ့ ကိစ္စအများစုမှာတော့ လူသားတွေက ဆိုင်ယန်သီချင်းသံကို နားထောင်ရင်း အစာရေဆာ စားသောက်ဖို့ အသိမရှိတော့တဲ့အထိ မိန်းမောပြီး သေတာပဲ။”
ဘယ်လိုပဲဖြစ်ဖြစ် အန္တရာယ်များတဲ့ သတ္တဝါတော့ ဖြစ်နေတုန်းပဲ။ ပြီးတော့ အခုဆိုင်ယန်သရဲက ပုံမှန်အတိုင်း ပြုမူလှုပ်ရှားနေပုံမရဘူး။
“ဒါပေမဲ့ အခုဆိုင်ယန်ကကျ ဒီအုပ်စုကို စားဖို့ထက် တမင်သက်သက် ဒုက္ခပေးဖို့ ကြံစည်နေသလိုပဲ။”
ကျွန်မက ပြောလိုက်တော့ မော်လီဆီကနေ ရယ်သံ သဲ့သဲ့ထွက်လာတယ်။ “ဒါကြောင့်မလို့ သခင်က ဒေါသူပုန်ထနေတဲ့ ဆိုင်ယန်သရဲလို့ပြောတာ။ သေချာပေါက် အကြောင်းမရှိဘဲနဲ့တော့ အဲဒီသရဲက ခုလိုလုပ်နေမှာမဟုတ်ဘူး။”
လာ...လာ..လာ...
ကျွန်မတို့တွေ ဆွေးနွေးနေကြချိန်မှာပဲ နောက်တစ်ခါ မိန်းမတစ်ယောက်ရဲ့တေးညည်းသံကို ကြားရတယ်။ ကားပေါ်က တခြားသူတွေက သတိထားမိပုံမပေါ်ပေမဲ့ ကျွန်မ၊ မော်လီနဲ့ နက်ဆန်ကတော့ သတိထားမိနေတယ်။
“ပြီးတော့ ဒီသရဲက အလွန်အမင်းရန်လိုနေတာတောင်မှ ကားပေါ်ကလူတိုင်းကို ပစ်မှတ်မထားဘဲ။ အဲဒီအုပ်စုကိုပဲ ပစ်မှတ်ထားနေတာ ထူးဆန်းတယ်မထင်ဘူးလား။”
မော်လီက ပြောလိုက်တယ်။ ဆိုင်ယန်သရဲသာ အလိုရှိရင် ကားပေါ်ကလူတိုင်းကို ညို့ယူပြီးတစ်ခုခုလုပ်ပစ်လို့ ရနိုင်တယ်။ ဒါပေမဲ့ အခုလိုလုပ်တာမျိုးမရှိဘူး။
ရုတ်တရက်လေးယောက်အုပ်စုထဲက ကောင်မလေး တစ်ယောက်က ထိုင်နေရာကနေ ထလိုက်တယ်။ သူ့မျက်လုံးတွေက အသေအတိုင်းဖြစ်နေပြီး မျက်တောင်တောင် မခတ်ဘူး။
“ဟန်နီ၊ ဘယ်သွားမလို့လဲ။” ပင့်ကူတက်တူးနဲ့ လူဝီဆိုတဲ့ ကောင်လေးက မေးလိုက်ပေမဲ့ ဟန်နီက ပြန်မဖြေဘူး။ အဲဒီအစား လူဝီကိုစိန်းစိန်းဝါးဝါးစိုက်ကြည့်ပြီး လက်နှစ်ဖက်ကိုဆန့်ထုတ် လည်ပင်းကိုညှစ်ဖို့ လုပ်တော့တာပဲ။
“ဟန်နီ... နင်ဘာလုပ်တာလဲ။” ဘေးက ကောင်မလေးက ဝင်ကူဆွဲပေမဲ့ ဟန်နီရဲ့လက်တွေက ပြုတ်တူကြီးတွေလို လူဝီရဲ့လည်ပင်းကို တင်းတင်းဆုပ်ကိုင်ထားပြီး လူဝီဆီကနေ တအစ်အစ်ညည်းသံထွက်လာတယ်။ သူက ယောက်ျားတစ်ယောက်ဖြစ်တာတောင်မှ ရုန်းထွက်လို့ မရဘူးဖြစ်နေတယ်။
ဝှစ်...
နက်ဆန်က ခုံကနေထလိုက်ပြီး ဟန်နီနောက်ကို ချက်ချင်းရောက်သွားတယ်။ အဲဒီနောက်တော့ ဟန်နီရဲ့ဇက်ကို လက်ဝါးစောင်းနဲ့ရိုက်ချလိုက်ပြီး သတိမေ့အောင်လုပ်လိုက်တယ်။ မိန်းကလေးကို ထိခိုက်မသွားအောင် ခုံပေါ်ကို အသာအယာပြန်တင်ပေး ပြီးတဲ့နောက်တော့ နက်ဆန်က သူ့ရဲ့ထွင်းဖောက်မြင်နိုင်စွမ်းရှိတဲ့ အပြာရောင်မျက်လုံးတွေနဲ့ ပင့်ကူတက်တူးနဲ့လူငယ် လူဝီကိုကြည့်ပြီး မေးလိုက်တယ်။
“သူ့ဘာသာနေတဲ့ ဆိုင်ယန်တစ်ကောင်ကို ဒီလောက် ဒေါသထွက်အောင် မင်းတို့ဘာလုပ်ခဲ့တာလဲ။”
သူက တိုက်ရိုက်ပြောလိုက်ပေမဲ့ တက်တူးနဲ့လူငယ်က သူ့လည်ပင်းကို နာနာကျင်ကျင်နဲ့ဆုပ်ကိုင်ထားရင်း ဒေါနဲ့မောနဲ့ပြန်ဖြေပါတယ်။
“မင်းက ဘယ်သူလဲ။ ဘာလို့မဆိုင်တာတွေ လာပြော နေတာလဲ။”
အခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်နေပြီဖြစ်လို့ ကားပေါ်က တခြားခရီးသည်တွေလည်း နိုးလာပြီ။ ဒါကြောင့် နက်ဆန်ကလည်း သူတို့ကိုပြောလိုက်တယ်။
“အောက်ကိုဆင်းပြီး အေးအေးဆေးဆေးပြောရအောင်။”
ဒီလိုနဲ့ကျွန်မလည်း ကားပေါ်ကနေလိုက် ဆင်းလာတယ်။ အောက်ကို ရောက်ရောက်ချင်းမှာပဲ နက်ဆန်က သူတို့ကို တည့်တိုးပဲပြောလိုက်တယ်။
“တစ်ယောက် ဒဏ်ရာရသွားပြီး တစ်ယောက်စိတ်ညို့ ခံလိုက်ရတယ်။ မင်းလည်း သေမလိုဖြစ်သွားတယ်။ ဒါကို ပုံမှန်ပဲလို့ မင်းတွေးနေတာလား။ အဲဒီအရာက မင်းတို့နောက်ကို လိုက်လာတယ်။”
အဲဒီအရာဆိုတာကိုကြားတော့ ဟန်နီနဲ့အတူပါလာတဲ့ တခြားကောင်မလေးက ကြောက်လွန်းလို့တုန်သွားပြီး ပြောလိုက်တယ်။
“ဒါ... ဒါဆိုရင် ဟန်နီပြောတဲ့ လေပေါ်ပျံနေတဲ့ သရဲမဆိုတာ တကယ်ရှိတာလား။”
“ တွေ့ကရာလူတစ်ယောက် ပြောတဲ့ကိစ္စကို မယုံစမ်းပါနဲ့ မာရီရာ။ ဒီကောင်က ပိုက်ဆံလိုချင်လို့ ဆရာဂိုက်ဖမ်းတဲ့ သဘာလွန်ပညာရှင်ယောင်ယောင် ဘာယောင်ယောင်ပဲ နေမှာ။”
လူးဝစ်က ပြောလိုက်တယ်။ ဒါပေမဲ့ မာရီကတော့ ကားပေါ်မှာကျန်နေရစ်တဲ့ နားစည်ကွဲထားတဲ့ ရာဖဲလ်နဲ့ သတိမေ့နေတဲ့ ဟန်နီကိုကြည့်ပြီး ခေါင်းကိုတွင်တွင် ခါယမ်းနေပါတယ်။
“ဟုတ်ဟုတ်မဟုတ်ဟုတ် သူ့ကိုပြောလိုက်တာ ကောင်းမယ်ထင်တယ်။ ဒီအခြေအနေက လုံးဝ ပုံမှန်မဟုတ်ဘူးနော် လူးဝစ်။”
လူးဝစ်ကတော့ တင်းခံနေတုန်းပဲ။ နက်ဆန်ကတော့ စိတ်မရှည်တော့တာနဲ့ သူ့လက်ကို ဂျာကင်ထဲနှိုက်လိုက်ပြီး ပြန်ထုတ်တော့ လက်ထဲမှာ အပြာရောင်မီးတောက် တောက်လောင်နေတဲ့ ရှေးမီးအိမ်ပါလာတယ်။
“မင်းက သဘာဝလွန်အရာတွေကို မမြင်နိုင်ဘူးဆိုတော့ မြင်အောင်ပြပေးရတာပေါ့။”
တစ္ဆေမီးအိမ်ရဲ့အလင်းရောင်က ကျွန်မတို့ရပ်နေတဲ့ ဘက်စ်ကားအနီးအနားကို ပြန့်နှံသွားတယ်။ နက်ဆန်နဲ့ ရှိနေတာ အချိန်နည်းနည်းကြာပြီးနောက် ကမ္ဘာပေါ်မှာရှိတဲ့ လူနည်းစုကသာ တစ္ဆေသရဲလို ရုပ်ခန္ဓာမဲ့ သဘာဝလွန်အရာတွေကို မြင်နိုင်စွမ်းရှိတယ်ဆိုတာ သိပြီးသွားပြီ။ တစ္ဆေမီးအိမ်ကတော့ သက်ရောက်မှု အကွာအဝေးအတွင်းရှိနေရင် သဘာဝလွန်အရာတွေကို လူတိုင်းမြင်အောင်လုပ်ပေးနိုင်ပြီး စွမ်းအားနဲ့ဖုံးကွယ်ထားတဲ့အရာတွေကိုပါ ဖော်ထုတ်ပေးနိုင်တာမလို့ မြင်နိုင်သူတွေအတွက်ပါ အထောက်အကူဖြစ်တယ်။
နက်ဆန်က နှစ်ချို့သစ်ပင်ကြီးတစ်ပင်ကို ကြည့်လိုက်တယ်။ ကျွန်မနဲ့တခြားသူတွေလည်း လိုက်ကြည့်လိုက်တော့...
“အောင်မလေး...” မာရီက မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဖင်ထိုင်လျက်လဲကျသွားတယ်။
မိန်းမတစ်ယောက်ရဲ့မျက်နှာရှိပေမဲ့ ခြေတွေလက်တွေ ငှက်မွှေးငှက်တောင်တွေနဲ့ပြည့်နေတဲ့ အကောင်ကြီး တစ်ကောင်က သစ်ကိုင်းပေါ်မှာနားနေပြီး လူဝီကို အငြိုးတကြီးမျက်လုံးတွေနဲ့ကြည့်နေပါတယ်။ ဒါပေမဲ့ သူ့ကို သတိထားမိမှန်းသိတော့ အတောင်တွေကိုခတ်ပြီး အဝေးတစ်ရာကို ပျံသန်းထွက်ခွာသွားတယ်။
“ထပ်မေးမယ်၊ မင်းတို့ဘာလုပ်ခဲ့တာလဲ။ ဒီတစ်ခါမှမဖြေရင်တော့ မင်းတို့အုပ်စုကို ဂရုမစိုက်ဘဲ ပစ်ထားခဲ့မယ်။”
“ဟုတ်ကဲ့၊ ကျွန်မတို့ ပြောပြပါ့မယ်။” လူးဝစ်က နှုတ်ဆိတ်နေခဲ့ပေမဲ့ မာရာကတော့ ထုတ်ဖော်ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
...
“ကျွန်မတို့တွေက တက္ကသိုလ်နှစ်ဝက်အပြီး နှစ်လပိတ်တုန်း ခရီးအတူထွက်နေတဲ့ တက္ကသိုလ် ကျောင်းသားတွေပါ။ ဟန်နီ၊ လူဝီနဲ့ရာဖဲလ်က စက်မှုအင်ဂျင်နီယာကျောင်းသားတွေပါ။ ကျွန်မကတော့ ကွန်ပျူတာသိပ္ပံကမလို့ မေဂျာမတူပေမဲ့ ဟန်နီနဲ့က ငယ်သူငယ်ချင်းတွေမလို့ နှစ်တွဲပြိုင်ဒိတ်တဲ့အနေနဲ့ လိုက်လာတာ။”
မာရီက ဖြစ်ကြောင်းကုန်စင်ကို စပြီးရှင်းပြတယ်။ သူရှင်းပြတဲ့အထဲက အရေးမပါတဲ့အကြောင်းတွေကို အကျဥ်းပြောရရင်တော့ ဟန်နီနဲ့လူဝီက အတွဲအစစ်တွေဆိုပေမဲ့ ရာဖဲလ်က ရည်းစားမရှိတဲ့သူပါ။ လူဝီက ရာဖဲလ်ကို ရည်းစားရအောင်ကူညီပေးချင်တဲ့အတွက် ဒီခရီးမှာ မာရီကိုပါဖိတ်ပြီး နှစ်တွဲပြိုင်ဒိတ်စေခဲ့တာ။
သူတို့အတွက်ခရီးက ဓာတ်ဆီဆိုင်မှာ ခဏမနားခင်အထိ အားလုံးအဆင်ပြေပြေပါပဲ။
“ငါအပေါ့သွားဦးမယ်ကွာ။” အဲဒီတုန်းက ရာဖဲလ် ခြုံထဲ တိုးဝင်သွားတာကို ကျွန်မလည်းမြင်လိုက်တယ်။ မာရီ့အဆိုအရတော့ အဲဒီခြုံတွေနောက်မှာ မာဘယ်ကျောက်နဲ့ထွင်းထားတဲ့ ငှက်တစ်ပိုင်းလူတစ်ပိုင်း ရုပ်ထုငယ်တစ်ခုရှိနေပြီး ရာဖဲလ်က မူးမူးနဲ့ အဲဒီရုပ်ထုကို ငေါ့ပန်းပန်းခဲ့တာတဲ့။
“နောက်တော့ ရုပ်ထုဆီကနေ သဘာဝမကျစွာနဲ့ စူးစူးရှရှအသံကျယ်ကြီးထွက်လာပါလေရော။” မာရီက သူ့စကားကိုရပ်လိုက်ရင်း လူဝီကိုကြည့်လိုက်တယ်။
“နောက်တော့ ဘာဆက်ဖြစ်လဲ။” နက်ဆန်က စိတ်မရှည်ဘဲ ဆက်ပြောဖို့တိုက်တွန်းတယ်။
“လူဝီက အဲဒီအရုပ်ကို နားညီးတယ်ဆိုပြီး လမ်းဘေးကျောက်တုံးတစ်တုံးကိုကောက် ရိုက်ခွဲပစ်လိုက်တယ်လေ။”
‘တစ်နည်းအားဖြင့် ဒီအုပ်စုက လမ်းဘေးမှာရှိတဲ့ ရှေးဟောင်းဆိုင်ယန်ရုပ်ထုကို ရွှေရည်နဲ့ပန်းတဲ့အပြင် ရိုက်ပါခွဲခဲ့သေးတာပေါ့။ အခုတော့ ရုပ်ထုရဲ့ပိုင်ရှင် ဆိုင်ယန်သရဲက သူတို့ကိုလက်စားချေဖို့ လိုက်ရှာနေပြီ။’ ကျွန်မ ကောက်ချက်ချလိုက်တယ်။
“ဆိုင်ယန်အရုပ်က မင်းတို့အတွက် တန်ဖိုးမရှိပေမဲ့ အဲဒီသရဲအတွက်တော့ အရေးကြီးနိုင်တယ်။ သူ့အစွဲရှိနေတဲ့ အရာတောင်မှဖြစ်နိုင်သေးတယ်။”
နက်ဆန်က ရှင်းပြလိုက်တယ်။ လူဝစ်က အခုချိန်ထိ တင်းခံနေသေးပေမဲ့ မာရီကတော့ နက်ဆန်ကို ပစ်ယုံလိုက်ပြီ။
“ဒါဖြင့် သူအငြိုးထားခံရတာကနေ ဘယ်လိုလွတ်အောင် လုပ်ရမလဲ။”
“ဒီဆိုင်ယန်က မကောင်းတဲ့ဝိညာဥ်စစ်စစ်ဆိုရင် အကြမ်းနည်းသုံးပြီးဖြေရှင်းဖို့ ငါဝန်လေးမှာမဟုတ်ပေမဲ့ ရန်စတာက မင်းတို့ဖြစ်နေပြီး သူ့မှာလက်စားချေဖို့ အကြောင်းပြချက်ခိုင်လုံနေတယ်။ ဒီတော့ မင်းတို့သူ့ကို တောင်းပန်နိုင်ဖို့အတွက် အခွင့်အရေးပေးရမှာပဲ။”
နက်ဆန်ဆီကနေ ပုံမှန်ကြားနေကျမဟုတ်တဲ့ အဖြေကို ကျွန်မကြားလိုက်ရတယ်။ ဒီတော့ ဒီလူက တံစဥ်ကြီး တရမ်းရမ်းနဲ့တွေ့သမျှသရဲတစ္ဆေတွေကို လိုက်ခုတ်နေတဲ့ အရူးကောင်မဟုတ်ဘူးပဲ။
အဲဒီနောက်တော့ အစီအစဥ်က ဒီလိုဆက်သွားတယ်။ နက်ဆန်ရှိနေရင် သူ့အရှိန်အဝါကြောင့် ဆိုင်ယန်သရဲမက ပြန်လာမှာမဟုတ်တာနဲ့ နက်ဆန်က လမ်းမအတိုင်း လျှောက်ပြီး အဝေးတစ်နေရာမှာသွားနေတယ်။ မော်လီကတော့ ကျွန်မနဲ့အတူကျန်နေခဲ့ပြီး တိတိကျကျပြောရရင်တော့ ကျွန်မအရိပ်ထဲမှာ
“နင့်အရိပ်က တော်တော်သေးတာပဲ။ သခင့်အရိပ်က ငါ့အပြင်နောက်ထပ် တစ္ဆေတစ်ရာလောက်ကို ထည့်ထားလို့ရတဲ့အထိကြီးတယ်။”
ဘက်စ်ကားရပ်ထားတဲ့ လမ်းမီးတိုင်အောက်မှာ ကျွန်မအရိပ်ကိုငုံကြည့်လိုက်တော့ ကျွန်မအရိပ်က ကျွန်မပုံစံမဟုတ်တော့ဘူး။ အဲဒီအစား အိမ်စေဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ပုံစံဖြစ်နေတယ်။ ပြီးတော့ ကျွန်မတစ်ကိုယ်လုံး မောပန်းနွမ်းနယ်နေသလိုမျိုး ခံစားရတယ်။
“ရှင်က... တော်တော်လေးတာပဲ...”
“ဖုတ်ကောင်ဘုရင်မ ဝင်စီးတာကို သက်သောင့်သက်သာ ခံနိုင်တဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်ကလေးမ။ ငါဝင်တာနဲ့ နင်မသေသွားတာကိုပဲ ကျေးဇူးတင်။”
ဒီတော့ စွမ်းအားကြီးသဘာဝလွန်အရာတွေ ကိုယ့်ကို ဝင်စီးရင် သေနိုင်တဲ့ဖြစ်နိုင်ခြေရှိတယ်ပေါ့။ နောက်ဆို မှတ်ထားရမယ်။
“လာပြီ...” ကျွန်မ မသိစိတ်ရဲ့နှိုးဆော်မှုကြောင့် လွှတ်ခနဲ ပြောထွက်သွားတယ်။ ဆိုင်ယန်က ကောင်းကင်ပေါ်ကနေ ပျံသန်းဆင်းသက်လာပြီး တေးစသီတယ်။
လာ... လာ... လာ...
ရုတ်တရက် ကျွန်မအနားမှာရှိနေတဲ့ မာရီရဲ့မျက်လုံးတွေ အသေအတိုင်းထပ်ဖြစ်သွားပြီး ဒီတစ်ခါတော့ လမ်းဘေးက ကျောက်ခဲတစ်ခဲကို ကောက်လိုက်တယ်။ အဲဒီနောက်တော့ မာရီက တစ်ဖက်မှာရှိနေတဲ့ လူဝီကိုကြည့်လိုက်ပြီး ဒေါနဲ့မောနဲ့ပြေးသွားတယ်။ လူဝီလည်း ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ပြင်ထားရတာပေါ့။ မဟုတ်ရင် သူခွဲခဲ့တဲ့ရုပ်ထုလို ဖြစ်သွားမှာလေ။
“အချိန်ကျပြီ။” မော်လီက ဘယ်သူမှမထိခိုက်သေးခင်မှာပဲ ကျွန်မအရိပ်ထဲကနေ ခုန်ထွက်လိုက်တယ်။ သူ့လက်ထဲမှာ ကြိုးတပ်တံစဥ်ကို ကိုင်ထားပြီး တံစဥ်သွားနဲ့ဆန့်ကျင်ဘက်အဆုံးမှာရှိနေတဲ့ အလေးတုံးနဲ့ ဆိုင်ယန်ကိုပစ်လ်ုက်တယ်။ အလေးတုံးက ဆိုင်ယန်ရဲ့ခန္ဓာကိုယ်ကိုကွေ့ပတ်သွားပြီး သံကြိုးတွေက ခန္ဓာကိုယ်ကို ချည်မိပြီးသားဖြစ်သွားတယ်။ နောက်တော့ မော်လီက လေထုထဲကဆိုင်ယန်ကို မြေပြင်ပေါ် အသာလေး ဆွဲချလိုက်ပါတော့တယ်။
“အခုတော့ နစ်နာသူကိုမိပြီဆိုတော့ နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ရပြီလို့ ဆိုရမယ်။” မော်လီက ဆိုင်ယန် ထွက်ပြေးလို့မရအောင် သံကြိုးကို တင်းတင်းဆွဲထားရင်း ပြောလိုက်တယ်။