မသေခြင်းကျိန်စာ (D)
Vol. 1 Ch. 26
တယောတစ်လက်ကိုသယ်ဆောင်ပြီး ခြေဦးတည့်ရာ ခရီးသွားရင်း ကျွန်မရဲ့နေ့ရက်အများစုကို ကုန်လွန်ခဲ့ဖူးတယ်။ ရောက်လေရာမြို့တိုင်းမှာ ခြေသလုံးအိမ်တိုင် ဂီတဖျော်ဖြေသူအဖြစ်နေခဲ့ပြီး လူသားတွေရဲ့ဘဝကို ပြင်ပက လူတစ်ယောက်အနေနဲ့ ကြည့်ဖြစ်ခဲ့တယ်။
လူသားတွေတည်ဆောက်ခဲ့တဲ့ လှပခမ်းနားပါတယ်ဆိုတဲ့ ဒီကိုအနုပညာလက်ရာတွေ စစ်ပွဲတွေကြောင့် ပြာပုံအဖြစ် ပြောင်းလဲသွားတာ မြင်ခဲ့ရတယ်။ လူသားတွေရဲ့အတ္တနဲ့ ရူးမိုက်မှုက သူတို့ကိုယ်တိုင်ရဲ့အိပ်မက်ဆိုးကို ဖြစ်တည်စေတာ မြင်ခဲ့ရတယ်။ လူသားတွေရဲ့နည်းပညာက လူသားတွေကို ပြတ်သတ်ဖို့ ဖြစ်လာတာ ကြုံခဲ့ရတယ်။
ကောင်းကင်မှာ လေယာဥ်တွေ၊ မြေပြင်မှာ သံချပ်ကာ တင့်ကားတွေ။ လေထုထဲမှာ အဆိပ်ငွေ့တွေနဲ့ အပုံလိုက် စုပြုံနေတဲ့ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေ။
ပါရီမြို့ကြီး ရန်သူတော်ကြီးအောက်ကျသွားတဲ့ မြင်ကွင်းကို ကျွန်မမြင်ဖူးခဲ့တယ်။ အန္တရာယ်သိပ်များလာလို့ မြေအောက်ရထားလမ်းနဲ့ စပိန်ကိုကူးပြီး စပိန်မှာဂီတဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တယ်။ ဘာစီလိုနာမြို့လေးမှာ နှစ်အတော်ကြာအောင် နေခဲ့ဖူးတယ်။
အသက်ရှည်ရတာတဲ့ ကောင်းတဲ့အချက်တစ်ခုက ကိုယ်ကြိုက်တဲ့အရာတစ်ခုအပေါ် ဘာမှစိုးရိမ်စရာ မလိုအပ်ဘဲ အာရုံစိုက်ထားနိုင်တာပါပဲ။ ဆိုးတဲ့အချက်က အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် လူသားလို မခံစားရတော့တာပါပဲ။
အရင်က ကျွန်မကို ပျော်ရွှင်စေတဲ့အရာတွေက ပျင်းရိဖွယ် ကောင်းလာတယ်။ ပတ်ဝန်းကျင်က အရာတွေနဲ့ လူသားတွေအားလုံးက ကျွန်မနဲ့မသက်ဆိုင်တဲ့ အရာတွေအဖြစ် စပြီးခံစားလာရတယ်။ ဘယ်တော့မှမသေဆုံးနိုင်တဲ့ ကျွန်မဟာ လောကပြင်ပက တည်ရှိမှုတစ်ခုလို ဖြစ်လာတယ်။
မိတ်ဆွေတွေရှိခဲ့ဖူးတယ်။ မိသားစုဝင်တစ်ယောက်လို ခင်မင်ရတဲ့လူတွေရော။ ဒါပေမဲ့ သူတို့အားလုံးက ကျွန်မကို ချန်ပြီးထွက်သွားမယ့်သူတွေဆိုတာ သိနေတော့ သူတို့ကို သံယောဇဥ်မတွယ်မိသွားခင်မှာပဲ သူတို့ဆီကနေ ထွက်ခွာလာဖြစ်တယ်။
...
“ အဆွေတော်တို့၊ သင်တို့အတွက် ဒီအချိန်ကျရောက်လာပါပြီ။ ဒီအောင်မြင်မှုကြီးဟာ လူတန်းစားတစ်ရပ်၊ ပါတီတစ်ရပ်တည်းရဲ့အောင်မြင်မှု မဟုတ်ပေဘူး။ ဂရိတ်ဗြိတိန်တစ်နိုင်ငံလုံးရဲ့အောင်မြင်မှု ဖြစ်ပေတယ်။”
၁၉၄၅ ခုနစ်။ ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့နေ့။
ကျွန်မ ဆာဗွေမြို့ကို ပြန်ရောက်နေခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်က အမေရိကန်တွေ ဗုံးကျဲခဲ့တာကြောင့် မြို့နေ လူထုသုံးထောင်လောက် သေဆုံးခဲ့ပြီး မြို့က ပြန်လည် တည်ဆောက်နေဆဲပဲ ရှိပါသေးတယ်။
စစ်အပြီးမှာကျန်ရစ်နေတဲ့ စီးပွားပျက်ကပ်ကြောင့် မြို့နေလူထုလည်း ငတ်မွတ်နေချိန်ပေါ့။ ဆာဗွေအိမ်နဲ့ မီးလျှံကျောင်းတော်ကလည်း ခက်ခက်ခဲခဲရှင်သန်ခဲ့ပေမဲ့ လဲမကျသွားရုံပါပဲ။
ခါတိုင်းလိုပဲ မြို့ရဲ့ပျက်စီးနေတဲ့ လမ်းမတစ်နေရာမှာ ကျွန်မရပ်ခဲ့ပြီး တယောကို ဖြည်းညှင်းစွာစတင်တီးခတ်ခဲ့မိတယ်။ လူသားသမိုင်းမှာ အဆိုးဝါးဆုံးစစ်ဘေးဒဏ်ကို တောင့်ခံနိုင်ခဲ့တဲ့ ဒီမြို့လေးက ကျွန်မရဲ့ဂီတနဲ့ချီးမြှောက်ခံဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ထင်မထားခဲ့တာ...
“ ကျေးဇူးပြုပြီးတော့... ကျွန်တော့်ကို တယောထိုးနည်း သင်ပေးနိုင်မလား။”
ကျွန်မရှေ့မှာ တခြားမြို့သားတွေလိုပဲ စုတ်စုတ်ပြတ်ပြတ် ဝတ်စားထားတဲ့ ဆယ်ကျော်သက် ဒူးထောက်ချလိုက်ပြီး ကျွန်မဆီကနေ ဂီတပညာသင်ယူဖို့ တောင်းဆိုလာခဲ့တယ်။
“ငတ်မွတ်နေချိန်မှာ ဒီတေးသွားတွေက မင်းရဲ့ဝမ်းဗိုက်ကို ဖြည့်ပေးနိုင်ချင်မှ ဖြည့်ပေးနိုင်မှာနော် ကောင်လေး။”
“ပထမဆုံးအကြိမ် အစ်မရဲ့ဂီတသံကို ကြားပြီးတည်းက နားထဲကနေမထွက်ဖြစ်နေခဲ့တာ။ အစ်မရဲ့ဂီတကို နားထောင်တိုင်း ဝမ်းနည်းမှုတွေနဲ့ဆာလောင်မှုတွေကို ကျွန်တော်မေ့သွားတယ်။ ဒီအရာကသာ လူသားတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်မယ်ဆိုရင် အငတ်ခံပြီး လေ့လာရဖို့ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်။”
ဒီကောင်လေးက တကယ့်ကို တက်ကြွနေခဲ့တာ။ သူ့ရဲ့ပုံစံကိုမြင်တော့ ဖလောရင့်ကို ပထမဆုံးအကြိမ် သွားဖြစ်တုန်းက ကျွန်မဆရာနဲ့တွေ့ခဲ့တုန်းက အဖြစ်အပျက်တွေကို ပြန်သတိရလာခဲ့တယ်။
“မင်းနာမည်က...”
“အိုင်ဇေယပါ။ မျိုးရိုးနာမည်တော့ မသိတော့ဘူး။” ဒီကလေးက စစ်ပွဲမှာရှင်ကျန်ခဲ့တဲ့ မိဘမဲ့ကလေးမှန်း သိသာတယ်။ ဘယ်အချိန်ကတည်းက တစ်ကိုယ်တည်း ရှင်သန်ဖို့ကြိုးစားနေခဲ့တယ်မသိ။
“ကောင်းပြီလေ။ မင်းငါ့နောက်ကို သုံးနှစ်တိတိလိုက်ပြီး ဖျော်ဖြေပွဲလုပ်ရာမှာ ကူညီပေးမယ်ဆိုရင် မင်းကိုသင်ပေးဖို့ စဥ်းစားပေးမယ်။”
ထင်မထားတာက လူငယ်လေးက တကယ်ပဲ သဘောတူညီခဲ့တယ်။
...
ကျွန်မတို့တွေ နှစ်ယောက်အတူ စစ်ပြီးကာစ ဥရောပကို နယ်လှည့်သွားလာပြီး လိုက်လံဖျော်ဖြေဖြစ်ခဲ့ကြတယ်။ ကောင်လေးက ပါရမီသိပ်ကောင်းတယ်။ လအနည်းငယ် အတွင်းမှာပဲ တယောကို ကျွမ်းကျင်စွာတီးခတ်နိုင်နေပြီ။
ပြီးတော့ တပည့်တစ်ယောက်ရှိရတာ သိပ်ကိုပျော်ဖို့ ကောင်းတယ်လို့ကျွန်မထင်တယ်။ အချိန်အတော်ကြာ အေးခဲနေတဲ့ ကျွန်မနှလုံးသားက နွေဦးနေရောင်ခြည်နဲ့ ထိတွေ့ခွင့်ရလိုက်သလိုပဲ။ မသိလိုက်ခင်မှာပဲ သူ့ကို ကျွန််မ အမြဲပြုံးပြနေမိပြီ။
တစ်နေ့တော့ သူက တယောအစား ခရီးဆောင် စန္ဒယားလေးတစ်လုံးကို ဝယ်လာပြီး ကျွန်မကိုပြတယ်။
“ဆရာမ၊ ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား တယောပညာမှာ ဆရာမကိုမီမယ်မထင်ဘူး။ အဲဒီအစား စန္ဒယားတီးသူအဖြစ်နဲ့ပဲ ဆရာမရဲ့ပြပွဲတွေမှာ ကူညီပေးပါရစေ။”
နောက်တော့ ကျွန်မတို့ရဲ့ဖျော်ဖြေတင်ဆက်ပုံက ပြောင်းလဲသွားတယ်။ ကောင်းသောပြောင်းလဲခြင်းပါ။ လူတိုင်းသဘောကျကြတယ်။ ဒါပေမဲ့ မျက်စိတစ်မှိတ် အတွင်းမှာပဲ သုံးနှစ်တာက ကုန်ဆုံးသွားခဲ့ပါပြီ။ ပြီးတော့ လူငယ်လေးဟာ တင်းပြည့်အရွယ်ရောက်ပြီးတဲ့ လူငယ် တစ်ယောက်ဖြစ်လာခဲ့ပြီ။
“ဆရာမ၊ မနေ့က ကျွန်တော့်ကို လူတစ်ယောက် လာရှာတယ်။ အမျိုးသားရုပ်သံဌာနကလို့ ပြောတာပဲ။ သူက ကျွန်တော့်ကို ညနေခင်း ဂီတအစီအစဥ်အတွက် ဖိတ်ခေါ်ချင်နေတာ။”
“အောင်မြင်ဖို့ လမ်းစရလာပြီပေါ့။ အင်းလေ၊ မင်းလည်း ပညာစုံပြီပဲ။ သွားသင့်တဲ့နေရာကို သွားပါ။”
“ဆရာမ၊ ကျေးဇူးပြုပြီးတော့ ကျွန်တော်နဲ့အတူ လိုက်ဖျော်ဖြေပေးပါ။ ဆရာမကို ဒီအတိုင်းထားရစ်ခဲ့ရင် ဘယ်တော့မှ ပြန်မတွေ့ရလောက်တော့ဘူး။”
လူငယ်လေးက ရဲတင်းစွာနဲ့ ကျွန်မလက်ကိုကိုင်ပြီး မရအရတောင်းဆိုခဲ့တယ်။
“ကောင်းပြီလေ။” အချိန်အကြာကြီး အတူရှိနေပြီးတဲ့နောက် ကျွန်မသူ့ကို မခွဲခွာချင်တော့ဘူး။ ရင်ထဲမှာ ထူးဆန်းတဲ့ခံစားချက်က ရှိနေခဲ့ပြီးသား။ မှိန်ဖျော့ဖျော့လေးဆိုပေမဲ့ အဲဒီအရာက ဘာလဲဆိုတာ ကျွန်မသိနေခဲ့တယ်။ သံယောဇဥ်မတွယ်ဖို့ ဆုံးဖြတ် ထားခဲ့ပေမဲ့ တွယ်မိအောင် တွယ်ဖြစ်သွားသေးတာပဲ။
ဒီလိုနဲ့ကျွန်မသူနဲ့အတူ ရုပ်သံလိုင်းမှာ သွားရောက် ဖျော်ဖြေဖြစ်ခဲ့ပြီး အဲဒီမှာနှစ်ပေါင်းများစွာကြာအောင် တေးဂီတပညာရှင်အဖြစ် လုပ်ကိုင်ဖြစ်ခဲ့တယ်။
...
၁၉၆၈ ခုနစ်။
အိုင်ဇေယက လူငယ်လေးတစ်ယောက် မဟုတ်တော့ဘူး။ သူ့အသက်က ၃၆နှစ်ရှိပြီ။
ကျွန်မက နုပျိုနေဆဲပါပဲ။ ဒီနုပျိုမှုကို သူအံ့ဩမိပေမဲ့ ကျွန်မကို ဘာမှမမေးခဲ့ပါဘူး။ အဲဒီအစား အားခွင့်ရတဲ့ ရက်တစ်ရက်မှာတော့ ကျွန်မကို လက်စွပ်လေးတစ်ကွင်းနဲ့ လက်ထပ်ခွင့်တောင်းလာခဲ့တယ်။
“ဆရာမ... အခုအချိန်ထိ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ခပ်လှမ်းလှမ်းမှာပဲထားခဲ့တယ်ဆိုပေမဲ့ အချိန်တန်ပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း မငယ်တော့ ဘူးမဟုတ်လား။”
ကျွန်မသူ့ကို ခေါင်းညိတ်ပြဖြစ်ခဲ့တယ်။ ငြင်းစရာ အကြောင်းအရင်းကို ကျွန်မရှာမတွေ့ခဲ့ပါဘူး။
...
၁၉၇၂ ခုနစ်။ ဥရောပနဲ့တိုးတက်ပြီးနိုင်ငံတွေမှာ ရောင်စုံရုပ်မြင်သံကြားစက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းသုံးနေကြပြီ။
ကျွန်မတို့ တာရားဝင်လက်ထပ်ဖြစ်ခဲ့ကြပြီး တီဗီရုပ်သံလိုင်းကနေ အနားယူခဲ့ကြပါတယ်။ နှစ်ယောက်လုံး ဆာဗွေအိမ်တော်ကြီးဆီ ပြန်လာခဲ့ကြတယ်။ အိုင်ဇေယကတော့ ကိုယ်ပိုင်တေးသွားတွေကို ရေးသားနေဆဲဖြစ်ပြီး ကျွန်မကတော့ သူ့ကို ကူညီနေခဲ့တာပေါ့။
နေ့ရက်တိုင်းက ပျော်ရွှင်စရာကောင်းခဲ့ပြီး သူ့အသက် လေးဆယ်ထဲဝင်လာလို့ ဇရာအရိပ်အယောင်တွေ ပေါ်လာခဲ့ပေမဲ့ နောက်ဆုံးရှောင်လွှဲမရတဲ့ကိစ္စကို မေ့ထားဖို့ကြိုးစားရင်း ပျော်ပျော်နေဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးခဲ့တယ်။
...
၁၉၇၇ ခုနစ်။
ကျွန်မတို့ရဲ့ပထမဆုံးကလေးကို မွေးဖွားခဲ့ပါတယ်။
အိုင်ဇေယက မျက်မှန်တပ်ဖို့လိုလာပြီး တစ်သက်လုံး ဂီတအလုပ်ပဲလုပ်နေခဲ့တာဖြစ်လို့ နားနည်းနည်းလေးလာတယ်။ အသက် လေးဆယ်ကျော်မှ ကလေးတစ်ယောက်ရခဲ့တာဖြစ်လို့ ဖခင်ဖြစ်နောက်ကျသွားတဲ့ အိုင်ဇေယက တစ်ပြုံးပြုံး တစ်ပျော်ပျော်ပါပဲ။
...
၁၉၈၀ ခုနစ်။ ဒုတိယကလေးကို ဖွားမြင်ခဲ့ပါတယ်။ အရင်လိုပဲ ပျော်ရွှင်နေရဆဲပဲ။
ဒုတိယကလေးကို ဖွားမြင်ချိန်မှာတော့ အိုင်ဇေယက ကျွန်မကို အခုလိုပြောလာတယ်။ ဘယ်တုန်းကမှ ကြားရမယ် ထင်မထားတဲ့စကားပေါ့။
“ဆရာမက ဘယ်တော့မှ မညိုးငယ်နိုင်တဲ့ ပန်းလေး တစ်ပွင့်လိုပဲ။ ကျုပ်ကတော့ အိုမင်းသွားခဲ့ပြီပဲ။ မနာလိုစရာကောင်းလိုက်တာ... ဒီလိုရှည်လျားတဲ့ သက်တမ်းမျိုးသာရှိရင် ကျုပ်လည်း အခုချိန်အထိ အနုပညာအလုပ်တွေကို ဆက်လုပ်နိုင်နေဦးမှာ။”
အခုသူ့နားက ဘာကိုမှမကြားနိုင်လောက်အောင် ဖြစ်နေပြီဖြစ်လို့ အနုပညာအလုပ်တွေကို နားထားလိုက်ရပြီ။
...
၁၉၈၅ ခုနစ်။
တတိယမြောက်နဲ့နောက်ဆုံးကလေးကို မွေးဖွားပြီးတဲ့ နောက်ပိုင်းမှာ အိုင်ဇေယရဲ့ကျန်းမာရေးအခြေအနေက သိပ်ကိုဆိုးဝါးလာခဲ့ပါတယ်။
ကျွန်မလက်မခံချင်ပေမဲ့ အဲဒီအချိန်က ရောက်လာနေပြီဆိုတာ ကျွန်မသိပါတယ်။ သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ စန္ဒယားမတီးနိုင်တော့ပေမဲ့ နေ့တိုင်းလိုလို ကျွန်မက သူ့အတွက်တယောတီးပေးခဲ့တယ်။
၁၉၈၉ ခုနစ် ဒီဇင်ဘာလမှာတော့ အသက် ၅၇ နှစ် အရွယ်မှာပဲ ကျွန်မရဲ့ခင်ပွန်းဖြစ်သူက ကင်ဆာ ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ အသက်အရမ်းမကြီး သေးဘူးဆိုပေမဲ ရှည်လျားတဲ့အသက်ကို လူတိုင်း ပိုင်ဆိုင်နိုင်တာမှမဟုတ်တာ။ ကံဆိုးလွန်းတဲ့ ကျွန်မကိုယ်ကျွန်မပဲ အပြစ်တင်ရလေမလား။
...
သူမရှိတော့တဲ့နောက်ပိုင်း ကျွန်မတစ်ယောက်တည်းပဲ ကလေးတွေကို ပြုစုပျိုးထောင်ပေးခဲ့ရတယ်။ သူတို့ အကုန်လုံးက ထူးချွန်ကြတဲ့သူတွေ။ အားလုံးထဲမှာ အထင်ရှားဆုံးဖြစ်နေတာကတော့ အငယ်ဆုံးလေးပါ။
မှော်ပညာအရာမှာ အလွန်အဆင့်မြင့်မြင့်တတ်ကျွမ်းပြီး နောက်နောင်မှာ မီးလျှံကျောင်းတော်ရဲ့အနာဂတ် ဖြစ်လာမယ့်သူအဖြစ် ထင်ကြေးပေးကြတဲ့သူပေါ့။ ကျွန်မကိုယ်တိုင်လည်း အဲလ်ဒါဖြစ်တာကြာပြီဖြစ်လို့ ရာထူးကို လက်လွှဲပေးချင်နေပြီ။
...
၂၀၀၁ ခုနစ်။ အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက်နေ့ ဖြစ်စဥ်ကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်နေကြချိန်ပေါ့။
ကျွန်မရဲ့တတိယသား အဲလက်စ်က ၁၆ နှစ်ရှိပြီဖြစ်ပြီး ဂုဏ်သရေရှိ အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းစတက်ဖြစ်တယ်။ အဲဒီမှာ ရမ်မီလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ပြီး သူငယ်ချင်းတွေဖြစ်လာကြတယ်။ နှစ်ယောက်လုံးက တူညီတဲ့ပါရမီရှိကြပြီး တူညီတဲ့ လောကကလာကြတာမလို့ ခင်မင်ဖြစ်သွားတဲ့ပုံပါပဲ။
သခင်လေးရမ်မီက ကျွန်မတို့အိမ်တော်ကို ခဏခဏ လာလည်ဖြစ်ကြပြီး သူတို့နှစ်ယောက်ကို ကြည့်ရင်း ကျွန်မအတော်လေးစိတ်ကျေနပ်မိတယ်။
“ရမ်မီ... မင်းသာ အနာဂတ်မှာ သားလေးမွေးပြီး၊ ငါ့မှာသမီးတစ်ယောက်ရှိလာရင် သူတို့ကို ပေးစားရမယ်နော်။”
တစ်နေ့တော့ ကျွန်မသားက ကျွန်မကိုရှေ့မှာထားပြီး ဒီစကားကိုပြောလာတော့တာပဲ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ဘယ်လောက်ခိုင်မာလဲဆိုတာသာကြည့်။
...
၂၀၀၅ ခုနစ်။
အဲလက်စ်က သူချစ်တဲ့မိန်းကလေးကို လက်ထပ်ယူခဲ့တယ်။
...
၂၀၀၆ ခုနစ်။
ရမ်မီလည်း မိန်းကလေးတစ်ယောက်ကို ခိုးပြေးသွားတယ်လို့ကြားရပေမဲ့ သတင်းသိရသလောက် ရိုမြူလက်ချက်ကျောင်းက မိန်းကလေးဖြစ်နေတဲ့ပုံပဲ။ အမှောင်ကျောင်းနဲ့ ချက်ကျောင်းစစ်ဖြစ်နေပြီး ကျွန်မသားလည်း သူ့သူငယ်ချင်းကိုကူညီဖို့ အကောင်းဆုံးကြိုးစားတော့တာပေါ့။
ဒါပေမဲ့ နှစ်မကုန်ခင်မှာပဲ ရမ်မီနဲ့ဇနီး လုပ်ကြံခံခဲ့ရပြီး ကျွန်မလည်း အဲလက်စ်ကို စိုးရိမ်တာကြောင့် အိမ်ပြန်ခေါ်ခဲ့ပါတယ်။ ရိုမြူလက်ချက်ကျောင်းရဲ့လုပ်ကြံသူတွေလက်က ကာကွယ်ပေးဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့...
၂၀၀၇ ခုနစ် မေလထဲမှာပဲ ကျွန်မသားနဲ့ဇနီးလည်း လုပ်ကြံခံခဲ့ရပြီး လသားအရွယ်ပဲရှိသေးတဲ့ ရိုစယ်လီယာလေးကို ထားရစ်ခဲ့တယ်။
...
မူလကတော့ ကျွန်မသားသေဆုံးပြီးသွားတဲ့နောက်ပိုင်း သံယောဇဥ်မထားတော့ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အပြစ်ကင်းစင်တဲ့ ကလေးမလေးကို မြင်ပြီးနောက်မှာ ကျွန်မတောင့်မခံနိုင်ခဲ့ဘူး။
နောက်တစ်ကြိမ်အဖြစ် ထပ်ပြီးသံယောဇဥ်တွယ်မိပြန်တယ်။ ဒီသံယောဇဥ် ကြောင့်နဲ့ပဲ ကျွန်မအဲဒီကလေးကို ဆုံးရှုံးရမှာ ကြောက်လာတယ်။ နောက်ဆုံးမှာ ကိုယ့်ကိုထားသွားမယ့်အရာဆိုတာ သိနေခဲ့ပေမဲ့ပေါ့။
မနက်နိုးထလာတိုင်း သူပျောက်ဆုံးသွားမှာကို ကျွန်မ ကြောက်နေခဲ့ပြီး နေ့လယ်တိုင်းမှာ သူကျွန်မနဲ့အတူ ရှိနေသေးပါလားဆိုတဲ့အသိနဲ့ စိတ်သက်သာရာရရတယ်။ ဒါပေမဲ့ ညရောက်တဲ့အခါတိုင်း သူနဲ့အတူရှိနေနိုင်မယ့် ရက်တစ်ရက် ပိုပြီးလျော့ပါးသွားပြီဆိုတာ ခံစားမိပြီး ဝမ်းနည်းရပြန်တယ်။
ဒီခံစားချက်တွေကို ကျွန်မစွန့်ပယ်ဖို့ကြိုးစားပေမဲ့ မဖြစ်နိုင်ဘူး။ တဖြည်းဖြည်းနဲ့ကျွန်မအသိစိတ်က ဝေဝါးလာတယ်။ ဆုံးရှုံးရမယ်ဆိုတာသိနေတဲ့အတွက် ရိုစယ်လီယာသာ မရှိခဲ့ရင်ကောင်းမယ်လို့ ကျွန်မတွေးလာမိတယ်။
ကျွန်မအတွေးတွေက ဆိုးယုတ်သည်ထက် ဆိုးယုတ်လာတယ်။ အခုအချိန်မှာ ကျွန်မ ရိုစယ်လီယာကို မချစ်နိုင်တော့ဘူး။ အဲဒီအစား ကြောက်ရွံမှုရဲ့အရင်းအမြစ်အဖြစ် မြင်လာမိပြီ။
ပြီးခဲ့တဲ့လက ရိုစယ်လီယာကို အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုခိုင်းပြီး အငှားလက်နဲ့သတ်ဖို့ ကြိုးစားမိခဲ့တယ်။ သူဒဏ်ရာရခဲ့ပေမဲ့ မစ်ရှင်အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။
ဒါပေမဲ့ ဒဏ်ရာရထားတဲ့ ရိုစယ်လီယာကို မြင်မိတော့မှ ကျွန်မကိုယ်ကျွန်မ တစ်ခုခုမှားနေပြီဆိုတာ သတိထားမိ လာတော့တာ။
ကျွန်မရဲ့အချစ်တွေက အမုန်းအဖြစ်ကို ပြောင်းလဲနေပြီ။ ကျွန်မရဲ့ကြင်နာခြင်းတွေက ရက်စက်ခြင်းအဖြစ်ကို ပြောင်းလဲနေပြီ။
တစ်ချိန်ကျရင် ကျွန်မလက်နဲ့ကိုယ်တိုင် ရိုစယ်လီယာကို သတ်မိလိမ့်မယ်။
အဲဒီလိုဖြစ်မလာခင် ကျွန်မကို တစ်ယောက်ယောက်က အဆုံးသတ်ပေးမှ ဖြစ်လိမ့်မယ်။ နောက်ထပ် ဆုံးရှုံးရမှာတွေကိုကြောက်ပြီး တဖြည်းဖြည်းရူးသွပ်လာတဲ့ ကျွန်မကိုပေါ့။